မြေခွေးဖြူမျိုးနွယ်
Vol. 61 Ch. 848
အနက်ရောင်နတ်ဘုရားက ပြင်းထန်စွာ လှုပ်ရှားလိုက်ပြီးနောက်တွင် ကျန်းရီ စိတ်အေးသွား၏။ အနက်ရောင်နတ်ဘုရားက လှုပ်ရှားလိုစိတ်ရှိသဖြင့် နောက်ပိုင်းကိစ္စများတွင် သေချာပေါက် ဝင်ပါပေလိမ့်မည်။ အနက်ရောင်နတ်ဘုရားကသာ ကောင်းကင်မြေခွေးနယ်မြေမှ ပညာရှင်များကို သိုင်းစွမ်းအားဖြင့် ထိန်းထားနိုင်လျှင် ကိစ္စများက ပို၍ အဆင်ပြေချောမွေ့လိမ့်မည်ဟု ကျန်းရီ ယူဆပေသည်။
“သွားကြစို့...”
အနက်ရောင်နတ်ဘုရားသည် စိတ်မချသဖြင့် အရှေ့ဆုံးမှနေ၍ ဦးဆောင်ပျံသန်း၏။ ချမ်ချမ်က သူ့အနောက်မှ ကပ်လိုက်သွားပြီး ကျန်းရီက ကျန်းရှောင်နူကို သယ်၍ နောက်မှ လျင်မြန်စွာ ပျံလိုက်သွားသည်။ သူတို့ နယ်မြေအတွင်းသို့ရောက်ပြီး မကြာခင်မှာပင် တောင်တန်းများမှနေ၍ အဖြူရောင်အလင်းတန်းများ ပျံထွက်လာကြလေသည်။ ယင်းတို့က မြေခွေးဖြူများပင်။ ထိုမြေခွေးများထဲတွင် အမြီးသုံးချောင်း၊ အမြီးလေးချောင်း မြေခွေးများ များစွာ ပါ၏။ ၎င်းတို့အားလုံးသည် ဝိညာဉ်မြေခွေးများပင်။ ၎င်းတို့က အစောမှ တိုက်ခိုက်မှုကြောင့် ရောက်လာခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။
“ထွက်သွား...”
အနက်ရောင်နတ်ဘုရားက အော်ပြောလိုက်ပြီး သူ၏စွမ်းအားကြီးအရှိန်အဝါကို ထုတ်ပြလိုက်လေသည်။ ထို့ကြောင့် ဝိညာဉ်မြေခွေးများအားလုံးသည် ကြောက်ရွံ့တုန်လှုပ်ကာ အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးသွားကြ၏။ အမြီးသုံးချောင်း ဝိညာဉ်မြေခွေးများမှ အဆင့်သုံးသာ ရှိပြီး အမြီးလေးချောင်း မြေခွေးများက မိစ္ဆာဘုရင်များသာ ဖြစ်ကြသည်။ အနက်ရောင်နတ်ဘုရား၏ စွမ်းအားကြီး အရှိန်အဝါကို ခံစားလိုက်ရလျှင် ၎င်းတို့မဆိုထားနှင့် သာမန် မိစ္ဆာဧကရာဇ်များပင် ခြေထောက်များ ပျော့ခွေသွားပေလိမ့်မည်။
ကောင်းကင်မြေခွေးနယ်မြေတွင် အမှန်ပင် အခြားမျိုးနွယ်များ မရှိပေ။ သူတို့ ပျံသန်းလာရာ လမ်းတစ်လျှောက်တွင် မရေမတွက်နိုင်သော ဝိညာဉ်မြေခွေးများကိုသာ တွေ့ခဲ့ရသည်။ ၎င်းတို့အားလုံးက အနည်းဆုံး အမြီးသုံးချောင်း ရှိကြပေသည်။ ကောင်းကင်မြေခွေးမျိုးနွယ်သည် အင်အားကြီးသော မျိုးနွယ်တစ်ခုဖြစ်ပြီး မွေးကတည်းက အမြီးသုံးချောင်းပါခဲ့ကြသည်။ ၎င်းတို့သည် မိစ္ဆာဘုရင်အဆင့်သို့ ရောက်ရန် အနည်းငယ်သာ ကျင့်ကြံရန် လိုပေသည်။ ထို့ပြင် ၎င်းတို့အတွက် မိစ္ဆာဧကရာဇ်များ ဖြစ်လာနိုင်ရန် ပိုလွယ်၏။
ဝှစ်...ဝှစ်...
မှန်လှ၏။
ဆယ့်ငါးမိနစ်မျှ ကြာပြီးနောက်တွင် မြေခွေးတစ်ရာကျော် ပျံသန်းလာ၏။ ၎င်းတို့အားလုံးက ကောင်းကင်ဧကရာဇ်များပင်။ အထီးများက ခံ့ညားပြီး အမများက လှပကြသည်။ ၎င်းတို့အားလုံးသည် လူပုံစံပြောင်းထားကြပြီး အဖြူရောင်အဝတ်များ ဝတ်ဆင်ထား၍ မသေမျိုးများနှင့်ပင် ဆင်တူနေကြပေသည်။
အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်အဆင့်ရှိသည်ဟု ထင်ရသော အသက်လတ်ပိုင်းအရွယ် လူ(မြေခွေး)တစ်ယောက်က အဝေးမှနေ၍ လက်ဆုပ်ကာ နှုတ်ဆက်လိုက်သည်။
“ဂုဏ်သရေရှိ ဧည့်သည်တော်ကြီးတို့ ခဏလောက် ရပ်ပေးလို့ရမလားခင်ဗျာ။ ကျွန်တော်က ထို့ပါယွီပါ.. မြေခွေးဖြူမျိုးနွယ်ရဲ့ အကြီးအကဲတစ်ယောက်ပါ။ ဒီကဧည့်သည်တော်ကြီးတို့ ဘာကိစ္စရှိလို့ ဒီကိုရောက်လာတာလဲဆိုတာကို မေးလို့ရမလားခင်ဗျာ။ ဧည့်သည်တော်ကြီးတို့က ဘာလို့ ကောင်းကင်မြေခွေးနယ်မြေကို ဖြတ်သန်းသွားနေပြီး ကျွန်တော်တို့ရဲ့ မျိုးနွယ်တွေကို သတ်နေရတာပါလဲ”
အနက်ရောင်နတ်ဘုရားသည် မျက်နှာသေဖြင့် ရှေ့သို့ ဆက်ပျံသန်းသွား၏။ ထို့နောက် သူ အေးစက်စက် ပြောလိုက်သည်။
“ထွက်သွားကြစမ်း... မင်းတို့က ငါနဲ့ စကားပြောဖို့ အဆင့်မမှီဘူး။ မင်းတို့ရဲ့ မျိုးနွယ်အုပ်ချုပ်သူကို ခေါ်ခဲ့”
“အာ...”
ကောင်းကင်ဧကရာဇ်အဆင့် ကောင်းကင်မြေခွေးများအားလုံး မျက်နှာထားပြောင်းသွားကြ၏။ သူတို့သည် အနက်ရောင်နတ်ဘုရား၏ စွမ်းအားကြီး အရှိန်အဝါကြောင့် သူ မည်သည့်အဆင့်တွင်ရှိကြောင်း မစူးစမ်းနိုင်ကြချေ။ မဟုတ်လျှင် သူတို့ တိုက်ခိုက်ပြီးနေပေပြီ။ ထို့ပါယွီသည် စိတ်လှုပ်ရှားသွားပြီး ဦးညွှတ်ကာ လက်ဆုပ်၍ ထပ်ပြောလိုက်၏။
“အရှင် ဒီမှာ ခဏလောက်စောင့်ပါ။ ကျွန်တော် အခုပဲ ဧကရာဇ်ကို သွားအကြောင်းကြားလိုက်ပါမယ်”
ဝှစ်...
အနက်ရောင်နတ်ဘုရားက မည်သို့မှ မပြောခဲ့ပေ။ ကောင်းကင်မြေခွေများအထက်ရှိ အာကာပြင်က အတန်ငယ် တုန်ခါသွားပြီး မီတာတစ်ရာရှည်သော ဧရာမနဂါးမြီးကြီး ထွက်ပေါ်လာကာ ဖြတ်ရိုက်လိုက်လေသည်။ ကောင်းကင်မြေခွေးများအားလုံးသည် အချိန်မီမရှောင်နိုင်ခဲ့၍ အမြီးဖြင့် အရိုက်ခံလိုက်ကြရသည်။ သို့သော် ဤတစ်ကြိမ်တွင် အနက်ရောင်နတ်ဘုရားက ညှာခဲ့သဖြင့် သူတို့သည် တောင်တန်းများဖြင့် သွားမဆောင့်ကြဘဲ သွေးအန်ရုံသာ အန်သွားခဲ့သည်။ သူတို့ မသေသွားခဲ့ပေ။
အနက်ရောင်နတ်ဘုရားသည် တိုက်ခိုက်ပြီးနောက် မည်သည့်စကားမှ မဆိုဘဲ အရှေ့သို့ ဆက်ပျံသန်းသွားလေသည်။ ဤတစ်ကြိမ်တွင် သူ၏ ဦးတည်ရာလမ်းကြောင်းက အတန်ငယ် ပြောင်းသွား၏။ သူ အရှေ့မြောက်ဘက်သို့ ပျံသန်းသွားပေသည်။ ကျန်းရီသည် စိတ်ထဲမှ ကြိတ်ကျေနပ်နေ၏။ အနက်ရောင်နတ်ဘုရားက မည်သို့ဘက်သို့ ပျံသန်းသွားသည်ဖြစ်စေ သူသည် အနောက်မှ အေးအေးဆေးဆေး လိုက်သွားရုံပင်။
ဝှစ်...ဝှစ်...ဝှစ်...
ကောင်းကင်ဧကရာဇ်အဆင့် ကောင်းကင်မြေခွေးများသည် ဆက်မပြောဝံ့ကြတော့ပေ။ အနက်ရောင်နတ်ဘုရားသာ မညှာတာခဲ့လျှင် သူတို့အားလုံး သေသွားမည်ဖြစ်ကြောင်းကို သူတို့ ကောင်းစွာသိပေသည်။ ထို့ကြောင့် သူတို့သည် ရိုရိုကျိုးကျိုးဖြင့် အဝေးသို့ ပျံသန်းသွားကြလေတော့သည်။
“အရှိန်မြှင့်လိုက်ကြ... အရှေ့မှ မြို့ကြီးတစ်မြို့ရှိတယ်။ ငါတို့ အဲ့ကိုသွားပြီး အစောကမြေခွေးမျိုးနွယ်ရဲ့ ခေါင်းဆောင်ကို စောင့်ကြမယ်”
အနက်ရောင်နတ်ဘုရားက နောက်လှည့်ကာ အေးစက်စက် ပြောလိုက်သည်။ ကျန်းရီနှင့် ချမ်ချမ်တို့က ခေါင်းညိတ်လိုက်ပြီး အရှိန်မြှင့်လိုက်ကြလေသည်။ ချမ်ချမ်သည် အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်သာဖြစ်သော်လည်း အလွန်လျင်မြန်၏။ ကျန်းရီကမူ လေအရိပ်ဝတ်ရုံကို ထုတ်သုံးနေရပြီဖြစ်ပြီး အရှိန်ကို အဆုံးအစွန်ထိတင်ကာ အမီလိုက်နေရသည်။ သို့သော် ချမ်ချမ်ကမူ သက်တောင့်သက်သာပင် ရှိနေသေးသည်။
ကျန်းရီ၏ အမြန်နှုန်းက အနက်ရောင်နတ်ဘုရားအတွက် အလွန်နှေးနေပုံပေါ်၏။ ထို့ကြောင့် အနက်ရောင်နတ်ဘုရားသည် နောက်လှည့်ကာ ကျန်းရီ၏လက်တစ်ဘက်ကို ဆွဲကိုင်လိုက်၏။ ကျန်းရီက ကျန်းရှောင်နူကို ကိုင်ထားပြီး ကျန်းရှောင်နူက ချမ်ချမ်ကို ကိုင်ထားပေသည်။ ထို့နောက်တွင် အနက်ရောင်နတ်ဘုရား၏ ခန္ဓာကိုယ်သည် အနက်ရောင်အလင်း လင်းလက်သွားပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အရှေ့မြောက်ဘက်သို့ ဦးတည်ပျံသန်းသွားလေသည်။ အရှိန်က အလွန်လျင်မြန်သဖြင့် ကျန်းရီတို့သည် အောက်ဘက်မှ ရှုခင်းများကိုပင် ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြပေ။
တစ်နာရီကြာပြီးနောက်...
အနက်ရောင်နတ်ဘုရားက ရပ်တန့်လိုက်သည်။ သူတို့အရှေ့တွင် မြို့ကြီးတစ်မြို့ ထွက်ပေါ်လာ၏။ ထိုမြို့်သည် ကျန်းရီနှင့် ကျန်းရှောင်နူတို့ကို အမြင်ကျယ်သွားစေလေသည်။ ထိုမြို့သည် ကြီးမားသော်လည်း ကျောက်တုံးတစ်တုံးပင် အသုံးမပြုဘဲ သစ်သားများဖြင့်သာ တည်ဆောက်ထားခြင်းပင်။ မြို့ရိုးမှာ ဧရာမသစ်လုံးကြီးများကို စီးတန်းစိုက်ထူထားခြင်းဖြစ်ပြီး ပေတစ်ထောင် မြင့်ပေသည်။ မြို့တွင်းတွင်လည်း သစ်သားအိမ်များဖြင့် ပြည့်နှက်နေသည်။ မြို့ထဲတွင် စိမ်းစိုလန်းဆန်း၍ အလွန်လှပသော ပန်းများ ဖူးပွင့်နေကြ၏။ ထို့ကြောင့် ကျန်းရှောင်နူနှင့် ချမ်ချမ်တို့၏ မျက်လုံးလေးများ အရောင်လက်သွားလေသည်။
ဝှစ်...ဝှစ်...ဝှစ်...
သစ်သားအိမ်များ၊ သစ်ပင်အိမ်များနှင့် သစ်သားရဲတိုက်များအတွင်းမှနေ၍ ချောမောခံ့ညားသော အမျိုးသား၊ အမျိုးသမီးများစွာ ထွက်လာကြသည်။ မြို့ထဲရှိ အကြီးဆုံး သစ်သားရဲတိုက်အတွင်းမှနေ၍ အမျိုးသား၊ အမျိုးသမီး တစ်ထောင်နီးပါး ပျံထွက်လာကြ၏။ သူတို့အားလုံးသည် အဖြူရောင်ဝတ်ရုံများကို ဝတ်ဆင်ထားကြပေသည်။
ခေါင်းဆောင်ဟု ထင်ရသော အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ရွှေရောင်အနားကွပ် ဝတ်ရုံဖြူကို ဝတ်ဆင်ထား၏။ သူသည် လူတစ်စုကို ဦးဆောင်ကာ ပျံသန်းလာပြီး မြို့ရိုးအထက်တွင် ရပ်တန့်လိုက်လေသည်။ ထို့နောက် သူသည် လက်ဆုပ်ကာ နှုတ်ဆက်လိုက်၏။
“ကျွန်တော်က ထို့ပါလင်းပါ။ ကောင်းကင်မြေခွေးနယ်မြေက မြေခွေးဖြူမျိုးနွယ်(၃၆)ခုရဲ့ မျိုးနွယ်အကြီးအကဲပါ။ ဂုဏ်သရေရှိ ဧည်သည့်တော်တို့ရဲ့ နာမည်တွေကို မေးလို့ရမလားခင်ဗျာ။ ကျွန်တော် ဧည့်သည်တော်တို့ကို ဘာကူညီပေးရမလဲခင်ဗျာ”
“ဒါက ဘာပေါက်ကရလဲ”
အနက်ရောင်နတ်ဘုရားက မျက်မှောင်ကြုတ်ကာ စိတ်မရှည်ဟန်ဖြင့် ပြောလိုက်သည်။
“မင်းတို့ ကောင်းကင်မြေခွေးမျိုးနွယ်ရဲ့ အုပ်ချုပ်သူကို သွားခေါ်လိုက်။ သူ့ကို ငါနဲ့လာတွေ့ဖို့ ပြောလိုက်။ တကယ်လို့ နှစ်နာရီအတွင်း ခေါင်းဆောင် ရောက်မလာရင် ငါ မင်းတို့တစ်မြို့လုံးကို သတ်ပစ်မယ်”
“ဝါး...”
မြို့တစ်ခွင်လုံး အုတ်အော်သောင်းနင်းဖြစ်သွားသည်။ ထိုအခိုက်တွင် ကောင်းကင်တွင် လူသားပုံစံ ကောင်းကင်ဧကရာဇ်အဆင့် ကောင်းကင်မြေခွေးများနှင့် ပြည့်နှက်သွားလေသည်။ သူတို့သည် အနက်ရောင်နတ်ဘုရား၏ စကားကို ကြားလိုက်သောအခါ သတ်ဖြတ်လိုသော အရှိန်အဝါများ ထွက်လာကြပြီး မျက်လုံးများထဲတွင်လည်း ဒေါသခိုးများ ဝေလာကြသည်။ ထို့ပါလင်းက လျင်မြန်စွာ ပြောလိုက်၏။
“အားလုံးပဲ နောက်ဆုတ်ကြပါ။ ဧည့်သည်တော်တွေကို ရိုင်ရိုင်းဆိုင်းဆိုင်းပြုမူတဲ့ ဘယ်သူမဆို မျိုးနွယ်စည်းမျဉ်းတွေအတိုင်း ကွပ်မျက်ခံရမယ်”
ဤနေရာတွင် ထို့ပါလင်းက ဩဇာအာဏာကြီးကြောင်း သိသာပေသည်။ သူ၏အမိန့်ကြောင့် ကောင်းကင်ဧကရာဇ်များအားလုံး နောက်ဆုတ်သွားကြလေသည်။ ထို့နောက် ထို့ပါလင်းသည် လက်ဆုပ်ကာ ခါးသက်သက်ပြုံး၍ ပြောလိုက်၏။
“အရှင့်ကို ပြန်ပြောရရင် ကျွန်တော်တို့ ကောင်းကင်မြေခွေးနယ်မြေမှာ အုပ်ချုပ်သူဆိုပြီး မရှိပါဘူး။ ဧကရာဇ်သုံးပါးတော့ ရှိပါတယ်... မြေခွေးဖြူမျိုးနွယ်ရဲ့ ဧကရာဇ်က ဒီကို အမြန်ဆုံး လာနေပါပြီ။ မြေခွေးနက်မျိုးနွယ်က ဧကရာဇ်နဲ့ မြေခွေးပြာမျိုးနွယ်က ဧကရာဇ်တို့ဆီကိုတော့ ကျွန်တော်က သတင်းပို့ဖို့ အဆင့်မမီပါဘူး”
“မြေခွေးနက်မျိုးနွယ်နဲ့ မြေခွေးပြာမျိုးနွယ်လား”
ကျန်းရီသည် မျက်မှောင်ကြုတ်လိုက်ပြီး ဧကရာဇ်နန်းတော်ကို ထုတ်၍ အိပ်မောကျနေသော မြေခွေးလေးကို အပြင်သို့ ထုတ်ကာပွေ့လိုက်လေသည်။ ထို့နောက် သူသည် ထို့ပါလင်းကို ကြည့်ကာ မေးလိုက်၏။
“ထို့ပါမျိုးနွယ်ခေါင်းဆောင်... ဒီအမြီးသုံးချောင်း ဝိညာဉ်မြေခွေးက ခင်ဗျားတို့ မြေခွေးဖြူမျိုးနွယ်ကလား”
ထို့ပါလင်းသည် တစ်ချက်ကြည့်ကာ ခေါင်းညိတ်လိုက်၏။
“ဟုတ်ပါတယ်... သူက ကျွန်တော်တို့ မြေခွေဖြူမျိုးနွယ်က ကောင်းကင်မြေခွေးတစ်ကောင်ပါ။ မြေခွေးနက်မျိုးနွယ်က အနက်ရောင်အမွေးတွေရှိကြတယ်၊ မြေခွေးပြာမျိုးနွယ်က အပြာရောင်အမွေးတွေ ရှိကြပါတယ်။ ဒီမြေခွေးလေးကို ကြည့်ရတာတော့ ကျွန်တော်တို့ မြေခွေးဖြူမျိုးနွယ်လို့ ထင်ရပါတယ်”
“ကောင်းတယ်... ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ ဧကရာဇ်ကို ဒီမှာ စောင့်နေပါမယ်”
ကျန်းရီက ခေါင်းညိတ်ကာ ပြောလိုက်သည်။ သို့သော် ထို့ပါလင်းက အတန်ငယ် စိုးရိမ်နေသည်ကို မြင်လိုက်သောအခါ သူ ရှင်းပြလိုက်သည်။
“မစိုးရိမ်ပါနဲ့... ကျွန်တော်တို့က မိတ်ဆွေဟောင်းတစ်ယောက်ကို ရှာဖို့ ဒီကိုရောက်လာတာပါ။ ကျွန်တော်တို့ သူ့ကို ရှာတွေ့ပြီးရင် ချက်ချင်း ထွက်သွားမှာပါ။ အာ.... ကျွန်တော်တို့ ရှာချင်တဲ့သူက ဒီမြေခွေးလေးရဲ့ အမေဆိုတော့ ခင်ဗျားတို့ မြေခွေးဖြူမျိုးနွယ်ကပဲ ဖြစ်လောက်မှာပါ”
“အို့... ကောင်းပါပြီ”
ထို့ပါလင်းက စိတ်အေးသွားဟန် သက်ပြင်းချလိုက်ပြီး ပြုံးကာ ဖိတ်ခေါ်လိုက်သည်။
“ဧည့်သည်တော်တို့ မြို့ထဲမှာ ခဏလောက် အနားယူချင်ပါသလား။ ဧကရာဇ် ဒီကို ရောက်လာဖို့ အနည်းဆုံး တစ်နာရီလောက်တော့ ကြာပါလိမ့်မယ်။ ဧည့်သည်တော်တို့ ရှာနေတဲ့သူက မြေခွေးဖြူမျိုးနွယ်ကဆိုရင် စိတ်သာချပါ။ ကျွန်တော်တို့ အဲ့လူကို မြေကျွင်းတူးပြီး ရှာရမယ်ဆိုရင်တောင် ရအောင် ရှာပေးပါမယ်”
“ကောင်းပါပြီ...”
ချမ်ချမ်က ပြောကာ အနက်ရောင်နတ်ဘုရားကို ကြည့်လိုက်သည်။
“ဦးလေးဟေး... မြို့ထဲမှ သွားစောင့်ကြတာပေါ့”
အနက်ရောင်နတ်ဘုရားသည် အခြေအနေကောင်းနေကြောင်း တွေ့သဖြင့် ခေါင်းညိတ်လိုက်၏။ ကျန်းရီသာ သူ၏ကိစ္စကို မြန်မြန်လက်စသတ်ပြီး ရွှမ်ဝူနန်းတော်ဆီသို့ နှောင့်နှေးခြင်းမရှိဘဲ သွားနိုင်မည်ဆိုလျှင် အနက်ရောင်နတ်ဘုရားသည် ဤကိစ္စကို ကြီးသွားအောင် လုပ်လိုသောဆန္ဒ မရှိပေ။
ကျန်းရီတို့အားလုံးသည် ထို့ပါလင်းနောက်မှ လိုက်ကာ အကြီးဆုံး သစ်သားရဲတိုက်ဆီသို့ သွားလိုက်ကြ၏။ သစ်သားရဲတိုက်ကြီးသည် ဧရာမရှေးဟောင်းသစ်ပင်ကြီးတစ်ပင်အပေါ်တွင် တည်ဆောက်ထားခြင်းပင်။ ရဲတိုက်ထဲတွင် အသေးအမွှား အပြင်အဆင်လေးများ များစွာရှိရာ ချမ်ချမ်နှင့် ကျန်းရှောင်နူတို့ အမြင်ကျယ်သွားကြလေသည်။ ထို့ပါလင်းက အစေခံတစ်ယောက်အား ဧည့်သည်များကို အစိမ်းနုရောင်အရည်တစ်မျိုး ဧည့်ခံစေလိုက်၏။ အနက်ရောင်နတ်ဘုရားက ထိုအရည်တွင် အဆိပ်မရှိကြောင်း စစ်ဆေးပြီးသွားသောအခါ ကျန်းရီ တစ်ငုံသောက်လိုက်၏။ ထူးခြားသော အချိုအရသာတစ်ခုက သူ၏ရသာရုံကို တဖျဉ်းဖျဉ်း ဖြစ်သွားစေ၏။
ထို့နောက် ကျန်းရီသည် ထို့ပါလင်းကို မိစ္ဆာဧကရီနှင့်ပတ်သတ်သည့် ရိုးရှင်းသော အကြောင်းအရာအချို့ကို ပြောပြလိုက်၏။။ သူ ထိုသို့ပြောခြင်းမှာ အချက်အလက်များများ မပြောပြလို၍မဟုတ်ပေ။ သူ မိစ္ဆာဧကရီနှင့်ပတ်သတ်သော အကြောင်းများကို နည်းနည်းသာ သိ၍ဖြစ်သည်။ သူမက ကောင်းကင်မြေခွေးနယ်မြေသို့ ပြန်သွားသည်ဆိုသော အကြောင်းမှလွဲ၍ သူမ၏အမည်ကိုပင် သူ မသိပေ။
“ဒီကသခင်လေး... သခင်လေး ရှာနေတဲ့သူကို တွေ့ဖို့က နည်းနည်းတော့ ခက်လိမ့်မယ်။ ကျွန်တော်တို့ မြေခွေးဖြူမျိုးနွယ်မှာ မျိုးနွယ်ဝင်တွေ သန်းထောင်ချီပြီး ရှိတယ်... ပြီးတော့ သခင်လေးပေးတဲ့ အချက်အလက်တွေက မလုံလောက်ဘူး”
ထို့ပါလင်းသည် အခက်တွေ့သော မျက်နှာထားဖြင့် ပြောလိုက်၏။ သို့သော် သူသည် အနက်ရောင်နတ်ဘုရား၏ မျက်လုံးများထဲတွင် အေးစက်စက်အလင်း လက်သွားသည်ကို တွေ့လိုက်သောအခါ ချက်ချင်း ရင်ဘတ်ပုတ်၍ ပြန်ပြောလိုက်လေသည်။
“ဒါပေမဲ့... ဘယ်လောက်ခက်ခက် ကျွန်တော်တို့ ရအောင်ရှာပေးမှာပါ။ ကျွန်တော်တို့ သူ့ကို အမြန်ဆုံး ရှာပေးမယ်လို့ အာမခံပါတယ်။ အဲ... သူက ကောင်းကင်မြေခွေးနယ်မြေမှာ ရှိနေရင်... အသက်ရှင်နေသေးတယ်ဆိုရင်ပေါ့...”
***