မြေခွေးလေး၏ ဆင့်ကဲပြောင်းလဲမှု
Vol. 61 Ch. 850
တော်ဝင်မြို့သည် လုံမြို့နှင့် သိပ်မဝေးပေ။ လေးနာရီလောက်သာ သွားရပေသည်။ တော်ဝင်မြို့သည် အလွန်ကြီးမားပြီး မြို့ထဲတွင် အနည်းဆုံး ကောင်းကင်ဧကရာဇ်တစ်သောင်းကျော် ရှိ၏။ တော်ဝင်မြို့တစ်မြို့လုံးကို သစ်သားဖြင့် တည်ဆောက်ထားသော်လည်း ကြီးကျယ်ခမ်းနားပေသည်။ တစ်မြို့လုံးတွင် အစိမ်းရောင် အရွက်များ၊ လတ်ဆတ်သော ပန်းလေးများ၊ ရှေးဟောင်းသစ်ပင်များနှင့် ပြည့်နှက်နေ၏။ ထို့ကြောင့် တော်ဝင်မြို့သည် ဧရာမနတ်မြို့တော်ကြီးတစ်ခုကဲ့သို့ ခံစားရပေသည်။
ကျန်းရီသည် ရှုခင်းများကို ကြည့်ရှုခံစားလိုစိတ် ရှိမနေပေ။ သူသည် ထို့ပါချင်အနောက်သို့ လိုက်သွားပြီး ကြီးမားသော ရဲတိုက်ကြီး၏ အလယ်ရှိ ခန်းမကျယ်ကြီးတစ်ခုအတွင်းသို့ ဝင်သွားလိုက်၏။ ခန်းမထဲတွင် ဧရာမ ရှေးဟောင်းအစီအရင်တစ်ခု ရှိပေသည်။ အစီအရင်၏ဘေးတွင် အကြီးအကဲတစ်ဒါဇင် စောင့်ကြပ်နေကြ၏။ ထို့ပါချင်က ကျန်းရီကို ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ငါ မြေခွေးလေးရဲ့ သွေးတစ်စက်ပဲ လိုတာပါ”
ကျန်းရီက ဧကရာဇ်နန်းတော်ကို ထုတ်လိုက်ပြီး မြေခွေးလေးကို အပြင်သို့ ထုတ်လိုက်သည်။ မြေခွေးလေးက အိပ်မောကျနေဆဲဖြစ်ရာ ကျန်းရီသည် ၎င်းကို ထို့ပါချင်သို့ အိပ်ပျော်လျက်အတိုင်းပင် ပေးလိုက်လေသည်။
“ဘိုးဘေးအစီအရင်ကို နှိုးလိုက်တော့”
ထို့ပါချင်က အော်ပြောလိုက်ရာ အကြီးအကဲအားလုံးသည် မိစ္ဆာစွမ်းအင်ကို တစ်ပြိုင်တည်း ထုတ်လိုက်ကြလေသည်။ အစီအရင်၏ ဝေဝါးဝါး ပုံသဏ္ဌာန်များ တောက်ပလာ၏။ ထိုပုံသဏ္ဌာန်များမှာ ဝိညာဉ်မြေခွေးများဖြစ်၏။ အမြီးငါးချောင်းမြေခွေးများ၊ အမြီးခြောက်ချောင်းမြေခွေးများ အသက်ဝင်လာသကဲ့သို့ပင်။ ၎င်းတို့အားလုံးသည် ပုံရိပ်မှနေ၍ အပြင်သို့ ထွက်လာကြ၏။ ထို့နောက် ၎င်းတို့သည် ခန်းမအထက်ပိုင်းတွင် ကခုန်နေကြပြီး အသံမထွက်ဘဲ အူသည့်ဟန် ပြုနေကြ၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် အနည်းဆုံး မြေခွေးတစ်ထောင်လောက်ရှိသည်ကို တွေ့နိုင်လေသည်။ ထိုအထဲတွင် အမြီးခြောက်ချောင်းမြေခွေး တစ်ရာနီးပါး ပါပေသည်။
“တော်တော် ဆန်းကြယ်တာပဲ”
ကျန်းရီ အံ့အားသင့်သွား၏။ ထို အမြီးငါးချောင်း၊ အမြီးခြောက်ချောင်း ကောင်းကင်မြေခွေးများသည် မည်သည့်အရှိန်အဝါမှ ရှိမနေသော်လည်း ၎င်းတို့၏ အေးစက်စက်မျက်လုံးများက ကျန်းရီကို ရင်တုန်နေစေလေသည်။ အကယ်၍ ထိုကောင်းကင်မြေခွေးများသာ အသက်ရှိလျှင် မိစ္ဆာဧကရာဇ်အဆင့် သို့မဟုတ် မိစ္ဆာအရှင်အဆင့်တို့တွင် ရှိပေလိမ့်မည်။
ထို့ပါချင်သည် လက်တစ်ဘက်ဖြင့် မြေခွေးလေး၏ လက်ကိုဆွဲကိုင်၍ သူမ၏ကျန်လက်တစ်ဘက်မှ အတွင်းအား ထုတ်လိုက်လေသည်။ ထို့နောက်တွင် သူမသည် မြေခွေးလေး၏ လက်ပေါ်တွင် အသာအယာ ပွတ်ဆွဲလိုက်ရာ မြေခွေးမွေးအနည်းငယ် ကျွတ်သွားပြီး သွေးစက်အနည်းငယ် စီးကျလာလေသည်။ ထို့ပါချင်သည် လက်ဝှေ့ယမ်းလိုက်ပြီး ထိုသွေးစက်များကို ဘိုးဘေးအစီအရင်အတွင်းသို့ ပို့လိုက်၏။
ရွှီး...
အစီအရင်အတွင်းရှိ မြေခွေးပုံရိပ်များအားလုံး တောက်ပစွာ လင်းလက်လာပြီး ပို၍လျင်မြန်စွာ ကခုန်လာကြလေသည်။ မြေခွေးများသည် အူသည့်သဏ္ဌာန်လုပ်နေကြ၏။ ၎င်းတို့၏ အမွေးဖြူများက ထောင်မတ်နေကြပြီး စွမ်းအားကြီး သားရဲစွမ်းအားကို ထုတ်လွှတ်နေကြကာ ဖိအားတစ်ခုကို ပေးနေကြလေသည်။
ထို့ပါချင်က မြေခွေးလေးကို ကျန်းရီအား ပြန်ပေးလိုက်သည်။ ထို့နောက် သူမသည် မျက်လုံးများမှိတ်လိုက်၏။ သူမ၏လက်များက မိစ္ဆာစွမ်းအင်ဖြင့် တောက်ပလာသည်။ သူမသည် ဘိုးဘေးအစီအရင်ကို နှိုး၍ မြေခွေးလေး၏အမေ မိစ္ဆာဧကရီ၏ အရှိန်အဝါကို အာရုံခံရန် လုပ်နေခြင်းပင်။
ရွှီး...
ထိုအခိုက်တွင်...
ထူးဆန်းသောကိစ္စတစ်ခု ဖြစ်လာ၏။ နှစ်ပေါင်းများစွာ အိပ်နေခဲ့သော မြေခွေးလေးက ရုတ်တရက် မျက်လုံးများ ဖွင့်လာလေသည်။ ၎င်း၏ ပုလဲလုံးများကဲ့သို့ မျက်ဝန်းများက ဝေဝါးနေပြီး ၎င်း၏ခန္ဓာကိုယ်သည် အစီအရင်အတွင်းသို့ အလိုလို ပျံဝင်သွားသည်။ အမြီးငါးချောင်း၊ အမြီးခြောက်ချောင်း မြေခွေးပုံရိပ်များအားလုံးသည် မြေခွေးလေး၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်သွားကြ၏။
“အိုး... နတ်ဘုရားဘိုးဘေးတွေရဲ့ ဝိညာဉ်မျိုးစေ့တွေက တကယ်ပဲ ပျောက်ကုန်တာလား”
“အာ... ဘာလို့ ဒီလိုမျိုး ဖြစ်ရတာလဲ”
“ဧကရီ... ကျွန်တော်တို့ မြန်မြန် ရပ်မှရပါမယ်။ ဒီမြေခွေးလေးက နတ်ဘုရားဘိုးဘေးတွေရဲ့ ဝိညာဉ်မျိုးစေ့တွေကို ဝါးမျိုနေတယ်”
“မြေခွေးလေး... နတ်ဘုရားဘိုးဘေးတွေရဲ့ ဝိညာဉ်မျိုးစေ့တွေကို မဝါးမျိုနဲ့တော့၊ မဟုတ်ရင် ငါတို့ မင်းကို အညှာအတာမရှိ သတ်ရလိမ့်မယ်”
“...”
အကြီးအကဲများအားလုံး စိတ်လှုပ်ရှားသွားကြသည်။ သူတို့သည် စိုးရိမ်တကြီးဖြင့် ခက်ထန်စွာ အော်ပြောလိုက်ကြ၏။ အကြီးအကဲအချို့သည် အမှန်ပင် လှုပ်ရှားရန် ဟန်ပြင်နေကြ၏။ ထို့ပါချင်သည်လည်း အံ့အားသင့်နေ၏။ သို့သော် သူမက အရာအားလုံးကို ရပ်လိုက်ပြီး အော်ပြောလိုက်သည်။
“အားလုံးပဲ မလှုပ်ရှားကြပါနဲ့။ ဒီမြေခွေးလေးက နတ်ဘုရားဘိုးဘေးတွေရဲ့ ဝိညာဉ်မျိုးစေ့တွေကို ဝါးမျိုနိုင်တယ်ဆိုတော့ တစ်ခုခု ထူးခြားရမယ်။ သူက နတ်ဘုရားသွေးဆက် ဖြစ်နိုင်တယ်။ မဟုတ်ရင် သူ နတ်ဘုရားဘိုးဘေးတွေရဲ့ ဝိညာဉ်မျိုးစေ့တွေကို ဝါးမျိုနိုင်မှာ မဟုတ်ဘူး။ အားလုံးပဲ မလှုပ်ရှားခင် အရင်စောင့်ကြည့်ကြပါ”
“ဒါက...”
ကျန်းရီသည်လည်း စိတ်လှုပ်ရှားနေ၏။ မြေခွေးလေး၏ ရုတ်တရက် ပြောင်းလဲမှုက သူ့ကို အမှန်ပင် ကြောက်ရွံ့သွားစေပသည်။ သူနှင့် မြေခွေးလေး၏ ဆက်ဆံရေးက အလွန်ကောင်း၏။ ထို့ပြင် သူသည် မြေခွေးလေးကို ကောင်းကောင်း ဂရုစိုက်ပါမည်ဟု မိစ္ဆာဧကရီကို ကတိပေးခဲ့လေသည်။ သို့သော် ထို့ပါချင်က မလှုပ်ရှားရန် ပြောလိုက်ပြီဖြစ်၍ သူသည် မဆင်မခြင် မလှုပ်ရှားဝံ့တော့ဘဲ အနက်ရောင်နတ်ဘုရားနှင့် ချမ်ချမ်တို့ကို ကြည့်လိုက်သည်။
အနက်ရောင်နတ်ဘုရား၏ မျက်လုံးများက အနက်ရောင်အလင်း တောက်ပသွားသည်။ သူသည် မြေခွေးလေးကို စိုက်ကြည့်ကာ ပြောလိုက်၏။
“မစိုးရိမ်ပါနဲ့။ မြေခွေးလေး ဘာမှဖြစ်မှာ မဟုတ်ပါဘူး။ တကယ်တော့ ဒါက အခွင့်အရေးကောင်းတစ်ခုပဲ”
ချမ်ချမ်ကလည်း ခေါင်းညိတ်ကာ အသံပို့လွှတ်လိုက်သည်။
“ကျန်းရီ... ရှင့်ရဲ့မြေခွေလေးက အခွင့်အရေးကောင်းတစ်ခုကို ရနေတာပဲ။ ဒီ ဝိညာဉ်မျိုးစေ့လို့ ခေါ်တဲ့ဟာတွေက ကောင်းကင်မြေခွေးမျိုးနွယ်ရဲ့ ဘိုးဘေးပညာရှင်တွေ ချန်ထားခဲ့တဲ့ ဆန်းကြယ်တဲ့ မိစ္ဆာစွမ်းအင်တွေ ဖြစ်ရမယ်။ တကယ်လို့ မြေခွေးလေးသာ အဲ့မိစ္ဆာစွမ်းအင်တွေကို စုပ်ယူနိုင်ရင် သေချာပေါက် အချိန်တိုအတွင်းမှာ ဆင့်ကဲပြောင်းလဲနိုင်သွားမှာပဲ။ ဒီတစ်ခေါက် သူ မိစ္ဆာဧကရီ ဒါမှမဟုတ် မိစ္ဆာအရှင်အဆင့်အထိတောင် တိုးတက်သွားနိုင်တယ်”
“မိစ္ဆာအရှင်လား...”
ကျန်းရီ မျက်တောင်ခတ်လိုက်၏။ သို့သော် သူ၏မျက်နှာထားက မည်းမှောင်နေဆဲပင်။ သူသည် မြေခွေးလေး၏ အင်အားကို အရေးမစိုက်ပေ။ ၎င်း လုံခြုံမှုရှိနေဖို့ကသာ အဓိကဖြစ်သည်။
မြေခွေးလေးသည် အစီအရင်ထဲတွင် မျောလွင့်နေ၏။ ၎င်း၏မျက်လုံးများက တလက်လက် တောက်ပနေသည်။ ၎င်း၏ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း လည်ပတ်နေပြီး ကောင်းကင်မြေခွေးပုံရိပ်များက ၎င်း၏ခန္ဓာကိုယ်အတွ်ငးသို့ ဝင်နေကြလေသည်။
ဆယ်မိနစ်ခန့်ကြာပြီးနောက် မြေခွေးပုံရိပ် တစ်ထောင်နီးပါးသည် မြေခွေးလေး၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားပေပြီ။ ထို့နောက်တွင် မြေခွေးလေးက ဆက်လက်လည်ပတ်မနေတော့ဘဲ အစီအရင်ထဲတွင် အေးချမ်းစွာ ရပ်သွားလေသည်။
“အီ...အီ...အီ...”
ရုတ်တရက် မြေခွေးလေးက နာကျင်စွာ အော်လိုက်၏။ ၎င်း၏မျက်လုံးများထဲတွင် နာကျင်မှုအရိပ်အယောင်များဖြင့် ပြည့်နှက်နေလေသည်။ ၎င်း၏ ခန္ဓာကိုယ်လေးက အပြင်းအထန် တုန်ယင်နေပြီး ၎င်း၏မျက်လုံးများက ကျီးကန်းတောင်းမှောက် ဖြစ်နေပေသည်။ ၎င်းသည် ကျန်းရီနှင့် ကျန်းရှောင်နူတို့ကို တွေ့သောအခါ မျက်လုံးများ အဖြူရောင်အလင်း လက်သွား၏။ ထို့နောက်တွင် ကျန်းရီနှင့် ကျန်းရှောင်နူတို့၏ စိတ်ထဲတွင် စကားသံနှစ်သံ ထွက်ပေါ်လာလေသည်။
“အစ်ကိုကြီး... ရှောင်ဖေး နာကျင်ခံစားနေရတယ်။ ရှောင်ဖေးကို မြန်မြန်ကယ်ပါ”
“အစ်မရှောင်နူ... ရှောင်ဖေးကို မြန်မြန်ကယ်ပါ”
ရွှီး...
ကျန်းရီ၏ခန္ဓာကိုယ်မှနေ၍ အရှိန်အဝါ ထွက်လာလေသည်။ သူသည် အရာအားလုံးကို လျစ်လျူရှုက ရှောင်ဖေးကို ကယ်လိုနေပေသည်။ ကျန်းရှောင်နူ၏ အဝတ်၏ နောက်ကျောဘက်သည်လည်း စုတ်ပြဲသွားပြီး အတောင်ပံတစ်စုံ ထွက်လာလေသည်။ သူမ၏ကျောက်စိမ်းလက်သည်းများလည်း ထွက်ပေါ်လာ၏။ ထို့နောက်တွင် သူမသည် သတ်ဖြတ်အရှိန်အဝါဖြင့် ရှောင်ဖေးထံသို့ ရုတ်ခြည်း ပျံသန်းသွားလိုက်လေသည်။
“ဒီကို ပြန်လာခဲ့”
အနက်ရောင်နတ်ဘုရားသည် ဖျတ်ခနဲ ပျောက်သွားကာ ကျန်းရီနှင့် ကျန်းရှောင်နူတို့၏ အနောက်ဘက်တွင် ချက်ချင်း ပြန်ပေါ်လာပြီး သူတို့ကို ဆွဲထားလိုက်လေသည်။ ထို့နောက် သူက ခက်ထန်စွာ အော်ပြောလိုက်သည်။
“မလှုပ်ရှားနဲ့... မဟုတ်ရင် မင်းတို့ အစီအရင်ကြောင့် သေသွားလိမ့်မယ်”
“အန်...”
ကျန်းရှောင်နူ၏ မျက်လုံးများက အစိမ်းရောင်အလင်း လက်သွား၏။ သူမ၏လက်သည်များသည် အနက်ရောင်နတ်ဘုရားကို ရက်ရက်စက်စက် ကုတ်ဆွဲတော့ပေမည်။ သူမသည် မည်သည်ကိုမှ အရေးမစိုက်ဘဲ ရှောင်ဖေးကိုသာ ကယ်တင်လိုနေပေသည်။ အကယ်၍ တစ်ယောက်ယောက်က သူမကို လာနှောင့်ယှက်လျှင် သူမသည် ထိုသူကို သတ်ပစ်မည်ဖြစ်သည်။
“ရှောင်နူ... ရပ်လိုက်”
ကျန်းရီ တုန်လှုပ်သွား၏။ အကယ်၍ အနက်ရောင်နတ်ဘုရားသာ ဒေါသထွက်သွားလျှင် သူသည် ကျန်းရှောင်နူကို တစ်ချက်တည်းဖြင့် သတ်ပစ်နိုင်ပေသည်။
ကျန်းရှောင်နူ၏ လက်သည်များက အနက်ရောင်နတ်ဘုရား၏ လည်ပင်းဆီသို့ ချဉ်းကပ်သွားပေပြီ။ သို့သော် သူမသည် ကျန်းရီ၏ အသံကို ကြားသောအခါ လျင်မြန်စွာ ရပ်တန့်လိုက်လေသည်။ အနက်ရောင်နတ်ဘုရား၏ မျက်လုံးများထဲတွင် လှောင်ပြောင်သည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာ၏။ သူက ကျန်းရှောင်နူကို အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
“ကောင်မလေး... မင်းက တော်တော် စိတ်ဆတ်တယ်ပေါ့လေ။ ငါ မင်းကို အကြည့်တစ်ချက်နဲ့တင် သတ်ပစ်နိုင်တယ်ဆိုတာ မင်း ယုံလား”
“အရှင်အနက်ရောင်နတ်ဘုရား... ကျေးဇူးပြုပြီး စိတ်လျှော့ပေးပါ။ ရှောင်နူက မသိတတ်လို့ပါ”
ကျန်းရီသည် လျင်မြန်စွာ တောင်းပန်လိုက်၏။ ချမ်ချမ်ကလည်း ကြားမှ ဝင်ဖြန်ဖြေလိုက်သည်။
“ဦးလေးဟေး... ဦးလေး သဘောထားကြီးကြီး ထားပေးပြီး ညီမလေးရှောင်နူနဲ့ တွက်ကပ်မနေပါနဲ့တော့”
“ဟွန်း...”
အနက်ရောင်နတ်ဘုရားက အေးစက်စက် နှာမှုတ်လိုက်ပြီး သူ၏လက်ကို ပြန်ရုတ်လိုက်လေသည်။ ကျန်းရီသည် ချက်ချင်းပင် ကျန်းရှောင်နူကို ဆွဲခေါ်လိုက်၏။ သူမ ထပ်မံ၍ မဆင်မခြင် လုပ်မည်ကို သူ စိုးရိမ်နေပေသည်။ သူတို့တစ်နှစ်ယောက်သည် အစီအရင်၏ အလယ်သို့ အံ့အားသင့်သော မျက်လုံးများဖြင့် ကြည့်လိုက်ကြ၏။
“အီ...အီ...”
မြေခွေးလေးက နာကျင်တကြီး အော်နေဆဲပင်။ သို့သော် ၎င်း၏ခန္ဓာကိုယ်က သက်တန့်ရောင်အလင်း တောက်ပလာပြီး တဖြည်းဖြည်း ကြီးထွားလာလေသည်။ ၎င်း၏ အမြီးသုံးချောင်းသည် အလယ်မှ ထက်ခြမ်းကွဲသွားပြီး နောက်ထပ်အမြီးတစ်ချောင်း ဖြည်းဖြည်းချင်း ထွက်လာ၏။
“အလို...”
“ဒီမြေခွေးလေးက ဆင့်ကဲပြောင်းလဲနေတာပဲ”
“ဒီမြေခွေးလေးက နတ်ဘုရားသွေးဆက်ကို ပိုင်ဆိုင်တဲ့ ဒဏ္ဍာရီလာ နတ်မြေခွေး ဖြစ်နေမလား။ မဟုတ်ရင် သူက ဘယ်လိုလုပ် နတ်ဘုရားဘိုးဘေးတွေရဲ့ ဝိညာဉ်မျိုးစေ့တွေကို ဝါးမျိုပြီး ဆင့်ကဲပြောင်းလဲနိုင်မှာလဲ”
အကြီးအကဲများသည် စိတ်လှုပ်ရှားသွားကြပြီး တစ်ယောက်တစ်ပေါက် ရေရွတ်လိုက်ကြ၏။ ထို့ပါချင်၏ မျက်လုံးများသည်လည်း အရောင်တလက်လက် တောက်ပနေ၏။ သူမသည် စိတ်လှုပ်တရှား လက်ဝှေ့ယမ်းလိုက်ပြီး အော်ပြောလိုက်၏။
“အားလုံးပဲ တိတ်တိတ်နေကြပါ။ နတ်မြေခွေး ဆင့်ကဲပြောင်းလဲတာကို အနှောင့်အယှက် မဖြစ်စေနဲ့”
တစ်ချိန်တည်းမှာပင် ထို့ပါချင်သည် မြေခွေးလေးကို သိမ်မွေ့သော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး ပြောလိုက်သည်။
“မြေခွေးလေး... မစိုးရိမ်ပါနဲ့။ မင်း အန္တရာယ်မရှိပါဘူး။ မင်းက ဆင့်ကဲပြောင်းလဲနေတာပါ။ ငါတို့က မင်းနဲ့ မျိုးနွယ်တူတွေပဲ။ ငါတို့ရှိနေရင် မင်း ဘာအန္တရာယ်မှ မရှိပါဘူး။ မင်း ဆင့်ကဲပြောင်းလဲပြီးသွားရင် ငါတို့ မင်းအမေကို ကူရှာပေးမှာပါ”
ကျန်းရီကလည်း လျင်မြန်စွာ အသံပို့လွှတ်လိုက်သည်။
“ရှောင်ဖေး... မကြောက်နဲ့၊ ဆင့်ကဲပြောင်းလဲတာမှာပဲ အာရုံစိုက်ထား။ အခု ငါတို့က ကောင်းကင်မြေခွေးနယ်မြေမှာ။ မင်း ဆင့်ကဲပြောင်းလဲပြီးရင် ငါတို့ မင်းရဲ့အမေ မိစ္ဆာဧကရီကို အတူတူ ရှာကြမယ်”
မြေခွေးလေး၏ ကြောက်ရွံ့နေသော နှလုံးသားက ဖြည်းဖြည်းချင်း တည်ငြိမ်သွားသည်။ ကျန်းရီနှင့် ကျန်းရှောင်နူတို့ နှစ်ယောက်စလုံး ဤနေရာတွင် ရှိနေသဖြင့် ၎င်း စိတ်အေးလာသည်။ ထို့နောက်တွင် ၎င်းသည် မျက်လုံးများ မှိတ်လိုက်ပြီး စိတ်အေးအေးဖြင့် ဆင့်ကဲပြောင်းလဲခြင်းကို အာရုံစိုက်လိုက်လေသည်။ မကြာခင်မှာပင် နောက်ထပ်အမြီးတစ်ချောင်း ဖြည်းဖြည်းချင်း ထွက်လာ၏။ ထို့နောက် နောက်တစ်ချောင်း။ ထို့ပါချင်နှင့် အခြားသူများ စိတ်လှုပ်ရှားသွားကြသည်။ အမြီးငါးချောင်းမှာ မိစ္ဆာဧကရီအဆင့်ကို ပြသခြင်းပင်။ အကယ်၍ မြေခွေးလေးသာ နောက်ထပ်အမြီးတစ်ချောင်း ထပ်ထွက်လာလျှင် မိစ္ဆာအရှင်အဆင့်သို့ ရောက်သွားပေလိမ့်မည်။
***