ပင်လယ်နက်၏ ရှုမောဖွယ် ရှုခင်းများ
Vol. 61 Ch. 847
ကောင်းကင်မြေခွေးနယ်မြေသည် အဆုံးမဲ့ပင်လယ်နက်၏ မြောက်ဘက်တွင် တည်ရှိ၏။ ပင်လယ်နက်မှာ မိစ္ဆာသားရဲများ၏ နေထိုင်ရာအရပ်ဒေသဖြစ်သည်။ ထို့ကြောင့် ပုံမှန်အားဖြင့် ပင်လယ်နက်၏ အနီးပတ်ဝန်းကျင်ရှိ နယ်မြေများတွင် မိစ္ဆာသားရဲပေါင်းမျိုးစုံ နေထိုင်ကြသည်။ ပင်လယ်နက်နှင့် အရှေ့ဘက် တော်ဝင်နယ်မြေတို့အကြားတွင် ရှန်းစီမျိုးနွယ်စုရှိ၏။ ထို့ကြောင့် အရှေ့ဘက် တော်ဝင်နယ်မြေသည် ကောင်းကင်မြေခွေးနယ်မြေအကြောင်းကို သိပ်မသိကြပေ။ ထို့ပြင် ရှန်းစီမျိုးနွယ်စုမှာ သိုင်းသမားများကလည်း အကြောင်းမရှိလျှင် ပင်လယ်နက်သို့ လာလေ့မရှိကြချေ။
သို့သော် ကျန်းရီသာ စစ်ထူအောင်းကို မျိုးနွယ်မှ မှတ်တမ်းများထဲတွင် ရှာကြည့်ခိုင်းလျှင် ကောင်းကင်မြေခွေးနယ်မြေအကြောင်းကို သိရနိုင်၏။ အတိတ်တွင် ကျန်းရီသည် အလွန်အားနည်းခဲ့ပြီး ကိုယ့်ကိုယ်ကိုယ်ပင် မနည်းကာကွယ်ခဲ့ရသူဖြစ်ခဲ့သည်။ ထို့ကြောင့် သူသည် မိစ္ဆာဧကရီကို မရှာခဲ့ခြင်းပင်။
မိစ္ဆာဧကရီသည် ထွက်မသွားခင်တွင် ကျန်းရီကို ကောင်းကင်ဧကရာဇ်အဆင့်သို့ မရောက်သ၍ ကောင်းကင်မြေခွေးနယ်မြေသို့သွားကာ သူမကို မရှာရန် ပြောခဲ့၏။ အဘယ်ကြောင့်ဆိုသော် ရန်သူများမှာ ကောင်းကင်ဧကရာဇ်များဖြစ်၍ပင်။ ထို့ပြင် ရန်သူများက တစ်ယောက်မကပေ။ လက်ရှိတွင် ကျန်းရီ၏ အင်အားမှာ ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်သို့ ရောက်နေပြီဖြစ်သည်။ ယင်းအပြင် သူနှင့်အတူ အဆုံးမဲ့ပင်လယ်နက်မှ မိစ္ဆာမျိုးနွယ်၏ တော်ဝင်မင်းသမီးလည်း ပါလာပေသည်။ ထို့ကြောင့် သူသည် အခွင်းရေးကောင်းရခိုက် ကောင်းကင်မြေခွေးနယ်မြေသို့ သွားရန် ဆုံးဖြတ်ခဲ့ခြင်းပင်။
မြေခွေးလေး ရှောင်ဖေးက အလွန်ထူးဆန်းပုံပေါ်၏။ ၎င်း စတင်ကျင့်ကြံခဲ့ကတည်းက ပြန်နိုးထမလာသေးပေ။ ၎င်းသည် နတ်ရွာလားတောင်ထွတ်တွင် တိုက်ပွဲကြီးဖြစ်ပွားခဲ့စဉ်ကပင် အိပ်မောကျနေခဲ့၏။ ထို့ကြောင့် ကျန်းရီ အတန်ငယ် စိုးရိမ်ခဲ့၏။ သူသာ မိစ္ဆာဧကရီကိုသွားရှာလျှင် သူမက မြေခွေးလေးကို နှိုးနိုင်လောက်ပေသည်။
ကောင်းကင်မြေခွေးနယ်မြေက အလွန်ဝေး၏။ သူတို့သာ အဖြောင်းအတိုင်း ပျံသန်းသွားလျှင် အနည်းဆုံး လဝက်ခန့် သွားရပေလိမ့်မည်။ ကောင်းကင်မြေခွေးနယ်မြေမှ အဆုံးမဲ့ပင်လယ်နက်၏ ဗဟိုသို့ သွားရန် နောက်ထပ် ဆယ်ရက် ထပ်လိုအပ်မည်ဖြစ်သည်။
အနက်ရောင်နတ်ဘုရား၏ အမြန်နှုန်းက လွန်စွာလျင်မြန်၏။ သူတို့ ရှန်းစီကျွန်းမှ တစ်ရက်အတွင်း ထွက်လာနိုင်ခဲ့သည်။ ထို့နောက်တွင် သူတို့သည် ရှန်းစီပင်လယ်ကို နှစ်ရက်အတွင်း ဖြတ်ကျော်ကာ အရှေ့ဘက်ရှိ နဂါးဝါကျွန်းဆွယ်သို့ ရောက်လာခဲ့၏။ ပြီးနောက် သူတို့သည် နဂါးဝါကျွန်းဆွယ်ကို ဖြတ်သန်း၍ မိစ္ဆာများ၏ ကျက်စားရာ အဆုံးမဲ့ပင်လယ်နက်အတွင်းသို့ ဝင်ခဲ့သည်။
ပင်လယ်နက်၏ ရေပြင်မှာ အလွန်ကြည်လင်ပြီး ပတ်ဝန်းကျင်ကလည်း အလွန်အေးချမ်းနေသည်။ ယနေ့သည် နေသာသောနေ့တစ်နေ့ပင်။ ကျန်းရီသည် တစ်နေ့လယ်လုံး ပတ်ဝန်းကျင်ရှုခင်းများကို ကြည့်ရှုနေခဲ့ပြီး ညအချိန်ရောက်သောအခါ ပျင်းလာလေသည်။ ထို့ကြောင့် သူသည် ကျင့်ကြံကာ ဒဏ်ရာကုသမည်ဟု တွေးလိုက်၏။ သို့သော် ချမ်ချမ်က ခပ်ဖွဖွပြုံး၍ ပြောလိုက်သည်။
“ကျန်းရီ... ရှင် မကျင့်ကြံတာ ကောင်းလိမ့်မယ်။ အဆုံးမဲ့ပင်လယ်နက်ရဲ့ ညအချိန် ရှုခင်းတွေက တော်တော်လေးလှတာ။ ရှင် အဲ့ရှုခင်းတွေကနေ တစ်ခုခု သိမြင်နားလည်းသွားနိုင်တယ်”
“အန်...”
ကျန်းရီသည် အံ့ဩတကြီးဖြင့် ဝေ့ဝဲကြည့်လိုက်၏။ အထီးကျန် အရှေ့ပိုင်းပင်လယ်အတွင်း၌ ထူးခြားသော မိုးကြိုးပင်လယ်ရှိပြီး သွေးညအကြောက်တရားပင်လယ်သည်လည်း ညအချိန်ဆိုလျှင် မိုးကြိုးဖြင့် မြည်ဟည်းနေတတ်သည်။ အဆုံးမဲ့ပင်လယ်နက်တွင်လည်း ညအချိန်တွင် တစ်စုံတစ်ခု ဖြစ်မည်လော။
ကျန်းရီသည် ချမ်ချမ်ကို တစ်ချက်ကြည့်လိုက်၏။ ချမ်ချမ်သည် ပြုံးသာပြုံးလိုက်ပြီး မည်သို့မှ မပြောပေ။ ထို့ကြောင့် ကျန်းရီနှင့် ကျန်းရှောင်နူတို့သည် မျက်လုံးများကိုပွတ်၍သာ ပတ်ဝန်းကျင်ကို သေချာ ကြည့်ရှုလိုက်ကြလေသည်။
တောက်ပသော နေ့အလင်းရောင်သည် အနောက်ဘက် မိုးကုန်စက်ဝိုင်းအတွင်းသို့ ဝင်ရောက်သွားပေပြီ။ ပတ်ဝန်းကျင်သည်လည်း တဖြည်းဖြည်း အေးလာသည်။ ကျန်းရီနှင့် ကျန်းရှောင်နူတို့သည် အအေးဓာတ်ကို သိသိသာသာ ခံစားနေရ၏။ ယင်းက အပူချိန် အနည်းငယ်ကျဆင်းသွားခြင်းမျိုး မဟုတ်ဘဲ သိသိသာသာ ကျဆင်းသွားခြင်းပင်။ တစ်နာရီအတွင်းမှာပဲ သာယာသော ဆောင်းဦးအပူချိန်မှနေ၍ အရိုးခိုက်မတတ်အေးသော ဆောင်းလယ်အပူချိန်သို့ ကျဆင်းသွားလေသည်။
“နှင်းကျလာပြီ...”
ကျန်းရှောင်နူသည် လက်တစ်ဘက်ဆန့်တန်းလိုက်၏။ သူမ၏မျက်လုံးများထဲတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်နေပေသည်။ ခပ်မှိန်မှိန် ညအလင်းအောက်တွင် ကောင်းကင်မှနေ၍ နှင်းပွင့်များ ကျဆင်းလာ၏။ အဝေးမှနေ၍လည်း လေးအေးတစ်ချက် တိုက်ခတ်လာပြီး နှင်းပွင့်များကို လေထဲတွင် ယိမ်းကသွားစေလေသည်။ ဆန်းကြယ်သော နှင်းပွင့်ကြီးများသည် အနက်ရောင်နတ်ဘုရားနှင့် မီတာအနည်းငယ် အကွာသို့ ရောက်သောအခါ အလိုလို ပျောက်ကွယ်သွားကြ၏။
ချမ်ချမ် ခေါင်းငဲ့လိုက်ရာ သူမ၏ အစိမ်းရောင်ဆံပင်များသည် ပိုးသားကဲ့သို့ ဝဲလွင့်သွား၏။ ထို့နောက် သူမက ခပ်ဖွဖွပြုံး၍ ပြောလိုက်သည်။
“အဲ့ဒါက ဦးလေးဟေး သူ့ရဲ့ မိစ္ဆာစွမ်းအင်ကို သုံးပြီး လုပ်ထားတဲ့ ကိုယ်ပျောက်အကာအရံလေ။ အကာအရံအပြင်ဘက်မှာသာဆို ဒီထက်အဆပေါင်းများစွာ ပိုအေးမှာ။ ရှင်တို့ ရေခဲရုပ်တုတွေ ဖြစ်သွားလိမ့်မယ်”
နေ့ဘက်တွင် ပင်လယ်၏ အပူချိန်သည် နွေးဦးကဲ့သို့ပင်။ ညအချိန်တွင်မူ နှင်းများကျဆင်းလာပြီး အလွန်အေးလာပေသည်။
လောကထဲတွင် ထိုကဲ့သို့ ထူးဆန်းသည့်နေရာတစ်ခု ရှိသေးသည်လော။ ကျန်းရီနှင့် ကျန်းရှောင်နူတို့ အမြင်ကျယ်သွားကြသည်။ တစ်နာရီကြာပြီးနောက် တစ်စုံတစ်ခု ဖြစ်လာ၍ သူတို့ ပို၍ပင် အံ့အားသင့်သွားကြ၏။ နှင်းများက ပိုထူထပ်လာ၏။ အောက်ဘက်ရှိ ကျယ်ပြောသော ပင်လယ်ပြင်သည် လျင်မြန်စွာ စတင်အေးခဲလာ၏။ ပင်လယ်ထဲတွင် ရေခဲတုံးကြီးများ စတင် ထွက်ပေါ်လာလေသည်။ မိနစ်သုံးဆယ်အတွင်းမှာပင် ကျန်းရီနှင့် ကျန်းရှောင်နူတို့၏ မြင်ကွင်းတစ်ခွင်လုံးသည် ရေခဲပြင်ကြီးအဖြစ် ပြောင်းလဲသွားပေသည်။
“အာ...”
ရုတ်တရက် ကျန်းရီသည် တစ်စုံတစ်ခု မူမမှန်ဖြစ်လာကြောင်း အာရုံခံမိလိုက်၏။ မိုးမြေအတွင်းအားက ပို၍သိပ်သည်းလာကြောင်း သူခံစားနေရပေသည်။ မိုးမြေအတွင်းအားသည် အချိန်နှင့်အမျှ ပို၍ သိပ်သည်းလာနေ၏။ တစ်ခဏအတွင်းမှာပင် ယခင်ကထက် လေးဆမှ ငါးဆအထိ ပိုသိပ်သည်းသွားသည်။
ဝုန်း...ဝုန်း...ဝုန်း...
ချမ်ချမ်ပြောခဲ့သော ထူးဆန်းသည့်အရာ စတင် ဖြစ်ပေါ်လာပေပြီ။ သူတို့အောက်ဘက်ရှိ ရေခဲပြင်သည် စတင် ပေါက်ကွဲလာပြီး မရေမတွက်နိုင်သော ပင်လယ်မိစ္ဆာများ ထွက်လာကြ၏။ ထို့နောက်တွင် သူတို့သည် ရေခဲပြင်ပေါ်တွင် လဲလျောင်းကာ ကျေကျေနပ်နပ် စတင် အိပ်စက်လိုက်ကြသည်။ နေရာတစ်ခွင်လုံးတွင် ပင်လယ်မိစ္ဆာများနှင့် ပြည့်နှက်သွား၏။ ထိုစဉ် အနက်ရောင်နတ်ဘုရားက အရှေ့သို့ အရှိန်တင်လိုက်သည်။ မိုင်းသန်းချီ ပျံသန်းပြီးသွားပြီးနောက် ကျန်းရီနှင့် ကျန်းရှောင်နူတို့၏ မြင်ကွင်းတစ်ခွင်လုံးတွင် ပင်လယ်မိစ္ဆာများနှင့်သာ ပြည့်နှက်သွားလေသည်။ သို့သော် သူတို့အနောက်တွင် ကျန်ခဲ့သော ပင်လယ်မိစ္ဆာများကို နှင်းများ ဖုံးလွှမ်းနေပြီဖြစ်၍ ၎င်းတို့သည် နှင်းရုပ်များနှင့် တူနေပေတော့သည်။
“ဒီမှာ ဘာတွေဖြစ်နေတာလဲ”
ကျန်းရီသည် ထိုမြင်ကွင်းကို တစ်နာရီကြာ ငေးကြည့်ပြီးနောက် စိတ်ဝင်တစား မေးလိုက်သည်။ ချမ်ချမ်က ဂုဏ်ယူဝံ့ကြွားသော လေသံဖြင့် ပြန်ဖြေလိုက်၏။
“ဒါက ဆန်းကြယ်မဟာအစီအရင်တစ်ခုပဲ။ အဲ့ဒါကို ဘိုးဘိုးကိုယ်တိုင် ဆင်ထားတာလေ... အဆုံးမဲ့ပင်လယ်နက်တစ်ခွင်လုံးကို လွှမ်းခြုံထားတာ။ ဘိုးဘိုးက ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲမှ နှစ်(၇၀၀,၀၀၀)ကျော်နေခဲ့ရတော့ အဲ့အားနေတဲ့အချိန်တွေအတွင်းမှာ အစီအရင်အများကြီးကို သိမြင်နားလည်ခဲ့တယ်။ ဒီဟာက အဲ့အစီအရင်တွေထဲက တစ်ခုပဲ။ ရှင် ရွှမ်ဝူနန်းတော်ကို ရောက်ရင် ဒီထက်ပိုဆန်းကြယ်တဲ့ အစီအရင်တွေကို မြင်ရလိမ့်မယ်”
“မဟာအစီအရင်...”
ကျန်းရီနှင့် ကျန်းရှောင်နူတို့ မျက်နှာထားပြောင်းသွား၏။ ယင်းက အလွန်ကြီးကျယ်ခြင်း မဟုတ်လော။ အဆုံးမဲ့ပင်လယ်နက်တစ်ခွင်လုံးကို လွှမ်းခြုံထားသည့် အစီအရင်တစ်ခု ဆင်ထားခြင်းလော။ ယင်းက မဟာဧကရာဇ် တပ်ဆင်ခဲ့သော နဂါးကိုးကောင် နတ်ဘုရားသုတ်သင်အစီအရင်ထက် များစွာပို၍ စွမ်းအားကြီးပေသည်။ အောင်းလုက နဂါးကိုးကောင် နတ်ဘုရားသုတ်သင်အစီအရင်ကို လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် ဖျက်ဆီးပစ်နိုင်သည်ဟု ပြောခဲ့ခြင်းမှာ အံ့အားသင့်စရာ မရှိတော့ပေ။
“အဆုံးမဲ့ ပင်လယ်နက်ထဲမှာ ပင်လယ်မိစ္ဆာ ဘယ်လောက်များများ ရှိလဲ”
တစ်ညလုံး ပျံသန်းပြီးနောက် မိုင်သန်းရာချီ ဖြတ်ကျော်ခဲ့ပြီးသည်ပင် မြင်ကွင်းထဲမှ ပင်လယ်မိစ္ဆာများ ပျောက်မသွားသေးသဖြင့် ကျန်းရီမေးလိုက်သည်။ ပင်လယ်မိစ္ဆာများထဲတွင် အင်အားကြီးသူရော၊ အင်အားနည်သူများပါရှိ၏။ အကယ်၍ သူသာ ထိုမိစ္ဆာများကို သေချာမြင်နိုင်ခဲ့လျှင် အနည်းဆုံး မိစ္ဆာဧကရာဇ် သောင်းကျော်ကို မြင်လိုက်ပေလိမ့်မည်။ ထို့ပြင် ယင်းက အဆုံးမဲ့ပင်လယ်နက်၏ အစိတ်အပိုင်းအသေးလေးတစ်ခုသာ ရှိသေးသည်။ အကယ်၍ သူတို့သာ အဆုံးမဲ့ပင်လယ်နက်တစ်ခွင်လုံးတွင် ရက်ပေါင်းများစွာ လှည့်ပတ်ပျံသန်းလျှင်...
အရှေ့ဘက်ကောင်းကင်မှနေ၍ အရုဏ်ကျင်းလာ၏။ နေအလင်းတန်းများသည် ပင်လယ်ဒေသတစ်ခွင်လုံးကို အလင်းပေးလိုက်၏။ နှင်းများ ဆက်မကျဆင်းတော့ဘဲ အပူချိန်က လျင်မြန်စွာ မြင့်တက်လာသည်။ နှင်းများ အရည်ပျော်သွားသောအခါ ပင်လယ်မိစ္ဆာများသည် မျက်လုံးများဖွင့်လာပြီး ပင်လယ်ရေပြင်အတွင်းသို့ ပြန်ငုပ်ဝင်သွားကြလေသည်။ ထို့နောက်တွင် ပတ်ဝန်းကျင်တစ်ခွင်လုံး အလွန်တိတ်ဆိတ်သွား၏။ ညအချိန်က မည်သည့်အရာမှ မဖြစ်ခဲ့သကဲ့သို့ပင်။
“နတ်ဘုရားတစ်ပိုင်းအဆင့်ကတောင် ဒီလောက် စွမ်းအားကြီးနေရင် သူသာ ဆန်းကြယ်ဧကရာဇ်အဆင့်ကို ရောက်သွားရင် ရှန်းစီကျွန်းကို ဓားတစ်ချက်တည်းနဲ့ နှစ်ခြမ်းခွဲပစ်နိုင်လောက်မှာလား”
ကျန်းရီသည် ဖြစ်နိုင်ခြေကို တွေးမိရာ သိုင်းပညာတာအို၏ အထွတ်အထိပ်သို့ ရောက်လိုစိတ် ပို၍ပြင်းပြလာလေသည်။ သူသာ ဆန်းကြယ်ဧကရာဇ်အဆင့်သို့ ရောက်သွားလျှင် အရှေ့ဘက် တော်ဝင်နယ်မြေကို လူတစ်ကိုယ်၊ ဓားတစ်လက်ဖြင့် မြေလှန်ပစ်နိုင်လောက်ပေသည်။ ထို့ပြင် သူသည် သိုင်းပညာခန်းမကိုလည်း လျှပ်တစ်ပြက်အတွင်း ဖျက်ဆီးပစ်နိုင်ပေလိမ့်မည်။ ထို့နောက်တွင် သူ ကောင်းကင်ကြယ်တာရာနယ်နမိတ်၏ အထွတ်အထိပ်တွင် မားမားမတ်မတ်ရပ်တည်နိုင်မည်ဖြစ်သည်။ သူသည် လူများ၏ ကိုးကွယ်မှုကိုလည်း ခံရပေမည်။ ယင်းက မည်မျှ ကျေနပ်စရာကောင်းမည်နည်း။
“ကျင့်ကြံရမယ်...”
ကျန်းရီသည် ရင်ထဲမှ ပြင်းပြစိတ်များကို ထိန်းချုပ်လိုက်ပြီး ထိုင်ချလိုက်ကာ သူ၏ဒဏ်ရာများကို ကုသရန် ကျင့်ကြံလိုက်လေသည်။ သူသွားရမည့် လမ်းခရီးက အရှေ့တွင် အရှည်ကြီးကျန်ပေသေးသည်။ သူ၏လက်ရှိအဆင့်က အလွန်နိမ့်နေပေသေးသည်။ သူသည် ရှိန်လောက်သော တိုက်ခိုက်မှုအတတ်နှစ်ခုကို သိမြင်နားလည်ခဲ့သော်လည်း ၎င်းတို့ကို သူစိတ်ရှိသလို ထုတ်မသုံးနိုင်ပေ။ သူ၏အင်အားကို ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်တွင် တည်ငြိမ်နေစေလိုလျှင်၊ မိုးကြိုးအမျက်နှင့် နတ်ဘုရားအသံ ကောင်းကင်အတတ်တို့ကို စိတ်ကြိုက်ထုတ်သုံးနိုင်စေလိုလျှင် သူသည် အနည်းဆုံး ကောင်းကင်ဧကရာဇ် အလယ်အလတ်အဆင့်သို့ ရောက်ရမည်ဖြစ်သည်။
ကျန်းရှောင်နူသည် မကျင့်ကြံနိုင်၍ စိတ်လှုပ်တရှား ဆက်ရပ်နေလေသည်။ ချမ်ချမ်က အလွန် အကင်းပါးသူဖြစ်၍ ကျန်းရှောင်နူ မပျင်းရလေအောင် အဆုံးမဲ့ပင်လယ်နက်မှ စိတ်ဝင်စားဖွယ်အကြောင်းများကို ပြောပြလိုက်သည်။ ကျန်းရှောင်နူသည် ထူးခြားသော မျိုးနွယ်တစ်ခုမှဖြစ်ပြီး မြေခွေးလေးနှင့် အလွန်ရင်းနှီး၏။ ထို့ကြောင့် သူမသည် မိစ္ဆာမျိုးနွယ်များကို အထင်မသေးပေ။ မကြာခင်မှာပင် သူမသည် ချမ်ချမ်နှင့် ရင်းနှီးသွားပြီး ချမ်ချမ်ပြောပြသည်များကို ပို၍စိတ်ဝင်တစား နားထောင်လိုက်လေသည်။
ကျန်းရီ ကျင့်ကြံနေချိန်တွင် အချိန်က လျင်မြန်စွာ ကုန်ဆုံးသွား၏။ ကျန်းရီ ကျင့်ကြံနေခဲ့သည်မှာ ဆယ်ရက်ရှိသွားပြီဖြစ်သည်။ ချမ်ချမ်က သူ့ကို နှိုးလိုက်သည့်အချိန်တွင် သူ့အရှေ့၌ ကြီးမားသော နယ်မြေတစ်ခု ရှိနေပေပြီ။ ချမ်ချမ်က ပြုံးကာ ရှင်းပြလိုက်သည်။
“ကျန်းရီ... ဦးလေးဟေးက ပြောတယ်.. ချမ်ချမ်တို့ ကောင်းကင်မြေခွေးနယ်မြေကို ရောက်ပြီတဲ့”
“အို... ဟုတ်လား”
ကျန်းရီ ချက်ချင်း ထရပ်လိုက်သည်။ သူသည် ကျန်းရှောင်နူ၏လက်ကိုဆွဲကိုင်ကာ ပျံတက်လိုက်၏။ ထို့နောက်တွင် ဧရာမ အနက်ရောင်နဂါးခန္ဓာကိုယ်ကြီးက လက်သွားပြီး အနက်ရောင်ချပ်ဝတ် ဝတ်ဆင်ထားသော လူတစ်ယောက်အဖြစ် ပြောင်းလဲသွားလေသည်။ ကျန်းရီသည် အနက်ရောင်နတ်ဘုရားနှင့် ချမ်ချမ်ကို ပြောလိုက်၏။
“ဒီခရီးမှာ ကျွန်တော်နဲ့လိုက်ခဲ့ဖို့ အရှင်တို့နှစ်ယောက်ကို တောင်းဆိုလို့ရမလားခင်ဗျာ။ ကျွန်တော်က ကျွန်တော်နဲ့ ရင်းနှီးတဲ့သူတစ်ယောက်ကို ရှာမလို့ပါ။ ကျွန်တော် တစ်ယောက်တည်း ဝင်သွားရင် မလိုလားအပ်တဲ့ ပဋိပက္ခတွေ ဖြစ်လာမှာ စိုးလို့ပါ”
“ရတာပေါ့...”
ချမ်ချမ်က ခေါင်းညိတ်လိုက်သည်။
“အဆုံးမဲ့ပင်လယ်နက်ရဲ့ အနီးပတ်ဝန်းကျင်က နယ်မြေတွေကိုလည်း မိစ္ဆာမျိုးနွယ်တွေက ပိုင်ပါတယ်။ ချမ်ချမ်တို့ သေချာပေါက် ရှင်နဲ့အတူ လိုက်ခဲ့မှာပေါ့။ မဟုတ်ရင် ရှင် အင်အားကြီးမိစ္ဆာမျိုးနွယ်တွေရဲ့ လိုက်ဖမ်းတာကို ခံရလိမ့်မယ်။ ဦးလေးဟေးရဲ့ စွမ်းအားကြီး အရှိန်အဝါကသာ ပင်လယ်မိစ္ဆာတွေကို ကြောက်သွားအောင် မလုပ်နိုင်ခဲ့ရင် ရှင် ဒီနေရာကိုတောင် ရောက်လာနိုင်မှာ မဟုတ်ဘူး”
“သွားကြစို့...”
ချမ်ချမ်က လက်ဝှေ့ယမ်းကာ ပြောလိုက်ပြီး အရှေ့မှ ပျံသွားလေသည်။ အနက်ရောင်နတ်ဘုရားက သူမအနောက်မှ ကပ်၍လိုက်သွားပြီး ကျန်းရီနှင့် ကျန်းရှောင်နူတို့ကလည်း နောက်မှပျံလိုက်သွားကြသည်။ သူတို့လေးယောက်သည် ကောင်းကင်သက်တန့်များအဖြစ်ပြောင်းလဲသွားကာ ကောင်းကင်မြေခွေးနယ်မြေဆီသို့ ပျံသန်းသွားကြလေသည်။
ဝှစ်...ဝှစ်...ဝှစ်...
ကျန်းရီတို့သည် မနှေးမမြန် ပျံသန်းနေကြ၏။ မိနစ်သုံးဆယ်ကြာပြီးနောက်တွင် သူတို့သည် ကောင်းကင်မြေခွေးနယ်မြေ၏ အနီးဝန်းကျင်သို့ ရောက်သွားကြ၏။ အဖြူရောင်ချပ်ဝတ် ဝတ်ဆင်ထားသော မိန်းမလှလေးသုံးယောက်က အဝေးရှိ မြင့်မားသော တောင်တစ်လုံးမှနေ၍ ပျံသန်းလာလေသည်။ သူမတို့ထဲမှ တစ်ယောက် အော်ပြောလိုက်၏။
“ဒီနယ်မြေက ကောင်းကင်မြေခွေးနယ်မြေပဲ။ အပြင်လူတွေကို ဝင်ခွင့်မပြုပါဘူး။ အတင်းဝင်လာရင်တော့ အညှာအတာမရှိ သတ်ရပါလိမ့်မယ်”
ချမ်ချမ်က ရှင်းပြရန်ဟန်ပြင်လိုက်စဉ်တွင် အနက်ရောင်နတ်ဘုရားက နှာမှုတ်လိုက်၏။ သူသည် မည်သည့်လှုပ်ရှားမှုမှ မပြုလိုက်သော်လည်း အဝေးရှိ အာကာပြင်က ရုတ်တရက် ထက်ခြမ်းကွဲသွားလေသည်။ ပြီးနောက် ဧရာမနဂါးမြီးကြီး ထွက်ပေါ်လာပြီး ပုံရိပ်များ ဖြတ်ခနဲ ဖြတ်သွားလေသည်။ ထို့နောက်တွင် ထိုမိန်းမလှလေးသုံးယောက်သည် ဧရာမနဂါးမြီးကြီးကြောင့် လွင့်ထွက်သွားပြီး မြင့်မားသော တောင်နှင့် သွားဆောင့်ကြ၏။ ထိုတောင်သည်လည်း အမှုန့်ဖြစ်သွားလေသည်။
“ပြင်းထန်လိုက်တာ”
ကျန်းရီက လက်မထောင်လိုက်သည်။ အနက်ရောင်နတ်ဘုရား၏ လှုပ်ရှားမှုသည် ကောင်းကင်မြေခွေးနယ်မြေမှ ပညာရှင်များကို သေချာပေါက် ရှိန်သွားစေပေလိမ့်မည်။ အကယ်၍ မိစ္ဆာဧကရီသာ ကောင်းကင်မြေခွေးနယ်မြေတွင်ရှိနေလျှင် သူတို့ သူမကို သေချာပေါက် ရှာတွေ့နိုင်မည်ဖြစ်သည်။
***