မိစ္ဆာဧကရီကို ရှာတွေ့ပြီ
Vol. 61 Ch. 851
မြေခွေးလေးသည် ခြောက်ချောင်းမြောက်အမြီး မပေါက်လာခဲ့ပေ။ သို့သော် ငါးချောင်းမြောက်အမြီးက ပြီးပြည့်စုံစွာ ထွက်လာပေသည်။ ထို့ကြောင့် ထို့ပါချင်နှင့် အခြားသူများ ဝမ်းမြောက်အံ့အားသင့်သွား၏။ အဆင့်သုံး မြေခွေးလေးသည် နှစ်နာရီကျော်အတွင်းမှာပင် အမြီးငါးချောင်း ဝိညာဉ်မြေခွေးအဖြစ် ပြောင်းလဲသွားလေသည်။ ယင်းက ထိုမြေခွေးလေးသည် ကောင်းကင်ဧကရာဇ်အဆင့်သို့ ရောက်သွားပြီဆိုသော အဓိပ္ပာယ်ပင်။ နတ်မြေခွေးသာမဟုတ်လျှင် အဘယ်သို့ ထိုမျှ တိုးတက်နှုန်းမြန်နိုင်မည်နည်း။ နတ်မြေခွေးသာမဟုတ်လျှင် အဘယ်သို့ နတ်ဘုရားဘိုးဘေးများ၏ ဝိညာဉ်မျိုးစေ့များကို စုပ်ယူနိုင်မည်နည်း။
“ဧကရီ... ဆင့်ကဲပြောင်းလဲတာ ပြီးသွားပြီလား။ ရှောင်ဖေး ပြန်ထွက်လာလို့ ရပြီလား”
ကျန်းရီသည် မြေခွေးလေးကိုယ်ပေါ်မှ အဖြူရောင်အလင်း ပျောက်ကွယ်သွားသည်ကို တွေ့လိုက်သောအခါ စိတ်လှုပ်တရှားဖြင့် မေးလိုက်သည်။ သို့သော် ထို့ပါချင်က ခေါင်းခါက ပြောလိုက်၏။
“ခဏနေဦး... ဒီမြေခွေးလေးက ပုံစံပြောင်းတော့မယ်”
“ပုံစံပြောင်းမှာလား”
ကျန်းရီသည် မြေခွေးလေးကို ကြည့်လိုက်ပြီး ခံစားချက်များဖြင့် သက်ပြင်းချလိုက်၏။ သူ ထိုမြေခွေးလေးသည် ကောင်းကင်ကြယ်တာရာနယ်မြေတွင် နှစ်နှစ်သား၊ သုံးနှစ်သားလောက်သာ ရှိလောက်သေးသည် မဟုတ်ပါလား။ ထို့ကြောင့် ယခုတွင် ၎င်းသည် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်သာ ရှိပေလိမ့်ဦးမည်။ ၎င်းသည် ဤမျှအသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် ကောင်းကင်ဧကရာဇ်အဆင့်သို့ ရောက်သွားပြီလော။ ကောင်းကင်မြေခွေးမျိုးနွယ်သည် အမှန်ပင် ဆန်းကြယ်လှပေသည်။
မျှော်လင့်ထားသကဲ့သို့ပင်။
ဆယ့်ငါးမိနစ်ကြာပြီးနောက် မြေခွေးလေး၏ ခန္ဓာကိုယ်က ထပ်မံ၍ တောက်ပစွာ လင်းလက်လာ၏။ သို့သော် ဤတစ်ကြိမ်တွင်မူ အဖြူရောင်အလင်း မဟုတ်ဘဲ သက်တန့်ရောင်အလင်းပင်။ အလင်းက တလက်လက် တောက်ပနေသဖြင့် အားလုံးကို မျက်မှောင်ကြုတ်သွားစေလေသည်။ မြေခွေးလေးသည် နောက်ဆုံးတွင် ချစ်စဖွယ် ကလေးမလေးတစ်ဦးအဖြစ် ပြောင်းလဲသွား၏။ သူမ၏ခန္ဓာကိုယ်က အလွန်သေးပြီး အသက်သုံးနှစ်၊ လေးနှစ်အရွယ်ရှိသည့် ကလေးမလေးအရွယ်သာ ရှိပေသည်။ သူမက မျက်လုံးမှိတ်ထားပြီး အိပ်မောကျနေသည့်ပုံစံ ရှိ၏။
“ကောင်းပြီ... ဘိုးဘေးအစီအရင်ကို ပြန်ပိတ်လိုက်တော့”
ထို့ပါချင်သည် ခေတ္တမျှ အာရုံခံလိုက်ပြီး ဘိုးဘေးအစီအရင်ထံ သူမ၏မိစ္ဆာစွမ်းအင် ပစ်လွှတ်လိုက်၏။ အကြီးအကဲများသည်လည်း သူတို့၏ မိစ္ဆာစွမ်းအင်များကို တစ်ပြိုင်တည်း ထုတ်လွှတ်လိုက်ကြသည်။ လေထဲတွင် ပျံဝဲကခုန်နေသော မြေခွေးပုံရိပ်များစွာ ကျန်နေပေသေးသည်။ မိစ္ဆာစွမ်းအင်များ ရောက်လာသောအခါ ၎င်းတို့အားလုံးသည် အစီအရင်အတွင်း ပျံဆင်းသွားကြပြီး ပုံသဏ္ဌာန်များအဖြစ် ပြန်ပြောင်းလဲသွား၏။ ထို့နောက်တွင် ယင်းပုံသဏ္ဌာန်များ ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင်သည် ပြန်၍ တည်ငြိမ်သွား၏။
ဝှစ်...
ထို့ပါချင်သည် အစီအရင်အတွင်း ဖျတ်ခနဲ ပျံသန်းသွားပြီး အောက်သို့ ပြုတ်ကျလာသည့် ရှောင်ဖေးကို ဖမ်းပွေ့လိုက်လေသည်။ ထို့နောက်တွင် သူမသည် သူမ၏လက်စွပ်အတွင်းမှ ဝတ်ရုံတစ်ခုကို ထုတ်လိုက်ပြီး ရှောင်ဖေး၏ ခန္ဓာကိုယ်လေးကို ပတ်ပေးလိုက်ပြီး အပြင်သို့ ပြန်ထွက်လာ၏။ သူမက ရှောင်ဖေးကို ဝမ်းမြောက်သော မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီး အဆက်မပြတ် ချီးမွမ်းလိုက်သည်။
“ဒီမြေခွေးလေးက နတ်မြေခွေးဖြစ်ရမယ်။ ငါ သူ့ရဲ့ သွေးကနေပြီး ထူးခြားတဲ့အရာတစ်ခုကို ခံစားမိနေတယ်”
ကျန်းရှောင်နူသည် အရှေ့သို့တိုးကာ ရှောင်ဖေးကို ပွေ့ယူလိုက်၏။ ကျန်းရီကလည်း စိတ်ဝင်တစား မေးလိုက်သည်။
“ဧကရီ... နတ်မြေခွေးဆိုတာ ဘာပါလဲ”
ချမ်ချမ်ကလည်း စိတ်ဝင်တစား ကြည့်လိုက်သည်။ အနက်ရောင်နတ်ဘုရားကတော့ အရေးမစိုက်ပေ။ ထို့ပါချင်က ရှင်းပြလိုက်၏။
“အဲ့ဒါက ငါတို့ ကောင်းကင်မြေခွေးမျိုးနွယ်ရဲ့ အင်အားအကြီးဆုံး သွေးဆက်ပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း(၅၀၀,၀၀၀)တုန်းက ငါတို့မျိုးနွယ်မှာ နှစ်အနည်းငယ်အတွင်း မိစ္ဆာအရှင် အထွတ်အထိပ်အဆင့်အထိ ကျင့်ကြံနိုင်ခဲ့တဲ့ နတ်မြေခွေးတစ်ကောင် ရှိခဲ့တယ်။ ဒါပေမဲ့ နှမြောစရာက သူက နောက်ဆုံးအဆင့်ကို မဖြတ်ကျော်နိုင်ခဲ့ဘူး။ အဲ့နောက် နှစ်ပေါင်း(၃၀၀,၀၀၀)ကြာပြီးတော့ မိစ္ဆာအရှင်အဆင့်ကို ရောက်သွားတဲ့ နတ်မြေခွေးတစ်ကောင် ထပ်ပေါ်လာတယ်။ တကယ်လို့... ရှောင်ဖေးကသာ နတ်မြေခွေးဆိုရင်၊ သူ မျိုးနွယ်မှာ ဆက်နေမယ်ဆိုရင် နှစ်အနည်းငယ်အတွင်းမှာ မိစ္ဆာအရှင်အဆင့်ကို ရောက်သွားလိမ့်မယ်လို့ ငါ အာမခံနိုင်တယ်”
“ဟင့်အင်း... မရဘူး...”
ကျန်းရှောင်နူက ရှောင်ဖေးကို တင်းတင်းကြပ်ကြပ် ဖက်လိုက်၏။ သူမ၏မျက်လုံးများက သတ်ဖြတ်အရှိန်အဝါဖြင့် တောက်လောင်နေပေသည်။ အကယ်၍ ထို့ပါချင်ကသာ ရှောင်ဖေးကို လုယူသွားလျှင် ကျန်းရှောင်နူသည် သေချာပေါက် တိုက်ခိုက်မည်ဖြစ်၏။ ကျန်းရီသည်လည်း ရှောင်ဖေးကို ဤနေရာတွင် မထားခဲ့လိုပေ။ ထို့ကြောင့် သူ ခေတ္တမျှ တွေးတောကာ မေးလိုက်သည်။
“ကျွန်တော်တို့ မိစ္ဆာဧကရီကို အရင်ရှာကြတာပေါ့။ ဧကရီ ဘိုးဘေးအစီအရင်ကို ထပ်ပြီးနှိုးနိုင်ပါသေးလား”
“ဒါပေါ့...”
ထို့ပါချင်က ခေါင်းညိတ်လိုက်သည်။ သို့သော် ထိုအခိုက်တွင် ရှောင်ဖေးက ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်ပြီး နူးညံ့သောအသံလေးဖြင့် ပြောလိုက်လေသည်။
“ရှာနေစရာ မလိုတော့ပါဘူး။ ရှောင်ဖေး အမေ့ရဲ့ အရှိန်အဝါကို အာရုံခံနိုင်သွားပါပြီ။ အမေက မြောက်ဘက်မှာ ရှိပါတယ်”
“အန်...”
ကျန်းရီ မျက်လုံးပြူးသွားပြီး ရှောင်ဖေးကို ကြည့်လိုက်လေသည်။ ထို့နောက် သူသည် ဝမ်းမြောက်သော မျက်နှာထားဖြင့် စိတ်လှုပ်တရှား ပြောလိုက်၏။
“ရှောင်ဖေး... မင်း နိုးလာပြီလား။ ဘယ်လိုခံစားရလဲ။ နာတာကျင်တာတွေ ရှိသေးလား”
“အစ်ကိုကြီး... အစ်မရှောင်နူ... ရှောင်ဖေး အဆင်ပြေပါတယ်။ မစိုးရိမ်ပါနဲ့...”
ရှောင်ဖေးက သူမ၏မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်လိုက်ပြီး ချိုသာစွာ ပြုံးလိုက်လေသည်။ သူမသည် ပုံစံပြောင်းထားသဖြင့် အနည်းငယ် ပင်ပန်းနေခြင်းသာ။ သူမ၏မျက်နှာက ဖြူဖျော့နေသော်လည်း အားလုံး၏ ချစ်ခင်မှုကို ဆွဲဆောင်နိုင်ပေသေးသည်။ ကျန်းရီသည် ခေတ္တမျှကြည့်လိုက်ပြီးနောက် ရှောင်ဖေးသည် မိစ္ဆာဧကရီနှင့် အလွန်တူကြောင်း သတိပြုမိလိုက်၏။ သူမသည် မိစ္ဆာဧကရီ အသေးစားလေးကဲ့သို့ပင်။ ထို့ပြင် သူမက အနုစိတ်သော ကျောက်စိမ်းရုပ်တုလေးတစ်ခုကဲ့သို့ အလွန်ချစ်စဖွယ်ကောင်းနေပေသည်။
ကျန်းရီ လက်ဆန့်လိုက်ပြီး ရှောင်ဖေး၏ ပါးလေးကို ညှစ်လိုက်ကာ မေးလိုက်သည်။
“ရှောင်ဖေး... မင်းက တကယ်ပဲ မင်းအမေရဲ့ အရှိန်အဝါကို အာရုံခံနိုင်တာလား”
“အွန်း...”
ရှောင်ဖေးက ခေါင်းညိတ်လိုက်ပြီး လွမ်းဆွတ်သော မျက်နှာထားဖြင့် ခပ်သွက်သွက် ပြောလိုက်လေသည်။
“အစ်ကိုကြီး... မြန်မြန် မြောက်ဘက်ကို သွားပါ။ ရှောင်ဖေး အမေ့ရဲ့ အရှိန်အဝါကို ခပ်ရေးရေး အာရုံခံမိနေတယ်”
“ကောင်းပြီ...”
ကျန်းရီ ဝမ်းသာသွားပြီး ထို့ပါချင်ကိုကြည့်ကာ ပြောလိုက်သည်။
“ရှောင်ဖေးအတွက် သင့်တော်မယ့် အဝတ်အစားလေး ယူပေးလို့ရမလားခင်ဗျာ။ ကျွန်တော်တို့ ချက်ချင်းပဲ မြောက်ဘက်ကို သွားချင်လို့ပါ”
ထို့ပါချင်က အမျိုးသမီးအကြီးအကဲတစ်ယောက်ကို ကြည့်လိုက်သည်။ ထိုအမျိုးသမီးအကြီးအကဲက လျင်မြန်စွာ ထွက်သွားပြီး လှပသော အဝတ်အစား အနည်းငယ် ယူလာလေသည်။ ကျန်းရှောင်နူသည် ရှောင်ဖေးကို အခန်းငယ်တစ်ခုအတွင်းသို့ ခေါ်သွားကာ အဝတ်အစားဝတ်စေလိုက်၏။ ထို့နောက် ကျန်းရီက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“သွားကြစို့...”
“ချစ်စရာကောင်းတဲ့ ကောင်မလေး... မမ မင်းကို ဖက်လို့ရမလား”
ချမ်ချမ်သည် ပန်းရောင်ဝတ်စုံလေး ဝတ်ဆင်ထားသည့် နတ်သမီးလေးကဲ့သို့သော ရှောင်ဖေးကို မြင်လိုက်သောအခါ သူမ၏မိခင်စိတ်က ချက်ချင်း တိုးပွားလာပြီး ရှေ့သို့ တိုးသွားကာ ရှောင်ဖေးကို ဖက်လိုက်လေသည်။ သို့သော် ရှောင်ဖေးက ဖျတ်ခနဲ ရှောင်လိုက်ပြီး ကျန်းရီ၏ ရင်ခွင်ထဲသို့ တိုးဝင်သွား၏။ ထို့နောက် သူမသည် လူစိမ်းများကို ကြောက်သည့်ဟန်ဖြင့် ချမ်ချမ်ကို ရှက်ရွံ့စွာ ကြည့်နေလေသည်။
“ဟဲဟဲ...”
ကျန်းရီသည် အတန်ငယ် အိုးတိုးအန်းတန်း ဖြစ်သွားသဖြင့် ရှောင်ဖေး၏ ခေါင်းကို ချစ်ခင်စွာ ပွတ်သပ်လိုက်ပြီး ချမ်ချမ်ကို အားနာဟန် ခေါင်းဆတ်ပြလိုက်ကာ အပြင်သို့ လျှောက်သွားလေသည်။ ကျန်သူများအားလုံးလည်း အနောက်မှ လျင်မြန်စွာ လိုက်သွားပြီး ကောင်းကင်ထက်သို့ ပျံတက်လိုက်ကြ၏။ အနက်ရောင်နတ်ဘုရားက ကျန်းရီကို သယ်သွားရန် လုပ်သော်လည်း ကျန်းရှောင်နူက ကျန်းရီ၏လက်ကိုဆွဲကာ သူမ၏အမြန်ဆုံးအရှိန်ဖြင့် မြောက်ဘက်သို့ ဦးတည်ပျံသန်းသွားလေသည်။ သူမ၏အမြန်နှုန်းက ကောင်းကင်မြေခွေးမျိုးနွယ်မှ ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့် အကြီးအကဲများ၏ အမြန်နှုန်းထက် မနိမ့်ချေ။
မြောက်ဘက်သို့ ပျံသန်းရာ လမ်းတစ်လျှောက်တွင် ရှောင်ဖေးသည် ဆက်၍အာရုံခံ၏။ လေးနာရီကြာ ပျံသန်းပြီးနောက်တွင် ကျန်းရှောင်နူ ရပ်တန့်လိုက်လေသည်။ သူမ၏အင်အား တိုးတက်လာပြီးနောက်တွင် ပုံစံပြောင်းနိုင်သော အချိန်က ပိုကြာလာ၏။ သို့သော် သူမသည် ထိုပုံစံကို လေးနာရီကျော်ကျော်လောက်သာ ထိန်းထားနိုင်ပေသည်။ အကယ်၍ သူမသာ အတင်းဆက်ပျံသန်းပါက အလွန်အားအင်ကုန်ခမ်းသွားပေလိမ့်မည်။ ထို့ကြောင့် ကျန်းရီက သူမကို ဧကရာဇ်နန်းတော်ထဲသို့ ပို့လိုက်၏။ အနက်ရောင်နတ်ဘုရားသည် စကားများစွာ ပြောမနေတော့ဘဲ ကျန်းရီကို လက်တစ်ဘက်ဖြင့်သယ်ကာ ဆက်ပျံသန်းလိုက်လေသည်။
ဆယ့်နှစ်နာရီကြာပျံသန်းပြီးနောက် အားလုံး သံသယဖြစ်လာ၏။ သူတို့သည် မိုင်ပေါင်း သန်းဆယ်နှင့်ချီကာ ဖြတ်ကျော်ခဲ့ပြီးပေပြီ။ သို့သော် သူတို့ ရှောင်ဖေးကို မေးလိုက်တိုင်း သူမက မြောက်ဘက်ကိုသာ ဆက်၍ ညွှန်ပြနေပေသည်။ ကောင်းကင်က မှောင်လာပေပြီ။ အနက်ရောင်နတ်ဘုရားနှင့် ချမ်ချမ်တို့က စိတ်မရှိသော်လည်း မြေခွေးဖြူမျိုးနွယ်မှ အကြီးအကဲများက မျက်နှာပျက်လာပြီဖြစ်သည်။
နောက်ထပ်တစ်နာရီ ပျံသန်းပြီးနောက် အကြီးအကဲတစ်ယောက်သည် မနေနိုင်တော့ဘဲ မေးလိုက်၏။
“ဧကရီနဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်တို့ခင်ဗျာ... ရှေ့ဆက်သွားရင် မြေခွေးနက်မျိုးနွယ်ရဲ့ ပိုက်နက်ထဲကို ရောက်ပါတော့မယ်။ ရှောင်ဖေး မှားနေတာ မဖြစ်နိုင်ဘူးလား။ ကျွန်တော်တို့ မြေခွေးဖြူမျိုးနွယ်နဲ့ မြေခွေးနက်မျိုးနွယ်က အမြဲ ရန်လိုနေခဲ့ကြတာမလား။ မြေခွေးဖြူမျိုးနွယ်က မျိုးနွယ်ဝင်တစ်ယောက်က မြေခွေးနက်မျိုးနွယ်ရဲ့ ပိုင်နက်ထဲမှာ ပုန်းအောင်းနေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ ဆက်ပျံသန်းလို့ မဖြစ်ဘူး... မဟုတ်ရင် အန္တရာယ်များလိမ့်မယ်”
“ရှောင်ဖေး မမှားပါဘူး”
ရှောင်ဖေးက သူမ၏လက်ကလေးကို ဆုပ်၍ ပြောလိုက်သည်။
“အမေ့ရဲ့ အရှိန်အဝါက ပိုပြီးသိပ်သည်းလာပြီ။ အဲ့ဘက်မှာ အမေရှိတယ်ဆိုတာ ရှောင်ဖေး သေချာတယ်”
“အန်...”
ကျန်းရီနှင့် ထို့ပါချင်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့ မျက်နှာပျက်နေကြ၏။ မိစ္ဆာဧကရီက မြေခွေးဖြူမျိုးနွယ်ဖြစ်သည်။ အဘယ်ကြောင့် သူမသည် မြေခွေးနက်မျိုးနွယ်၏ ပိုင်နက်အတွင်းသို့ သွားရသနည်း။ သူမ အဖမ်းခံခဲ့ရခြင်းလော။
“ဖြစ်နိုင်ခြေများတယ်...”
ကျန်းရီသည် အဘယ်ကြောင့် မိစ္ဆာဧကရီက ငါးနှစ်လုံးလုံး ပြန်မပေါ်လာရသည့် အကြောင်းကို တွေးလိုက်၏။ အကယ်၍ သူမသာ အဖမ်းခံထားရပြီး ကျွန်တစ်ယောက် ဖြစ်နေလျှင် ထိုအကြောင်းကို ရှင်းပြပြီး ဖြစ်သွားပေလိမ့်မည်။
“သွားကြစို့...”
အနက်ရောင်နတ်ဘုရားက အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ သို့သော် ထို့ပါချင်က အတန်ငယ် တွန့်ဆုတ်နေ၏။
“အရှင်အနက်ရောင်နတ်ဘုရား... အဲ့ကိုမသွားခင် အရင်ဆုံး စစ်ကူနည်းနည်းလောက် ခေါ်လိုက်ရင် မကောင်းဘူးလား။ ကျွန်မ မြေခွေးပြာမျိုးနွယ်က ဧကရာဇ်ကို သတင်းပို့ပြီး စစ်ကူ တောင်းလို့ရပါတယ်။ ပြီးမှ မြေခွေးနက်မျိုးနွယ်ကို သွားပြီးတော့ မိစ္ဆာဧကရီကို ပြန်ပေးဖို့ တောင်းဆိုတာပေါ့။ မြေခွေးနက်မျိုးနွယ်က စွမ်းအားကြီးတယ်... ပြီးတော့ သူတို့မျိုးနွယ်မှာ မိစ္ဆာအရှင်သုံးပါး ရှိတယ်။ သူတို့က ကျွန်မတို့ မျိုးနွယ်နှစ်ခုကို ဖိနှိပ်၊ တိုက်ခိုက်နေခဲ့တာ။ ကျွန်မတို့မျိုးနွယ်နှစ်ခုသာ မပူးပေါင်းထားရင် သူတို့က ကျွန်မတို့ကို ရှင်းပစ်လောက်ပြီးပြီ။ ကျွန်မတို့ရဲ့ လက်ရှိအရေအတွက်နဲ့ဆိုရင်...”
“ဟွန်း...”
အနက်ရောင်နတ်ဘုရား၏ မျက်နှာထားက အေးစက်သွား၏။ သူ ထို့ပါချင်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“ထို့ပါချင်... ဒီအရှင်က မင်းတို့ မြေခွေးဖြူမျိုးနွယ်တစ်ခုလုံးကို ရှင်းပစ်နိုင်တယ်ဆိုတာကို မင်းယုံလား။ မင်းက ဒီအရှင်ကို အဲ့လို လှည့်ကွက်မျိုးလေးတွေ သုံးပြီး လှည့်စားရဲတယ်ပေါ့လေ။ မင်းတို့ရဲ့ စိတ်ဓာတ်က နိမ့်ကျလွန်းတယ်။ မင်းတို့ ပြန်သွားကြ... ငါတို့ဘာသာပဲ ဆက်သွားမယ်”
ထို့ပါချင်နှင့် အကြီးအကဲဆယ်ယောက် မျက်စိမျက်နှာပျက်သွားကြ၏။ ချမ်ချမ်က ကြားမှ ဝင်ပြောပေးလိုက်သည်။
“ဧကရီထို့ပါ... ဦးလေးဟေးက တိုက်ပွဲပေါင်း မရေမတွက်နိုင်အောင် တိုက်ခိုက်ခဲ့တဲ့သူပါ။ သူ့ကို အဲ့လိုသွားမလှည့်စားတာ ကောင်းလိမ့်မယ်။ မဟုတ်ရင် ဧကရီတို့ လိုချင်တဲ့ ရလဒ်ရဲ့ ပြောင်းပြန်ကို ရသွားလိမ့်မယ်”
ထို့ပါချင်သည် ရှက်ရွံ့သော မျက်နှာထားဖြင့် လျင်မြန်စွာ ဦးညွှတ်လိုက်ပြီး လက်ဆုပ်ကာ ပြောလိုက်၏။
“အရှင်အနက်ရောင်နတ်ဘုရားနဲ့ မင်းသမီးချမ်ချမ်... ကျေးဇူးပြုပြီး ဒေါသ လျှော့ကြပါ။ ထို့ပါချင် မှားမှန်းသိပါပြီ”
ရှောင်ဖေးသည် နားမလည်ဟန်ဖြင့် မျက်တောင်ပုတ်ခတ်နေ၏။ ကျန်းရီ၏ မျက်လုံးများထဲတွင် လှောင်ပြောင်သော အရိပ်အယောင်တစ်ခုလက်သွားသည်။ ထို့ပါချင်သည် အနက်ရောင်နတ်ဘုရား၏ အင်အားကို သိထားပြီးဖြစ်၏။ သူမသည် တမင် အနက်ရောင်နတ်ဘုရားကို မခံချင်အောင် ပြော၍ သူ မြေခွေးနက်မျိုးနွယ်ကို ရှင်းပစ်အောင် လုပ်လိုခြင်းပင်။ သို့သော် အနက်ရောင်နတ်ဘုရားသည် သူမ၏လှည့်ကွက်ကို ချက်ချင်း မြင်နိုင်လိမ့်မည်ဟု သူမ မထင်ထားလောက်ပေ။
“သွားကြစို့...”
အနက်ရောင်နတ်ဘုရားက အမိန့်ပေးလိုက်၏။ ထို့နောက်တွင် အားလုံးသည် သက်တန့်များကဲ့သို့ မြောက်ဘက်သို့ ပျံသွားပြီး ညကောင်းကင်တွင် လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။