ထို့ပါနင်
Vol. 61 Ch. 849
မြေခွေးဖြူမျိုးနွယ်၏ ဧကရာဇ်က လျင်မြန်စွာ ရောက်ရှိလာသည်။ ကျန်းရီတို့သည် ထိုဧကရာဇ်က ချောမောလှပသော မိန်းမပျိုလေးတစ်ယောက် ဖြစ်နေသဖြင့် အံ့အားသင့်သွားကြ၏။ သူမသည် အသက်နှစ်ဆယ်ပင် ကျောက်လောက်ပုံ မပေါ်သေးချေ။ သို့သော် ကျန်းရီနှင့် ကျန်းရှောင်နူတို့သည် မိစ္ဆာဧကရီက အသက်(၂၀၀၀)ကျော်ပြီဖြစ်သော်လည်း လှပနေဆဲဖြစ်ကြောင်း တွေးမိသွားပြီး ဤမြို့မှ ကောင်းကင်ဧကရာဇ်များအားလုံးက ချောမောလှပသူများဖြစ်သည်ကိုလည်း မြင်ရသဖြင့် အရာအားလုံးကို နားလည်သွားလေသည်။ ကောင်းကင်မြေခွေးမျိုးနွယ်သည် မွေးရာပါ ငယ်ရွယ်ချောမောသူများ ဖြစ်ပေမည်။
“ကျွန်မနာမည်က ထို့ပါချင်ပါ။ အရှင်အနက်ရောင်နတ်ဘုရား၊ မင်းသမီးချမ်ချမ်နဲ့ ဒီကသခင်လေး၊ သခင်မလေးတို့ကို နှုတ်ခွန်းဆက်ပါတယ်”
မြေခွေးဖြူမျိုးနွယ်၏ ဧကရီက ပြုံးကာ ပြောလိုက်လေသည်။ သူမ၏ အင်အားကို ကျန်းရီ မတိုင်းတာကြည့်နိုင်ပေ။ ထို့ပြင် သူမက အနက်ရောင်နတ်ဘုရားနှင့် ချမ်ချမ်တို့ကို သိနေ၏။ အနက်ရောင်နတ်ဘုရားက သူမကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ငါ မင်းကို မြင်ဖူးတယ်။ အရှင်ဧကရာဇ် ပြန်လာတုန်းက မင်း ရွှမ်ဝူနန်းတော်ကို ရောက်လာဖူးတယ်မလား”
“အရှင်အနက်ရောင်နတ်ဘုရားရဲ့ မှတ်ဉာဏ်က ကောင်းပါပေတယ်”
ထို့ပါချင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ ထိုအခါမှ ချမ်ချမ်လည်း မှတ်မိသွားပြီး ခေါင်းညိတ်ကာ ဝင်ပြောလိုက်၏။
“အာ... ချမ်ချမ်လည်း မှတ်မိပြီ။ ဧကရီနဲ့အတူ နောက်တစ်ယောက်လည်း ပါလာသေးတယ်မလား”
ထို့ပါချင်က ပြန်ပြောလိုက်သည်။
“ဟုတ်ပါတယ် မင်းသမီးချမ်ချမ်... မြေခွေးပြာမျိုးနွယ်က ဧကရာဇ်လည်း လိုက်လာခဲ့တာပါ”
“ကောင်းပြီ... အရေးမပါတာတွေ မပြောတော့ဘူး။ ရှာရမယ့်သူကို စရှာကြတော့”
အနက်ရောင်နတ်ဘုရားက အတန်ငယ် စိတ်မရှည်ဟန်ဖြင့် ပြောလိုက်သည်။
မြေခွေးဖြူမျိုးနွယ်၏ ဧကရီက လက်ဝှေ့ယမ်း၍ သူမနောက်ရှိ အသက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်နှင့် ထို့ပါလင်းကို အမိန့်ပေးလိုက်သည်။
“မျိုးနွယ်တစ်ခုလုံးမှာ လိုက်ရှာဖို့ အမိန့်ထုတ်လိုက်ပါ။ ဒေါ်လေးဟုန်နဲ့ ထို့ပါလင်း... ဒီကိစ္စကို ဒေါ်လေးတို့နှစ်ယောက် အပြည့်အဝ တာဝန်ယူပါ။ ရှင်တို့ သူ့ကို အမြန်တွေ့အောင် ရှာရမယ်”
“နားလည်ပါပြီ”
အသက်လတ်ပိုင်းအရွယ် အမျိုးသမီးနှင့် ထို့ပါလင်းတို့သည် လျင်မြန်စွာ ထွက်သွားကြလေသည်။ မြေခွေးဖြူမျိုးနွယ်မှ အဖွဲ့ခေါင်းဆောင်များနှင့် အကြီးအကဲများသည် အမိန့်ကို စောင့်နေကြသည်ဖြစ်ရာ အမိန့်ရသောအခါ ချက်ချင်း ဖြန့်ကျက် ထွက်သွားကြပြီး သတင်းပို့လျှို့ဝှက်အစီအရင်ကို နှိုးလိုက်ကြလေသည်။ မြေခွေးဖြူမျိုးနွယ်မှ မျိုးနွယ်ဝင်အားလုံးသည် မိစ္ဆာဧကရီကို ရှာနေကြပေပြီ။
မိစ္ဆာဧကရီနှင့် ပတ်သတ်သည့် သတင်းအချက်အလက်များက သနားစရာကောင်းလောက်အောင် နည်းပေသည်။ ကျန်းရီသည် သူသိသမျှ အရာအားလုံးကို ပြောပြထားပြီးဖြစ်သော်လည်း မလုံလောက်သေးပေ။ မြေခွေးဖြူမျိုးနွယ်တွင် အဖွဲ့များစွာ ရှိပြီး မျိုးရိုးစုများ ထောင်နှင့်ချီအောင် ရှိပေသည်။ အကယ်၍ မြေခွေးဖြူမျိုးနွယ်၏ ဧကရီကသာ မကူညီလျှင် ကျန်းရီတို့ ငါးနှစ်ကျော် ရှာလျှင်ပင် ရှာတွေ့နိုင်လောက်ဦးမည် မဟုတ်ချေ။
ထို့ပါချင်သည် အနက်ရောင်နတ်ဘုရား၊ မင်းသမီးချမ်ချမ်တို့နှင့် စကားစမြည်ပြောနေ၏။ ကျန်းရီသည် လောနေလျှင်လည်း အကျိုးမရှိကြောင်း သိသဖြင့် တိတ်တဆိတ် ထိုင်နေ၏။ သို့သော် ရှာဖွေမှုက လျင်မြန်သဖြင့် လေးနာရီကြာပြီးနောက်တွင် တင်ပြချက်များ အဆက်မပြတ် ရောက်လာလေသည်။ အနီးရှိ မျိုးရိုးစုများအားလုံးကို ရှာပြီးသော်လည်း မိစ္ဆာဧကရီကို မတွေ့သေးပေ။
“အို့ ဟုတ်သား...”
ကျန်းရီသည် မျိုးရိုးစုများစွာ၏ တင်ပြချက်များကို နားထောင်ပြီးနောက်တွင် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွား၏။ ထို့ကြောင့် သူက သူ့ခေါင်းကိုသူ ရိုက်၍ ပြောလိုက်သည်။
“ကျွန်တော် မိစ္ဆာဧကရီရဲ့ ပုံတူကို ဆွဲပေးနိုင်ပါတယ်။ ဧကရီချင်... ဧကရီ အဲ့ပုံတူကိုသုံးပြီး လိုက်ရှာလို့ရတယ်မလား”
“အင်း... အဲ့ဒါဆို အဆင်ပြေလောက်တယ်”
ထို့ပါချင်သည် ထိုစကားကို ကြားသောအခါ ချက်ချင်း ဝမ်းမြောက်သွား၏။ မိစ္ဆာမျိုးနွယ်သည် လူသားပုံစံ ပြောင်းပြီးနောက်တွင် တစ်သက်လုံး ထိုပုံစံအဖြစ်သာ ရှိနေမည်ဖြစ်သည်။ သူတို့၏ ရုပ်များက အတူတူပင်ဟု ထင်ရသော်လည်း သေချာကြည့်လျှင် ကွဲပြားမှုများကို တွေ့နိုင်သည်။ ထို့ကြောင့် ပုံတူရှိလျှင် ရှာရန် ပို၍လွယ်ကူပေလိမ့်မည်။
ကျန်းရီ၏ လက်စွပ်တောက်ပလာပြီး စာရွက်နှင့် စုတ်တံ ထွက်လာလေသည်။ ထို့နောက်တွင် သူသည် မိစ္ဆာဧကရီ၏ပုံကို မှတ်မိသည့်အတိုင်း လျင်မြန်စွာ ရေးဆွဲလိုက်၏။
ယခုတွင် ကျန်းရီ၏ ပန်းချီစွမ်းရည်က အလွန်ကောင်းမွန်နေပြီဖြစ်ပြီး ဖုန်းလန်ထက်ပင် တစ်ဆင့်မြင့်နေပြီဖြစ်သည်။ စုတ်ချက်အနည်းငယ်တွင်းမှာပင် စာရွက်ပေါ်၌ လှပသော အမျိုးသမီးတစ်ယောက်၏ပုံ ထွက်ပေါ်လာလေသည်။ ကျန်းရီက ကွန့်ညွန့်မနေဘဲ မျက်နှာပုံကိုသာ ရိုးရိုးရှင်းရှင်း ဆွဲလိုက်သည်။ ချမ်ချမ်သည် ကျန်းရီ၏ ပန်းချီစွမ်းရည်ကို တွေ့လိုက်သောအခါ မျက်လုံးများ အရောင်လက်သွား၏။ သူမသည် ယခင်က ကျန်းရီ၏ ‘ပြင်းပြမှု’ပန်းချီကားကို လေလံဆွဲခဲ့သူ မဟုတ်ပါလား။
တစ်ချပ်၊ နှစ်ချပ်... အချပ်တစ်ရာ...
ကျန်းရီ၏ ပန်းချီဆွဲနှုန်းက အလွန်လျင်မြန်၏။ သူသည် နှစ်နာရီအတွင်းမှာပင် ပန်းချီကား အချပ်တစ်ရာ ရေးဆွဲလိုက်လေသည်။ ထို့ပါးချင်သည် သူမ၏လူများအား ထိုပန်းချီကားများကို မြေခွေးဖြူမျိုးနွယ် တစ်ခွင်လုံးတွင် ချက်ချင်းဖြန့်လိုက်ရန် အမိန့်ပေးလိုက်၏။ အားလုံးသည် ထိုပန်းချီကားများထဲမှ အမျိုးသမီး၏ပုံစံကို မှတ်မိအောင် လုပ်ပြီးနောက်တွင် မိစ္ဆာဧကရီ၏ သတင်းအချက်အလက်များကို ရှာကြမည်ဖြစ်သည်။
ကျန်းရီသည် အချပ်တစ်ရာ ရေးဆွဲပြီးသွားသော်လည်း မရပ်လိုက်ဘဲ တစ်နေကုန် ဆက်ဆွဲနေလိုက်၏။ သူသည် ပန်းချီကား အချပ်တစ်ထောင် ဆွဲပြီးသွားသောအခါမှ ရပ်လိုက်လေသည်။ ချမ်ချမ်၊ အနက်ရောင်နတ်ဘုရားနှင့် အခြားသူများသည် လေးစားဟန်ဖြင့် သက်ပြင်းချလိုက်ကြ၏။ ပန်းချီကားအားလုံးမှာ ထပ်တူနီးပါးတူညီကြသည်။ မိစ္ဆာဧကရီ၏ ထင်ရှားသည့်သွင်ပြင်များကို ပေါ်ပေါ်ထင်ထင်၊ ရှင်းရှင်းလင်းလင်း ရေးဆွဲထားသည်။ နှုတ်ခမ်းစွန်းမှ အပြုံးသဲ့သဲ့ကိုပင် ရှင်းရှင်းလင်းလင်း ရေးဆွဲဖော်ပြထားသည်။
“တင်ပြပါတယ်...”
ထိုနေ့တွင် တင်ပြမှုများ အဆက်မပြတ် ရောက်ရှိလာလေသည်။ အဖွဲ့တိုင်း၊ မျိုးရိုးစုတိုင်းသည် သတင်းအချက်အလက်များ ရှာပြီးသွားကြပေပြီ။ သို့သော် မိစ္ဆာဧကရီနှင့် ပတ်သတ်သည့် သတင်းများကို မရသေးသဖြင့် ကျန်းရီတို့ စိတ်ပျက်သွားကြသည်။
“တင်ပြပါတယ်...”
နေ့ဝက်ကြာပြီးနောက် အကြီးအကဲတစ်ဦးသည် ခပ်သုတ်သုတ် လျှောက်လာပြီး လေးနက်သောလေသံဖြင့် ပြောလိုက်၏။
“ကျုပ်တို့ သတင်းရခဲ့ပါပြီ။ အကြီးအကဲလုံက သတင်းလှမ်းပို့ပါတယ်... အရင်တုန်းက မိစ္ဆာဧကရီကို မြင်ခဲ့ဖူးတဲ့ မျိုးနွယ်ဝင်တစ်ယောက်ရှိပါတယ်တဲ့။ ပြီးတော့ မိစ္ဆာဧကရီရဲ့ မျိုးရိုးစုကိုလည်း ရှာတွေ့ပါပြီ။ ဒါပေမဲ့ သူတို့ရဲ့ မျိုးရိုးစုကို တခြားမျိုးရိုးစုက ရှင်းပစ်လိုက်ပါပြီ။ သူတို့ အခု မိစ္ဆာဧကရီကို ရှာနေကြပါတယ်”
“အန်...”
ကျန်းရီ၏ မျက်လုံးများက အေးစက်စက် အလင်းရောင် လက်သွားသည်။ အနက်ရောင်နတ်ဘုရားကလည်း ထို့ပါချင်ကို အေးစက်စက် ကြည့်လိုက်သည်။ ထို့ပါချင်သည် လျင်မြန်စွာ ထရပ်လိုက်ပြီး ပြောလိုက်၏။
“လာကြ... လုံမြို့ကို သွားကြမယ်။ မိစ္ဆာဧကရီရဲ့ မျိုးရိုးစုကို ရှင်းပစ်လိုက်တဲ့ မျိုးရိုးစုကို သော်လုံကို ဖမ်းခိုင်းထားလိုက်။ ကျွန်မတို့ သူတို့ကို စစ်ဆေးကြမယ်။ သူတို့ဆီက အသုံးဝင်တဲ့ သတင်းအချက်အလက်တွေ ရလောက်မှာပါ။ တကယ်လို့ လုံလောက်တဲ့ သတင်းအချက်တွေ မရရင် သော်လုံကို မျိုးနွယ်စည်းမျဉ်းတွေအတိုင်း အပြစ်သွားခံယူခိုင်းလိုက်”
ထို့ပါချင်က ထိုသို့ အမိန့်ပေးလိုက်ပြီဖြစ်၍ အနက်ရောင်နတ်ဘုရားသည် ဒေါသထွက်ရန် မသင့်တော်တော့ပေ။ သူတို့အားလုံး ကောင်းကင်ထက်သို့ ပျံတက်သွားပြီး မြို့ပြင်သို့ ထွက်သွားကြလေသည်။ ထို့ပါချင်၏ ဦးဆောင်မှုအောက်တွင် သူတို့သည် လုံမြို့သို့ တန်းတန်းမတ်မတ် ဦးတည်သွားကြ၏။
ဤတစ်ခေါက်တွင် ထို့ပါချင်သည် အကြီးအကဲဆယ်ယောက်ကိုသာ ခေါ်လာ၏။ ကျန်းရီက ကျန်းရှောင်နူကို ဧကရာဇ်နန်းတော်ထဲသို့ ပို့ထားလေသည်။ ကျန်းရီကိုမူ အနက်ရောင်နတ်ဘုရားက သယ်သွား၏။ ချမ်ချမ်သည် ယခုတစ်ခေါက်တွင် အသယ်မခံတော့ပေ။ သူမ၏ အစိမ်းရောင် ဖိနပ်များက အလင်းရောင်တောက်ပလာပြီး သူမ၏အရှိန်ကို များစွာမြှင့်တင်ပေးလိုက်သည်။ ထို့ကြောင့် သူမသည် မြေခွေးဖြူမျိုးနွယ်မှ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ် အကြီးအကဲများနှင့် အမြန်နှုန်းတူ ပျံသန်းနိုင်သွားလေသည်။
ထို့ပါချင်သည် မိစ္ဆာအရှင်အဆင့်တွင် ရှိလောက်၏။ သူမသည် အစွမ်းကုန် မထုတ်ထားသော်လည်း အလွန်လျင်မြန်နေပေသည်။ သူမသာ အစွမ်းကုန်ထုတ်သုံးလိုက်လျှင် အနောက်မှ အကြီးအကဲဆယ်ယောက်သည် သူမကို မီအောင်လိုက်နိုင်မည် မဟုတ်ချေ။
အမှန်တွင် ကျန်းရီ၏ အမြန်နှုန်းက အလွန်မြန်၏။ မြန်လွန်းလှသဖြင့် အနက်ရောင်နတ်ဘုရားနှင့် ထို့ပါချင်သည် အားငယ်စွာ သက်ပြင်းချရပေလိမ့်မည်။ ယင်းအမြန်နှုန်းမှ ကောင်းကင်ရှောင်တိမ်းခြင်း၏ အမြန်နှုန်းပင်။ သို့သော် ကောင်းကင်ရှောင်တိမ်းခြင်းကို သုံးနိုင်သူမှာ သူတစ်ယောက်တည်း ရှိပေသည်။ ထို့ပြင် သူသည်လည်း လူအားလုံးကို ခေါ်မသွားနိုင်ချေ။ အနက်ရောင်နတ်ဘုရား၊ ချမ်ချမ်၊ ထို့ပါချင်နှင့် အခြားသူများက ဧကရာဇ်နန်းတော်ထဲ ဝင်လိုလျှင်တော့ ရနိုင်ပေသည်။ သို့သော် အနက်ရောင်နတ်ဘုရားသည် ဧကရာဇ်နန်းတော်ထဲသို့ ဝင်လိုပါမည်လော။ သေချာပေါက် ဝင်မည်မဟုတ်ပေ။ ထို့ကြောင့် ကျန်းရီသည် ထိုအကြောင်းကို ပြောမနေတော့ဘဲ အနက်ရောင်နတ်ဘုရားအား သူ့ကို သယ်သွားခွင့် ပြုလိုက်ခြင်းပင်။
လုံမြို့သည် အတော်လေးဝေး၏။ သူတို့အားလုံး ရှစ်နာရီကြာ ပျံသန်းပြီးနောက်မှ မြို့သို့ ရောက်လေသည်။ သူတို့သည် လမ်းတစ်လျှောက်တွင် သစ်သားအိမ်များဖြင့် ပြည့်နှက်နေသော မြို့ငယ်လေးများစွာကို မြင်ခဲ့ရသည်။ မြေခွေးငယ်လေးအချို့သည် သူတို့ ဖြတ်သန်းသွားသောအခါ ကောင်းကင်သို့ စိတ်ဝင်တစား မော့ကြည့်ကြ၏။ မြေခွေးလေးများသည် ကောင်းကင်ထက်ရှိ ထို့ပါချင်ကို မြင်ကြသောအခါ တလေးတစား ဒူးထောက်လိုက်ပြီး အလွန်ရိုကျိုးသော အမူအယာများဖြင့် ဦးညွှတ်လိုက်ကြလေသည်။
လုံမြို့မှာ မြို့ငယ်လေးတစ်မြို့ဖြစ်ပြီး မြို့တွင် ကောင်းကင်ဧကရာဇ်(၃၀၀)လောက်သာ ရှိပေသည်။ သို့သော် လူသားပုံစံ မပြောင်းရသေးသော အမြီးလေးချောင်း ဝိညာဉ်မြေခွေးများလည်း များစွာရှိ၏။ ဤမြို့၏ မြို့အရှင်မှာ ထို့ပါသော်လုံဖြစ်၏။ သူသည် ကောင်းကင်ဧကရာဇ်တစ်စုနှင့် ထို့ပါချင်တို့ကို စောင့်ကြိုနေပေသည်။ သူတို့သည် ထို့ပါချင်တို့ကို တွေ့လိုက်သောအခါ ချက်ချင်း ဒူးတစ်ဘက်ထောက်၍ နှုတ်ဆက်လိုက်၏။
“အားလုံးထကြပါ”
ထို့ပါချင်က သူတို့ကို ချက်ချင်းထခိုင်းလိုက်ပြီး အသံဩဩဖြင့် ပြောလိုက်သည်။
“ရှင်တို့ မိစ္ဆာဧကရီကို ရှာတွေ့ကြပြီလား”
သော်လုံက ခေါင်းခါကာ ညှိုးငယ်သောမျက်နှာထားဖြင့် ပြောလိုက်သည်။
“အရှင်ဧကရီတို့ ရှာနေတဲ့သူရဲ့ နာမည်က ထို့ပါနင်တဲ့။ သူက ကျွန်တော်တို့ မျိုးနွယ်က မျိုးနွယ်ဝင်တစ်ယောက်ပါပဲ။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်(၃၀၀၀)တုန်းက သူ့ရဲ့မျိုးရိုးစုကို တခြားမျိုးရိုးစုတစ်ခုက ရှင်းပစ်လိုက်ကြတယ်။ အရင်တုန်းက ထို့ပါနင်က မိစ္ဆာဘုရင်မအဆင့်မှာပဲ ရှိခဲ့ပါသေးတယ်။ သူက လိုက်ဖမ်းခံခဲ့ရပေမယ့် ကံကောင်းပြီး နယ်မြေကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့တာပါ။ လွန်ခဲ့တဲ့ ငါးနှစ်က ထို့ပါနင်က လက်စားချေဖို့ ပြန်လာခဲ့ပါတယ်။ အဲ့အချိန်မှာ သူက မိစ္ဆာဧကရီဖြစ်နေပါပြီ။ သူက သူတို့မျိုးရိုးစုကို ရှင်းပစ်ခဲ့တဲ့ မျိုးရိုးစုက လူတစ်ရာကျော်လောက်ကို သတ်ပစ်ခဲ့ပါတယ်။ နောက်တော့ သူ ဒဏ်ရာအပြင်းအထန်ရသွားပြီး ထွက်ပြေးသွားပါတယ်။ အခု သူ သေသလား၊ ရှင်သလားဆိုတာကို မသိရသေးပါဘူး။ ပြီးခဲ့တဲ့ ငါးနှစ်အတွင်းမှာ သူ့ကို တွေ့ခဲ့တဲ့သူ တစ်ယောက်မှ မရှိသေးပါဘူး”
“ဒီသတင်းက တိကျလား”
ကျန်းရီ မျက်နှားထားတည်သွား၏။ မိစ္ဆာဧကရီက ထိုမျှအလောသုံးဆယ် လက်စားချေလိုနေပုံကိုကြည့်လျှင် သက်တမ်းသိပ်မကျန်တော့ခြင်းကြောင့်ဖြစ်မည်ဟု သုံးသပ်နိုင်၏။ ပုံမှန်ဆိုလျှင် သူမ ငါးနှစ်လုံးလုံး ပုံးမနေလောက်ပေ။ သူမသည် အင်အား မလုံလောက်လျှင်လည်း တတ်စွမ်းသလောက် တိုက်ခိုက်ကာ ရန်သူများကို သတ်မည်ဖြစ်သည်။ ထို့ကြောင့် ငါးနှစ်လုံးလုံး သူမ ထွက်ပေါ်မလာခဲ့ရခြင်း အကြောင်းမှာ တစ်ခုသာ ရှိနိုင်ပေသည်။ သူမသည် အပြင်းအထန်ဒဏ်ရာရခဲ့ပြီးနောက် သေဆုံးသွားခဲ့ခြင်း ဖြစ်ပေမည်။
“ဟုတ်...”
သော်လုံသည် ခေါင်းညိတ်ကာ မြို့မြောက်ဘက်သို့ ညွှန်ပြလိုက်၏။
“အရှင်... ထို့ပါနင်ရဲ့ မျိုးရိုးစုကို ရှင်းပစ်ခဲ့တဲ့ မျိုးရိုးစုကို ဖမ်းထားပြီးပါပြီ။ တကယ်လို့ အရှင် မယုံကြည်ရင် သူတို့ကို ကိုယ်တိုင်သွားစစ်မေးကြည့်လို့ရပါတယ်”
“ဘာစစ်မေးစရာ လိုသေးလို့လဲ။ သူ့တို့အကုန်လုံးကို ချက်ချင်း သတ်ပစ်လိုက်”
အနက်ရောင်နတ်ဘုရားက လက်ဝှေ့ယမ်းကာ အေးစက်စက် ပြောလိုက်လေသည်။
“မဟုတ်ဘူး...”
ကျန်းရီက ခေါင်းခါကာ ထို့ပါချင်ကို မေးလိုက်သည်။
“ဧကရီ... ထို့ပါနင်ကို ရှာနိုင်မယ့် နည်းလမ်း ရှိပါသလား။ တကယ်လို့ ရှိတယ်ဆိုရင် သူ ကိုယ်တိုင် အဲ့လူတွေကို သတ်ခွင့်ရနိုင်မလား”
“ပြဿနာမရှိပါဘူး...”
ထို့ပါချင်အတွက် မျိုးရိုးစုအသေးလေးတစ်ခုက အရေးမပါပေ။ မြေခွေးဖြူမျိုးနွယ်တွင် မျိုးနွယ်ဝင်ပေါင်းများစွာ ရှိပေသည်။ ထို့ပြင် ကောင်းကင်မြေခွေးနယ်မြေက အလွန်ရက်စက်ကြမ်းတမ်းသော နေရာတစ်ခုဖြစ်သည်။ ကျင့်ကြံရန် နေရာကောင်းများ ရနိုင်ရေးအတွက် မျိုးရိုးစုတစ်ခုနှင့်တစ်ခု တိုက်ခိုက်သတ်ဖြတ်မှုများက မကြာခဏဖြစ်လေ့ရှိသော ကိစ္စတစ်ခုပင်။
သို့သော် ယနေ့တွင် အနက်ရောင်နတ်ဘုရားနှင့် မင်းသမီးချမ်ချမ်တို့ မရှိဘဲ ကျန်းရီက မြေခွေးဖြူမျိုးနွယ်မှ မျိုးနွယ်ဝင်များကို သတ်လိုနေလျှင် ထို့ပါချင်သည် ကျန်းရီကို လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် သေအောင်ရိုက်သတ်လိုက်မည်ဖြစ်၏။
ထို့ပါချင်က ခေတ္တမျှ တွေးတောလိုက်ပြီး ပြောလိုက်သည်။
“လက်ရှိအခြေအနေအရ ထို့ပါနင်ကို ရှာဖို့ဆိုရင် ကျွန်မ ဘိုးဘေးအစီအရင်ကို နှိုးဖို့လိုလိမ့်မယ်... ပြီးတော့ ထို့ပါနင်ရဲ့ သမီးရဲ့ သွေးနည်းနည်းကိုလည်း လိုလိမ့်မယ်။ ဂုဏ်သရေရှိ ဧည့်သည်တော်တို့ ကျွန်မနဲ့အတူ တော်ဝင်မြို့ကို လိုက်ခဲ့ကြပါ။ ကျွန်မ ဘိုးဘေးအစီအရင်ကို ကိုယ်တိုင်နှိုးမှာပါ။ ထို့ပါနင် အသက်ရှင်နေသေး၊ မနေသေးကတော့ ကောင်းကင်အလိုအပေါ်မှာပဲ မူတည်ပါတယ်”
***