စိတ်ဖတ်အတတ်
Vol. 61 Ch. 841
လဲ့ကူးကို လက်ဝါးရိုက်ချက်တစ်ချက်တည်းနှင့် သတ်ပစ်မည်လော။
အောင်းလု၏ စကားက အလွန်စော်ကားသလို ဖြစ်နေသည်။ လဲ့ကူးသည် လဲ့မျိုးနွယ်မှ မဟာအကြီးအကဲတစ်ယောက်ဖြစ်ပြီး ဩဇာအာဏာကြီးပေသည်။ သူသည် ဤသို့ အစော်ကားခံရပြီးနောက်တွင် ရှန်းစီမြို့၌ မည်သို့ သူ၏အာဏာကို ထိန်းထားနိုင်ပါဦးမည်နည်း။ လဲ့မျိုးနွယ်မှ လူများသည်လည်း မည်သို့ ရင်ကော့၊ ခေါင်းမော့နေနိုင်ပါဦးမည်နည်း။
လဲ့မျိုးနွယ်မှ လူများ ချက်ချင်း ဒေါသထွက်သွားကြသည်။ အဆုံးမဲ့ပင်လယ်နက်သည် အင်အားကြီးသော်လည်း သူတို့မှာ မိစ္ဆာမျိုးနွယ်များပင်။ မိစ္ဆာအိုကြီးတစ်ကောင်က သူတို့၏ မဟာအကြီးအကဲကို ရိုက်သတ်မည်ဟု ပြောခြင်းကို မျိုးဆက်ငယ်များသည် မည်သို့ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။ လဲ့မျိုးနွယ်၏ တင်းကြပ်သော စည်းမျဉ်းများကြောင့်သာ မဟုတ်လျှင် လူများစွာသည် လှုပ်ရှားပြီးလောက်ပေပြီ။
စစ်ထူအောင်းနှင့် အခြားသူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ အကြီးအကဲဆယ်ယောက်၏ မျက်နှာများက မှိုင်းညို့နေကြသည်။ အကယ်၍ အောင်းလုသာ လဲ့ကူးကို မျက်နှာသာမပေးလျှင် ရှန်းစီမျိုးနွယ်စုကို မျက်နှာသာမပေးခြင်းနှင့် အတူတူပင်။ သူတို့သည် ရှန်းစီမျိုးနွယ်စု၏ စွမ်းအားအကြီးဆုံး ဆယ့်တစ်ယောက်ဖြစ်သဖြင့် သူတို့ ပြန်မတုံ့ပြန်လျှင် နောက်တွင် အဆုံးမဲ့ပင်လယ်နက်မှ မိစ္ဆာမျိုးနွယ်ရှေ့တွင် ဦးမော့နိုင်တော့မည် မဟုတ်ပေ။
ထို့ကြောင့် လဲ့မျိုးနွယ်အကြီးအကဲ လဲ့ပန်းရှန်းက ပြောလိုက်သည်။
“အရှင်အောင်းလု... အဆုံးမဲ့ပင်လယ်နက်နဲ့ ရှန်းစီမျိုးနွယ်စုကြားက မဟာမိတ်က နှစ်(၇၀၀,၀၀၀)ကျော် ကြာခဲ့ပါပြီ။ လူတစ်ယောက်အတွက်ကြောင့် ကျုပ်တို့ရဲ့ ဆက်ဆံရေးကို ဖျက်ဆီးပစ်ဖို့ မလိုပါဘူး။ ဒီကောင်လေးက သူလျှို ဟုတ်လား၊ မဟုတ်ဘူးလားဆိုတာ ဆုံးဖြတ်ဖို့ သက်သေအထောက်အထားတွေကို ကြည့်ရမယ်မလား”
“မဟာမိတ်လား”
အောင်းလုက လဲ့ပန်းရှန်းကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“တကယ်လို့ မင်းက မကျေနပ်ဘူးဆိုရင် မဟာမိတ်ကို ဖျက်ပစ်လိုက်လည်းရတယ်။ ဒီနေရာမှာ ငါတို့အကုန်လုံး သေသွားအောင်လည်း မင်း ကြိုးစားကြည့်လို့ရတယ်။ ဒါပေမဲ့ မင်းမှာ အဲ့လိုလုပ်နိုင်တဲ့ အရည်အချင်း ရှိရဲ့လား။ မင်းတို့ရဲ့ တီကိုးကောင်အစီအရင်ဆိုတာကိုလည်း နှိုးလိုက်စမ်းပါ... ဒီအဘိုးကြီးက အဲ့အစီအရင်ကို တစ်ချက်တည်းနဲ့ ဖျက်ဆီးမပစ်နိုင်ဘူးဆိုရင် ငါ ငါ့လူတွေကို ခေါ်ပြီး ချက်ချင်း ထွက်သွားမယ်”
“...”
အားလုံး အံ့အားသင့်သွားကြ၏။ နေရာတစ်ခွင်လုံး တိတ်ဆိတ်သွားသည်။
လဲ့ထင်ဝေနှင့် အခြားသူများသည် မှင်တက်သွားပြီး မျက်လုံးများ ဂနာမငြိမ် ဖြစ်လာကြ၏။ ထိုအဆုံးမဲ့ပင်လယ်နက်၏ ဧကရာဇ်က ရူးသွားခြင်းလော။ သူသည် အဘယ်ကြောင့် ကျန်းရီတစ်ယောက်အတွက်ဖြင့် မဟာမိတ်ကို ဖျက်ချင်နေရသနည်း။ ရှန်းစီမျိုးနွယ်စု မရှိလျှင် အဆုံးမဲ့ပင်လယ်နက်သည် အရှေ့ဘက် တော်ဝင်နယ်မြေမှ တပ်ဖွဲ့များကို တစ်ကိုယ်တော် ရင်ဆိုင်ရမည် မဟုတ်လော။ အဘယ်ကြောင့် အောင်းလုသည် ဤမျှ ခေါင်းမာနေရသနည်း။ သူသည် အရှေ့ဘက် တော်ဝင်နယ်မြေမှ ဧကရာဇ်ကိုးပါးကို ရင်ဆိုင်နိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိနေခြင်းလော။
လဲ့ပန်းရှန်းနှင့် အခြားသူများ နှုတ်ခမ်းတွန့်နေကြသည်။ သူတို့ထဲမှ အဘိုးကြီးနှစ်ယောက်ဆိုလျှင် ဒေါသကြောင့် တဆတ်ဆတ်တုန်နေကြသည်။ အောင်းလုသည် အဘယ်ကြောင့် ထိုသို့ပြောနိုင်ရသနည်း။ သူသည် အသက်(၇၀၀,၀၀၀)ကျော်ပြီဖြစ်သော်လည်း အဘယ်ကြောင့် အကျင့်စရိုက်က ကသိကအောက်ဖြစ်စရာ ဖြစ်နေသနည်း။ သူသည် ကိစ္စများကို လုပ်ဆောင်ရာတွင် မဆွေးနွေးတတ်သူလော။ အဘယ်ကြောင့် သူသည် သူ၏အနာဂတ်မျိုးဆက်များအတွက် ထည့်မတွေးခြင်းနည်း။ မဟာမိတ်ကို ဖျက်လိုက်လျှင် အဆုံးမဲ့ပင်လယ်နက်အတွက် ဘာအကျိုးရှိမည်နည်း။
လဲ့ပန်းရှန်းနှင့် အခြားသူများသည် ကိစ္စတစ်ခုကို မသိကြခြင်းပင်။ အောင်းလုသည် အသက်(၇၀၀,၀၀၀)ကျော်ပြီဖြစ်၍ သူ၏ခန္ဓာကိုယ်က စွမ်းအားကြီးသော မိစ္ဆာစွမ်းအင်ကို လက်ခံနိုင်ခြင်းပင်။ သူသည် သက်တမ်းတစ်သန်းရှိသော်လည်း ထိုသက်တမ်း၏ သုံးပုံနှစ်ပုံကို ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲတွင် ပိတ်မိကာ ကုန်ဆုံးခဲ့ရသည်။ သူသည် ရေခဲကန်ထဲတွင် ပိတ်မိနေခဲ့ပြီး နှစ်ပေါင်းများစွာ နေ့အလင်းရောင် မမြင်ရဘဲ နေခဲ့ရသည်။ သူ ရူးမသွားသည်ကပင် ချီးကျူးစရာ ကောင်းနေပေပြီ။
ယခုတွင် အောင်းလုသည် အပြင်သို့ ထွက်လာနိုင်ခဲ့ပြီဖြစ်၍ သူ့ရင်ထဲရှိ ဒေါသအားလုံးကို ဖွင့်ထုတ်ပစ်တော့မည်ဖြစ်သည်။ သူသည် အရှေ့ဘက် တော်ဝင်နယ်မြေမှ ဧကရာဇ်ကိုးပါးကို တစ်ကိုယ်တော် ရန်မစနိုင်ပေ။ မဆိုင်သည့် လူများစွာကို သတ်ပစ်၍လည်း ဒေါသဖြေဖျောက်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ရှန်းစီမျိုးနွယ်စုမှ ထိုအဘိုးကြီးများက သူ၏ ဒေါသဖြေဖျောက်စရာ ပစ်မှတ်များ ဖြစ်လာခြင်းပင်။
ကျန်းရီက သူ့ကို ကူညီခဲ့ဖူး၏။ မိစ္ဆာမျိုးနွယ်သည် လူသားမျိုးနွယ်ကဲ့သို့ မဟုတ်ပေ။ သူတို့သည် သွေးကြွေးကို သွေးဖြင့်ပြန်ဆပ်၍ ကျေးဇူးတရားကို ကျေးဇူးတရားဖြင့် ပြန်ဆပ်တတ်သူများဖြစ်သည်။ သူ့တွင် သက်တမ်း(၂၀၀,၀၀၀)ကျော် ကျန်သေးပေသည်။ သူ ရှိနေလျှင် အရှေ့ဘက် တော်ဝင်နယ်မြေက အဆုံးမဲ့ပင်လယ်နက်ကို ကျူးကျော်နိုင်မည် မဟုတ်ပေ။ သူ မည်သည်ကို ကြောက်ရပါမည်နည်း။
လဲ့ပန်းရှန်းနှင့် အခြားသူများက ဆွံ့အနေကြသည်ကို မြင်လိုက်သောအခါ အောင်းလုက ဆက်ပြောလိုက်သည်။
“မင်းတို့က ဘာလို့ ဘာမှ မပြောကြတာလဲ။ မင်းတို့ လူသားမျိုးနွယ်က အမြဲ သူရဲဘောကြောင်ကြတယ်... ဒါပေမဲ့ မင်းတို့က ငရဲကိုပဲ ဖြတ်ချင်ဖြတ်ရပါစေ အရှက်ရတော့မခံဘူးဆိုတဲ့ စိတ်မျိုးတော့ ရှိကြတယ်။ မင်းတို့က ဒီကောင်လေးက သူလျှိုလို့ ပြောနေမှာတော့ သူ့ကို ဘာလို့ သူလျှိုလို့ ပြောရလဲဆိုတဲ့ သက်သေအထောက်အထားတွေကို ကြည့်ကြတာပေါ့”
အောင်းလုသည် လဲ့ကူးက စကားပြောတော့မည်ကို တွေ့လိုက်သောအခါ လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။
“တော်ပြီ... သက်သေတွေ ယူလာခဲ့ဖို့ မင်းတို့လူတွေကို ခေါ်မနေနဲ့တော့။ မင်းတို့ရဲ့ သက်သေတွေက ပေါက်ကရတွေချည်းပဲ။ ဒီအဘိုးကြီးရဲ့ စကားတွေကမှ သက်သေပဲ...”
“မင်းက လဲ့ကူးမလား။ မင်းဘေးက ကောင်လေးက လဲ့ပန်းရှန်းထင်တယ်။ သူက မင်းတို့မျိုးနွယ်ရဲ့ မျိုးနွယ်အကြီးအကဲမလာ။ လဲ့ကူး... လွန်ခဲ့တဲ့နှစ်နှစ်က ခြောက်လပိုင်းမှာ မင်းက မြွေမတစ်ကောင်ကို ကိုယ်လုပ်တော်အဖြစ် လက်ထပ်ခဲ့တယ်မလား။ အဲ့မင်းရဲ့ကိုယ်လုပ်တော်က သားတစ်ယောက် မွေးခဲ့တယ်... သူက အခုဆို သုံးလသားလောက် ရှိလောက်ပြီပေါ့... ငါပြောတာ မှန်တယ်မလား”
“အာ...”
အားလုံး အံ့အားသင့်သွားကြ၏။ အထူးသဖြင့် လဲ့ကူးနှင့် လဲ့ပန်းရှန်းတို့က ပို၍ အံ့အားသင့်သွားကြသည်။ လဲ့မျိုးနွယ်မှ အခြားအကြီးအကဲများ၏ မျက်လုံးများကလည်း သရဲမြင်လိုက်ရသကဲ့သို့ ဖြစ်သွားကြ၏။ သူတို့သည် အောင်းလုကို စိုက်ကြည့်ကာ ဆွံ့အနေကြလေသည်။
“ဟားဟား...”
အောင်းလုက အတန်ငယ် ရယ်လိုက်ပြီး ဆက်ပြောလိုက်သည်။
“လဲ့ကူး... မင်းရဲ့ စွမ်းအားအကြီးဆုံး စွမ်းရည်က ကြယ်ခြောက်ပွင့်တာအိုပုံသဏ္ဌာန် ဟင်းလင်းပြင်ချေဖျက်မလား။ ဒါပေမဲ့ မင်းမှာ ‘လေနဂါးလွန်သွား’လို့ခေါ်တဲ့ ကြယ်ငါးပွင့်တာအိုပုံသဏ္ဌာန်လည်း ရှိသေးတယ်မလား။ အဲ့ဒါကို မင်း လွန်ခဲ့တဲ့နှစ်လကမှ ပေါင်းစည်းနိုင်ခဲ့တာ။ မင်းမှာ မိန်းမတွေနဲ့ ကိုယ်လုပ်တော်တွေ စုစုပေါင်း (၆၇)ယောက်ရှိတယ်။ အဲ့ထဲမှာ မင်း သဘောအကျဆုံးလေးယောက်က ဖူရုံ၊ လမ်ယဲ့၊ ဟဲလီနဲ့ လင်ယန်တို့ပဲ။ မနေ့ညက မင်း လင်ယန်ရဲ့ အခန်းမှာ ပျော်ပါးခဲ့တာမလား။ မနေ့ညတုန်းက မင်းသုံးသွားတဲ့ အကွက်တွေကိုရော ဒီအဘိုးကြီးက ပြောပြရဦးမှာလား”
“အရှင်... လဲ့ကူး... ယုံပါပြီ”
လဲ့ကူး၏ နဖူးတွင် ဇောချွေးများ တွဲခိုနေပေသည်။ သူ၏မျက်လုံးများထဲတွင်လည်း အရှက်ရမှုများနှင့် ပြည့်နှက်နေလေသည်။ သူ၏မျက်နှာအိုကြီးသည် မျောက်ဖင်နီကဲ့သို့ နီမြန်းနေပေသည်။ ထိုအခိုက်တွင် သူသည် နတ်ရွာလားတောင်ထွတ်တွင် တွင်းတူးကာ တွင်းအောင်လိုစိတ် ပေါက်နေ၏။ သူသည် ရင်ထဲတွင် အောင်းလုကို အလွန်ကြောက်ရွံ့သွားလေသည်။
အောင်းလုက လဲ့ပန်းရှန်းကို လှောင်ကြည့်ကြည့်ကာ ပြောလိုက်သည်။
“လဲ့ပန်းရှန်း... မနေ့ညသန်းခေါင်အချိန်တုန်းက မင်း ဘာလုပ်ခဲ့တယ်ဆိုတာကို ဒီအဘိုးကြီးက လူအကုန်လုံးကို ပြောပြရမှာလား”
“မလို..မလိုပါဘူး...”
လဲ့ပန်းရှန်း မျက်လုံးပြူးသွားပြီး ချက်ချင်း လက်ဆုပ်ကာ ဦးညွှတ်လိုက်သည်။
“အရှင်အောင်းလုမှာ တိုင်းဆလို့မရတဲ့ စွမ်းရည် ရှိပါတယ်။ ပန်းရှန်း ယုံပါပြီ”
လူအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။ အောင်းလုက လဲ့ကူး၏ ကျော်ကြားသော စွမ်းရည်အကြောင်းကိုသာ သိခြင်းဖြစ်လျှင် မည်သူမှ အံ့အားသင့်မည် မဟုတ်ပေ။ ရှန်းစီမျိုးနွယ်စုတွင် အဆုံးမဲ့ပင်လယ်နက်မှ သူလျှိုများ ပုန်းအောင်းနေသဖြင့် ထိုကဲ့သို့သော အကြောင်းများကို သူတို့ အလွယ်တကူ သိနိုင်သည် မဟုတ်ပါလား။
သို့သော် အောင်းလုသည် လဲ့ကူးတွင် မိန်းမများနှင့် ကိုယ်လုပ်တော်များ မည်မျှရှိကြောင်းကိုပင် အတိအကျသိနေ၏။ သူသည် လဲ့ကူး၏ သဘောအကျဆုံးသူများကိုပင် သိနေပြီး လဲ့ကူးက ယမန်နေ့ညတွင် မည်သူ၏အခန်း၌ ညတာကုန်ဆုံးခဲ့ကြောင်းကိုပါ သိနေပေသည်။ ထို့ပြင် သူက လဲ့ပန်းရှန်းတစ်ယောက် ယမန်နေ့ညသန်းခေါင်အချိန်တွင် ဘာလုပ်ခဲ့သည်ကိုလည်း သိနေသည်။ ယင်းတို့မှာ သူလျှိုများ မထောက်လှမ်းနိုင်သော အကြောင်းအရာများပင်။ အကယ်၍ လဲ့ပန်းရှန်းနှင့် လဲ့ကူးတို့၏ ကိုယ်ပိုင်ဘဝများကို သူလျှိုများကပင် ထောက်လှမ်းနိုင်လျှင် သူတို့သည် အကြီးအကဲများအဖြစ် ဆက်၍အာဏာရှိနိုင်တော့မည် မဟုတ်ပေ။
ထို့ကြောင့် ဖြစ်နိုင်ခြေတစ်ခုသာ ရှိပေသည်။
အောင်းလုက လူများ၏ စိတ်ဝိညာဉ်ကို ဖောက်မြင်ရသည့် စွမ်းအားကြီး စွမ်းရည်တစ်ခု ပိုင်ဆိုင်ထားခြင်း ဖြစ်ပေမည်။ သူသည် စွမ်းအားကြီး စိတ်ဖတ်အတတ်တစ်ခုကို တတ်မြောက်ထားနိုင်၏။
စစ်ထူမျိုးနွယ်အကြီးအကဲ၊ ဟွမ်ဖူမျိုးနွယ်အကြီးအကဲနှင့် အခြားသူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ရင်ထဲတွင် တုန်လှုပ်နေကြလေသည်။ သူတို့သည် အောင်းရီ၏ အင်အားက နတ်ဘုရားတစ်ပိုင်း အထွတ်အထိပ်အဆင့်သို့ပင် ရောက်နေပြီဖြစ်ပြီး ဆန်းကြယ်ဧကရာဇ်ထက် တစ်ဆင့်သာ နိမ့်တော့သည်ဟူသော ကောလာဟလများကို ကြားခဲ့ကြ၏။ ကြည့်ရသည်မှာ ကောလာဟလများက အမှန်ဖြစ်ပုံပင်။ ထိုကဲ့သို့သော စွမ်းရည်က အားလုံးကို အံ့အားသင့်သွားစေပေသည်။
လဲ့မျိုးနွယ်မှ လူများသည် ခေါင်းငုံ့ကာ အလွန်အရှက်ရနေကြ၏။ သူတို့၏ အကြီးအကဲများက အရှက်ခွဲခံခဲ့ရသည် မဟုတ်ပါလား။ အကြီးအကဲများ၏ သိက္ခာကျဖွယ်အကြောင်းများကို ထုတ်ပြောခံခဲ့ရသဖြင့် သူတို့အားလုံး မျက်နှာပျက်ခဲ့ရပေပြီ။ ဤနေရာရှိ လူအားလုံးသည် မျက်နှာသေများဖြင့် ခေါင်းငုံ့နေကြသော်လည်း အမှန်တွင် စိတ်ထဲမှ လှောင်ရယ်နေကြခြင်းပင်။ လဲ့ကူးသည် အသက်(၈၇)နှစ်ရှိနေပြီကိုပင် ဤမျှ တဏှာကြီးနေဆဲလော။ သူ့တွင် မိန်းမများနှင့် ကိုယ်လုပ်တော်များ အယောက်(၆၀)ကျော် ရှိသည်လော။ သူ၏ မြွေအိုကြီးက ယခုအထိ မညှိုးသေးသည်လော။
မိစ္ဆာမျိုးနွယ်မှ မိစ္ဆာအရှင်များကမူ ထိန်းချုပ်မနေဘဲ ရယ်လိုက်ကြသည်။ သူတို့၏မျက်ဝန်းများထဲတွင် လှောင်ပြောင်သရော်သည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေပေသည်။ မင်းသမီးချမ်ချမ်မှာမူ ခေါင်းငုံ့ထားပြီး အောင်းလု၏လက်ကို လွှတ်လိုက်လေသည်။ သူမ၏ ချစ်စဖွယ်မျက်နှာလေးက ရဲရဲတွတ်နေ၏။ သူမ၏ လည်တိုင်လေးနှင့် နားရွက်အနောက်တွင်ပင် နီမြန်းနေပေသည်။
“မင်းတို့ အကုန်လုံး ယုံပြီဆိုတော့ ငါ ဒီကောင်လေး ကျန်းရီအကြောင်းကို ပြောမယ်”
အောင်းလုသည် ကျန်းရီကို ကြည့်လိုက်၏။ ကျန်းရီ တစ်ကိုယ်လုံး တုန်ယင်သွားလေသည်။ သူ့စိတ်ထဲတွင် ရှိသော အရာအားလုံးကို အောင်းလုက မြင်သွားပုံပင်။ ထိုစဉ် သူ့စိတ်ဝိညာဉ်ထဲ၌ အသံတစ်သံ ပဲ့တင်ထပ်လာ၏။
“ကောင်လေး... စိတ်မလှုပ်ရှားနဲ့။ ဒီအဘိုးကြီးက မင်းရဲ့ လျှို့ဝှက်ချက်တွေကို မကြည့်ပါဘူး။ ငါက အချက်အလက်နည်းနည်းကို ရှာနေရုံပါပဲ”
ထိုအခါမှ ကျန်းရီ စိတ်အေးသွားဟန် သက်ပြင်းချလိုက်လေသည်။ မိမိ၏လျှို့ဝှက်ချက်များ ပေါ်သွားမည်ကို ပျော်သည့်သူ မရှိပေ။ အောင်းလုက တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ကျန်းရီ၊ အသက်(၂၂)နှစ်၊ ကောင်းကင်ကြယ်တာရာနယ်မြေက မျိုးနွယ်လေးတစ်ခုမှာ မွေးခဲ့တယ်။ သူက အဲ့မျိုးနွယ်ရဲ့ တိုက်ရိုက်မျိုးဆက်တစ်ယောက်ပဲ။ သူ့ရဲ့အဖေ ကျန်းပိုင်လီကို ဝူမျိုးနွယ်က လူတွေက သတ်ပစ်ခဲ့တယ်။ အဲ့ဒါကြောင့် သူက ကောင်းကင်ကြယ်တာရာနယ်မြေက သိုင်းပညာခန်းမကို ဖျက်ဆီးပစ်ခဲ့ပြီးတယ်။ လွန်ခဲ့တဲ့ငါးနှစ်က သိုင်းပညာခန်းမရဲ့ လိုက်ဖမ်းခံရမှာကို ကြောက်လို့ သူ ကောင်းကင်ကြယ်တာရာနယ်မြေကနေ ထွက်ပြေးလာခဲ့တယ်။ သူက သားရဲနယ်မြေမှာ ထူမျိုးနွယ်ရဲ့ သခင်လေး ထူလွေ့ကို သတ်ပစ်ခဲ့တယ်။ နောက်တော့ သူ နတ်မြင်းပျံနယ်မြေက ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲကို ဝင်ခဲ့ပြီး ရှီးမျိုးနွယ်က ကောင်းကင်ဧကရာဇ်တစ်ပါးကို သတ်ခဲ့တယ်။ သူက နဂါးညှိုးရော်မြက်ပင်၊ ကောင်းကင်ရှောင်တိမ်းခြင်းအတတ်နဲ့ မီးတိမ်သံချပ်ကာတို့ကို ရခဲ့လို့ ရှဲ့၊ ကျန်း၊ ထူနဲ့ ဝူမျိုးနွယ်တို့ရဲ့ လိုက်ဖမ်းတာကို ခံခဲ့ရတယ်။ နောက်ဆုံးကျ သူ ရှန်းစီမျိုးနွယ်စုကို ဝင်လာခဲ့တာပဲ”
အောင်းလုသည် စကားပြောပြီးနောက် မျက်နှာထား ညှိုးသွား၏။ သူက အားလုံးကို ဝေ့ဝဲကြည့်လိုက်ပြီး အေးစက်စက် အော်ပြောလိုက်သည်။
“ဝူမျိုးနွယ်က သူ့အဖေကို သတ်ခဲ့တယ်... မျိုးနွယ်ကြီးတွေကလည်း သူ့ကို လိုက်ဖမ်းခဲ့တယ်.. ပြီးတော့ သူကလည်း မျိုးနွယ်ကြီးတွေက လူတွေကို သတ်ခဲ့တယ်၊ အဲ့လိုလူတစ်ယောက်က အရှေ့ဘက် တော်ဝင်နယ်မြေရဲ့ သူလျှိုတစ်ယောက် ဖြစ်နိုင်ပါ့မလား။ မင်းတို့က အခန်းအောင်းကျင့်ကြံတာ ကြာသွားလို့ ဦးနှောက်တွေ မှိုတက်ကုန်တာလား။ မင်းတို့က ပါရမီရှင်တစ်ယောက်ကို ပျိုးထောင်ပေးရမယ့်အစား သူလျှိုဆိုပြီးတောင် စွပ်စွဲလိုက်ကြသေးတယ်။ ဒါပေမဲ့ မင်းတို့ မျိုးနွယ်(၃)ခုက လူတစ်သောင်းကျော်လောက် သုံးခဲ့တာတောင် သူ့ကို မသတ်နိုင်သေးလို့ နတ်ဘုရာတစ်ပိုင်း ပညာရှင်တစ်ယောက်တောင် ကိုယ်တိုင်ဝင်ပါလာရတယ်ပေါ့... မင်းတို့ရဲ့ ဘိုးဘေးတွေသာ ဒီအကြောင်းကိုသိရင် သူတို့ရဲ့ အုတ်ဂူတွေထဲက ပြန်ထွက်လာပြီး မင်းတို့ကို သေတဲ့အထိ ရိုက်ပစ်ကြလိမ့်မယ်”
***