ငါ အိပ်မက် မက်နေတာလား
Vol. 62 Ch. 853
မြေခွေးနက်ဧကရာဇ်က အမိန့်ပေးလိုက်သည်နှင့် ဘေးမှ အမျိုးသမီးနှစ်ယောက်သည် သူ့ဘေးတစ်ဘက်တစ်ချက်စီတွင် ရုတ်ခြည်းနေရာယူလိုက်ကြသည်။ မြေခွေးနက်ဧကရာဇ်နှင့် အမျိုးသမီးများက အနက်ရောင်အလင်းတောက်ပလာ၏။ သူတို့သည် အစီအရင်တစ်မျိုး ဆင်နေပုံပေါ်၏။
“ဟွန်း...”
အနက်ရောင်နတ်ဘုရားသည် သူတို့ကို အေးစက်စက်ကြည့်လိုက်ပြီး လျစ်လျူရှုလိုက်၏။ ထို့နောက်တွင် သူသည် အဝေးရှိ တောင်တန်းမှ မဟာအစီအရင်ကို နဂါးမြီးဖြင့် ရိုက်ချလိုက်လေသည်။ ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာ၏။ တောင်များပတ်ပတ်လည်မှ အကာအရံက ပြင်းထန်စွာ တုန်ခါသွားပြီး ကြက်ဥခွံတစ်ခုကဲ့သို့ အက်ကွဲလာသည်။ သို့သော် ထိုမဟာအစီအရင်က အတော်လေး ခိုင်ခံ့၍ လုံးဝတော့ပျက်စီးမသွားသေးပေ။
“ချမ်ချမ်၊ ကျန်းရီ... ကယ်ရမယ့်သူကို သွားကယ်ပါ။ ထို့ပါချင်နဲ့ ငါက အဲ့သုံးယောက်ကို သွားသတ်မယ်။ ကျန်တဲ့ အကြီးအကဲဆယ်ယောက်က ချမ်ချမ်နဲ့ ကျန်းရီကို ကာကွယ်ပေးကြ”
အနက်ရောင်နတ်ဘုရားသည် ထိုသို့ပြောပြီးသည်နှင့် ကောင်းကင်ထက်ရှိ သုံးယောက်ထံသို့ ပျံသန်းသွားလေသည်။ ထို့ပါချင်က ဝမ်းမြောက်ဟန်ပေါ်သွား၏။ ထို့နောက်တွင် သူမသည် မိစ္ဆာစွမ်းအား ထုတ်ကာ ကောင်းကင်ထက်သို့ လျင်မြန်စွာ ပျံတက်သွားလိုက်သည်။ ချမ်ချမ်၏ ခန္ဓာကိုယ်ကလည်း အစိမ်းရောင်အလင်းတောက်ပလာပြီး သူမပတ်ပတ်လည်တွင် အစိမ်းရောင်ဒိုင်းကာတစ်ခု ထွက်ပေါ်လာသည်။ သူမ၏ အစိမ်းရောင်ဆံပင်များက လေထဲတွင် ဝဲလွင့်နေ၏။ ထို့နောက် သူမသည် လက်ထဲတွင် ထွက်ပေါ်လာသော အစိမ်းရောင်ကြာပွတ်ဖြင့် အရှေ့တွင် ကျန်နေသည့် မြေခွေးနက်ကောင်းကင်ဧကရာဇ် အနည်းငယ်ကို ရိုက်လိုက်လေသည်။
ရွှီး...
ကျန်းရီ၏ လက်ထဲတွင် ဧကရာဇ်နန်းတော် ထွက်ပေါ်လာသည်။ သူသည် မြေခွေးလေးကို အထဲသို့ ပို့လိုက်၏။ ထို့နောက်တွင် သူက လေပြင်းတစ်ချက်ကဲ့သို့ အရှေ့သို့ လျင်မြန်စွာ ပျံသန်းသွားလေသည်။ သူ့ပတ်ပတ်လည်တွင် မီးတိမ်သံချပ်ကာနှင့် နတ်ဘုရားဒိုင်း ထွက်ပေါ်လာ၏။ သူ့လက်ဘက်စီတွင် မီးနဂါးဓားနှင့် ဓားပျော့တို့ ထွက်ပေါ်လာသည်။ သူ့မျက်လုံးများကလည်း သတ်ဖြတ်လိုစိတ်ဖြင့် ရုတ်ခြည်း နီရဲသွားသည်။
ကျန်းရီသည် ဓားနှစ်ချောင်းဖြင့် တစ်ပြိုင်တည်း ခုတ်လိုက်၏။ ကြောက်မက်ဖွယ် အသံလှိုင်းများ ထွက်ပေါ်လာကာ အရှေ့သို့ ပျံ့နှံ့သွားလေသည်။ သူက နတ်ဘုရားအသံ ကောင်းကင်အတတ်ကို ထုတ်လွှတ်လိုက်ခြင်းဖြစ်သော်လည်း သက်ရောက်မှုအဝန်းအဝိုင်းကိုတော့ ကန့်သတ်ထားသည်။ မဟုတ်လျှင် ချမ်ချမ်နှင့် မြေခွေးဖြူမျိုးနွယ်မှ အကြီးအကဲဆယ်ယောက်က ၎င်းအသံများကို ခံနိုင်လိမ့်မည် မဟုတ်ချေ။
ဟီး...ဝူး...
ဆိုးဝါးသော တစ္ဆေအသံ ထွက်ပေါ်လာသည်။ ကျန်ရှိနေသေးသော မြေခွေးနက်ကောင်းကင်ဧကရာဇ် ရာကျော်ထဲမှ တော်တော်များများသည် သူတို့၏ခေါင်းများကို လက်ဖြင့်ဆုပ်ကိုင်၍ ကောင်းကင်ထက်မှ နာကျင်တကြီး ပြုတ်ကျသွားကြ၏။ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ် တစ်ဒါဇင်လောက်သာ အသံ၏ သက်ရောက်မှုကို တောင့်ခံနိုင်ပေသည်။ သို့သော် သူတို့သည်လည်း အခြားသူများကဲ့သို့ မသက်မသာ ခံစားနေရလေသည်။ သူတို့သည် အလွန်တိုက်ခိုက်ချင်နေကြသော်လည်း သူတို့၏ စိတ်ဝိညာဉ်များက နတ်ဘုရားအသံ ကောင်းကင်အတတ်နှင့် သတ်ဖြတ်အရှိန်အဝါတို့ကြောင့် အဆက်မပြတ် တုန်ယင်နေကြသဖြင့် မတိုက်ခိုက်နိုင် ဖြစ်နေကြသည်။
ဝှစ်...ဝှစ်...
ချမ်ချမ်သည် အသံလှိုင်းများက ဂယက်များကဲ့သို့ ပျံ့နှံ့လာသည်ကို တွေ့လိုက်သောအခါ ရပ်လိုက်ပြီး ထိုအသံလှိုင်းများ ရှိနေသော နေရာသို့ မသွားဝံ့တော့ပေ။ ထို့နောက် သူမ၏လက်ထဲရှိ ကြာပွတ်က ဆက်၍ ရှည်ထွက်လာပြီး အစိမ်းရောင်အလင်း တောက်ပလာလေသည်။ ၎င်းသည် အဆိပ်ပြင်းမြွေတစ်ကောင်ကဲ့သို့ အရှေ့သို့ တွန့်လိမ်ထွက်သွားပြီး အထွတ်အထိပ်အဆင့် မြေခွေးနက်ကောင်းကင်ဧကရာဇ်တစ်ပါး၏ လည်ပင်းကို အလွယ်တကူ ရစ်ပတ်လိုက်၏။ ပြီးနောက် သူမက ကြာပွတ်ကို ခပ်ဖွဖွ ဆွဲလိုက်ရာ မြေခွေးနက်ကောင်းကင်ဧကရာဇ်၏ ခေါင်းသည် ခန္ဓာကိုယ်မှ အလွယ်တကူ ပြုတ်ထွက်သွားသည်။ ထိုကြာပွတ်ပျော့က ဝိညာဉ်ချိတ်ဆက် မူလရတနာတစ်ခုကဲ့သို့ ထက်ရှပေသည်။
ဝုန်း...ဝုန်း...ဝုန်း...
ကောင်းကင်ထက်တွင် တိမ်များရစ်ဝဲသွားပြီး လေတိုက်ခတ်လာသည်။ ကောင်းကင်ကိုးဘုံ နတ်ဘုရားမိုးကြိုးတန်းများ ကျဆင်းလာ၏။ ၎င်းတို့အားလုံးက အထွတ်အထိပ်အဆင့် မြေခွေးနက်ကောင်းကင်ဧကရာဇ်များကို ပစ်မှတ်ထားနေသည်။ မြေခွေးနက်များသည် မိုးကြိုးတန်းများနှင့် ထိမှန်ခါနီးမှ သတိထားမိလိုက်ပြီး သူတို့ကိုယ်သူတို့ မြူခိုးနက်များဖြင့် ဝန်းရံလိုက်ကြ၏။ သို့သော် နတ်ဘုရားမိုးကြိုးတန်းများက မြူခိုးနက်များကို ချက်ချင်း ဖယ်ရှားပစ်လိုက်ပြီး သူတို့ကို ထိမှန်သွားကြလေသည်။ မြေခွေးနက်များ၏ ခန္ဓာကိုယ်များ မီးကျွမ်းသွား၏။ သူတို့သည် အသက်ရှင်နေသေးသော်လည်း အပြင်းအထန် ဒဏ်ရာရသွားကြပေသည်။
ဟာ...
မြေခွေးဖြူမျိုးနွယ်မှ အကြီးအကဲများသည် သူတို့မတိုက်ခိုက်ရသေးခင်မှာပင် ချမ်ချမ်နှင့် ကျန်းရီတို့က မျက်တောင်တစ်ခတ်အတွင်း အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များစွာကို သတ်လိုက်သည်ကို မြင်လိုက်သောအခါ အံ့ဩတကြီး ပင့်သက်ရှိုက်လိုက်ကြလေသည်။ သူတို့သည် ထိုနှစ်ယောက်က ကျောထောက်နောက်ခံကောင်းသော်လည်း အားနည်းကြသည်ဟု ထင်ခဲ့ကြ၏။ သို့သော် ထိုနှစ်ယောက်က သူတို့ထက်ပင် ပိုစွမ်းအားကြီးနေပေသည်။ ထို့ကြောင့် အကြီးအကဲဆယ်ယောက်သည် မတိုက်ခိုက်ကြတော့ဘဲ ကျန်းရီနှင့် ချမ်ချမ်တို့၏နောက်တွင် နှစ်တန်းခွဲရပ်၍သာ သူတို့ကို ကာကွယ်ပေးနေကြသည်။
ဝုန်း...ဝုန်း...ဝုန်း...
မြင့်မားသော ကောင်းကင်ထက်တွင် အနက်ရောင်နတ်ဘုရား၊ ထို့ပါချင်နှင့် မြေခွေးနက်ဧကရာဇ်(ဧကရီ)သုံးပါးတို့ စတင် တိုက်ခိုက်နေကြပေပြီ။ ထိုတိုက်ခိုက်မှုက ပို၍ပင် ကြောက်မက်ဖွယ်ကောင်း၏။ ကျန်းရီတို့သည် ပေါက်ကွဲသံများကို ကြားလိုက်သောအခါ နောက်သို့ လှည့်ကြည့်လိုက်ကြ၏။ သူတို့အားလုံး မျက်နှာထား ပြောင်းသွားကြသည်။
အနက်ရောင်နတ်ဘုရားတို့ ငါးယောက်၏ အရိပ်အယောင်ကို မတွေ့ရပေ။ သူတို့သည် ဟိုတစ်စ၊ ဒီတစ်စ စုတ်ပြဲနေသော အာကာပြင်ကိုသာ တွေ့လိုက်ရလေသည်။ ကြောက်မက်ဖွယ် တိုက်ခိုက်မှုများက ပြင်းထန်သော လှိုင်းလုံးကြီးများကဲ့သို့ ဦးတည်လာရာ သူတို့အားလုံး ပြုတ်ကျသွားကြ၏။
ဝုန်း...ဝုန်း...ဝုန်း...
ကျန်းရီနှင့် ချမ်ချမ်တို့သည် တောင်တစ်လုံးနှင့် သွားဆောင့်၏။ သူတို့၏ ဒိုင်းများကလည်း တစ်ချိန်တည်း ပျက်စီးသွားသည်။ သို့သော် ချမ်ချမ်က ကိုယ်ပေါ်တွင် လှပသော မြစိမ်းချပ်ဝတ်တစ်ခုကို ဝတ်ဆင်ထား၍ တော်သေးသည်။ ၎င်းသည် သင်္ကေတပုံသဏ္ဌာန်များ တောက်ပနေသဖြင့် ဝိညာဉ်ချိတ်ဆက် မူလရတနာတစ်ခုဖြစ်ကြောင်း ထင်ရှား၏။ ကျန်းရီသည်လည်း မီးတိမ်သံချပ်ကာ၏ ကာကွယ်ပေးမှုကြောင့် မထိခိုက်သွားပေ။
ဝှစ်...
ကျန်းရီတို့သည် ကောင်းကင်ထဲမှ တိုက်ပွဲကို အရေးမစိုက်တော့ပေ။ ကျန်းရီသည် ထိုတိုက်ပွဲကို ကြည့်ပင် မကြည့်လိုက်တော့ချေ။ သူသည် မိစ္ဆာဧကရီကို တတ်နိုင်သမျှ မြန်မြန်ကယ်ရပေလိမ့်မည်။ အကယ်၍ တစ်ခုခု မှားယွင်းသွားလျှင် သူက ကောင်းကင်ရှောင်တိမ်းခြင်းဖြင့် ထွက်ပြေးနိုင်သည်။ မိစ္ဆာအရှင်များကြားမှ တိုက်ပွဲက လွန်စွာ ကြောက်မက်ဖွယ်ကောင်းပေရာ သူ့အဆင့်နှင့် ဝင်ပါရန် မဖြစ်နိုင်ပေ။
ဝူး...ဝူး...
ကျန်းရီသည် ကောင်းကင်ထက်သို့ ထပ်ပျံတက်သွားပြီး ကောင်းကင်စိတ်အာရုံဖြင့် ကျန်နေသေးသော မြေခွေးနက်ကောင်းကင်ဧကရာဇ်ရှစ်ပါး၏ တည်နေရာကို အာရုံခံကာ နတ်ဘုရားအသံ ကောင်းကင်အတတ်ကို ထုတ်လွှတ်လိုက်လေသည်။ ထို့နောက်တွင် သူက မိုးကြိုးအမျက်ကို ဆက်၍ထုတ်လွှတ်လိုက်၏။ သူသည် တန်ပြန်ဒဏ်ခံရမည်ကို အရေးစိုက်မနေနိုင်တော့ပေ။ သူ၏ ဦးစားပေးမှာ သတ်ဖြတ်ရန် ဖြစ်နေပေပြီ။
“သတ်ကြ...”
ချမ်ချမ်ကလည်း ကောင်းကင်ထက်သို့ ပျံတက်လာ၏။ သူမ၏ အစိမ်းရောင် ကြာပွတ်ပျော့က မရဏနတ်ဘုရား၏ ဝိညာဉ်ချိတ်ကြာပွတ်ကဲ့သို့ အရှေ့သို့ ထိုးထွက်သွားလေသည်။ ပျံထွက်လာသော ကောင်းကင်ဧကရာဇ်များသည် ချက်ချင်းပင် ကြာပွတ်ပျော့၏ ရစ်ပတ်မှုကို ခံလိုက်ရ၏။ ထို့နောက်တွင် သူတို့၏ခေါင်းများ မြေပေါ်သို့ ပြုတ်ကျသွားကြလေသည်။ ထိုကြာပွတ်ပျော့က ကြောက်မက်ဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးပေသည်။
ဝုန်း...ဝုန်း...ဝုန်း...
နတ်ဘုရားမိုးကြိုးတန်းများ ကျဆင်းလာပြီး ကျန်နေသေးသော အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များကို ပြင်းထန်စွာ ဒဏ်ရာရသွားစေလေသည်။ ကျန်းရီသည် သူ့နောက်မှ မြေခွေးဖြူအကြီးအကဲများကို အော်ပြောလိုက်၏။
“ကျန်နေသေးတဲ့ မြေခွေးနက်ကောင်းကင်ဧကရာဇ်တွေ အကုန်လုံးကို သတ်ကြ။ ချမ်ချမ်... ငါ့ကို ကာကွယ်ပေးပါ။ ငါ အစီအရင်ကို ဖောက်ဝင်မယ်”
“ကောင်းပြီ”
အကြီးအကဲဆယ်ယောက်သည် အဖြူရောင်အလင်းတန်းဆယ်ခုအဖြစ် ပြောင်းလဲသွားပြီး အရှေ့သို့ ပျံသန်းသွားကြ၏။ သူတို့အားလုံးသည် အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ် ပညာရှင်များ ဖြစ်ကြသည်။ သူတို့အတွက် အဆင့်နိမ့် ကောင်းကင်ဧကရာဇ်များကို သတ်ရန်မှာ လွယ်ကူပေသည်။ ချမ်ချမ်က ကျန်းရီအနားသို့ ပျံသန်းသွားပြီး သူ့ကို အခြားသူများ မတိုက်ခိုက်အောင် ကာကွယ်ပေးလိုက်သည်။
ရှဲ...ရှဲ...
ကျန်းရီသည် နတ်ဘုရားအသံ ကောင်းကင်အတတ်ကို ဆက်မထုတ်လွှတ်တော့ဘဲ မိုးကြိုးအမျက်ပေါ်တွင်သာ အာရုံစိုက်လိုက်၏။ မိုးကြိုးတန်းများသည် အရှေ့ရှိ အစီအရင်ပေါ်သို့ ထပ်ခါထပ်ခါ ကျဆင်းလာ၏။ မဟာအစီအရင်သည် အနက်ရောင်နတ်ဘုရား၏ တိုက်ခိုက်မှုများကို ခံထားရသဖြင့် ပျက်စီးခါနီးနေပြီဖြစ်သည်။ ယခု ကျန်းရီ၏ နတ်ဘုရားမိုးကြိုးတန်းများကို အဆက်မပြတ် ခံနေရသောအခါ အက်ကြောင်းများ ပိုထင်လာလေသည်။ ၎င်းက အချိန်မရွေး ပျက်စီးသွားပေတော့မည်။
ဝုန်း...ဝုန်း...ဝုန်း...
ကောင်းကင်ထက်တွင် ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာပြီး အာကာပြင် အက်ကြောင်းများ ထွက်ပေါ်လာလေသည်။ ထို့ပြင် အာကာပြင်တွင် တွန့်ခေါက်နေသော နေရာများ ရှိနေ၏။ အနက်ရောင်နတ်ဘုရား၏ နဂါးမြီးကြီးသည်လည်း အဆက်မပြတ် ရိုက်ခတ်နေသည်။ ထို့ပါချင်ကလည်း ကြောက်မက်ဖွယ် အဖြူရောင်အလင်းတန်းများကို မပြတ်ထုတ်လွှတ်နေ၏။ ထိုအလင်းတန်းများက မြေခွေးနက်ဧကရာဇ်(ဧကရီ)သုံးပါးတို့၏ အနက်ရောင်အလင်းတန်းများနှင့် အကြိမ်ကြိမ် ထိတိုက်သွားသည်။ ကြောက်မက်ဖွယ် အဟုန်လှိုင်းများက တောင်များကို တုန်ခါစေနေပေသည်။ မကြာခဏဆိုသလို အလင်းတန်းများသည် အောက်ဘက်ရှိ တောင်များကို သွားရောက်ထိမှန်ကြ၏။ ထို့ကြောင့် မီတာရာကျော်မြင့်သော တောင်များ ပေါက်ကွဲသွားကြသည်။ လေထဲတွင် ဖုန်မှုန့်များ၊ မီးခိုးများ၊ ကျောက်တုံးအပိုင်းအစများဖြင့် ပြည့်နှက်နေလေသည်။ နေရာအနှံ့တွင် အပျက်အစီးများ ရှိနေပြီး မြင်ကွင်းက အလွန်ဆိုးဝါးနေပေသည်။
“ဟွန်း... မင်းတို့အစွမ်းက ဒီလောက်ပဲလား”
အနက်ရောင်နတ်ဘုရား၏ အေးစက်စက်အသံ ထွက်ပေါ်လာ၏။ သူတို့အောက်မှ ကောင်းကင်ဧကရာဇ်များသည် သူတို့ကို မမြင်ရပေ။ သို့သော် သူတို့ အနက်ရောင်နတ်ဘုရား၏ အသံကို ကြားပြီးနောက်တွင် မြေခွေးနက်ဧကရီတစ်ပါးသည် နဂါးအမြီးရိုက်ချက်ကြောင့် တောင်တစ်လုံးပေါ်သို့ ပြုတ်ကျလာသည်ကို တွေ့လိုက်ရလေသည်။ တောင်ပေါ်တွင် မီတာသုံးရာကျယ်သော တွင်းကြီးတစ်တွင်း ဖြစ်သွား၏။ တွင်းက နက်လှသဖြင့် အောက်ခြေကို မမြင်နိုင်ပေ။ ထိုဧကရီသည် တွင်းအောက်ခြေတွင် ရှိနေပေသည်။
“အား... ဟေးကျီ၊ ငါ မင်းတို့အကုန်လုံးကို သတ်ပစ်မယ်”
ကျယ်လောင်သောအသံတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံတွင် ဒေါသများ၊ စိုးရိမ်မှုများနှင့် ပြည့်နှက်နေပေသည်။ ထိုဧကရီက သေလျှင်သေ၊ မသေလျှင် အပြင်းအထန် ဒဏ်ရာရသွားမည်ဖြစ်ကြောင်း သိသာ၏။ ထိုစဉ် ထို့ပါချင်က လှောင်ကာ ပြောလိုက်သည်။
“ဟေးဟူ... ရှင်တို့ မြေခွေးနက်မျိုးနွယ်က မတရားမှုတွေ အများကြီးလုပ်ခဲ့တယ်။ ဒီနေ့က ရှင်တို့သုံးယောက်စလုံး သေရမယ့်နေ့ပဲ”
ထို့နောက် အနက်ရောင်နတ်ဘုရား၏ အသံ ထပ်မံထွက်ပေါ်လာသည်။
“မင်းတို့အဆင့်နဲ့ နောက်ထပ်အကူအညီတွေ သွားခေါ်လာရင်တောင် ငါ မင်းတို့အကုန်လုံးကို သတ်ပစ်နိုင်တယ်။ ပုရွက်ဆိတ်တွေက ဘယ်လိုတောင် ကောင်းကင်ကို လှုပ်ခါဖို့ အိပ်မက် မက်ရဲကြတာလဲ”
ဝုန်း...
နောက်ဆုံးတွင် တောင်တန်းအလယ်ရှိ မဟာအစီအရင်က ပျက်စီးသွားပေပြီ။ ကျန်းရီသည် အထဲသို့ ကောင်းကင်စိတ်အာရုံ ချက်ချင်း ပို့လွှတ်လိုက်၏။ မကြာခင်မှာပင် သူသည် တူးဖော်တွင်းတစ်တွင်းထဲတွင် ရင်းနှီးသည့်အရှိန်အဝါတစ်ခုကို အာရုံခံမိလိုက်လေသည်။ သူသည် ထိုသို့အာရုံခံမိပြီးနောက် ချက်ချင်း မျက်နှာပျက်သွားသည်။
တောင်အောက်တွင် သတ္တုကြောတစ်ခုရှိနေပြီး သတ္တုတွင်းများ၊ တွင်းတူးကျွန်များ မရေမတွက်နိုင်အောင် ရှိနေလေသည်။ ကျွန်များသည် လူပုံစံပြောင်းထားသော ကောင်းကင်ဧကရာဇ်အဆင့် မြေခွေးများပင်။ သူတို့ထဲမှ တစ်ဝက်လောက်သည် မြေခွေးဖြူများနှင့် မြေခွေးပြာများဖြစ်ကြ၏။ တွင်းတူးကျွန်များ၏ မိစ္ဆာဗဟိုချက်များက ငြိမ်သက်နေကြသည်။ သူတို့၏ ကျင့်ကြံခြင်းများ ဖျက်ဆီးခံထားရကြောင်း ထင်ရှားပေသည်။ မြေခွေးဖြူများနှင့် မြေခွေးပြာများသည် အမွေးချွတ်ခံထားရပြီး ကိုယ်ပေါ်တွင် ဒဏ်ရာများစွာ ရှိနေကြ၏။ ကျန်ကောင်းကင်ဧကရာဇ်များသည်လည်း တစ်ကိုယ်လုံး ဒဏ်ရာများနှင့် ပြည့်နှက်နေကြသည်။ သူတို့၏ မျက်လုံးများက မှေးမှိန်ကာ အသက်ကင်းမဲ့နေကြလေသည်။
ထိုကျွန်များကြားထဲတွင် မိစ္ဆာဧကရီ ရှိနေ၏။ သူမသည် အတိတ်ကလို ချောမောမနေတော့ပေ။ ယခုတွင် သူမသည် အဘွားအိုတစ်ယောက်ကဲ့သို့ ဖြစ်နေပေပြီ။ သူမ၏ခန္ဓာကိုယ်နှင့် မျက်နှာပေါ်တွင် အကျည်းတန်သော အမာရွတ်များ ဖုံးလွှမ်းနေသည်။ သူမ၏ ခြေတစ်ဘက်ကလည်း ဆာနေပြီး သွေးများပေနေသည်။ ရုတ်တရက် သူမသည် ကောင်းကင်ထက်သို့ နားမလည်နိုင်ဟန်ဖြင့် မော့ကြည့်လိုက်၏။
ကျန်းရီသည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ ရင်ထဲတွင် ဆို့နင့်သွားပြီး အော်ပြောလိုက်၏။
“မိစ္ဆာဧကရီ... ကျန်းရီပါ...”
မိစ္ဆာဧကရီတစ်ယောက် ပို၍ပင် နားမလည်နိုင်ဟန် ဖြစ်သွား၏။ သူမသည် ကျန်းရီကို စိုက်ကြည့်နေရင်းမှ ရုတ်တရက် မျက်လုံးများ အရောင်လက်သွားလေသည်။ ထို့နောက် သူမသည် မယုံနိုင်ဟန်ဖြင့် တုန်တုန်ယင်ယင်၊ အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်၏။
“ကျန်း..ကျန်းရီလား။ မင်းက တကယ်ပဲ ကျန်းရီလား... ကောင်းကင်ကြယ်တာရာနယ်မြေက ကျန်းရီလား။ ငါ အိပ်မက် မက်နေတာလား”
***