ကောင်းကင်မြေခွေးနယ်မြေ
Vol. 61 Ch. 846
လဝက်ဆိုသောအချိန်က ရုတ်ခြည်း ကုန်ဆုံးသွားပေသည်။ ကျန်းရီသည် အခန်းအောင်း ကျင့်ကြံနေရာမှ အချိန်မီ ထွက်လာခဲ့၏။ သူသည် ချမ်ဝမ်ကွမ်းနှင့် စကားပြောပြီးနောက်တွင် ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။
ရှန်းစီမြို့က အေးချမ်းနေ၏။ ကုန်သည်အဖွဲ့အစည်းအသစ်ကိုလည်း စတင် တည်ထောင်နေပြီဖြစ်သည်။ နတ်ရွာလားတောင်ထွတ်မှကိစ္စ ဖြစ်ပျက်ပြီးနောက်တွင် လူများသည် ကျန်းရီနှင့် ချမ်ဝမ်ကွမ်းတို့ အုပ်စုကို ပြဿနာ မရှာဝံ့ကြတော့ချေ။ ကျန်းရဲတိုက်သည်လည်း ရှန်းစီမျိုးနွယ်စုအတွင်းရှိ အလုံခြုံဆုံးနေရာ ဖြစ်လာပေသည်။ ထို့ကြောင့် ကျန်းရီသည် သူ့လူများကို ချန်ထားခဲ့ရန် စိတ်ချခြင်းပင်။
ဤအကြိမ်တွင် ကျန်းရီသည် တစ်ယောက်တည်းသွားရန်သာ ဆုံးဖြတ်ထား၏။ ဤခရီးက အပန်းဖြေခရီး မဟုတ်ပေ။ သို့သော် ကျန်းရှောင်နူက သူနှင့်အတူ လိုက်ခဲ့မည်ဟု အတင်းတောင်းဆို၏။ သူမသည် မင်ရည်တောင်ပံနတ်ဘုရားကျင့်စဉ်၏ တတိယအဆင့်ကိုလည်း မကျင့်နိုင်သဖြင့် အားနေပေရာ သူမကို ခေါ်သွားရန် သူ သဘောတူလိုက်လေသည်။
ကျန်းရှောင်နူသည် အနေအေးသူတစ်ယောက် ဖြစ်သဖြင့် စုလောရွှယ်နှင့် အတန်ငယ် အဆင်ပြေသော်လည်း ဖုန်းလန်တို့နှင့်မူ အကျင့်စရိုက်ခြင်း မတူပေ။ သူမသည် မည်သည်ကိုမှ ဝါသနာမပါဘဲ ကျန်းရီနောက်သို့လိုက်ရလျှင် ပျော်နေတတ်သူတစ်ယောက်ဖြစ်သည်။ မည်သည့်ပြောစရာစကားမှ ရှိမနေလျှင်ပင် သူမသည် ကျန်းရီဘေးတွင် ထိုင်နေရသည်ကို ကျေနပ်နေတတ်သူဖြစ်သည်။
အဆုံးမဲ့ပင်လယ်နက်၏ အလယ်ဗဟိုသို့ သွားရမည့် ခရီးက ခရီးရှည်ကြီး ဖြစ်ပေလိမ့်မည်။ တည်နေရာပြောင်းရွှေ့အစီအရင်မျိုး မရှိလျှင် သူတို့သည် ကောင်းကင်ကံကြမ္မာသင်္ဘောကို စီး၍ လအနည်းငယ် သွားရန် လိုအပ်မည်ဖြစ်သည်။ သို့သော် ကျန်းရီသည် ထိုကိစ္စများကို တွေးရန် မလိုပေ။ မင်းသမီးချမ်ချမ်က သူတို့ကို အနက်ရောင်နတ်ဘုရားက သယ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောထားပေသည်။
ကျန်းရီသည် အနက်ရောင်နတ်ဘုရားက သူတို့ကို ပွေ့သယ်ကာ ပျံသန်းလိမ့်မည်ဟု ထင်ထားခဲ့၏။ သို့သော် သူ စစ်ထူစံအိမ်လေးသို့သွား၍ မင်းသမီးချမ်ချမ်ကို သူ သွားရန်အသင့်ဖြစ်ပြီဖြစ်ကြောင်း ပြောလိုက်သောအခါ အနက်ရောင်နတ်ဘုရားသည် ကောင်းကင်ထက်သို့ ပျံတက်သွားပြီး အနက်ရောင်အလင်းများ တောက်ပကာ မူလအနက်ရောင်နဂါးပုံစံကို ပြန်ပြောင်းလိုက်လေသည်။ ထို့နောက် အနက်ရောင်နဂါးက အေးစက်စက် ပြောလိုက်၏။
“အားလုံးပဲ.. အပေါ်ကို တက်ခဲ့ကြပါ”
ဝှစ်...
မင်းသမီးချမ်ချမ်သည် စစ်ထူရီနျန်ကို ခေါင်းညိတ်နှုတ်ဆက်လိုက်ပြီး အနက်ရောင်နဂါး၏ ဦးခေါင်းပေါ်သို့ ပျံတက်သွားလေသည်။ ကျန်းရီနှင့် ကျန်းရှောင်နူတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တုံ့ဆိုင်းနေကြ၏။ ဤအနက်ရောင်နတ်ဘုရားသည် မိစ္ဆာအရှင်တစ်ပါးဖြစ်၏။ ကျန်းရီတို့သည် သူ အင်အားမည်မျှကြီးသည်ကို မသိသော်လည်း သူက နတ်ဘုရားတစ်ပိုင်းအဆင့်တွင် ရှိနေဖို့ များပေသည်။ အဘယ်သို့ ကျန်းရီနှင့် ကျန်းရှောင်နူတို့သည် သူ၏ခေါင်းပေါ်သို့ တက်နိုင်ပါမည်နည်း။
ချမ်ချမ်သည် ကျန်းရီတို့ တုံ့ဆိုင်းနေသည်ကို မြင်လိုက်သောအခါ ရယ်၍ ပြောလိုက်၏။
“သခင်လေးကျန်း... ဘာမှ မဖြစ်ပါဘူး။ သခင်လေးက ဘိုးဘိုးကို ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲက ထွက်နိုင်အောင် ကူညီခဲ့တဲ့သူပဲ။ အဲ့ဒါက အဆုံးမဲ့ပင်လယ်နက်က မိစ္ဆာမျိုးနွယ်အတွက် အကြီးမားဆုံး ကျေးဇူးတရားပါ။ ဦးလေးဟေးက စိတ်ရှိမှာ မဟုတ်ပါဘူး”
အနက်ရောင်နတ်ဘုရားကလည်း ကျန်းရီကို ကြည့်ကာ စိတ်မရှိဟန်ဖြင့် ပြောလိုက်သည်။
“မြန်မြန်လာ... ဧကရာဇ်က ငါတို့ကို စောင့်နေတော့မယ်”
“ကောင်းပါပြီ...”
ကျန်းရီသည် ဆက်၍ ငြင်းခုံမနေတော့ဘဲ ကျန်းရှောင်နူကိုခေါ်၍ အနက်ရောင်နတ်ဘုရား၏ ဧရာမဦးခေါင်းထက်သို့ တက်လိုက်လေသည်။ အနက်ရောင်နတ်ဘုရားက စစ်ထူအောင်းနှင် စစ်ထူမျိုးနွယ်အကြီးအကဲတို့ကို ကြည့်လိုက်၏။ ယင်းက နှုတ်ဆက်ခြင်းပင်။ ထို့နောက်တွင် သူ၏ဧရာမခန္ဓာကိုယ်ကြီးသည် မြင့်မားသော ကောင်းကင်ထက်သို့ ပျံတက်သွားလေတော့သည်။
“အာ... အဲ့ဒါ အနက်ရောင်နတ်ဘုရားမလား”
“အနက်ရောင်နတ်ဘုရားက ပြန်တော့မှာလား။ အဲ့ဒါဆို မင်းသမီးချမ်ချမ်လည်း ပြန်တော့မှာပေါ့...”
“ကျန်းရီ... အဲ့ဒါက ကျန်းရီနဲ့ သူ့ညီမလေး မဟုတ်လား”
“အာ... ကျန်းရီက တကယ်ပဲ အနက်ရောင်နတ်ဘုရားရဲ့ ခေါင်းပေါ်မှာ ရပ်နေတာလား။ အနက်ရောင်နတ်ဘုရားက မိစ္ဆာအရှင်တစ်ပါးပဲ... သူတို့က အဆုံးမဲ့ပင်လယ်နက်ဆီ သွားကြမှာလား”
အနက်ရောင်နတ်ဘုရား ကောင်းကင်ထက်သို့ ပျံတက်သွားသောအခါ မြို့ထဲမှ သိုင်းသမားများသည် ချက်ချင်း အာရုံစိုက်လိုက်ကြ၏။ မြို့တစ်ခုလုံး ရုတ်ခြည်း အုတ်အော်သောင်းနင်း ဖြစ်သွားသည်။ ယခုတွင် ကျန်းရီသည် မြို့ထဲတွင် အကျော်ကြားဆုံးလူတစ်ယောက် ဖြစ်နေပြီ မဟုတ်ပါလား။ ထို့ကြောင့် လူအားလုံးသည် သူ၏လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေကြပေသည်။
ဝှစ်...
အနက်ရောင်နတ်ဘုရားသည် မြို့မှ အတင်းအဖျင်းများကို လျစ်လျူရှုကာ ပိုမြင့်သော အမြင့်သို့ ဆက်ပျံတက်သွား၏။ သူ၏ မီတာအနည်းငယ် အရွယ်အစားရှိသော ဧရာမခန္ဓာကိုယ်ကြီးသည် တောင်ငယ်တစ်လုံးကဲ့သို့ပင်။ ထို့ပြင် သူ၏အရှိန်အဝါကလည်း အားကောင်းလွန်းပေသည်။ မကြာခင်မှာပင် သူတို့သည် ရှန်းစီမြို့၏ အကာအရံကို ဖြတ်ကျော်ကာ အဆုံးမဲ့ပင်လယ်နက်စီးသို့ ဦးတည်သွားလိုက်ကြလေသည်။
“တော်တော်မြန်တဲ့ အမြန်နှုန်းပဲ”
ကျန်းရီနှင့် ကျန်းရှောင်နူတို့သည် အချိန်တစ်ခဏအတွင်းမှာပင် ရှန်းစီမြို့က လက်သီးဆုပ်အရွယ်သို့ ရောက်သွားပြီး မြို့ထဲရှိ လူများက ပုရွက်ဆိတ်အရွယ်အစား ဖြစ်သွားသည်ကို မြင်လိုက်ရလေသည်။ သူတို့သည် ရှန်းစီမြို့နှင့် တဖြည်းဖြည်း ဝေးလာပေပြီ။ တစ်ခဏအတွင်းမှာပင် သူတို့သည် ရှန်းစီမြို့ကို မမြင်ရတော့ပေ။ ကျန်းရီနှင့် ကျန်းရှောင်နူတို့သည် အနက်ရောင်နတ်ဘုရား၏ စွမ်းအားက အမှန်ပင် နတ်ဘုရားတစ်ပိုင်းအဆင့်တွင် ရှိနေကြောင်း အတည်ပြုနိုင်သွားသဖြင့် အံ့အားသင့်နေကြလေသည်။ အနက်ရောင်နတ်ဘုရား၏ အမြန်နှုန်းက အထွတ်အထပ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ပါး၏ အမြန်နှုန်းထက် အဆပေါင်းများစွာ ပိုမြန်နေပေသည်။
ကျန်းရီသည် အနက်ရောင်နတ်ဘုရား၏ ဦးခေါင်းပေါ်တွင် ရပ်နေသော်လည်း အားကောင်းသော မိစ္ဆာသားရဲစွမ်းအားကို လုံးဝမခံစားရပေ။ ထို့ပြင် လေတိုးမှုကိုလည်း မခံစားရချေ။ အနက်ရောင်နတ်ဘုရား၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင်လည်း မည်သည့်အကာအရံမှ ရှိမနေသဖြင့် ထိုအခြင်းအရာများက အလွန်ဆန်းကြယ်နေ၏။ ကျန်းရီသည် ခေတ္တမှ လှည့်ပတ်ကြည့်လိုက်ပြီး ချမ်ချမ်ကို စိတ်ဝင်တစား မေးလိုက်သည်။
“မင်းသမီးချမ်ချမ်... ဒီလို အမြန်နှုန်းနဲ့ဆိုရင် ရွှမ်ဝူနန်းတော်ကို ရောက်ဖို့ အချိန်ဘယ်လောက်ကြာမလဲ”
“ဆယ်ရက်လောက်ကြာမယ်...”
ချမ်ချမ်က တောက်ပစွာပြုံးကာ ယဉ်ယဉ်ကျေးကျေး ပြောလိုက်သည်။
“ကျန်းရီ... ရှင် ချမ်ချမ်ကို ချမ်ချမ်လို့ပဲ ခေါ်လို့ရပါတယ်။ ရှင် ချမ်ချမ်ကို မင်းသမီးဆိုပြီး ခေါ်နေဦးမယ်ဆိုရင် ချမ်ချမ်ကလည်း ရှင့်ကို သခင်လေးကျန်းရီလို့ပဲ ဆက်ခေါ်နေရမှာပဲ”
“မခေါ်ပါနဲ့ဗျာ... ကျွန်တော့်ကို ကျန်းရီလို့ပဲ ခေါ်ပါ”
ကျန်းရီက ခါးသက်သက် ရယ်လိုက်ပြီး စိတ်ဝင်တစား ထပ်မေးလိုက်သည်။
“ချမ်ချမ်... မင်းက အရှင်အောင်းလုနဲ့ မျိုးနွယ်အတူတူပဲလား။ မင်းက ဘာမျိုးနွယ်လဲ”
ချမ်ချမ်က ပြုံးကာ ရှင်းပြလိုက်သည်။
“ဟုတ်တယ်... ချမ်ချမ်တို့က လိပ်နက်မျိုးနွယ်တွေလေ။ ဒါပေမဲ့ ပုံပြောင်းထားရင်တော့ လူသားတွေနဲ့ ဘာမှမကွာဘူးလို့ ခံစားရပါတယ်။ ချမ်ချမ်က ချမ်ချမ်ပါပဲ။ ကျန်းရီ... ချမ်ချမ်က မိစ္ဆာမျိုးနွယ်ဖြစ်နေလို့ ချမ်ချမ်ကို သဘောမကျတာတွေ ဘာတွေ မဖြစ်ဘူးမလား”
“ဒါပေါ့ မဖြစ်ပါဘူး”
ကျန်းရီက စိတ်ရင်းဖြင့် ပြန်ပြောလိုက်သည်။
“တကယ်တော့ ကျွန်တော် (၁၆)နှစ်သားအရွယ်တုန်းက မြေခွေးလေးတစ်ကောင်နဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့တယ်။ ပြီးတော့ ယာ့ဇီသားရဲက ပုံစံမပြောင်းနိုင်တဲ့ မိစ္ဆာဘုရင်ဆိုပေမယ့် ကျွန်တော် သူ့ကိုလည်း သူငယ်ချင်းမိတ်ဆွေတစ်ယောက်လိုပဲ ဆက်ဆံခဲ့တာပဲ။ ရွှေရောင်မျောလွင့်နဂါးလည်း အတူတူပဲ။ မိစ္ဆာမျိုးနွယ်ဆိုရင်လည်း ပုံစံပြောင်းလိုက်ရင် လူသားလိုပဲ ဖြစ်သွားတာပဲ မဟုတ်လား။ ကျွန်တော်တို့က အတူတူပဲလေ။ ကျွန်တော့် ရင်ထဲမှာ ချမ်ချမ်က လှပတဲ့ မိန်းမပျိုလေးတစ်ယောက်ပါပဲ”
ချမ်ချမ်သည် သူမ၏မျက်လုံးရွဲကြီးများကို ပုတ်ခတ်လိုက်ပြီး ကျေးဇူးတင်စွာ ပြန်ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ကျန်းရီ... ရှင့်စကားတွေက စိတ်ရင်းနဲ့ပြောတဲ့ စကားတွေဆိုတာ သိသာပါတယ်။ ရှင်က ချမ်ချမ်တို့ မိစ္ဆာမျိုးနွယ်ကို မိတ်ဆွေသူငယ်အချင်းအဖြစ် စိတ်ရင်းအမှန်နဲ့ ဆက်ဆံတဲ့ ပထမဆုံးလူသားပဲ”
“ဟဲဟဲ...”
ကျန်းရီက ရယ်ကာ ပြောလိုက်သည်။
“သက်ရှိတိုင်းမှာ ဝိညာဉ်ရှိကြတာပဲ... သက်ရှိအမျိုးအစားတိုင်းမှာလည်း ကောင်းတဲ့သူရော၊ ဆိုးတဲ့သူပါ ရှိကြပါတယ်။ လူသားမျိုးနွယ်မှာလည်း ဆိုးတဲ့သူတွေ ရှိသလို မိစ္ဆာမျိုးနွယ်မှာလည်း ကောင်းတဲ့သူတွေ ရှိတာပဲ။ ဥပမာအနေနဲ့ဆိုရင် ချမ်ချမ်က အရမ်းကြင်နာတတ်တဲ့ မိန်းမပျိုလေးတစ်ယောက်မလား။ မြေခွေးလေးသာ ဆင့်ကဲပြောင်းလဲလာပြီး လူသားပုံစံ ပြောင်းနိုင်လာရင် ချမ်ချမ်တို့နှစ်ယောက်က သေချာပေါက် သူငယ်ချင်းကောင်းတွေ ဖြစ်လာမှာပဲ”
“အို့... ဟုတ်သား...”
ကျန်းရီသည် မြေခွေးလေးအကြောင်းကို ပြောရင်းနှင့်မှ မိစ္ဆာဧကရီအကြောင်းကို ရုတ်တရက် အမှတ်ရသွား၏။ ဟွမ်ဖူထောင်ထျန်းနှင့် အခြားသူများသည် ကောင်းကင်မြေခွေးနယ်မြေအကြောင်းကို မသိကြပေ။ သို့သော် ချမ်ချမ်သည် အဆုံးမဲ့ပင်လယ်နက်မှ မိစ္ဆာမျိုးနွယ်မင်းသမီးတစ်ပါး ဖြစ်သဖြင့် ထိုအကြောင်းကို သိနိုင်လောက်ပေသည်။ မိစ္ဆာဧကရီကလည်း မိစ္ဆာမျိုးနွယ်ပင် မဟုတ်ပါလား။ ထို့ကြောင့် သူ ခပ်သွက်သွက် မေးလိုက်၏။
“ချမ်ချမ်... မင်း ကောင်းကင်မြေခွေးနယ်မြေကို သိလား။ အဲ့နယ်မြေမှာ ကောင်းကင်မြေခွေးမျိုးနွယ်တွေ နေကြတယ်တဲ့”
“ကောင်းကင်မြေခွေးနယ်မြေလား...”
ချမ်ချမ်က မျက်မှောင်ကြုတ်ကာ ခေတ္တမျှတွေးလိုက်၏။ ထို့နောက်တွင် သူမ ခေါင်းခါကာ ပြောလိုက်လေသည်။
“ချမ်ချမ် မသိဘူး။ ပြန်ရောက်မှ မှတ်တမ်းတွေထဲမှာ ရှာကြည့်ပေးပါမယ်”
“ရှာစရာ မလိုပါဘူး”
အောက်မှ အနက်ရောင်နဂါးက ရုတ်တရက် ပြောလိုက်လေသည်။
“ကောင်းကင်မြေခွေးနယ်မြေက အဆုံးမဲ့ပင်လယ်နက်ရဲ့ မြောက်ဘက်မှာပဲ။ အဲ့ဒါက နယ်မြေအသေးလေးတစ်ခုပါ။ ချမ်ချမ်... မင်း မမှတ်မိပေမဲ့ မင်း အဲ့ကို တစ်ကြိမ်ရောက်ဖူးတယ်”
“အန်...”
ကျန်းရီနှင့် ကျန်းရှောင်နူတို့၏ မျက်လုံးများ အရောင်လက်သွား၏။ မိစ္ဆာဧကရီက သူတို့ကို ကြင်ကြင်နာနာ ဆက်ဆံခဲ့ပေသည်။ သူမသည် ပြန်ကာ လက်စားချေမည်ဟု ပြောခဲ့၏။ ကျန်းရီသည် မိစ္ဆာဧကရီ၏အကြောင်းကို စုံစမ်းကာ သူမကို ကူညီပေးလိုနေသည်။
အတိတ်တွင် ကျန်းရီသည် အားနည်းခဲ့၏။ ထို့ကြောင့် သူ မိစ္ဆဧကရီ၏ အကြောင်းကို သိခဲ့ရလျှင်လည်း ကူညီနိုင်ခဲ့မည် မဟုတ်ပေ။ သို့သော် ယခုတွင်မူ ကျန်းရီနှင့် ကျန်းရှောင်တို့၏ အင်အားသည် ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်သို့ ရောက်နေပေပြီ။ ထို့ကြောင့် သူတို့ မိစ္ဆာဧကရီကို ကူညီနိုင်ရန် နည်းလမ်းရှာလိုနေခြင်းမှာ သဘာဝကျပေသည်။ ရှောင်ဖေးသည် သူမ၏ အမေကို ဆုံးရှုံး၍မဖြစ်ချေ။
ကျန်းရီသည် အလေးအနက် ဆက်မေးလိုက်၏။
“အရှင်အနက်ရောင်နတ်ဘုရား... ကောင်းကင်မြေခွေးနယ်မြေက ဒီနေရာနဲ့ ဝေးပါသလား။ ကျွန်တော်တို့ ရွှမ်ဝူနန်းတော်ကို မသွားခင် ကောင်းကင်မြေခွေးနယ်မြေကို သွားလို့ရနိုင်မလား”
“ဟွန်း...”
အနက်ရောင်နတ်ဘုရားက မကျေနပ်ဟန် နှာမှုတ်လိုက်ပြီး မည်သို့မှ ပြန်မပြောပေ။ ချမ်ချမ်ကလည်း မျက်မှောင်ကြုတ်သွားသည်။ အောင်းလုက ကျန်းရီကို တစ်လအတွင်း လာခဲ့ရန် ပြောခဲ့ခြင်းမှာ အရေးကြီးကိစ္စတစ်ခု ရှိ၍ ဖြစ်ပေမည်။ အကယ်၍ သူတို့သာ ကောင်းကင်မြေခွေးနယ်မြေသို့ သွားနေလျှင် အနက်ရောင်နတ်ဘုရား၏ အမြန်နှုန်းနှင့်ပင် လဝက်လောက် ထပ်ကြာသွားပြီး နှောင့်နှေးမှုများ ရှိလာပေလိမ့်မည်။
သို့သော် ချမ်ချမ်သည် ကျန်းရီ၏ မျှော်လင့်တကြီးမျက်နှာထားကို တွေ့လိုက်သောအခါ နှုတ်ခမ်းကိုက်၍ ပြောလိုက်လေသည်။
“ချမ်ချမ် ဘိုးဘိုးဆီ အရင် သတင်းပို့လိုက်ပါမယ်။ တကယ်လို့ ဘိုးဘိုး သဘောတူရင် ချမ်ချမ်တို့ ကောင်းကင်မြေခွေးနယ်မြေကို သွားကြတာပေါ့”
ထို့နောက် ချမ်ချမ်သည် အပြာရောင် တံဆိပ်ပြားလေးတစ်ခုကို ထုတ်လိုက်၏။ ထိုတံဆိပ်ပြားက ချမ်ဝမ်ကွမ်း သုံးခဲ့သော တံဆိပ်ပြားနှင့် မတူပေ။ ၎င်းအပေါ်တွင် မည်သည့် သင်္ကေတပုံသဏ္ဌာန်များမှ မရှိဘဲ ရိုးရှင်းစွာ အပြာရောင်အလင်း တောက်ပနေခြင်းသာ။ ခေတ္တမျှကြာပြီးနောက် တံဆိပ်ပြားသည် ထပ်မံ၍ အပြာရောင်အလင်း လက်သွား၏။ ချမ်ချမ်က တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
“ဘိုးဘိုးက ပြောတယ်... မြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့ပါတဲ့။ ဦးလေးဟေး ဦးတည်ချက် ပြောင်းလိုက်ပါတော့”
“အို့...”
အနက်ရောင်နတ်ဘုရားက သိပ်မကျေနပ်သောအသံဖြင့် တုံ့ပြန်လိုက်၏။ သို့သော် သူသည် အရှေ့မြောက်ဘက်သို့ ဦးတည်ချက် ပြောင်းလိုက်ပြီး အရှိန်ကို မြှင့်တင်လိုက်လေသည်။ ကျန်းရီနှင့် ကျန်းရှောင်နူတို့ စိတ်လှုပ်ရှားနေကြ၏။ အနက်ရောင်နတ်ဘုရားနှင့် မင်းသမီးချမ်ချမ်တို့ကဲ့သို့ စွမ်းအားကြီး မိစ္ဆာမျိုးနွယ်နှစ်ယောက် ပါလာပေရာ ကောင်းကင်မြေခွေးနယ်မြေကို မြေလှန်ပစ်ရမည်ဆိုလျှင်ပင် မခက်လောက်ပေ။ သို့သော် မိစ္ဆာဧကရီက အသက်ရှင်လျက် ရှိနေပါသေးသလော။ သူတို့ မသိချေ။
***