မြေခွေးနက်ဧကရာဇ်
Vol. 62 Ch. 852
“ရန်သူ တိုက်ခိုက်နေပြီ”
“အင်အားကြီးရန်သူ ကျူးကျော်နေပြီ။ ဧကရာဇ်နဲ့ ခေါင်းဆောင်ဆီ သတင်းပို့ကြ”
“အဲ့ဒါ ထို့ပါချင်ပဲ”
“ထို့ပါချင်... အခုချက်ချင်း ရပ်လိုက်။ မဟုတ်ရင် မင်းကို ကျူးကျော်သူအဖြစ် သတ်မှတ်ပြီး အညှိအနှိုင်းမရှိ သတ်ပစ်မယ်”
ကျန်းရီတို့ မြေခွေးနက်မျိုးနွယ်၏ ပိုင်နက်အတွင်းသို့ ဆယ်မိုင်ခန့် ပျံဝင်ပြီးသွားသောအခါ ဧရာမတောင်တန်းတစ်ခုမှနေ၍ ကောင်းကင်ဧကရာဇ်တစ်ရာနီးပါး ပျံထွက်လာလေသည်။ သူတို့သည် အကြီးအကဲဆယ်ယောက်ကို ဦးဆောင်လာသည့် ထို့ပါချင်နှင့် အပြင်လူအနည်းငယ်တို့ကို မြင်လိုက်သောအခါ ချက်ချင်း အော်ပြောလိုက်ကြသည်။
အနက်ရောင်နတ်ဘုရား၏ အကျင့်စရိုက်က မည်သို့ ရှိသနည်း။
တောဘုရင်ခြင်္သေ့တစ်ကောင်က သိုးအုပ်တစ်အုပ်ထဲ ဝင်သွားလျှင် သိုးများပြောသည့် စကားများကို ကြောက်ပါမည်လော။ အနက်ရောင်နတ်ဘုရားသည် မတိုက်ခိုက်လိုက်ဘဲ သူ၏အရှိန်အဝါကိုသာ ထုတ်ပြ၍ အေးစက်စက် အော်ပြောလိုက်၏။
“မင်းတို့အားလုံး ထွက်သွားကြ”
“အာ...”
အနက်ရောင်နတ်ဘုရား၏ ကြီးမားသော မိစ္ဆာအရှိန်အဝါက မြေခွေးနက်မျိုးနွယ်မှ ကောင်းကင်ဧကရာဇ်များအားလုံးကို ကြောက်ရွံ့သွားစေလေသည်။ သူတို့သည် အစက တိုက်ခိုက်လိုကြသော်လည်း ယခုတွင် မလှုပ်ရှားဝံ့ကြတော့ပေ။ သို့သော် ငယ်ရွယ်ပုံပေါ်သော ကောင်းကင်ဧကရာဇ်အဆင့် မြေခွေးနက်တစ်ကောင်သည် အကြောက်တရားကြောင့်လော သို့မဟုတ် ငယ်ရွယ်တက်ကြွမှုကြောင့်လောမသိ အနက်ရောင်နတ်ဘုရားထံ အနက်ရောင်အလင်းတန်းတစ်တန်း ပစ်လွှတ်လိုက်လေသည်။ ထိုအလင်းတန်းတွင် လွန်စွာသိပ်သည်းသော ထူးဆန်းသည့်အရှိန်အဝါတစ်ခု ပါပေသည်။ ကျန်းရီသည် ထိုအရှိန်အဝါကို ချက်ချင်း အာရုံခံမိလိုက်၏။ ယင်းက ကောင်းကင်မြေခွေးမျိုးနွယ်၏ ထူးခြားသော ဖြားယောင်းမိစ္ဆာအတတ်ပင်။
“ဟွန်း...”
သိုးတစ်အုပ်က တောဘုရင်ခြင်္သေ့ကို အမှန်ပင် တိုက်ခိုက်ဝံ့သည်လော။ အနက်ရောင်နတ်ဘုရားသည် မျက်နှာသာမပေးလိုက်ပေ။ သူ နှာမှုတ်လိုက်ရာ ကောင်းကင်ထက်တွင် ဧရာမ နဂါးမြီးကြီး ထွက်ပေါ်လာပြီး ပြင်းထန်သော အရှိန်အဝါဖြင့် ရိုက်လိုက်လေသည်။ ကောင်းကင်ဧကရာဇ် ထုတ်လွှတ်လိုက်သော အနက်ရောင်အလင်းတန်းက ချက်ချင်း ပျောက်ကွယ်သွားသည်။ ထို့နောက်တွင် နဂါးမြီးကြီးသည် မြေခွေးနက် ကောင်းကင်ဧကရာဇ်တစ်စုကို ဆက်၍ ရိုက်လိုက်၏။ ကောင်းကင်ဧကရာဇ်(၆၀) ရုတ်ခြည်းအတွင်း သေဆုံးသွားလေသည်။ ကောင်းကင်ဧကရာဇ်တော်တော်များများသည် အသားပုံကြီးများ ဖြစ်သွားပြီး အလောင်းပင် မကျန်ခဲ့ကြချေ။
ဝုန်း...ဝုန်း...
ဧရာမတောင်တန်းကြီးတွင် အပေါက်ကြီးတစ်ပေါက် ဖြစ်သွား၏။ ကျယ်လောင်သော တုန်ဟည်းသံများကလည်း အရပ်မျက်နှာအနှံ့သို့ ပဲ့တင်ထပ်သွားသည်။ တောင်တန်းတစ်ခုလုံး မရပ်မနား တုန်ခါနေပြီး တောင်တန်းထဲတွင် ပုန်းအောင်းနေသော မရေမတွက်နိုင်သည့် အမြီးသုံးချောင်းမြေခွေးများနှင့် အမြီးလေးချောင်းမြေခွေးများကို စိုးရိမ်သွားစေလေသည်။ တစ်ချိန်တည်းမှာပင် အဝေးမှနေ၍ မြေခွေးနက်ကောင်းကင်ဧကရာ်များ ပျံသန်းလာကြသည်။
သံဖြင့် ပြုလုပ်ထားသည်ဟု ထင်ရသော ဧရာမနဂါးမြီးကြီးက ထပ်မံရိုက်လိုက်ရာ ထွက်ပြေးရန် ကြိုးစားနေသော မြေခွေးနက်ကောင်းကင်ဧကရာဇ်များ သေဆုံးသွားလေသည်။ အသက်ရှင်သူ တစ်ယောက်ပင် မကျန်ခဲ့ပေ။
“အရှင်အနက်ရောင်နတ်ဘုရားရဲ့ တိုက်ခိုက်စွမ်းအားက ပြိုင်ဘက်ကင်းပါတယ်။ ထို့ပါချင် လေးစားမိပါတယ်”
ထို့ပါချင်နှင့် အကြီးအကဲများသည် ထိုမြင်ကွင်းကြောင့် အံ့အားသင့်နေကြသည်။ ထို့ပါချင်သည်လည်း ထိုကောင်းကင်ဧကရာဇ်များကို ရှင်းပစ်နိုင်ပေသည်။ သို့သော် သူမသည် အနက်ရောင်နတ်ဘုရားကဲ့သို့ အလွယ်တကူ ရှင်းပစ်နိုင်လိမ့်မည် မဟုတ်ပေ။ အနက်ရောင်နတ်ဘုရား၏ အင်အားက အနည်းဆုံး သူမထက် တစ်ဆင့်ပိုမြင့်လောက်ပေသည်။
အနက်ရောင်နတ်ဘုရားသည် ကျန်းရီကိုခေါ်၍ မျက်နှာသေဖြင့် ဆက်ပျံသန်းသွား၏။ သူ၏အရှိန်အဝါကလည်း ပြင်းထန်စွာ စီးထွက်နေသည်။ ထို့နောက်တွင် သူသည် အဝေးမှပျံသန်းလာသော မြေခွေးနက်ကောင်းကင်ဧကရာဇ်များကို ကြည့်လိုက်ပြီး အေးစက်စက် အော်ပြောလိုက်သည်။
“ငါ့ကို တားတဲ့သူမှန်သမျှ သေရမယ်။ မင်းတို့ မြေခွေးနက်မျိုးနွယ်ရဲ့ ဧကရာဇ်ကို ဒီကို ခေါ်လာလိုက်။ မဟုတ်ရင် ဒီအရှင်က မင်းတို့ မျိုးနွယ်တစ်ခုလုံးကို ရှင်းပစ်လိုက်မယ်”
ဝုန်း...ဝုန်း...ဝုန်း...
ကောင်းကင်ကိုပင် တုန်ခါသွားစေသော အော်သံကြီးက မြေခွေးနက်ကောင်းကင်ဧကရာဇ်များ၏ မိစ္ဆာစွမ်းအင်များကို ဝရုန်းသုန်းကား ဖြစ်သွားစေလေသည်။ သူတို့သည် မှိုင်းတိုက်ခံလိုက်ရသော ယင်ကောင်များကဲ့သို့ အောက်ဘက်ရှိ တောင်တန်းပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားကြ၏။
ဝှစ်...
အနက်ရောင်နတ်ဘုရား၏ အမြန်နှုန်းက လွန်စွာလျင်မြန်၏။ ကျန်နေသေးသော မြေခွေးနက်ကောင်းကင်ဧကရာဇ်များသည် လမ်းရှင်းပေးလိုကြသော်လည်း အနက်ရောင်နတ်ဘုရားက သူတို့နားသို့ မျက်တောင်တစ်ခတ်အတွင်း ချဉ်းကပ်လာလေသည်။ သူတို့ မတုံ့ပြန်နိုင်သေးခင်မှာပင် နဂါးမြီးက ကောင်းကင်ကို ဖြတ်သန်းသွားပေပြီ။ ၎င်းသည် နတ်ဘုရားတစ်ပါး၏ နတ်ကြာပွတ်ကဲ့သို့ အရှိန်အဟုန်ဖြင့် ရိုက်ခတ်သွား၏။ အမြီးရိုက်ချက်ကို ခံလိုက်ရသူတိုင်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားကြသည်။ ယခုတွင် သွေးခင်းသော လမ်းတစ်ခု ပွင့်သွားပေပြီ။
ဝှစ်...
ချမ်ချမ်က နောက်မှ အမီလိုက်သွားသည်။ ထို့ပါချင်နှင့် အခြားသူများကလည်း လျင်မြန်စွာပျံသန်း၍ လိုက်လာကြသည်။ အကြီးအကဲဆယ်ယောက်သည် စိတ်ထဲမှ ကြိတ်ကျေနပ်နေကြ၏။ သို့သော် သူတို့ မလှုပ်ရှားလိုက်ကြပေ။ အစောတွင် အနက်ရောင်နတ်ဘုရားက သူတို့ကို သတိပေးထားပြီးဖြစ်သည်။ သူတို့သာ လှည့်ကွက်များ ထပ်သုံးပါက ရလဒ်က ပြောင်းပြန်ဖြစ်သွားပေလိမ့်မည်။ သူတို့သာ အနက်ရောင်နတ်ဘုရားကို ဒေါသထွက်စေမိပါက နောက်ဆက်တွဲရလဒ်သည် တွေးမကြည့်နိုင်လောက်အောင် ဖြစ်သွားပေလိမ့်မည်။
ဝှစ်...ဝှစ်...ဝှစ်...
တစ်ခဏမျှ ဆက်ပျံသန်းပြီးနောက် မြေခွေးနက်ကောင်းကင်ဧကရာဇ်များ ထပ်ရောက်လာ၏။ ထိုသူများထဲတွင် အဖွဲ့ခေါင်းဆောင်အနည်းငယ်လည်း ပါပေသည်။ သူတို့သည် အနက်ရောင်နတ်ဘုရားက သူတို့၏ မြေခွေးနက်များကို ရက်ရက်စက်စက် သတ်ပစ်ခဲ့ကြောင်း မြင်လိုက်သောအခါ ဒေါသချောင်းချောင်း ထွက်သွားကြလေသည်။ သူတို့သည် တုံ့ဆိုင်းမှုမရှိဘဲ တိုက်ခိုက်လိုက်ကြ၏။ သို့သော် အနက်ရောင်နတ်ဘုရား၏ အမြန်နှုန်းက အလွန်လျင်မြန်ပြီး တိုက်ခိုက်မှုများက အလွန်ပြင်းထန်ပေသည်။ ထို့ကြောင့် မြေခွေးနက်ဧကရာဇ်များသည် မတိုက်ခိုက်နိုင်ခင်မှာပင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားကြလေသည်။
ချမ်ချမ်သည် ဖျောင်းဖျရန် မကြိုးစားဘဲ အနက်ရောင်နတ်ဘုရားကို သတ်ဖြတ်ခွင့် ပြုထား၏။ မကြာသေးခင်က အောင်းလု ပြန်ရောက်လာသောအခါ မိစ္ဆာမျိုးနွယ်အားလုံး ဂုဏ်ပြုရန် ရောက်လာခဲ့ကြသည်။ သို့သော် ကောင်းကင်မြေခွေးနယ်မြေမှနေ၍ ထို့ပါချင်နှင့် မြေခွေးပြာမျိုးနွယ်ဪ ဧကရာဇ်တို့သာ ရောက်လာခဲ့သည်။ မြေခွေးနက်မျိုးနွယ်မှ ဧကရာဇ်သုံးပါးတွင် မည်သည့်အကြောင်းပြချက် ရှိသည်ဖြစ်စေ လာရောက်၍ ဂုဏ်မပြုခဲ့ခြင်းက မလေးမစား ပြုမူခြင်းသာ။ ထို့ကြောင့် အခွင့်အရေးကောင်းရခိုက်တွင် သူတို့ကို သင်ခန်းစာပေးရပေလိမ့်မည်။
ကျန်းရီ မည်သို့မှ ဝင်မပြောခြင်းကလည်း သဘာဝကျသည်။ မိစ္ဆာဧကရီသည် မြေခွေးနက်မျိုးနွယ်၏ ပိုင်နက်ထဲသို့ အကြောင်းမရှိဘဲ ရောက်နေခြင်း မဟုတ်လောက်ပေ။ သူမက မြေခွေးနက်မျိုးနွယ်၏ ဖမ်းဆီးမှုကို ခံခဲ့ရခြင်း ဖြစ်နိုင်ပေသည်။ ထို့ပြင် မြေခွေးနက်မျိုးနွယ်တွင် ဧကရာဇ်သုံးပါးရှိ၏။ အကယ်၍ သူတို့သာ ထိုဧကရာဇ်သုံးပါးကို သူတို့၏သိုင်းစွမ်းအားဖြင့် ကြောက်ရွံ့သွားအောင် မလုပ်နိုင်လျှင် အခြေအနေက ပိုဆိုးသွားနိုင်သည်။
သို့သော်...
ကျန်းရီ၏ ရင်ခွင်ထဲရှိ ရှောင်ဖေးသည် အတန်ငယ် ကြောက်ရွံ့နေသဖြင့် ကိုယ်ကိုပို၍ကျုံထားပြီး အကြည့်လွှဲထားလေသည်။ သူမ၏တစ်ကိုယ်လုံးလည်း တုန်ယင်နေပေသည်။
“အစ်ကိုကြီး... အမေက အရှေ့ဘက်မှာ၊ ဒီနေရာနဲ့ သိပ်မဝေးလောက်တော့ဘူး။ သူ့ရဲ့အရှိန်အဝါက တော်တော်လေးသိပ်သည်းလာပြီ”
နောက်ထပ်တစ်နာရီကြာ ဆက်ပျံသန်းပြီးနောက်၊ မရေမတွက်နိုင်သော မြေခွေးနက်ကောင်းကင်ဧကရာဇ်များကို သတ်ဖြတ်ပြီးနောက် ရှောင်ဖေးက ထပ်မံပြောလိုက်၏။ အနက်ရောင်နတ်ဘုရားက သူမကို ကြည့်လိုက်ပြီး အရှေ့ဘက်သို့ ဦးတည်ပျံသန်းသွားလိုက်လေသည်။ အရှေ့ဘက်တွင် ကြီးမားသော တောင်တန်းရှည်ကြီးတစ်ခုရှိ၏။ ကျန်းရီသည် ကောင်းကင်စိတ်အာရုံကိုသုံး၍ အာရုံခံလိုက်သော်လည်း တောင်တန်း၏အဆုံးကို အာရုံမခံမိချေ။
“ဘယ်သူတွေလဲ”
“ရပ်လိုက်ကြ... ဒီနေရာက ကန့်သတ်နေရာပဲ။ ဒီနေရာကို ကျူးကျော်တဲ့သူမှန်သမျှ ညှာတာမှုမရှိ သတ်ပစ်ခံရမယ်”
“ရန်သူတွေ တိုက်ခိုက်နေပြီ...”
ကျန်းရီတို့ တောင်တန်းအနီးသို့ မရောက်သေးခင်မှာပင် မြေခွေးနက်ကောင်းကင်ဧကရာဇ် နှစ်ထောင်ကျော် ပျံထွက်လာသည်။ သူတို့သည် အစောင့်တပ်ဖွဲ့ ဖြစ်ပုံရ၏။ ကျန်းရီသည် ထိုအဖွဲ့ထဲတွင် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ် တစ်ရာနီးပါး ပါကြောင်း အာရုံခံမိလိုက်သည်။
“ကောင်လေး၊ ချမ်ချမ်... ငါ့နောက်က လိုက်ခဲ့ကြ။ ထို့ပါချင်... မင်းတို့အကုန်လုံးက သူတို့ကို ကောင်းကောင်းကာကွယ်ကြ”
အနက်ရောင်နတ်ဘုရားသည် အရှေ့တွင် သတ်ဖြတ်ခဲ့မှုများကြောင့် သွေးကြွနေပေပြီ။ သူသည် ကျန်းရီကို လွှတ်လိုက်ပြီး တောင်တန်းဆီသို့ သက်တန့်တစ်စင်းအလား ပျံသန်းသွားလေသည်။ ထို့ပါချင်နှင့် အကြီးအကဲများသည် လျင်မြန်စွာ ပျံသန်းလိုက်ပြီး ကျန်းရီနှင့် ချမ်ချမ်တို့ကို ဝန်းရံလိုက်၏။ ထို့နောက်တွင် သူတို့အားလုံး အနက်ရောင်နတ်ဘုရားနောက်သို့ ပျံလိုက်သွားကြသည်။
ဝှစ်...ဝှစ်...ဝှစ်...ဝှစ်...
ကောင်းကင်ဧကရာဇ်နှစ်ထောင်ကျော်က တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြသည်။ အနက်ရောင်အလင်းတန်းနှစ်ထောင်ကျော် ပျံထွက်လာလေသည်။ အနက်ရောင်နတ်ဘုရားသည် တိုက်ခိုက်မှုအားလုံးကို လျစ်လျူရှုလိုက်ပြီး သူ၏နဂါးမြီးဖြင့် ရိုက်လိုက်၏။ သို့သော် ဤတစ်ကြိမ်တွင် အမြီးက ယခင်ကထက် နှစ်ဆပိုကြီးနေပေသည်။ နတ်ကြာပွတ်ကဲ့သို့သော နဂါးမြီးကြောင့် အနက်ရောင်အလင်းတန်းများအားလုံး ချက်ချင်း ပျက်စီးသွား၏။
ရွှီး...
ထို့ပါချင်ကလည်း လှုပ်ရှားလိုက်၏။ သို့သော် သူမက တိုက်ခိုက်လိုက်ခြင်းမဟုတ်ဘဲ အဖြူရောင်အလင်းတန်းများ အဆက်မပြတ်ထုတ်လွှတ်၍ ပတ်ဝန်းကျင်ကို ကာရံလိုက်ခြင်းဖြစ်သည်။ ထိုအဖြူရောင်အလင်းတန်းများသည် အားလုံးကို မြွေဖြူများကဲ့သို့ ရစ်ပတ်သွားပြီး အနက်ရောင်အလင်းတန်းများကို ကာရံပေးလိုက်လေသည်။ အနက်ရောင်အလင်းတန်းများသည် အဖြူရောင်အလင်းတန်းလွှာကို ထိမှန်သွားသောအခါ ပင်လယ်ထဲရောက်သွားသော ရွံ့များကဲ့သို့ ပျောက်ကွယ်သွားကြ၏။
ဝုန်း...ဝုန်း...ဝုန်း...
အနက်ရောင်နတ်ဘုရားက စိတ်ကြိုက် သတ်ဖြတ်နေပေပြီ။ သူသည် တုံ့ဆိုင်းမှုမရှိဘဲ တိုက်ခိုက်နေပြီး ကောင်းကင်ဧကရာဇ်နှစ်ထောင်ကျော်ကြားသို့ တိုးဝင်သွား၏။ သူ၏နဂါးမြီးကြီးကလည်း လျှပ်စီးအရှိန်ဖြင့် ရိုက်ခတ်နေလေသည်။ သူ အမြီးတစ်ချက်ရိုက်လိုက်တိုင်း ကောင်းကင်ဧကရာဇ်တစ်ရာနီးပါး သေဆုံးသွားသည်။ တစ်ချက်တိုက်ခိုက်လိုက်တိုင်း တောင်တန်းပေါ်တွင် အက်ကြောင်းကြီးများ ထင်သွားလေသည်။ တောင်တန်းနေရာတော်တော်များများလည်း ပျက်စီးနေပေပြီ။ ဖုန်မှုန့်များ တထောင်းထောင်းထနေပြီး တုန်ဟည်းသံကြီးများ ပဲ့တင်ထပ်နေသည်။ တောင်ပြိုရာမှ ထွက်ပေါ်လာသော ကျောက်ခဲ၊ မြေခဲ အပိုင်းအစများကလည်း အရပ်မျက်နှာအနှံ့သို့ ပျံထွက်သွားကြသည်။
“အား...”
“ဧကရာဇ်ကို မြန်မြန် အကြောင်းကြားကြ။ အင်အားကြီးရန်သူတွေ နတ်ဘုရားကြောကို ကျူးကျော်နေပြီ”
“ဟေးရှင်း... မဟာအစီအရင်ကို မြန်မြန်သွားနှိုးလိုက်”
“မျိုးမစစ် သေစမ်း...”
မြေခွေးနက်ကောင်းကင်ဧကရာဇ်အုပ်စုများ အသတ်ခံနေရရာ အော်သံများ၊ ဟစ်သံများနှင့် ညည်းတွားသံများ ပဲ့တင်ထပ်နေပေသည်။ ထိုနေရာတစ်ခွင်လုံးသည် ငရဲကဲ့သို့ လုံးဝပရမ်းပတာ ဖြစ်နေ၏။
ရွှီး...
တောင်တန်းအလယ်မှနေ၍ အလင်းတန်းတစ်ခု တောက်ပလာပြီး အနက်ရောင်အကာအရံတစ်ခု ထွက်ပေါ်လာလေသည်။ ထိုအကာအရံက တောင်ထွတ်ဒါဇင်ကျော်ကို လွှမ်းခြုံသွား၏။ ယင်းအကာအရံတွင် ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ရှိပေသည်။ ဤကဲ့သို့ ခေါင်သည့်နေရာတစ်ခုတွင် ထိုသို့သော အစီအရင်တစ်ခုနှင့် ထောင်ကျော်သော ကောင်းကင်ဧကရာဇ်များ ရှိနေခြင်းကိုကြည့်လျှင် ဤနေရာက မြေခွေးနက်မျိုးနွယ်အတွက် အဖိုးတန်ကာ အရေးပါသော နေရာတစ်ခုဖြစ်ကြောင်း ထင်ရှားပေသည်။
“အမေက အထဲမှာပဲ”
ရှောင်ဖေးက ရုတ်တရက် စိတ်လှုပ်တရှား အော်ပြောလိုက်သည်။ သူမသည် မိစ္ဆာဧကရီ၏ အရှိန်အဝါကို အာရုံခံမိနေ၏။ ကျန်းရီကလည်း ချက်ချင်း အော်ပြောလိုက်သည်။
“အရှင်အနက်ရောင်နတ်ဘုရား... အစီအရင်ကို ဖျက်ဖို့ အရှင့်ကိုပဲ ဒုက္ခပေးရတော့မှာပဲ”
ရွှီ...ရွှီ...
ထိုအခိုက်တွင် မြောက်ဘက်ကောင်းကင်မှနေ၍ အလင်းပျောက်တစ်ခု လင်းလက်လာ၏။ ထိုအလင်းပျောက်သည် တဖြည်းဖြည်း ကြီးထွားလာပြီး နောက်ဆုံးတွင် ဟင်းလင်းပြင်ရှေးဟောင်းလမ်းကြောင်းတစ်ခု ထွက်ပေါ်လာလေသည်။ ထိုလမ်းကြောင်းမှနေ၍ တောင်တစ်လုံးကဲ့သို့ ကြီးမားလေးလံသော အရှိန်အဝါရှိသည့် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးနှစ်ယောက် ထွက်လာကြသည်။ သူတို့သည် ထို့ပါချင်ထက် အစွမ်းမနိမ့်သော ပညာရှင်များပင်။
အမျိုးသားပညာရှင်သည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း အော်ပြောလိုက်၏။
“ငါ့ရဲ့ မြေခွေးနက်ပြည်သူတွေကို သတ်ရဲတဲ့သူက ဘယ်သူလဲ။ အန်... ထို့ပါချင်လား။ သူက မင်းငှားလာတဲ့ စစ်ကူလား။ ဟွန်း... ဒီနေ့ ဒီဧကရာဇ်က မင်းတို့အားလုံးကို ဒီနေရာမှာ သတ်ပစ်မယ်။ အစီအရင် ဆင်ကြ...”
***