နောက်ဆုံး အနိုင်ရသူ
Vol. 61 Ch. 843
ဝုန်း...
မြောက်ဘက်ဧကရာဇ်မြို့တော်၏ ဝူရဲတိုက်ထဲရှိ အပြစ်သားခန်းမထဲတွင် အသံခပ်အုပ်အုပ်တစ်သံ ပဲ့တင်ထပ်လာပေသည်။ ဝူနီသည် စားပွဲကို ဒေါသဖြင့် ရိုက်ချလိုက်၏။ ဈေးကြီးသော ကျောက်စိမ်းစားပွဲက အမှုန့်ဖြစ်သွားလေသည်။ ဘေးမှ တပ်မှူးအားလုံးသည်လည်း မျက်စိပျက်၊ မျက်နှာပျက်ဖြင့် ဒူးထောက်နေကြပြီး ကြောက်ရွံ့နေကြလေသည်။
“သခင်လေးနီ... ကျေးဇူးပြုပြီး စိတ်လျှော့ပါ။ ကျွန်တော်တို့ အသုံးမကျတာပါ... ကျွန်တော်တို့မှာ အပြစ်ရှိပါတယ်”
“အရူးတွေ...”
ဝူနီက နောက်လှည့်၍ ထိုလူများကို ကြည့်လိုက်သည်။ ကျီထင်ယွီကမူ အေးချမ်းစွာ ထိုင်နေပေသည်။ ဝူနီသည် တပ်မှူးများကို စိုက်ကြည့်ကာ ပြောလိုက်၏။
“မင်းတို့က ငါ ဘာလို့ဒေါသထွက်နေလဲဆိုတာကိုတောင် မသိဘဲ ငါ့ကို ခွင့်လွှတ်ပေးဖို့ လာတောင်းဆိုနေကြတာပေါ့လေ။ ဝူမျိုးနွယ်က မင်းတို့လို သုံးစားမရတဲ့ကောင်တွေကို အလကားသက်သက် ကျွေးမွေးထားမိတာပဲ”
“အားလုံးထကြပါ”
ကျီထင်ယွီက အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
“သခင်လေးက ရှင်တို့ကို အပြစ်မတင်ပါဘူး။ သူ ဒေါသထွက်နေတာက ကျန်းရီရဲ့ကံက ဒီတစ်ခေါက် တော်တော်ကောင်းနေလို့ပါ။ ကောင်းပြီ... အားလုံး သွားကြပါတော့...”
တပ်မှူးများသည် ဝူနီက သူတို့ကို မနှိပ်စက်ခင် ခပ်သွက်သွက် ထွက်သွားကြ၏။ သခင်လေးနီသည် ပြီးခဲ့သော ရက်များအတွင်း၌ ဒေါသကို ပို၍ထိန်းချုပ်လာနိုင်သော်လည်း အားလုံးသည် အတိတ်တွင် သူ၏ နှိပ်စက်မှုကို ခံခဲ့ရသဖြင့် ကြောက်ရွံ့နေကြဆဲပင်။
“ဟုတ်တယ်...”
အားလုံး ထွက်သွားပြီးနောက်တွင် ဝူနီသည် နောက်လှည့်၍ သက်ပြင်းရှည်ကြီးတစ်ချက်ချကာ ပြောလိုက်သည်။
“အဲ့ကောင်ရဲ့ ကံက တော်တော်လေးကို ကောင်းနေတာပဲ။ ထင်ယွီ... မင်းက ချောင်ပိတ်နိုင်မယ့်အစီအစဉ်ကို အပင်ပန်းခံပြီး ဆွဲခဲ့ပေမယ့် နောက်ဆုံးအခိုက်ကြမှ အဆုံးမဲ့ပင်လယ်နက်ရဲ့ ဧကရာဇ်ကြောင့် ပျက်စီးသွားခဲ့ရတယ်။ အဲ့ဧကရာဇ်က တကယ်ပဲ ကျန်းရီကြောင့် ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲက ထွက်လာနိုင်ခဲ့တာလား။ အဲ့တုန်းက ရတနာတွေ ရှာကြတုန်းကလည်း အဲ့အဘိုးကြီးက ကျန်းရီကို ကူညီပေးခဲ့တာ ဖြစ်မယ်။ ဒီတစ်ခေါက် ငါတို့ မရှုမလှ ရှုံးသွားပြီဆိုတော့ ကျန်းရီကို သတ်နိုင်မယ့်အခွင့်အရေး ထပ်ရနိုင်ဖို့ မလွယ်တော့ဘူး။ မျိုးနွယ်(၁၃)ခုက ကျန်းရီကို ထိရဲမှာ မဟုတ်တော့ဘူး။ သူတို့က ကျန်းရီ တစ်ခုခုဖြစ်သွားမှာ ကြောက်ပြီးတောင် သူ့ကို ကာကွယ်ပေးကြလိမ့်မယ်။ ဟူး... နတ်ဘုရားတွေရဲ့ အစီအစဉ်က ငါတို့ရဲ့ အစီအစဉ်တွေထက် ကောင်းနေတာပဲ”
ဟုတ်၏။
ကျန်းရီကို ချောင်ပိတ်မည့်အစီအစဉ်ကို ကျီထင်ယွီက ဆွဲထားခြင်းပင်။ ဝူနီကလည်း အပြည့်အဝ ပါဝင်ခဲ့သည်။ ဤအတောအတွင်းတွင် ဝူနီသည် ကျီထင်ယွီ၏ ဉာဏ်ရည်ကို အလေးအနက် ယုံကြည်လာခဲ့ပြီး ဤတစ်ကြိမ်တွင် ကျန်းရီတစ်ယောက် သေချာပေါက် သေရတော့မည်ဟု ထင်ထားခဲ့လေသည်။ သို့သော် နောက်ဆုံးအခိုက်တွင်မှ ကျရှုံးသွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ကျီထင်ယွီသည် အစ်မကြီးဆည်းလည်းနှင့် ကျန်းရီတို့ကြားမှာ ဆက်ဆံရေးကို လဲ့ချီရန်အား ပြောပြခဲ့သူဖြစ်သည်။ ကျန်းရီ မိုးကြိုးကျောက်တုံးများ မှောင်ခိုရောင်းနေသည့် အကြောင်းကိုလည်း ကျီထင်ယွီပင် လုမျိုးနွယ်ကို ပြောခဲ့ခြင်းပင်။ ချမ်ဝမ်ကွမ်းနှင့် ပူးပေါင်းခဲ့သော အရှေ့ဘက် တော်ဝင်နယ်မြေမှ ကုန်သည်ကလည်း ကျန့်မျိုးနွယ်၏ နယ်ရုပ်တစ်ရုပ်ဖြစ်သည်။ ကျန်းရီ လုပ်နေသည့် အရာအားလုံးကို ဧကရာဇ်ကိုးပါးမျိုးနွယ်စုက အနီးကပ် စောင့်ကြည့်နေခဲ့ပေသည်။
ထိုဥက္ကဋ္ဌလျှိုသည် အမှန်ပင် ဝူမျိုးနွယ် လူတစ်ယောက်ဖြစ်သည်။ အပေါ်ယံတွင် ဥက္ကဋ္ဌလျှိုသည် ယဲ့မျိုးနွယ်၏ နှိပ်စက်မှုကို ခံခဲ့ရသဖြင့် ယဲ့မျိုးနွယ်မှ လူများကို သတ်ခဲ့ကာ ထွက်ပြေးခဲ့သူတစ်ယောက်ဟု ဟန်ဆောင်ထား၏။ သို့သော် အသတ်ခံခဲ့ရသော ယဲ့မျိုးနွယ်မှ လူများအားလုံးမှာ အတုများဖြစ်သည်။ သူတို့၏ ရည်ရွယ်ချက် အစစ်အမှန်မှာ ချမ်ဝမ်ကွမ်း၏ ယုံကြည်မှုကို ရရှိရန်ပင်။
ကျီထင်ယွီ၏ ကူညီမှုဖြင့် ဥက္ကဋ္ဌလျှိုသည် နဂါးပျံကုန်သည်အဖွဲ့အစည်းကို အကျိုးအမြတ်များစွာ ရရှိစေခဲ့ပြီး လျှို့ဝှက်အဖွဲ့ခွဲများလည်း တည်ထောင်စေနိုင်ခဲ့၏။ သူသည် တဖြည်းဖြည်းဖြင့် ချမ်ဝမ်ကွမ်း၏ ယုံကြည်ကိုးစားမှုကို ခံလာရပေသည်။ ထို့ကြောင့် သူသည် ဥက္ကဋ္ဌရာထူးကို ရခဲ့ခြင်းပင်။ ချမ်ဝမ်ကွမ်းသည် ဥက္ကဋ္ဌလျှိုကို အကြိမ်အနည်းငယ် စမ်းသပ်ခဲ့ဖူး၏။ သို့သော် ကျီထင်ယွီ၏ အကူအညီဖြင့် စမ်းသပ်မှုများကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ခဲ့လေသည်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုက အလွန်အင်အားကြီးလွန်း၏။ ချမ်ဝမ်ကွမ်းသည် အရှေ့ဘက် တော်ဝင်နယ်မြေတွင် အခြေခံမရှိသဖြင့် အဘယ်သို့ ကျီထင်ယွီကို ယှဉ်နိုင်ပါမည်နည်း။
ချမ်ဝမ်ကွမ်းသည် ကျီထင်ယွီ၏ ဒုတိယလျှို့ဝှက်နယ်ရုပ် ဖြစ်ခဲ့၏။ ထို့ကြောင့် အရာအားလုံး ပိုလွယ်ကူခဲ့ခြင်းပင်။ ထို့နောက်တွင် ကျီထင်ယွီသည် အဆင့်နိမ့် သူလျှိုများကို ရှန်းစီမျိုးနွယ်စုသို့ အလွယ်တကူ ဖောက်ဝင်နိုင်ရန် စီစဉ်ခဲ့၏။ ချမ်ဝမ်ကွမ်းနှင့် ကျန်းရီတို့ မည်သို့ ပြုလုပ်ကြတော့မည်ကို ချမ်ဝမ်ကွမ်း စုဆောင်းထားသော ဝိညာဉ်ကျွန်ဆယ်ယောက်၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရုံဖြင့်ပင် အလွယ်တကူ သိနိုင်ပေသည်။
ကျီထင်ယွီသည် အငှားလက်ဖြင့် ကြက်သတ်ခဲ့ခြင်းပင်။
ဒီတစ်ခေါက်တွင် ကျီထင်ယွီ သုံးခဲ့သော နည်းလမ်းက အလွန်ရိုးရှင်း၏။ ချမ်ဝမ်ကွမ်းတစ်ယောက် စစ်ထူမျိုးနွယ်တွင် အောင်မြင်လာလေလေ၊ မျိုးနွယ်(၃)ခုက ပို၍စိုးရိမ်လာလေလေပင်။ ထိုအခါ ချမ်ဝမ်ကွမ်းနှင့် ကျန်းရီတို့လည်း ပို၍အန္တရာယ်များလာပေလိမ့်မည်။
မျိုးနွယ်(၃)ခုသည် စစ်ထူမျိုးနွယ်ကို ဆက်၍တိုးတက်မလာစေလိုလျှင် ချမ်ဝမ်ကွမ်းနှင့် ကျန်းရီတို့ကို ရှင်းပစ်နိုင်မည့် နည်းလမ်းကို ရှာရတော့မည်ဖြစ်သည်။ ကျန်းရီက မိုးကြိုးကျောက်တုံးများကို ရန်သူအား မှောင်ခိုရောင်းခဲ့ခြင်းသည် မျိုးနွယ်(၃)ခု၏ အကြောင်းပြချက်ကြီးတစ်ခု ဖြစ်သည်။ ထိုမျိုးနွယ်(၃)ခုသည် ကျန်းရီက အမှန်တကယ် သူလျှိုဟုတ်သည်၊ မဟုတ်သည်ကို အရေးမထားပေ။ မျိုးနွယ်(၃)ခုသည် လက်ထပ်ပွဲနေ့၌ ချမ်ဝမ်ကွမ်းက နန်ကုန်းမျိုးနွယ်သို့ လူများစေလွှတ်လိုက်ချိန်တွင် လှုပ်ရှားရန် ဆုံးဖြတ်ခဲ့ကြ၏။
ရလဒ်များသည် ဝူနီနှင့် ကျီထင်ယွီတို့ကို အလွန် ကျေနပ်စေခဲ့သည်။ သူတို့သည် ကျန်းရီ၏ တိုးတက်နှုန်းကြောင့်လည်း အံ့အားသင့်ခဲ့ရ၏။ သို့သော် သူတို့၏ အားနည်းချက်ကင်းသော အစီအစဉ်က အောင်းလု ထွက်ပေါ်လာခဲ့သဖြင့် ပျက်စီးသွားခဲ့ရသည်မှာ နှမြောစရာပင်။
ထို့ကြောင့် ဝူနီသည် တိုက်ပွဲအကြောင်း အသေးစိတ်တင်ပြချက်ကို ရလိုက်သောအခါ ဒေါသထွက်သွားခဲ့ခြင်းပင်။ သူတို့ အားစိုက်၍ ရေးဆွဲထားသော အစီအစဉ်သည် အောင်မြင်ခါနီးကာမှ ပျက်စီးသွားခဲ့ရလေသည်။ သူသာ အောင်မြင်ခဲ့လျှင် ဧကရာဇ်ကိုးပါးမျိုးနွယ်စုတွင် ကျော်ကြားသွားမည်ဖြစ်သည်။ သို့သော် သူ ရှုံးနိမ့်ခဲ့၏။ အရှေ့ပိုင်း ရလဒ်များက ကောင်းနေခဲ့ရာ နောက်ဆုံးအချိန်ကျမှ ရှုံးနိမ့်သွားလိမ့်မည်ဟုလည်း မည်သူမှ မျှော်လင့်မထားကြပေ။
“သခင်လေး ဒေါသထွက်ဖို့ မလိုပါဘူး”
ကျီထင်ယွီက အရေးမစိုက်ဟန်ဖြင့် ပြုံးကာ ပြောလိုက်သည်။ သူမ၏မျက်နှာထားသည် တိုက်ပွဲအကြောင်း တင်ပြချက်ကို ဖတ်ပြီးနောက်တစ်လျှောက်လုံး တည်ငြိမ်နေခဲ့၏။ သူမသည် မည်သည့်အခါကမှ ဒေါသမထွက်ဖူးသူတစ်ယောက်ကဲ့သို့ပင်။
ကျီထင်ယွီသည် ထရပ်လိုက်ပြီး ဝူနီအတွက် လက်ဖက်ရည်တစ်ခွက်ငှဲ့ပေးကာ နူးနူးညံ့ညံ့ ပြောလိုက်၏။
“ကျွန်မတို့ ဒီတစ်ခေါက် ရှုံးနိမ့်သွားတယ်ဆိုပေမယ့် မျိုးနွယ်က ရှင့်ကို သေချာပေါက် သတိထားမိသွားမှာပဲ။ တော်တော်လေး အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့တာမလား။ မျိုးနွယ်ကြီး(၄)ခုက နတ်ဘုရားတစ်ပိုင်း ပညာရှင်တွေလည်း ထွက်လာပြီး အဆုံးမဲ့ပင်လယ်နက်က မိစ္ဆာအရှင်တွေအများကြီးလည်း ရောက်လာခဲ့တယ်။ မျိုးနွယ်(၃)ခုနဲ့ စစ်ထူမျိုးနွယ်ကြားမှာ အက်ကြောင်းကြီးတစ်ခု ထင်သွားပြီ။ ပြီးတော့ မျိုးနွယ်(၃)ခုက ကောင်းကင်ဧကရာဇ်(၁၀၀၀)ကျော်နဲ့ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်(၁၀၀)လောက် အသတ်ခံလိုက်ရတယ် မဟုတ်လား...”
“အဆုံးမဲ့ပင်လယ်နက်ရဲ့ ဧကရာဇ်ကလည်း အတော်လေး နိုင်ထက်စီးနင်း ပြုမူခဲ့တယ်။ ရှန်းစီမျိုးနွယ်ကလူတွေက သေချာပေါက် ကျေနပ်မှာမဟုတ်ဘူး။ အဲ့တော့ သူတို့ရဲ့ မဟာမိတ်မှာလည်း အက်ကြောင်းကြီးတစ်ခု ထင်သွားမှာပဲ။ အဲ့ဒါတွေက ကြီးမားတဲ့ အောင်မြင်မှုတွေပဲ။ ရှင် စောင့်နေပါ... မကြာခင် မျိုးနွယ်ရဲ့ အကြီးအကဲခန်းမက ရှင့်ကို ဆင့်ခေါ်လိမ့်မယ်။ နောက်ကျရင် ရှင် ကိုယ့်ရဲ့ လုပ်ရပ်တွေကို ဂရုစိုက်ရလိမ့်မယ်။ ရှင်က ကျန်းရီကို ရှင်းပစ်ဖို့ ကြိုးစားနေတာမဟုတ်ဘဲ အပြစ်သားကျွန်းမှာ ပဋိပက္ခတွေ၊ ပွတ်တိုက်မှုတွေ ဖြစ်လာအောင် လုပ်နေတာလို့ တွေးထားရမယ်။ ဒီတစ်ခေါက် စစ်မဖြစ်သွားပေမယ့် နည်းနည်းလောက် ရင်းလိုက်ပြီး အဲ့လိုအက်ကြောင်းတွေ ထင်သွားအောင် လုပ်နိုင်ခဲ့တာနဲ့တင် အကြီးအကဲခန်းမက အဘိုးကြီးတွေက ရှင့်အပေါ် အမြင်ပြောင်းသွားကြမှာပဲ”
“အာ...”
ဝူနီသည် အတွေးအခေါ်လေးနက်သူ မဟုတ်ပေ။ သို့သော် သူ့ဘေးတွင် သူ့ကို သတိပေးမည့် ကျီထင်ယွီ ရှိနေပေသည်။ သူသည် ကျီထင်ယွီ၏ စကားများကို ကြားလိုက်သောအခါ မျက်လုံးများ လင်းလက်သွား၏။ သေချာတွေးတောပြီးနောက်တွင် ယခုတစ်ခေါက်ကိစ္စက အတော်လေး ကောင်းပုံပေါ်လေသည်။
ဤတစ်ကြိမ်တွင် သူသည် မျိုးနွယ်၏ အရင်းအမြစ်များကို များစွာမသုံးခဲ့ဘဲ နယ်ရုပ်များကိုသာ သုံးခဲ့သည်။ ထို့ပြင် သူသည် မျိုးနွယ်(၁၃)ခုတွင် အတွင်းရေးပဋိပက္ခများ ဖြစ်လာအောင် လုပ်နိုင်ခဲ့၏။ ယခုတွင် မျိုးနွယ်(၃)ခုနှင့် စစ်ထူမျိုးနွယ်တို့၏ ဆက်ဆံရေးတွင် သေချာပေါက် အဖုအထစ်များ ရှိလာပြီဖြစ်သည်။ အဆုံးမဲ့ပင်လယ်နက်နှင့် ရှန်းစီမျိုးနွယ်စုတို့၏ မဟာမိတ်တွင်လည်း အက်ကြောင်းတစ်ခု ထွက်ပေါ်လာပေပြီ။ ထိုအရာအားလုံးက သူ၏ အောင်မြင်မှုများ ဖြစ်သည်။
“မဟုတ်သေးဘူး...”
ဝူနီက နောက်လှည့်၍ ကျီထင်ယွီကို ကြည့်ကာ ပြောလိုက်သည်။
“ဒါတွေက ငါ့ရဲ့ အောင်မြင်မှုတွေမှ မဟုတ်တာ။ ငါက ဘာမှ လုပ်ခဲ့တာ မဟုတ်ဘူး။ ဒါတွေအကုန်လုံးကို မင်းပဲ စီစဉ်ခဲ့တာ။ ထင်ယွီ... တကယ်လို့ မျိုးနွယ်က ငါ့ကိုဆင့်ခေါ်ရင် မင်းလည်း ငါနဲ့အတူ လိုက်ခဲ့သင့်တယ်မလား”
“မဟုတ်ဘူး...”
ကျီထင်ယွီက တခစ်ခစ်ရယ်၍ ခေါင်းခါကာ ပြောလိုက်သည်။
“သခင်လေးရဲ့ ပံ့ပိုးမှုမရှိရင် ကျွန်မက ဘာမှ လုပ်နိုင်မှာမဟုတ်ဘူး။ ဒီအောင်မြင်မှုအကုန်လုံးက ရှင့်ရဲ့ အောင်မြင်မှုတွေပဲ။ ကျွန်မက နာမည်ဝင်ခံရင် ဘာကောင်းကျိုးရှိမှာ မို့လို့လဲ။ အလွန်ဆုံးမှ ကျွန်မက မျိုးနွယ်ရဲ့ အကြီးအကဲတစ်ယောက် ဖြစ်လာရုံပဲရှိတယ်။ ဒါပေမယ့် ရှင်ကတော့ မတူဘူး။ ရှင်က မျိုးနွယ်ခေါင်းဆောင် ဖြစ်လာနိုင်တယ်.. မြောက်ဘက်ဘုရင်လည်း ဖြစ်လာနိုင်သလို မြောက်ဘက်ဧကရာဇ်လည်း ဖြစ်လာနိုင်တယ်။ ရှင် မှတ်ထားပါ... ရှင့်မှာ အာဏာပိုရှိလာရင် ကျွန်မက ရှင့်အတွက် ပိုကောင်းတဲ့အစီအစဉ်တွေ ဆွဲပေးနိုင်တယ်။ ကျွန်မရဲ့ အဓိကရည်ရွယ်ချက်က ရှင့်ကို မျိုးဆက်သစ် ဆန်းကြယ်ဧကရာဇ်ဖြစ်လာအောင် ကူညီပေးဖို့နဲ့ ရှင် ကောင်းကင်ကြယ်တာရာနယ်နမိတ်ကို သိမ်းပိုက်နိုင်အောင် ကူညီပေးဖို့ပဲ”
“ကောင်းပြီ...”
ဝူနီသည် ထိုစကားများကို နားထောင်ပြီးသောအခါ စိတ်တက်ကြွသွား၏။ သူ ကျီထင်ယွီကို တောက်ပသော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်။
“ထင်ယွီသာရှိရင် ငါ မရနိုင်တဲ့အရာ ဘာရှိမှာလဲ။ ထင်ယွီ... ငါ မျိုးနွယ်ခေါင်းဆောင်ဖြစ်လာတဲ့ နေ့ကျရင် မင်းကို ပထမဇနီးအဖြစ် လက်ထပ်မယ်”
ကျီထင်ယွီသည် ပန်းပေါင်းတစ်ထောင် ဖူးပွင့်သွားသကဲ့သို့ ပြုံးလိုက်၏။ ထို့နောက် သူမက ခပ်ဖွဖွ ခေါင်းညိတ်ကာ ပြန်ပြောလိုက်လေသည်။
“ကျွန်မ အဲ့နေ့ကို စောင့်မျှော်နေပါ့မယ်”
ဂလု...
ဝူနီသည် စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကို ယူကာ တစ်ငုံတည်းသောက်ချလိုက်ပြီး ကောက်ကျစ်သော လေသံဖြင့် ပြောလိုက်၏။
“ကျန်းရီ... မင်း ဒီတစ်ခေါက် ကံကောင်းသွားတယ်။ မင်း တစ်သက်လုံး ရှန်းစီမျိုးနွယ်စုကနေ ခြေတစ်လှမ်းမှ ထွက်မလာဖို့ ငါ မျှော်လင့်တယ်။ မဟုတ်ရင် ငါ မင်းကို သေချာပေါက် သတ်ပစ်မယ်”
ရှပ်...ရှပ်...ရှပ်...
ထိုစဉ် အပြင်ဘက်မှနေ၍ ခြေသံများ ထွက်ပေါ်လာ၏။ ထို့နောက်တွင် ယောက်ျားတစ်ယောက်၏အသံ ထွက်လာလေသည်။
“သခင်လေး... အကြီးအကဲခန်းမက သခင်လေးကို ဆင့်ခေါ်လိုက်ပါတယ်”
“ရောက်လာပြီ...”
ဝူနီနှင့် ကျီထင်ယွီတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ပြုံးလိုက်ကြသည်။ ထို့နောက် ဝူနီသည် သူ၏ဝတ်ရုံကို သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်လိုက်ပြီး ခြေလှမ်းကျဲကြီးများဖြင့် အပြင်သို့ ထွက်သွားလေသည်။
ကျီထင်ယွီက ထရပ်ကာ သူ့ကို ဝူနီကို နှုတ်ဆက်လိုက်၏။ ဝူနီ ထွက်သွားပြီးနောက်တွင် သူမသည် အေးအေးလူလူ ပြန်ထိုင်လိုက်ပြီး သတင်းအချက်အလက်အချို့ကို လှန်လှောကြည့်ရှုကာ အေးစက်စက်လေသံဖြင့် ပြောလိုက်လေသည်။
“ရှန်းစီမျိုးနွယ်စုကနေ တစ်သက်လုံး ထွက်မလာဘူးလား။ ဟီးဟီး... ကျန်းရီ.. ရှင် အရှေ့ဘက် တော်ဝင်နယ်မြေကို မကြာခင် ခိုးဝင်လာမှာပါ.. ဟုတ်တယ်မလား။ စုလောရွှယ်က ရှင် အချစ်ဆုံး မိန်းမပဲလေ။ ကျန်းရီ... ကျွန်မတို့ရဲ့ ကစားပွဲက အခုမှစမှာ။ ပိုသာတဲ့ နည်းလမ်းတွေ ရှိတဲ့သူက နောက်ဆုံး အနိုင်ရတဲ့သူ ဖြစ်လာမှာပဲ...”
***