လွတ်ငြိမ်းခွင့် ရွှေတံဆိပ်ပြား
Vol. 61 Ch. 842
နေရာတစ်ခွင်လုံး လုံးဝတိတ်ဆိတ်သွား၏။
ကျန်းရီ၏အမည် ရှန်းစီမျိုးနွယ်စုတွင် ပထမဆုံး ကျော်ကြားခဲ့ချိန်တွင် သူက မျိုးနွယ်ကြီးလေးခု၏ လိုက်လံဖမ်းဆီးမှုကို ခံနေခဲ့ရ၏။ လူများစွာသည် ဤသူလျှိုအဖြစ်စွပ်စွဲမှုကို သံသယဖြစ်ခဲ့ကြသော်လည်း မျိုးနွယ်သုံးခုက သက်သေများ ထုတ်ပြခဲ့ပြီး ကျန်းရီကို ရှင်းပစ်ရန် အားသန်နေသဖြင့် နှုတ်ဆိတ်နေခဲ့ကြခြင်းပင်။ စစ်ထူမျိုးနွယ်အကြီးအကဲသည်ပင် စစ်ထူမျိုးနွယ်ကို ဝင်မပါရန် အမိန့်ပေးခဲ့သည်။
အောင်းလုက စိတ်ဖတ်အတတ်ကို တတ်မြောက်ကြောင်း ပြောနေရန်ပင် မလိုပေ။ အဆုံးမဲ့ပင်လယ်နက်က အရှေ့ဘက် တော်ဝင်နယ်မြေဘက်မှဟူ၍လည်း သံသယဖြစ်နေစရာအကြောင်း မရှိချေ။ အတိတ်တွင် မိစ္ဆာမျိုးနွယ်သည် ဆန်းကြယ်ဧကရာဇ်ကြောင့် အရှေ့ဘက် တော်ဝင်နယ်မြေမှ ထွက်ပြေးခဲ့ကြရ၏။ ထိုအချိန်က မိစ္ဆာများ မည်မျှ သတ်ဖြတ်ခံခဲ့ရသနည်း။ အဆုံးမဲ့ပင်လယ်နက်သည် မိစ္ဆာအများစု နေထိုင်ရာနေရာဖြစ်သည်။ ထို့ကြောင့် သူတို့သည် မည်သည့်အခါတွင်မှ အရှေ့ဘက် တော်ဝင်နယ်မြေနှင့် ပူးပေါင်းမည် မဟုတ်ပေ။
အရေးအကြီးဆုံးမှာ အောင်းလုကဲ့သို့ အဆင့်အတန်းမြင့်မားသူတစ်ယောက်က မလိမ်လောက်ခြင်းပင်။ သူ လိမ်လောက်စရာအကြောင်းလည်း မရှိချေ။ သူ ပြောခဲ့သလိုပင် သူသာ ကျန်းရီကို ကာကွယ်ပေးလိုလျှင် ရှန်းစီမျိုးနွယ်စုသည် အမှန်ပင် အဆုံးမဲ့ပင်လယ်နက်နှင့် မဟာမိတ်ဖျက်နိုင်မည်လော။ အဆုံးမဲ့ပင်လယ်နက်နှင့် မဟာမိတ်သာ မရှိလျှင် ရှန်းစီမျိုးနွယ်စုသည် အချိန်တစ်ခုအတွင်း ဖျက်ဆီးပစ်ခံရပေလိမ့်မည်။
ထို့ကြောင့် ကျန်းရီက သူလျှိုမဟုတ်သလို၊ ချမ်ဝမ်ကွမ်းကလည်း သူလျှိုမဟုတ်ပေ။ သူတို့က သူလျှိုများမဟုတ်လျှင် သက်သေများက အတုများသာ ဖြစ်ရမည်။ မျိုးနွယ်(၃)ခုသည် ကျန်းရီကို အခြားအကြောင်းများကြောင့် ရှင်းပစ်လိုခဲ့ခြင်းဖြစ်မည်။ လူများစွာသည် တိတ်တဆိတ်တွေးတောနေကြ၏။ အစောက မျိုးနွယ်(၃)ခုကို ထောက်ခံရန် ရွေးချယ်ခဲ့မှုအပေါ် သူတို့ နောင်တရနေကြလေသည်။
အကယ်၍ မျိုးနွယ်သုံးခုသာ ကျန်းရီကို ရှင်းပစ်ရန် မကြံခဲ့လျှင် အောင်းလုသည် ယနေ့တွင် ဤနေရာသို့ ရောက်လာမည် မဟုတ်သလို ရှန်းစီမျိုးနွယ်စုသည်လည်း ဖိနှိပ်ခံရမည် မဟုတ်ပေ။ သူတို့ အရှက်လည်းကွဲမည် မဟုတ်ချေ။ လူသားမျိုးနွယ်က မိစ္ဆာမျိုးနွယ်၏ ဖိနှိပ်မှုကို ခံခဲ့ရသည်မှာ အမှန်ပင် အရှက်ရဖွယ်ကောင်းပေသည်။
အောင်းလုက ခေတ္တမျှ စောင့်နေပြီးနောက် လဲ့ပန်းရှန်း၊ လဲ့ကူးနှင့် အခြားသူများက ပြောစရာစကားမရှိ ဖြစ်နေကြောင်း တွေ့လိုက်သောအခါ လှောင်ရယ်ရယ်၍ ပြောလိုက်သည်။
“မင်းတို့ မျိုးနွယ်(၃)ခုမှာ တခြားပြောစရာတွေ ရှိသေးလား”
လဲ့ကူးသည် မျက်စိမျက်နှာပျက်နေပြီး စကားမပြောဝံ့ဖြစ်နေ၏။ နန်ကုန်းမျိုးနွယ်နှင့် လုမျိုးနွယ်တို့မှာမူ ဆိုဖွယ်ရာ မရှိပေ။ လဲ့ပန်းရှန်းက သက်ပြင်းသဲ့သဲ့ချလိုက်ပြီး လက်ဆုပ်ကာ ပြန်ပြောလိုက်သည်။
“အရှင်အောင်းလု... ကြည့်ရတာ ဒီကိစ္စက တကယ်ပဲ အထင်လွဲသွားတဲ့ကိစ္စထင်တယ်။ ကျန်းရီက သူလျှိုမဟုတ်မှတော့ ကျုပ်တို့ မျိုးနွယ်(၃)ခုက သူ့ကိုထပ်ပြီး ဒုက္ခပေးတော့မှာ မဟုတ်ပါဘူး။ ကျန်းရီက ရှန်းစီမျိုးနွယ်စုမှာ စိတ်ကြိုက် သွားလာနိုင်ပါတယ်... ဘယ်သူမှ သူ့ကို ထပ်ပြီးရန်မပြုစေရဘူးလို့ ကျုပ် အာမခံပါတယ်”
လဲ့ပန်းရှန်းက ဦးညွှတ်လိုက်သည်။ အောင်းလုက စိတ်ဆုံးဖြတ်ထားပြီး ဖြစ်သဖြင့် သူ ဦးညွှတ်ရုံသာ ရှိပေတော့သည်။ သူတို့ဆက်တင်းခံနေ၍ အောင်းလုက မဟာမိတ်ကို ဖျက်လိုက်လျှင် ရှန်းစီမျိုးနွယ်စုသည် ဆယ်နှစ်အတွင်းမှာပင် အရှေ့ဘက် တော်ဝင်နယ်မြေ၏ ဖျက်ဆီးမှုကို ခံရပေလိမ့်မည်။
စစ်ထူအောင်းသည်လည်း သက်ပြင်းသဲ့သဲ့ ချလိုက်၏။ ကျန်းရီလည်း စိတ်အေးသွားပြီဖြစ်သည်။ လဲ့ပန်းရှန်းက ထိုသို့ပြောလိုက်ပြီဖြစ်၍ ရှန်းစီမျိုးနွယ်စုသည် သူ့အတွက် အကြွင်းမဲ့လုံခြုံသောနေရာတစ်ခု ဖြစ်လာပေလိမ့်မည်။ ကျန်းရီတို့သည် ပေါ်ပေါ်ထင်ထင်ဖြစ်စေ၊ လျှို့ဝှက်၍ဖြစ်စေ အကွက်ဆင်ခံရမည်ကို ကြောက်စရာမလိုတော့ပေ။
အမှန်တွင် ကျန်းရီသည် ရှန်းစီမြို့မှ ထွက်မသွားလိုချေ။ သူသာ ဤနေရာမှ ထွက်သွားလိုက်လျှင် ရှဲ့၊ ဝူနှင့် ထူမျိုးနွယ်တို့၏ အဆုံးမရှိ လိုက်ဖမ်းခြင်းကို ခံရပေလိမ့်မည်။ လဲ့၊ နန်ကုန်းနှင့် လုမျိုးနွယ်တို့ကလည်း သူ့ကို သေချာပေါက် လိုက်ဖမ်းပေလိမ့်မည်။ သူတစ်ယောက်တည်းဆိုလျှင် ကိစ္စမရှိပေ။ သို့သော် သူ့တွင် နောက်လိုက်များ ရှိနေသည်။ ထိုထဲမှ အချို့သည် သူ့ကြောင့် သေသွားခဲ့ရပေပြီ။ သူသည် တစ်ဘဝလုံး အပြစ်ရှိစိတ်ဖြင့် နေရတော့မည်ဖြစ်သည်။
ကျန်းရီသည် သေသွားသူများအကြောင်းကို တွေးမိသောအခါ စိတ်မကောင်းဖြစ်သွား၏။ ရွှေရောင်မျောလွင့်နဂါးနှင့် ယာ့ဇီသားရဲတို့ကို လဲ့ထင်ဝေက သတ်ပစ်လိုက်ခြင်းပင်။ ရန်တုံနှင့် နျိုတုန်တို့ကမူ သူတို့ကိုယ်သူတို့ သတ်သေရန် ဖိအားပေးခံခဲ့ရခြင်းဖြစ်သည်။
အောင်းလုသည် ကျန်းရီကို ကြည့်လိုက်ရာ သို့သော် ကျန်းရီ၏ခန္ဓာကိုယ်မှနေ၍ သတ်ဖြတ်လိုသော အရှိန်အဝါတစ်ခု ထွက်နေသည်ကို ခံစားလိုက်ရ၏။ ထို့ကြောင့် သူ အေးစက်စက် ပြောလိုက်သည်။
“အထင်လွဲမှုတစ်ခုလို့ ပြောလိုက်ရုံနဲ့ ပြီးရောလား...”
“အန်...”
လဲ့ထင်ဝေနှင့် လဲ့မျိုးနွယ်မှ အကြီးအကဲများသည် မျက်နှာသေများဖြင့် ခေါင်းငုံ့ထားသော်လည်း ရင်ထဲတွင် အလွန်ဒေါသထွက်နေကြပေသည်။ ကျန်းရီက အသက်ရှင်နေသေးသည် မဟုတ်ပါလား။ သေဆုံးသွားခဲ့သော မိစ္ဆာသားရဲနှစ်ကောင်မှာ ကျန်းရီ၏ ဝိညာဉ်ကျွန်များသာ ဖြစ်သည်။ ထိုသို့လိုက်တွက်ကပ်ရမည်ဆိုလျှင် လဲ့မျိုးနွယ် လူမည်မျှ သေသွားခဲ့သနည်း။ လဲ့ပန်းရှန်းသည် ဤကိစ္စကို မေ့ပစ်လိုက်ပြီး ကျန်းရီကို ထပ်၍အန္တရာယ်မပေးတော့ဟု ပြောခဲ့ပြီးပြီ မဟုတ်ပါလား။ သူက ဘာကို ထပ်လိုချင်နေသနည်း။
လဲ့ပန်းရှန်းနှင့် လဲ့ကူးတို့ မျက်နှာပျက်သွားကြသည်။ အောင်းလုသည် ကိုယ်တိုင်ရောက်ရှိလာပြီး ခေါင်းမာမာဖြင့် မဟာမိတ်ကိုသုံး၍ပင် သူတို့ကို ခြိမ်းခြောက်နေပေသည်။ အောင်းလုနေရာတွင် အခြားမိစ္ဆာအရှင်များသာ ဖြစ်ပါက သူတို့နှစ်ယောက်သည် ကျန်းရီကို သေဆုံးသွားသော လဲ့မျိုးနွယ်၏ အကြီးအကဲနှင့် မျိုးနွယ်ဝင်များအတွက် သေချာပေါက် တာဝန်ခံခိုင်းမည်ဖြစ်သည်။
အခြေအနေက လူများထက် အရေးပါ၏။ သူတို့သာ အောင်းလုနှင့် စစ်ပွဲမစလိုလျှင် သူတို့ အလျှော့ပေးရပေလိမ့်မည်။ လဲ့ပန်းရှန်းက ခေတ္တမျှ တိတ်ဆိတ်သွားပြီး လက်ဆုပ်ကာ မေးလိုက်သည်။
“အရှင်က ဘာလိုချင်တာပါလဲ”
“ဟဲဟဲ...”
အောင်းလုသည် ခပ်ဖွဖွ ရယ်လိုက်ပြီး ကျန်းရီကို ကြည့်ကာ ပြောလိုက်သည်။
“ဒီအဘိုးကြီးက ဘာမှ မလိုချင်ပါဘူး။ ဒီကောင်လေးသာ ကျေနပ်တယ်ဆိုရင် ငါက ဘာမှ မဖြစ်ခဲ့သလိုမျိုး သဘောထားပေးနိုင်ပါတယ်။ အဲ.. သူက မကျေနပ်ဘူးဆိုရင်တော့... ဟီးဟီး...”
“အာ...”
လူအားလုံး ရင်ထဲထိသွားကြသည်။ အောင်းလုသည် အမှန်ပင် ကျန်းရီကို ထိုမျှ မျက်နှာသာပေးနေခြင်းလော။
အောင်းလုသည် ကျန်းရီကြောင့် ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲမှ ထွက်လာနိုင်ခဲ့ခြင်းဖြစ်လျှင်ပင် ဤမျှမျက်နှာသာပေးခြင်းက များလွန်းသွားပြီ မဟုတ်လော။ ကျန်းရီကို လာရောက် ကယ်တင်ခြင်းသည်ပင် မျက်နှာသာပေးလွန်းခြင်း ဖြစ်နေပေပြီ။ ယခုတွင် သူသည် ကျန်းရီ မကျေနပ်လျှင် စစ်ပွဲကိုစမည့်ပုံစံ ပြုမူနေခြင်းလော။
ဝှစ်...ဝှစ်...ဝှစ်...
မျက်လုံးပေါင်းများစွာက ကျန်းရီအပေါ် ကြရောက်သွား၏။ လဲ့ထင်ဝေတို့သည်လည်း အလွန်မျက်စိမျက်နှာပျက်နေကြသည်။ အကယ်၍ ယနေ့တွင် ကျန်းရီသာ မျိုးနွယ်(၃)ခုကို ရှင်းပစ်လိုလျှင် အောင်းလုက သေချာပေါက် ရှင်းပစ်ပေးမည်ဖြစ်သည်။
လဲ့ပန်းရှန်းက အားတင်းပြုံးလိုက်ပြီး ကျန်းရီကို ကြည့်လိုက်သည်။
“ကျန်းရီ... ပြောပါဦး။ ငါတို့ ဘာလုပ်ပေးရင် မင်း ကျေနပ်မလဲ။ အဲ့ဒါက အရမ်းတရားမလွန်ရင် ဒီအဘိုကြီး ခွင့်ပြုပေးမယ်”
ကျန်းရီသည် မည်သို့မှ ပြန်မပြောဘဲ အောင်းလုကိုသာ စိုက်ကြည့်နေလေသည်။ သူ၏ရင်ထဲတွင် ကျေးဇူးတရားနှင့် အံ့အားသင့်မှုတို့ ပြည့်နှက်နေသည်။ အဘယ်ကြောင့် အောင်းလုက ဤကဲ့သို့ ပြုမူနေကြောင်းကို သူလည် နားမလည်ပေ။
အကယ်၍ အောင်းလုက သူ့ကို ကျေးဇူးပြန်ဆပ်လိုခြင်းဆိုလျှင် နဂါးညှိုးရော်မြက်ပင်၊ ကောင်းကင်ရှောင်တိမ်းခြင်းနှင့် မီးတိမ်သံချပ်ကာတို့က လုံလောက်နေပြီဖြစ်သည်။ သို့သော် ယနေ့တွင် အောင်းလုသည် သူ၏အသက်ကို ထပ်မံကယ်ခဲ့၏။ အောင်းလုသည် ကျန်းရီအတွက်ကြောင့် ရှန်းစီမျိုးနွယ်စုနှင့် အဆုံးမဲ့ပင်လယ်နက်ကြားမှာ ဆက်ဆံရေးကို ထိခိုက်သွားအောင် လုပ်စရာ မလိုပေ။
ကျန်းရီသည် ထိုအကြောင်းကို နားမလည်နိုင်သဖြင့် ဆက်မတွေးရန် ဆုံးဖြတ်လိုက်၏။ သူသည် ဤအခြေအနေကို အခွင့်အရေးမယူလျှင် အရူးတစ်ယောက် ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် သူ ခေတ္တမျှတွေးတောလိုက်ပြီး ပြောလိုက်သည်။
“ပထမဆုံး ကျွန်တော် နန်ကုန်ချီလင်းနဲ့ လဲ့ချီရန် စေ့စပ်ထားတာကို ဖျက်ချင်တယ်”
လဲ့ပန်းရှန်းသည် မျက်ခုံးပင့်ကာ လဲ့ထင်ဝေကို နားမလည်သောမျက်နှာထားဖြင့် ကြည့်လိုက်၏။ လဲ့ထင်ဝေက လျင်မြန်စွာ အသံပို့လွှတ်၍ ရှင်းပြလိုက်သည်။ ထို့နောက်တွင် လဲ့ပန်းရှန်းသည် နန်ကုန်းမျိုးနွယ်အကြီးအကဲကို ကြည့်ကာ ခေါင်းညိတ်၍ ပြောလိုက်၏။
“ကောင်းပြီ... ငါတို့ ဒီကိစ္စကို သဘောတူတယ်”
ကျန်းရီက ခေတ္တမျှ ရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
“ဒုတိယအနေနဲ့ လဲ့ချီရန်ကို လဲ့မျိုးနွယ်က ထုတ်ပစ်ရမယ်”
ဝှစ်...ဝှစ်...ဝှစ်...
အဝေးရှိ လဲ့ချီရန်တစ်ယောက် မျက်နှာဖြူဖျော့သွား၏။ လဲ့ချီရန်သည် အသံထွက်၍ ဆဲလိုက်ချင်သော်လည်း သူ့ဘေးရှိ လဲ့မျိုးနွယ်မှ အကြီးအကဲတစ်ယောက်က လဲ့ချီရန်၏ ပါးစပ်ကို လက်ဖြင့် အလျင်အမြန် ပိတ်လိုက်လေသည်။
လဲ့ပန်းရှန်းက တုံ့ဆိုင်းမှုပင် မရှိဘဲ ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ... ဒီနေ့ကစပြီး လဲ့ချီရန်က လဲ့မျိုးနွယ်ရဲ့ မျိုးဆက် မဟုတ်တော့ဘူး။ သူ့တစ်သက်လုံး ရှန်းစီကျွန်းကို ခြေချခွင့် မရှိတော့ဘူး”
လဲ့ချီရန် တုန်ယင်သွား၏။ သူ့မျက်လုံးများထဲတွင် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်သွားသည်။ လဲ့ပန်းရှန်း၏ စကားက တော်ဝင်အမိန့်တော်ကဲ့သို့ပင်။ ယခု လဲ့ပန်းရှန်းက ထိုသို့ပြောလိုက်ပြီဖြစ်၍ မပြောင်းလဲနိုင်တော့ပေ။ လဲ့ချီရန်သည် တစ်သက်လုံး ရှန်းစီကျွန်းပေါ်သို့ ခြေချနိုင်တော့မည် မဟုတ်ချေ။ လဲ့မျိုးနွယ်မှ အကြီးအကဲတစ်ယောက်သည် ချက်ချင်းပင် ဖြူဖပ်ဖြူရော် မျက်နှာထားရှိနေသော လဲ့ချီရန်ကို သယ်ကာ နတ်ရွာလားတောင်ထွတ်မှနေ၍ ပျံဆင်းသွားလေသည်။
လဲ့ပန်းရှန်းသည် လဲ့ချီရန်နှင့် ကျန်းရီတို့ကြားတွင် မည်သည့်ရန်ငြိုးများ ရှိကြောင်း မသိပေ။ သို့သော် ယနေ့ ပြဿနာက လဲ့ချီရန်ကြောင့် ဖြစ်လာခြင်းဖြစ်သည်။ အစောက လဲ့ထင်ဝေသည် အစ်မကြီးဆည်းလည်းနှင့် လဲ့ချီရန်တို့ကြားမှ ကိစ္စများကို အသံပို့လွှတ်၍ ရှင်းပြခဲ့၏။ လဲ့ပန်းရှန်း၏ အမြင်တွင် ထိုသို့သော မျိုးဆက်တစ်ယောက်သည် လဲ့မျိုးနွယ်ကို ပြဿနာသာ ယူလာပေးမည့်သူဟု မြင်ပေသည်။ အဘယ်ကြောင့် သူသည် ထိုသို့သောသူမျိုးကို လိုအပ်မည်နည်း။
ကျန်းရီက ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်ပြီး လဲ့ထင်ဝေ၊ နန်ကုန်းယွင်ရီနှင့် လုလီတို့ကို ကြည့်ကာ ထပ်မံ ပြောလိုက်လေသည်။
“တတိယကတော့ လဲ့ထင်ဝေ၊ နန်ကုန်းယွင်ရီ၊ လုလီ...”
ကျန်းရီက ထိုသုံးယောက်၏ အမည်ကို ပြောလိုက်သောအခါ ထိုသုံးယောက် ချက်ချင်း မျက်နှာထားပြောင်းသွားကြသည်။ စစ်ထူအောင်းသည်လည်း ချက်ချင်း အသံပို့လွှတ်လိုက်သည်။
“ကျန်းရီ... ဘယ်အချိန်မှာ ရပ်ရမလဲဆိုတာကို သိပါ။ ဒီလောက်နဲ့ပဲ တော်လိုက်ပါတော့”
ကျန်းရီက တည်ငြိမ်စွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။
“သူတို့က မျိုးနွယ်ခေါင်းဆောင်ရာထူးနဲ့ မထိုက်တန်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ အဲ့ဒါက ခင်ဗျားတို့ မျိုးနွယ်တွေရဲ့ ကိစ္စပါ။ အကြီးအကဲတို့ ကိုယ့်ဘာသာ ဆုံးဖြတ်ကြပါ”
လဲ့ပန်းရှန်းနှင့် အခြားသူများ သက်ပြင်းချလိုက်ကြသည်။ အကယ်၍ ကျန်းရီကသာ ထိုသုံးယောက်ကို မျိုးနွယ်မှ ထုတ်ပစ်ရန် တောင်းဆိုခဲ့လျှင် သူတို့ မည်သို့လုပ်ရမည်ကို မသိပေ။ လဲ့ပန်းရှန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ငါတို့ ဒီကိစ္စကို စဉ်းစားမှာပါ။ ကျန်းရီ... မင်းမှာ တခြားတောင်းဆိုစရာတွေ ရှိသေးလား”
“ရှိပါသေးတယ်...”
ကျန်းရီက ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။ လူတော်တော်များများ ရုတ်ခြည်း မျက်လုံးပင့်လိုက်ကြ၏။ ကျန်းရီတွင် တောင်းဆိုစရာများ များစွာ ရှိနေပေသည်။ အခြေအနေများက မည်သူ့ကိုမှ ချမ်းသာမပေး ဆိုသည်မှာ အဘယ်နည်း။ ယနေ့တွင် အားလုံးသည် ထိုဆိုရိုး၏ အဓိပ္ပာယ်အစစ်အမှန်ကို ကိုယ်တွေ့ မြင်လိုက်ရပေပြီ။
ကျန်းရီက စစ်ထူမျိုးနွယ်အကြီးအကဲကို ကြည့်ကာ အလေးအနက် ပြောလိုက်သည်။
“စစ်ထူမျိုးနွယ်အကြီးအကဲခင်ဗျာ... အကြီးအကဲရဲ့ အစောက ဆုံးဖြတ်ချက်ကို ပြန်ပြင်ပေးဖို့ ကျွန်တော် တောင်းဆိုချင်ပါတယ်။ ဦးလေးစစ်ထူအောင်းရဲ့ စွမ်းဆောင်နိုင်စွမ်းကို ကျွန်တော်တို့အကုန်လုံး ရှင်းရှင်းလင်းလင်း သိကြတယ်မဟုတ်လား။ သူက ကျန်းရီကြောင့် မျိုးနွယ်ခေါင်းဆောင်ရာထူးက အဖြုတ်ခံရမယ်ဆိုရင် ကျွန်တော် စိတ်ကောင်းနိုင်မှာ မဟုတ်ပါဘူး”
“အာ...”
စစ်ထူမျိုးနွယ်အကြီးအကဲ၏ မျက်နှာအိုကြီး နီမြန်းသွား၏။ သူ ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ငါ မင်းတောင်းဆိုတဲ့အတိုင်း လုပ်ပေးပါမယ်”
ဤအကြိမ်တွင် ကျန်းရီသည် ရပ်ရန် အချိန်တန်ပြီဖြစ်ကြောင်း သိပေသည်။ သူ အကြီးအကဲအိုကြီးများကို လက်ဆုပ်ကာ အရိုအသေပေးလိုက်သည်။ ထို့နောက် သူသည် အောင်းလုကို ကြည့်ကာ ပြောလိုက်သည်။
“အရှင်... ကျွန်တော် အရမ်းကျေနပ်သွားပါပြီ”
“ဟားဟားဟား....”
အောင်းလုက ကျယ်လောင်စွာ ရယ်လိုက်၏။ ထို့နောက် သူ လက်ဝှေ့ယမ်းလိုက်ရာ ခရမ်းရောင်ရွှေတောက်ပလာပြီး ဧရာမ ခရမ်းရောင်ရွှေ စစ်ရထားလုံးတစ်စင်း ထွက်ပေါ်လာ၏။ သူလည်း သူရပ်နေသောနေရာမှ ပျောက်ကွယ်သွားသည်။ ပြီးနောက်တွင် ခရမ်းရောင်ရွှေ စစ်ရထားလုံးက အဆုံးမဲ့ပင်လယ်နက်ဆီသို့ ဦးတည်ပျံသန်းသွားလေသည်။ မိစ္ဆာအရှင်များသည်လည်း ရထားလုံးနောက်သို့ လျင်မြန်စွာ လိုက်သွားကြသည်။ အောင်းလုသည် ရုတ်တရက် ရောက်ရှိလာပြီး ရုတ်တရက် ထွက်ခွာသွားပေပြီ။
သို့သော် အောင်းလုသည် မထွက်သွားခင်တွင် အော်ပြောသွားခဲ့သေး၏။
“မင်း ကျေနပ်ရင် ပြီးတာပါပဲ။ နောက်ကျရင် ရှန်းစီမျိုးနွယ်စုမှ သက်တောင့်သက်သာ နေပါ။ တကယ်လို့ တစ်ယောက်ယောက်က မင်းကို ထိဝံ့ရင် ဒီအဘိုးကြီးကို အဲ့ကောင်ရဲ့ မျိုးနွယ်တစ်ခုလုံးကို ဖျက်ဆီးပစ်မယ်။ ချမ်ချမ်... ဒီကောင်လေးရဲ့ ကိစ္စတွေကို ရှင်းပြီးရင် သူ့ကို ရွှမ်ဝူနန်းတော်ဆီ အလည်ခေါ်ခဲ့ပါ”
ဝှစ်...ဝှစ်...ဝှစ်...
မျက်လုံးပေါင်းများစွာသည် ကျန်းရီပေါ်သို့ ကျရောက်လာ၏။ ထိုမျက်လုံးများထဲတွင် အကြောက်တရား၊ မနာလိုမှုများနှင့် ပြည့်နှက်နေပေသည်။ အောင်းလု၏ စကားများက ကျန်းရီကို လွတ်ငြိမ်းခွင့်ရွှေတံဆိပ်ပြား ပေးလိုက်သကဲ့သို့ပင်။ သူသည် ရှန်းစီမျိုးနွယ်စုတစ်ခွင်တွင် စိတ်ကြိုက်သွားလာနိုင်ပြီး မည်သူ့ကိုမဆို စိတ်ရှိသည့်အတိုင်း အနိုင်ကျင့်နိုင်ပေလိမ့်မည်။ မည်သူမှ သူ့ကို ထိဝံ့မည် မဟုတ်ပေ။
***