အသုဘပွဲ
Vol. 61 Ch. 845
ဉာဉ့်နက်လာသောအခါ မြို့သည် တဖြည်းဖြည်း ပြန်၍ ငြိမ်းချမ်းလာပေသည်။ သို့သော် လူတော်တော်များများသည် အိပ်မပျော်နိုင် ဖြစ်နေကြ၏။ မြို့သည် အပြင်ပိုင်းတွင် အလွန်တည်ငြိမ်နေပုံပေါ်သော်လည်း အမှောင်ထဲတွင် လှိုင်းလုံးများ ရှိနေပေသည်။ လူများစွာက ထိုင်မရ၊ ထမရနှင့် စိတ်လှုပ်ရှားနေကြလေသည်။
နတ်ရွာလားတောင်ထွတ်မှ တိုက်ပွဲသတင်းသည် ထောက်လှမ်းရေးများ၊ သခင်လေးများနှင့် သခင်မလေးများကြောင့် ရှန်းစီမြို့တစ်ခွင်လုံးတွင် လျင်မြန်စွာ ပျံ့နှံ့သွား၏။ ထို့နောက်တွင် ယင်းသတင်းသည် ရှန်းစီမျိုးနွယ်စုတစ်ခွင်လုံးတွင် ပျံ့နှံ့သွားသည်။ လျှို့ဝှက်ပုန်းအောင်းနေသာ သူလျှိုများကလည်း ထိုသတင်းကို အရှေ့ဘက် တော်ဝင်နယ်မြေရှိ ဧကရာဇ်ကိုးပါးမျိုးနွယ်စုသို့ ချက်ချင်း ပို့ပေးလိုက်ကြသည်။
ကျန်းရီ၏အမည်က လောကတစ်ခွင်လုံးတွင် ထပ်မံကျော်ကြားသွားပေသည်။ ရှန်းစီမျိုးနွယ်စုသည်လည်း ကျန်းရီကို မည်သည့်အခြေအနေတွင်မှ ထိ၍မရတော့ပေ။ မျိုးနွယ်ကြီး(၄)ခုမှ နတ်ဘုရားတစ်ပိုင်း ပညာရှင်များပင် သူ့ကို အန္တရာယ်ပြုဝံ့တော့မည် မဟုတ်ချေ။ သူ့ကို အန္တရာယ်ပြုသူတိုင်းသည် ကိုယ့်သေတွင်းကိုယ်တူးခြင်းသာ ဖြစ်ပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် ကျန်းရီ၏ အံ့အားသင့်ဖွယ် တိုက်ခိုက်စွမ်းအားအကြောင်းကလည်း ကျော်ကြားနေပေသည်။ အသက်(၂၂)နှစ်အရွယ် လူငယ်လေးသည် ညတွင်းချင်း ကျော်ကြားသူတစ်ယောက် ဖြစ်သွားပေပြီ။
မျိုးနွယ်(၃)ခုသည် မျိုးနွယ်ခေါင်းဆောင်သုံးယောက် အပါအဝင် ကောင်းကင်ဧကရာဇ်(၁၀,၀၀၀)ကျော် ခေါ်လာခဲ့သည်။ သို့တစေ သူတို့သည် ကျန်းရီကို မသတ်နိုင်ခဲ့ပေ။ လဲ့ကူးသာ ဝင်မပါခဲ့လျှင် နတ်ရွာလားတောင်ထွတ်ပေါ်ရှိ မျိုးနွယ်(၃)ခု၏ ပညာရှင်များအားလုံး အသတ်ခံရနိုင်ပေသည်။ သို့သော် အပြင်လူများသည် ကျန်းရီ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို တန်ပြန်ဒဏ် ခံခဲ့ရကြောင်းကို မသိကြပေ။ သူသည် မိုးကြိုးအမျက်နှင့် နတ်ဘုရားအသံ ကောင်းကင်အတတ်တို့ကို အဆက်မပြတ် မထုတ်လွှတ်နိုင်ချေ။
သို့သော် ကျန်းရီ၏ စွမ်းအားကြီးသော စွမ်းရည်များသည် လူများစွာကို အဆက်မပြတ် သက်ပြင်းချနေစေ၏။ ပညာရှင်အချို့ဆိုလျှင် ကျန်းရီ၏ မိုးကြိုးအမျက်က မည်သို့သော တာအိုပုံသဏ္ဌာန်တိုက်ခိုက်မှုဖြစ်ကြောင်း မသိကြပေ။ သူတို့သည် ယင်းက တာအိုပုံသဏ္ဌာန်မဟုတ်ဘဲ ထူးခြားသောစွမ်းရည်တစ်ခုလည်း ဖြစ်နိုင်သည်ဟု တွေးနေကြသည်။ အဘယ်ကြောင့် ကျန်းရီသည် ကောင်းကင်ကိုးဘုံ နတ်ဘုရားမိုးကြိုးတန်းများကို လမ်းညွှန်နိုင်ခဲ့သနည်း။ အဘယ်ကြောင့် သူ၏ နတ်ဘုရားအသံ ကောင်းကင်အတတ်ကလည်း အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များပင် မခံနိုင်ရလောက်အောင် စွမ်းအားကြီးနေရသနည်း။ ထို့ပြင် သူ၏ နတ်ဘုရားအသံ ကောင်းကင်အတတ်တွင် စွမ်းအားကြီး သတ်ဖြတ်အရှိန်အဝါတစ်ခုလည်း ပါနေခဲ့သည်လော။
မျိုးနွယ်အားလုံးမှ မျိုးနွယ်အကြီးအကဲများသည် မည်သူမှ ကျန်းရီကို အန္တရာယ်မပြုရန်နှင့် ကျန်းရီရှိနေသော နေရာများကို ရှောင်ကြရန် ချက်ချင်း အမိန့်ထုတ်လိုက်ကြသည်။ မဟုတ်လျှင် သူတို့ သေသွားနိုင်ပေသည်။
လဲ့ထင်ဝေ၊ နန်ကုန်းယွင်ရီနှင့် လုလီတို့သည် စိတ်ဓာတ်အကျနေဆုံးလူများ ဖြစ်ကြ၏။ မျိုးနွယ်(၃)ခု၏ မျိုးနွယ်အကြီးအကဲများသည် သူတို့ကို မျိုးနွယ်ခေါင်းဆောင်ရာထူးက ထုတ်ပစ်ရန် စိတ်ကူးမရှိပေ။ သို့သော် သူတို့သည် မျိုးနွယ်ထဲတွင် ဦးမော့ရင်ကော့နိုင်တော့မည် မဟုတ်ပေ။ သူတို့သုံးယောက်သည် ကျန်းရီရှိနေသော နေရာများသို့လည်း သွားနိုင်တော့မည် မဟုတ်ချေ။ ကျန်းရီသည် သူတို့ကို သင်ခန်းစာပေးခဲ့သော်လည်း သူတို့တွင် ရွေးချယ်စရာမရှိ၍ လိုက်နာရပေတော့မည်။
နောက်တစ်ရက်တွင်...
အရုဏ်ချိန်မှာပင် စစ်ထူမျိုးနွယ်က အလုပ်ရှုပ်နေပေပြီ။ ယမန်နေ့က စစ်ထူအောင်းသည် ရွှေရောင်မျောလွင့်နဂါး၊ ယာ့ဇီသားရဲ၊ ရန်တုံနှင့် နျိုတုန်တို့၏ အလောင်းများကို ပြန်သွားယူရန် လူအချို့ကို အမိန့်ပေးခဲ့၏။ ယနေ့တွင် သူတို့သည် ထိုအလောင်းများကို မြှုပ်နှံရန် ပြင်ဆင်နေကြခြင်းပင်။ မြှုပ်နှံမည့်နေရာမှ စစ်ထူမျိုးနွယ်၏ အရှေ့ဘက်ရှိ သင်္ချိုင်းမြေတွင်ဖြစ်သည်။ ထိုသင်္ချိုင်းမြေသည် စစ်ထူမျိုးနွယ်ဝင်များကို မြှုပ်နှံရာသင်္ချိုင်းပင်။ ရန်တုံ၊ နျိုတုန်၊ ရွှေရောင်မျောလွင့်နဂါးနှင့် ယာ့ဇီသားရဲတို့၏ အလောင်းများကို ထိုသင်္ချိုင်းမြေတွင် မြှုပ်နှံခွင့်ပြုခြင်းမှာ စစ်ထူအောင်း၏ ကျန်းရီအပေါ်ထားသော ကြီးမားသည့် လေးစားမှုကြောင့် ဖြစ်သည်။
တစ်ညကုသပြီးနောက်တွင် ကျန်းရီ၏ ဒဏ်ရာများက အနည်းငယ် သက်သာလာပြီဖြစ်သည်။ သို့သော် သူ၏ကိုယ်တွင်းအင်္ဂါများနှင့် စိတ်ဝိညာဉ်က တစစ်စစ် နာကျင်နေဆဲပင်။ ဤတစ်ခေါက် တန်ပြန်ဒဏ်က လေနက်တပ်မဟာ၏ ခေါင်းဆောင်နှင့် တိုက်ခိုက်ခဲ့စဉ်က ခံခဲ့ရသော တန်ပြန်ဒဏ်ထက် ပိုပြင်းထန်ပေသည်။ အထူးသဖြင့် သူ၏စိတ်ဝိညာဉ်က အတော်လေး ထိခိုက်သွားခဲ့သည်။ ထိုကဲ့သို့သော ဒဏ်ရာများသည် တစ်ရက်၊ နှစ်ရက်နှင့် ပြန်ကောင်းနိုင်သော ဒဏ်ရာများမဟုတ်ပေ။ ၎င်းတို့ ပြန်ကောင်းလာရန် အချိန်အတော်ကြာ လိုအပ်ပေသည်။
ကျန်းရီသည် အနက်ရောင်ဝတ်စုံကို လဲလှယ်ဝတ်ဆင်ကာ အပြင်သို့ ထွက်သွားလိုက်၏။ အပြင်တွင် ချမ်ဝမ်ကွမ်း၊ စစ်ထူရီနျန်၊ ကျန့်ဝူရွှမ်း၊ ဖုန်းလန်နှင့် အခြားသူများက စောင့်နေကြသည်။ သူတို့အားလုံးကလည်း အနက်ရောင်အဝတ်အစားများ ဝတ်ဆင်ထားကြပေသည်။ နန်ကုန်းချီလင်လည်း ရောက်လာသည်။ ရန်တုံသည် သူမနောက်သို့ သုံးနှစ် လိုက်ခဲ့သူတစ်ယောက် မဟုတ်ပါလား။ ထို့ကြောင့် သူမသည် ရန်တုံ၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ပေးမည်ဖြစ်သည်။
“ကျန်းရီ... အရှေ့ဘက်ခြံဝန်းမှာ အကုန်ပြင်ဆင်ပြီးပြီ”
ကျန်းရီတို့ ထွက်လာသောအခါ စစ်ထူရီရှောင်သည် လူတစ်စုဖြင့် ရောက်လာ၏။ ကျန်းရီက တိတ်တဆိတ် ခေါင်းညိတ်လိုက်ပြီး အရှေ့ဘက်ခြံဝန်းသို့ လျှောက်သွားလိုက်လေသည်။ စစ်ထူရီရှောင်သည် ခြေလှမ်းအနည်းငယ် လျှောက်ပြီးသောအခါ လှောင်သည့်လေသံဖြင့် ပြောလိုက်၏။
“အစောတုန်းက မြို့ထဲက မျိုးနွယ်ကြီးတွေ၊ မျိုးနွယ်လေးတွေ အကုန်လုံး လူစေလွှတ်ပြီး ဝမ်းနည်းကြောင်း ပြောခိုင်းလိုက်တယ်။ လဲ့မျိုးနွယ်၊ နန်ကုန်းမျိုးနွယ်နဲ့ လုမျိုးနွယ်တို့တောင် အကြီးအကဲတစ်ယောက်စီ လွှတ်လိုက်ကြတယ်။ အဲ့ဒါက တကယ့်ကို ဟာသတစ်ခုပဲ။ မနေ့ညတုန်းက အဲ့မျိုးနွယ်(၃)ခုက ညီလေးတို့ အကုန်လုံးကို သတ်ချင်နေခဲ့တာ။ ဒီနေ့ကျတော့ သူတို့က ဟန်ဆောင်ပြီး ဝမ်းနည်းကြောင်း ပြောနေကြတယ်...”
“အန်...”
ကျန်ရီ၏ မျက်နှာထား အေးစက်သွားပြီး ခြေလှမ်းများ နှေးသွားသည်။ သူတို့သည် အရှေ့ဘက် ခြံဝန်းသို့ ရောက်လာပေပြီ။ ကျယ်ဝန်းသော မြေကွက်လပ်တစ်ခုတွင် ကျောက်စိမ်းဖြူအခေါင်းလေးခုကို ထားထား၏။ အခေါင်းများအရှေ့တွင် လူများစွာသည် တိတ်တဆိတ်ရပ်နေကြပြီး ဝမ်းနည်းပူဆွေးဟန် ဟန်ဆောင်နေကြ၏။ မသိလျှင် အခေါင်းများထဲမှ အလောင်းများမှာ သူတို့၏ မိဘများပေလောဟုပင် တွေးမိသွားပေလိမ့်မည်။
ယာ့ဇီသားရဲနှင့် ရွှေရောင်မျောလွင့်နဂါးတို့၏ ခန္ဓာကိုယ်များက လောင်ကျွမ်းသွားခဲ့ခြင်းဖြစ်သဖြင့် အခေါင်းထဲတွင် ၎င်းတို့၏အကြွင်းအကျန်များသာ ပါပေသည်။ မဟုတ်လျှင် ယာ့ဇီသားရဲနှင့် ရွှေရောင်မျောလွင့်နဂါးတို့၏ ခန္ဓာကိုယ်အရွယ်အစားက ထိုကျောက်စိမ်းဖြူအခေါင်းများနှင့် ဆန့်မည် မဟုတ်ချေ။
ကျန်းရီသည် တစ်ချက် ဝေ့ဝဲကြည့်လိုက်ပြီး ရင်းနှီးသော မျက်နှာသုံးခုကို မြင်လိုက်ရ၍ ခနဲ့ပြုံး ပြုံးလိုက်လေသည်။ သူသည် လဲ့၊ နန်ကုန်းနှင့် လုမျိုးနွယ်များမှ အကြီးအကဲများကို အနည်းငယ် မှတ်မိနေပေပြီ။ ထိုနေရာရှိ လူများသည် ခြေသံများကို ကြားလိုက်၍ နောက်လှည့်ကြည့်လိုက်ကြ၏။ သူတို့၏ မျက်ဝန်းများထဲတွင် မျက်နှာလို၊ မျက်နှာရ လုပ်လိုသော အရိပ်အယောင်များ ရှိနေကြလေသည်။
ကျန်းရီက အခေါင်းများဆီသို့ လေးလံသော ခြေလှမ်းများဖြင့် လျှောက်သွားလိုက်ပြီး စစ်ထူမျိုးနွယ်က လူတစ်ယောက်ထံမှ အမွေးတိုင်ကို ယူလိုက်လေသည်။ သူသည် အားလုံးကို ဦးဆောင်၍ သုံးကြိမ် ကန်တော့လိုက်၏။ ထို့နောက်တွင် သူသည် ခေါင်းငဲ့ကာ အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
“လဲ့၊ နန်ကုန်းနဲ့ လုမျိုးနွယ်က လူတွေ... ရှေ့ကိုလာပြီး သုံးကြိမ်ကန်တော့လိုက်၊ ပြီးရင် ထွက်သွားကြတော့”
“အာ...”
အနောက်မှ လူများသည် ရုတ်ရုတ်သဲသဲဖြစ်သွား၏။ လဲ့၊ နန်ကုန်းနှင့် လုမျိုးနွယ်တို့မှ အကြီးအကဲများ မျက်နှာပျက်သွားကြသည်။ အမှန်တွင် သူတို့ကလည်း မလာချင်ပေ။ သို့သော် လဲ့ထင်ဝေက သူတို့ကို အမိန့်ပေးခဲ့၍ အမိန့်ပေးခဲ့ခြင်းကြောင့် လာခဲ့ရခြင်းဖြစ်သည်။ လဲ့ထင်ဝေ၏ ရည်ရွယ်ချက်ကရှင်းသည်။ ကျန်းရီက သူတို့ကို နောင်တွင် ပြဿနာမရှာစေရန် သူသည် မျိုးနွယ်(၃)ခု၏ သဘောထားကို ဖော်ပြလိုခြင်းဖြစ်၏။
အကြီးအကဲသုံးယောက်သည် ယနေ့တွင် သူတို့ အရှက်ခွဲခံရလိမ့်မည်ဖြစ်ကြောင်း မျှော်လင့်ထားပြီးသားပင်။ သို့သော် ကျန်းရီသည် ဤမျှရဲတင်းကာ သူတို့ကို သုံးကြိမ်ကန်တော့ခိုင်းလိမ့်မည်ဟု သူတို့ မထင်ထားကြပေ။
ထိုအကြီးအကဲသုံးယောက်သည် သူတို့၏မျိုးနွယ်များတွင် ကျော်ကြားသော အကြီးအကဲများဖြစ်ကြ၏။ ထို့ကြောင့် သူတို့ တုံ့ဆိုင်းနေကြသည်။ သို့သော် ကျန်းရီ၏လက် တောက်ပလာပြီး မီးနဂါးဓားထွက်ပေါ်လာသောအခါ ထိုသုံးယောက်သည် ချက်ချင်း ဒူးထောက်လိုက်ကြပြီး သုံးကြိမ် ရိုရိုသေသော ကန်တော့လိုက်လေသည်။ ထို့နောက် သူတို့သည် မည်းမှောင်သော မျက်နှာများဖြင့် ထွက်သွားကြတော့သည်။
ကျန်းရီသည် အစမှအဆုံးတိုင် ထိုသုံးယောက်ကို ကြည့်ပင်မကြည့်လိုက်ပေ။ ထိုသုံးယောက် ထွက်သွားပြီးနောက်တွင် သူက စစ်ထူမျိုးနွယ်မှ အကြီးအကဲကို ကြည့်လိုက်သည်။ ထိုအကြီးအကဲက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
“အသုဘအခမ်းအနား စတင်ပါပြီ”
ပုံ...ပုံ...ပုံ...
ဘုန်းတော်ကြီးအချို့သည် ဗုံတီး၍ လျှောက်လာကြ၏။ ထို့နောက် သူတို့သည် တရားစာများ စတင်ရွတ်ဆိုကာ အသုဘအခမ်းအနားကို ကျင်းပလိုက်ကြ၏။ ဘုန်းတော်ကြီးတစ်ပါးသည် အခမ်းအနားအစီအစဉ်စာလိပ်ကို ကိုင်ကာ အစီအစဉ်များကို ကြေညာပေး၏။ ကျန်းရီသည် ထိုအစီအစဉ်များကို ကြားလိုက်သောအခါ အတန်ငယ် စိတ်ရှုပ်သွားပြီး လက်ခါကာ ပြောလိုက်၏။
“ရပါပြီ... အခမ်းအနားကို ရှုပ်ထွေးအောင် လုပ်စရာမလိုပါဘူး။ သူတို့က သေပြီးနေပြီပဲ။ ဒါတွေလုပ်နေရင်လည်း ဘာအဓိပ္ပာယ်မှ ရှိမှာမဟုတ်ဘူး။ သူတို့ကို ဒီအတိုင်းပဲ မြှုပ်လိုက်ကြပါ”
“အာ...”
လူများစွာက မျက်လုံးပင့်လိုက်ကြသည်။ ယင်းအစီအစဉ်များမှာ ရှန်းစီမျိုးနွယ်စု၏ ရိုးရာဓလေ့များဖြစ်သည်။ သူတို့ ထိုအစီအစဉ်များကို ကျော်လိုက်လျှင် အသုဘပွဲကျင်းပနေရန်ပင် လိုပါဦးမည်လော။ သို့သော် ကျန်းရီက ထိုသို့ပြောလိုက်ပြီဖြစ်သဖြင့် စစ်ထူမျိုးနွယ်မှ အကြီးအကဲသည် ရွေးချယ်စရာ မရှိတော့သဖြင့် လက်ဝှေ့ယမ်းကာ ပြောလိုက်ရတော့သည်။
“ကောင်းပြီ... သင်္ချိုင်းမြေကို သွားကြမယ်”
စစ်ထူမျိုးနွယ်မှ အစေခံတစ်ဒါဇင်သည် ကျောက်စိမ်းဖြူအခေါင်းများကို သယ်ကာ အပြင်သို့ ထွက်သွားကြ၏။ စစ်ထူအောင်းသည် ကျန်းရီကို အလွန်မျက်နှာသာပေးကာ အစောင့်များကို လမ်းကြောင်း ကြိုရှင်းထားခိုင်းပြီး အသုဘပွဲသို့တက်ရန် လူများစွာလည်း စေလွှတ်ထားပေသည်။ လမ်းဘေးတွင်လည်း မရေမတွက်နိုင်သော လူများသည် သူတို့၏ ဆွေမျိုးများ သေသွားသကဲ့သို့ ညှိုးငယ်သော မျက်နှာထားများဖြင့် ရပ်ကြည့်နေကြလေသည်။
ကျန်းရီသည် အနောက်မှ တိတ်တဆိတ်လိုက်ကာ လိုက်ပါပို့ဆောင်နေသည်။ သူသည် သူ့ကိုကြည့်နေသော မျက်လုံးများစွာကို မြင်လိုက်သောအခါ စိတ်ထဲမှ ရယ်လိုက်၏။ အကယ်၍ မနေ့ညတွင် အောင်းလု ရောက်မလာခဲ့လျှင် ကျန်းရီသည် ယနေ့တွင် သူ့အလောင်းကို မြှုပ်စရာမြေပင် ရမည် မဟုတ်ပေ။ ရှန်းစီမြို့တစ်ခွင်လုံးသည်လည်း သူ့ကို ကျိန်ဆဲနေလိမ့်မည် မဟုတ်လော။ သူ၏အလောင်းကို မြို့ရိုးတွင် ချိတ်ဆွဲ၍ လူများကို စိတ်ကြိုက် ကန်ကျောက်ခိုင်းထားလောက်ပေသည်။
လောကကြီးသည် ဤသို့ပင် ရက်စက်၏။ အင်အားမရှိသူများသည် လေးစားမခံရပေ။ အရှုံးသမားများသည် နင်းခြေခံရမည်ဖြစ်ပြီး လူများစွာ၏ ကန်ကျောက်မှုကို ခံရမည်ဖြစ်သည်။
လူများစွာ၏ ရင်ထဲတွင် ရန်တုံနှင့် အခြားသူများကို တစ်စိုးတစ်စိမျှပင် အလေးထားမည် မဟုတ်ပေ။ သူတို့အသက်ရှင်နေစဉ်က လူများသည် သူတို့ကို စေ့စေ့ပင် မကြည့်ခဲ့ကြချေ။ ယခု သူတို့ သေဆုံးသွားပြီးနောက်တွင် မျိုးနွယ်လေးများမှ မျိုးနွယ်အကြီးအကဲများသည် အသုဘပွဲသို့လာကာ လိုက်ပါပို့ဆောင်ပေးနေကြသည်။ အတော်ပင် ရယ်စရာ ကောင်းပေ၏။
ကျန်းရီက အသုဘအခမ်းအနားကို စောစောအဆုံးသတ်ရန် ပြောခဲ့ခြင်းမှာ သေသူများကို မလေးစား၍ မဟုတ်ပေ။ သူသည် အသက်ရှင်စဉ်က ကောင်းကောင်းဆက်ဆံမခံခဲ့ရသူများကို သေသွားပြီးနောက်မှ တခမ်းတနား ဆက်ဆံနေခြင်းက အဓိပ္ပာယ်မရှိဟု ယုံကြည်၍ပင်။ သူတို့သည် ထိုအရာများကို မြင်နိုင်ဦ ကြားနိုင်တော့မည် မဟုတ်ပေ။ သို့ဖြစ်ရာ အဘယ်ကြောင့် သူတို့ကို တိတ်တဆိတ် ထွက်သွားခွင့် မပြုရမည်နည်း။
အသုဘအခမ်းအနား ပြီးဆုံးသွားသောအခါ ကျန်းရီသည် စစ်ထူအောင်းနှင့် ချမ်ဝမ်ကွမ်းတို့နှင့် စကားပြောခဲ့၏။ စစ်ထူအောင်းသည် နဂါးပျံကုန်သည်အဖွဲ့အစည်းကို ပြန်ဖွဲ့စည်းမည်ဖြစ်ကြောင်း ပြော၏။ ဥက္ကဋ္ဌအသစ်မှာ ချမ်ဝမ်ကွမ်းပင် ဖြစ်ပေလိမ့်မည်။ သို့သော် အစောပိုင်းအဆင့်များတွင် သူတို့သည် အခြားမျိုးနွယ်များကို ပါဝင်ခိုင်းမည် မဟုတ်ပေ။ စစ်ထူမျိုးနွယ်တစ်ခုတည်း လျှို့ဝှက် လုပ်ဆောင်ခြင်းက ပို၍ လုံခြုံမှုရှိပေလိမ့်မည်။
စစ်ထူမျိုးနွယ်နှင့် မျိုးနွယ်(၃)ခုကြားမှ အက်ကြောင်းက မည်သည့်အခါတွင်မှ ပြန်စေ့တော့မည် မဟုတ်ကြောင်း ကျန်းရီ နားလည်ပေသည်။ သို့သော် သူ မည်သည့်စကားမှ မပြောလိုက်ချေ။ စစ်ထူအောင်းက ချမ်ဝမ်ကွမ်းကို အရေးပါသည့်ရာထူး ဆက်ပေးထားသ၍ အဆင်ပြေပေသည်။ ထို့နောက်တွင် ကျန်းရီသည် ကျန်းရဲတိုက်သို့ ပြန်သွားပြီး အခန်းအောင်းကျင့်ကြံလိုက်၏။ အောင်းလုသည် သူ့ကို အဆုံးမဲ့ပင်လယ်သို့ တစ်လအတွင်း လာစေလိုနေ၏။ ထို့ကြောင့် သူသည် လဝက်အတွင်း သွားရပေလိမ့်မည်။ သူ မသွားခင်တွင် သူ၏ခန္ဓာကိုယ်က အပြည့်အဝ ပြန်ကောင်းနေရန် လိုပေသည်။
“အောင်းလုက ငါ့ကို ဘာလုပ်စေချင်တာလဲ”
ကျန်းရီသည် ထိုအကြောင်းကို တွေးကာ မျက်လုံးများ မှိတ်လိုက်ပြီး တရားထိုင်၍ သူ၏ဒဏ်ရာများကို ကုသလိုက်လေသည်။
***