စစ်ကူများ
Vol. 62 Ch. 854
မိစ္ဆာဧကရီ၏ ဘဝက ခက်ခဲကြမ်းတမ်းခဲ့၏။ အတိတ်တွင် သူမသည် သေမည့်ဘေးမှ သီသီလေး လွတ်မြောက်ခဲ့သည်။ ထို့နောက်တွင် သူမသည် ကောင်းကင်ကြယ်တာရာနယ်မြေမှနေ၍ ကောင်းကင်မြေခွေးနယ်မြေသို့ ပြန်ခဲ့၏။ သူမ ကောင်းကင်မြေခွေးနယ်မြေသို့ ပြန်လာနိုင်ခဲ့ခြင်းမှာ သူမသည် မိစ္ဆာမျိုးနွယ်မှဖြစ်၍ စွမ်းအားကြီးမိစ္ဆာများက သူမကို မတိုက်ခိုက်ကြ၍ဖြစ်သည်။ ထို့ပြင် သူမက သွေးညအကြောက်တရားပင်လယ်တွင် အလယ်အလတ်အဆင့် မိစ္ဆာဧကရီအဖြစ် အောင်အောင်မြင်မြင် အဆင့်တက်နိုင်ခဲ့၍လည်း ပါ၏။ မဟုတ်လျှင် သူမသည် လမ်းတစ်ဝက်မှာပင် အသက်ဆုံးရှုံးသွားမည်ဖြစ်သည်။
မိစ္ဆာဧကရီသည် ကောင်းကင်မြေခွေးနယ်မြေသို့ ပြန်ရောက်လာပြီးနောက် လက်စားချေရန် ချက်ချင်း စတင်ပြင်ဆင်ခဲ့၏။ သို့သော် သူမတို့မျိုးရိုးစုကို ဖျက်ဆီးခဲ့သော မျိုးရိုးစုက ပြီးခဲ့သောနှစ်(၂၀၀၀)အတွင်း ပါရမီရှင်များစွာကို ပျိုးထောင်ထားပြီး ဆယ်ဆပိုကြီးမားနေလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။ သူမ၏ ရန်သူများဘက်တွင် သာမန် မိစ္ဆာဧကရာဇ်တစ်ဒါဇင်ကျော် ရှိနေပြီး အလယ်အလတ်အဆင့် မိစ္ဆာဧကရာဇ်သုံးပါး ရှိနေပေသည်။ ထို့ကြောင့် သူမ တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီး အပြင်းအထန် ဒဏ်ရာရသွားခဲ့လေသည်။
မိစ္ဆာဧကရီသည် လိုက်လံဖမ်းဆီးခြင်းကိုလည်း ခံခဲ့ရ၏။ သူမသည် အထီးကျန် အရှေ့ပိုင်းပင်လယ်တွင် သားရဲဒီရေကြောင့် အမြန်နှုန်းကို တိုးမြှင့်ပေးနိုင်သည့် ရတနာတစ်ခုကို ရရှိခဲ့၏။ ထိုရတနာကြောင့်သာ သူမ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။
မိစ္ဆာဧကရီသည် အသည်းအသန် ပြေးလွှားရင်းဖြင့် မြေခွေးနက်မျိုးနွယ်၏ ပိုင်နက်ထဲသို့ ရောက်သွားခဲ့၏။ သူမ၏အဆုံးသတ်ကို ပြောနေရန် လိုတော့မည် မထင်ပေ။ သူမ အဖမ်းခံလိုက်ရပြီး သတ္တုတွင်းသို့ ကျွန်တစ်ယောက်အဖြစ် အပို့ခံခဲ့ရခြင်းပင်။
ဤနေရာတွင် ကျွန်တစ်ယောက်ဖြစ်ရခြင်းက ဆိုးဝါးလှ၏။ သူမသည် နေ့စဉ် အရိုက်အနှက်ခံရ၏။ အရေးကြီးဆုံးအရာမှာ သူမ၏ မိစ္ဆာဗဟိုချက်ကို ဖျက်ဆီးလိုက်ကြခြင်းပင်။ ထို့ကြောင့် သူမ၏ ကျင့်ကြံခြင်းအားလုံး ပျက်စီးသွားပြီး သူမ စိတ်ဓာတ်ကျသွားခဲ့သည်။ သူမသည် ရှောင်ဖေးကြောင့်သာ မဟုတ်လျှင် ယခင်ကတည်းက ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ပေပြီ။
ငါးနှစ်...
မိစ္ဆာဧကရီသည် ရက်ပေါင်း၊ ညပေါင်း (၁၈၀၀)ကျော် အသေကောင်တစ်ကောင်ကဲ့သို့ အခြားကျွန်များနှင့်အတူ နေထိုင်ခဲ့ရသည်။ မည်သူမှလည်း ထွက်မပြေးနိုင်သလို သူတို့ကို တစ်ယောက်ယောက် လာကယ်လိမ့်မည်ဟုလည်း မမျှော်လင့်နိုင်ကြချေ။ ကောင်းကင်မြေခွေးနယ်မြေတွင် မြေခွေးနက်မျိုးနွယ်က အင်အားကအကြီးဆုံး မဟုတ်ပါလား။ အကယ်၍ မြေခွေးဖြူမျိုးနွယ်နှင့် မြေခွေးပြာမျိုးနွယ်တို့က မပူးပေါင်းထားလျှင် သူတို့ ရှင်းပစ်ခံရပြီးလောက်ပေပြီ။
မဟာအစီအရင် ပျက်စီးသွားပြီး အပြင်ဘက်မှ ဆူညံသံများကို ကြားလိုက်ရချိန်တွင်ပင် မည်သည့် တွင်းတူးကျွန်ကမှ လွတ်မြောက်နိုင်တော့မည်ဟု မမျှော်လင့်မိကြချေ။ သူတို့အားလုံးသည် သတ္တုတွင်းများထဲတွင်သာ ဝပ်နေခဲ့ကြ၏။ ကျန်းရီက ‘မိစ္ဆာဧကရီ’ဟု အော်လိုက်သောအခါမှသာ သူမ အသိစိတ်ကပ်လာခြင်းဖြစ်သည်။
ဝှစ်...
ကျန်းရီသည် အောက်ဘက်သို့ လျင်မြန်စွာ ပျံဆင်းလာ၏။ သတ္တုကြောအနီးတွင် အစောင့်အနည်းငယ် ရှိသည်။ သို့သော် သူတို့အားလုံးက အဆင့်နိမ့် ကောင်းကင်ဧကရာဇ်များပင်။ သူတို့သည် ကျန်းရီတို့အုပ်စု ပျံဆင်းလာသည်ကို တွေ့လိုက်သောအခါ အသည်းအသန် ပျံတက်သွားကြ၏။
“သေကြစမ်း...”
ကျန်းရီက လက်ထဲရှိ ဓားပျော့ကို လှုပ်ယမ်းလိုက်သည်။ ကြောက်မက်ဖွယ် အသံလှိုင်းတစ်ခု ပျံ့နှံ့သွား၏။ ထို့နောက် သူသည် မီးနဂါးဓားဖြင့်လည်း ခုတ်ချလိုက်၏။ မိုးကြိုးတန်းများ ကျဆင်းလာကာ ပျံတက်လာသည့် ကောင်းကင်ဧကရာဇ် ဒါဇင်ကျော်ကို ပြာချပစ်လိုက်လေသည်။
ဝှစ်...
ချမ်ချမ်နှင့် မြေခွေးဖြူအကြီးအကဲဆယ်ယောက်ကလည်း ပျံဆင်းလာကြသည်။ ကျန်းရီသည် မလှမ်းမကမ်းရှိ အဆင့်နိမ့် အစောင့်များကို ကြည့်လိုက်၏။ ထို့နောက် သူက မျက်မှောင်ကြုတ်ကာ အော်ပြောလိုက်သည်။
“မြေခွေးနက်အစောင့်အကုန်လုံးကို သတ်ကြ။ တစ်ယောက်ကိုမှ ချမ်းသာမပေးနဲ့”
“အာ...”
မိစ္ဆာဧကရီ ထပ်မံ တုန်ယင်သွား၏။ အခြားတွင်းတူးကျွန်များက ပို၍ပင် ကြောက်ရွံ့သွားကြပြီး ကျန်းရီနှင့် အစောင့်များထံ လျင်မြန်စွာ ပျံသန်းသွားသော အကြီးအကဲများကို အံ့ဩတကြီး ကြည့်လိုက်ကြလေသည်။ မိစ္ဆာဧကရီက သူမထံ ပျံသန်းလားသော လူငယ်ကို အံ့အားသင့်စွာ စိုက်ကြည့်နေ၏။ သူမသည် မျက်တောင်ပုတ်ခတ်လိုက်ပြီး နှုတ်ခမ်းတုန်တုန်ယင်ယင်ဖြင့် ထပ်မေးလိုက်သည်။
“မင်း... မင်းက ကျန်းရီလား။ ကောင်းကင်ကြယ်တာရာနယ်မြေကလာတဲ့ ကျန်းရီလား”
ကျန်းရီသည် မိစ္ဆာဧကရီ ကျိုးတို့ကျဲတဲဖြစ်နေသော ညစ်ထေးထေးဆံပင်များနှင့် အိုမင်းသွားသော မျက်နှာကို ကြည့်ရင်း မျက်နှာပိုနီရဲလာသည်။ ထို့နောက် သူ ခပ်လေးလေး ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဟုတ်ပါတယ်... ကျွန်တော်က ကောင်းကင်ကြယ်တာရာနယ်မြေကလာတဲ့ ကျန်းရီပါ။ မိစ္ဆာဧကရီ... ကျွန်တော်လာတာ နောက်ကျသွားပါတယ်။ မိစ္ဆာဧကရီ ဒုက္ခခံခဲ့ရပြီ။ ဟုတ်သား... ကျွန်တော် ရှောင်ဖေးကို ခေါ်လာပါတယ်။ သူက လူသားပုံစံ ပြောင်းသွားပါပြီ”
ကျန်းရီသည် ဧကရာဇ်နန်းတော်ကို ထုတ်လိုက်ပြီး ညှိုးငယ်စွာ ပြောလိုက်၏။
“ကြည့်ပါ... ဒါ မိစ္ဆာဧကရီ ကျွန်တော့်ကိုပေးထားတဲ့ နန်းတော်လေ။ ရှောင်ဖေးက အထဲမှာပါ”
“ရှောင်ဖေးလား...”
မိစ္ဆာဧကရီ မျက်ရည်များ စီးကျလာ၏။ သူမသည် ရုတ်တရက် တုန်ယင်သွားပြိး အပြင်းအထန် ခေါင်းခါလိုက်သည်။
“ကျန်းရီ... ရှောင်ဖေးကို အပြင်ကို မထုတ်ပါနဲ့ဦး။ သူ့ကို ငါ့ရဲ့ ဒီလိုပုံစံကို မမြင်သွားစေချင်ဘူး”
“ကောင်းပါပြီ...”
ကျန်းရီသည် မိစ္ဆာဧကရီ၏ တုန်လှုပ်သွားသောပုံစံကို မြင်လိုက်သောအခါ ပို၍ပင် ရင်နာသွား၏။ ထို့နောက် သူသည် သူ့အနောက်မှ အမျိုးသမီး မြေခွေးဖြူအကြီးအကဲက ဘာမှမလုပ်ဘဲ ရပ်ကြည့်နေသည်ကို တွေ့လိုက်သောအခါ ချက်ချင်း ဒေါသထွက်သွားပြီး အော်ပြောလိုက်၏။
“ခင်ဗျားတို့အကုန်လုံးက အရူးတွေလား။ ဘာလို့ မိစ္ဆာဧကရီရဲ့ ဒဏ်ရာတွေကို မကုပေးကြသေးတာလဲ”
ထိုအမျိုးသမီးအကြီးအကဲက လျင်မြန်စွာ ပျံသန်းလာပေသည်။ အကယ်၍ ကျန်းရီသာ ဒေါသထွက်သွားလျှင် သူမသည် မိုးကြိုးတန်းကြောင့် ပြာဖြစ်သွားပေလိမ့်မည်။ သူမ၏လက်မှ အဖြူရောင်အလင်း တောက်ပလာပြီး ဆေးလုံးတစ်လုံး ထွက်လာလေသည်။ သူမသည် ထိုကုသဆေးလုံးကို မိစ္ဆာဧကရီအား ပေးလိုက်၏။
“ကျန်းရီ... အပြင်ထွက်သွားလိုက်ပါ။ ချမ်ချမ် မိစ္ဆာဧကရီကို အဝတ်အစားကူလဲပေးပြီး ဒဏ်ရာတွေ ကုသပေးလိုက်ပါမယ်”
ချမ်ချမ်သည် အစောင့်အနည်းငယ်ကို သတ်ဖြတ်ပြီးနောက် ရောက်လာ၏။ ကျန်းရီက ခေါင်းညိတ်လိုက်ပြီး အပြင်သို့ ပျံထွက်သွားလိုက်သည်။ သူသည် အဆင့်နိမ့် ကောင်းကင်ဧကရာဇ်များက ထွက်ပြေးတော့မည်ကို မြင်လိုက်သောအခါ ချက်ချင်း တိုက်ခိုက်လိုက်၏။ သူ့ခန္ဓာကိုယ်က လက်ခနဲ ဖြစ်သွားပြီး ကောင်းကင်ပြောင်းပြန်လှန် ဒယ်စောက်အိုး ထွက်ပေါ်လာလေသည်။ ၎င်းက မြေခွေးနက် အစောင့်များကို ပြင်းထန်စွာ ဖိချေလိုက်သည်။
ဝုန်း...ဝုန်း...
အဝေးရှိ ကောင်းကင်ထက်မှ တိုက်ပွဲ၏ ရလဒ်က ယခုတွင် ရှင်းလင်းသွားပေပြီ။ အနက်ရောင်နတ်ဘုရားက ခက်ထန်လွန်း၏။ သူသည် တိုက်ခိုက်ခြင်းတွင်သာ စွမ်းအားကြီးသည်မဟုတ်ဘဲ ကာကွယ်ခြင်းနှင့် အမြန်နှုန်းတွင်လည်း စွမ်းအားကြီးပေသည်။ ထို့ကြောင့် မြေခွေးနက်ဧကရာဇ် ဟေးဟူ အခက်ကြုံနေသည်။ ထို့ပြင် တိုက်ခိုက်အင်အား မဆိုးလှသော ထို့ပါချင်ကလည်း ကူညီတိုက်ခိုက်နေသဖြင့် ဟေးဟူ တောင့်မခံနိုင် ဖြစ်လာသည်။ ကျန်းဧကရီတစ်ပါးကလည်း အခြေအနေမကောင်းပေ။ သူမသည် အနက်ရောင်နတ်ဘုရား၏ တိုက်ခိုက်မှုကို ပွတ်ကာသီကာသာ ရှောင်လိုက်နိုင်ပြီး အပြင်းအထန် ဒဏ်ရာရသွားပေသည်။
“ထို့ပါချင်..ပြီးတော့ ဒီကအရှင်.. ခင်ဗျားတို့က ဘာအကြောင်းပြချက်မှမရှိဘဲ ဘာလို့ မြေခွေးနက်မျိုးနွယ်ကို တိုက်ခိုက်နေရတာလဲ။ ခင်ဗျားတို့ အခု ထွက်သွားမယ်ဆိုရင် ကျုပ် ဒီကိစ္စကို လျှော်ပေးလိုက်မယ်”
ဟေးဟူက အေးစက်စက်လေသံဖြင့် အော်ပြောလိုက်သည်။ သို့သော် အနက်ရောင်နတ်ဘုရားနှင့် ထို့ပါချင်တို့က သူ့စကားများကို အရေးမစိုက်ဘဲ ဆက်တိုက်ခိုက်လိုက်ကြသည်။ လက်ရှိအခြေအနေအတိုင်းသာ ဆက်သွားပါက သူ သေတော့မည်ဖြစ်ကြောင်း ဟေးဟူ သိပေသည်။ ထို့ကြောင့် သူသည် စွမ်းအားကြီးတိုက်ခိုက်မှုတစ်ခုကို လျင်မြန်စွာ ထုတ်လွှတ်လိုက်ပြီး ခက်ထန်သောလေသံဖြင့် အော်ပြောလိုက်လေသည်။
“ခင်ဗျားတို့ အခု ပြေးမယ်ဆိုရင် အချိန်မီသေးတယ်နော်။ ကျုပ် စစ်ကူတွေ ခေါ်ထားပြီးပြီ။ သူတို့ရောက်လာတာနဲ့ ခင်ဗျားတို့ ထွက်ပြေးနိုင်မှာ မဟုတ်တော့ဘူး”
ထို့ပါချင်က ကျယ်လောင်စွာ ရယ်လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။
“ဟေးဟူ... ရှင့်ရဲ့ စစ်ကူတွေက ဘယ်သူတွေလဲ။ ကျွန်မတို့ကို ပြောပြလေ... ကျွန်မတို့ ကြောက်ချင်ကြောက်သွားမှာပေါ့...”
“ဟွန်း...”
ဟေးဟူက နှာမှုတ်ကာ ပြောလိုက်သည်။
“ငါ အခုပဲ အဆုံးမဲ့ပင်လယ်နက်က အရှင်အောင်းလုဆီ သတင်းပို့ပြီးသွားပြီ။ သူက တည်နေရာပြောင်းရွှေ့အတတ်ကို သုံးပြီး ဒီကိုရောက်လာတော့မှာ။ ဟွန်း... ထို့ပါချင်... မင်းနဲ့ အရှင်အောင်းလုက သမိုင်းကောင်းတွေ မရှိခဲ့ဘူးမလား။ မင်း ပြေးနိုင်တုန်း ပြေးထားလိုက်တော့”
“ဟားဟားဟား...”
အနက်ရောင်နတ်ဘုရားနှင့် ထို့ပါချင်တို့ နှစ်ယောက်စလုံး ရယ်လိုက်ကြသည်။ ကျန်းရီနှင့် ချမ်ချမ်တို့သည်လည်း အဝေးမှနေ၍ ထိုစကားကို ကြားလိုက်သောအခါ လှောင်ပြုံး ပြုံးလိုက်ကြ၏။ ထို့ပါချင်က သရော်ဟန်ဖြင့် ပြောလိုက်သည်။
“ဟေးဟူ... ရှင် ကန်းနေတာလား။ ရှင်ရဲ့ ရန်သူတွေက ဘယ်သူတွေလည်းဆိုတာ သိလား။ သူက အဆုံးမဲ့ပင်လယ်နက်က ဧကရာဇ်(၃၆)ပါးထဲက နံပါတ်(၆)အဆင့်ရှိတဲ့ အရှင်အနက်ရောင်နတ်ဘုရားပဲ။ ဟိုးက ဆံပင်အစိမ်းရောင်နဲ့ မိန်းမပျိုလေးကရော ဘယ်သူလဲဆိုတာ ရှင်သိလား။ သူက အရှင်အောင်းလုရဲ့ အချစ်ဆုံး မြေးမလေးပဲ။ အရှင်အောင်းလု ပြန်ရောက်လာတုန်းက ကျွန်မ ရှင့်ကို အတူသွားပြီး ဂါဝရပြုဖို့ ပြောခဲ့တယ်မလား။ ဒါပေမဲ့ ရှင်ပဲ အရှင်အောင်းလုက အသက်ပိုကြီးတယ်ဆိုပေမယ့် ရှင့်ထက် အားနည်းတယ်လို့ ပြောခဲ့တာမလား။ ဟွန်း... အဲ့နောက် ရှင်ဆက်ပြောတဲ့ မကောင်းတဲ့စကားတွေကို ကျွန်မ ပြန်ပြောမနေချင်တော့ဘူး...”
“အာ...”
ဟေးဟူ မှင်တက်သွားသည်။ အနက်ရောင်နတ်ဘုရား၏ မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များ လွှမ်းခြုံနေပေပြီ။ သူ ဒေါသတကြီး အော်လိုက်၏။
“မင်းက မဟာဧကရာဇ်ကို စော်ကားရဲတယ်ပေါ့လေ။ မင်း ဒီနေ့ သေရမယ်”
“အရှင်အနက်ရောင်နတ်ဘုရားလား...”
ဟေးဟူသည် အနက်ရောင်နတ်ဘုရား၏ ခန္ဓာကိုယ်မှ အနက်ရောင်အလင်း တောက်ပလာသည်ကို မြင်လိုက်သောအခါ ချက်ချင်း နောက်ဆုတ်လိုက်ပြီး အလန့်တကြား အော်ပြောလိုက်သည်။
“အရှင်... ဒါတွေအကုန်လုံးက နားလည်မှုလွဲတာပါ။ အရှင်မှန်း သိခဲ့ရင် ကျွန်တော် အရှင့်ကို တိုက်ခိုက်ရဲမှာ မဟုတ်ပါဘူး။ ကျွန်တော်က အရှင်အောင်းလုကိုလည်း လေးစားပါတယ်။ အရှင်အောင်းလု ပြန်ရောက်လာတုန်းက... ကျွန်တော့်မှာ အရေးကြီးလုပ်စရာကိစ္စတစ်ခု ရှိနေခဲ့လို့ အရှင်အောင်းလုကို လာပြီး ဂါဝရမပြုနိုင်ခဲ့တာပါ။ အရှင်... ကျေးဇူးပြုပြီး တိုက်ခိုက်တာကို ရပ်ပေးပါ။ မဟုတ်ရင် ကျွန်တော်တို့ရဲ့ ဆက်ဆံရေး ထိခိုက်သွားပါလိမ့်မယ်”
“မင်းဖင်ကိုပဲ သွားထိခိုက်လိုက်”
အနက်ရောင်နတ်ဘုရားက သတ်ဖြတ်အရှိန်အဝါဖြင့် ပျံသန်းသွားလိုက်သည်။ အနက်ရောင်အလင်း တောက်ပလာကာ သူ မူလပုံစံအဖြစ် ပြောင်းလဲသွား၏။ နဂါးဟိန်းသံတစ်သံက ကောင်းကင်ကို ထိုးဖောက်သွားသည်။ ထိုအသံသည် ကျန်းရီ၏ အတွင်းအားကိုပင် နှောင့်ယှက်သွား၍ သူ မြေပေါ်သို့ ပြုတ်ကျသွားသည်။ မိစ္ဆာဧကရီနှင့်အတူ သတ္တုတွင်းထဲမှ ထွက်လာသော ချမ်ချမ်တို့သည်လည်း ခြေထောက်များ တုန်သွားပြီး မြေပြင်ပေါ် လဲကျသွားကြသည်။ မိစ္ဆာဧကရီသည် မီတာ(၂၀၀)ကျော် ရှည်သော ဧရာမနဂါးကြီးကို မြင်လိုက်သောအခါ ကြောက်ရွံ့သွားပြီး မျက်နှာဖြူဖျော့သွားလေသည်။ နဂါးခန္ဓာကိုယ်ကြီးကလည်း သံဖြင့် ပြုလုပ်ထားသည်ဟုပင် ထင်ရပေသည်။
မိစ္ဆာဧကရီသည် ထို့ပါချင်တစ်ယောက် အနက်ရောင်နတ်ဘုရားကြောင့် မတော်တဆ ဒဏ်ရာရသွားမည်ကို ကြောက်သဖြင့် လျင်မြန်စွာ ပြန်ဆုတ်လာသည်ကို တွေ့လိုက်သောအခါ ပို၍ပင် အံ့အားသင့်သွားလေသည်။ သူမသည် ထို့ပါချင်ကို လက်ညှိုးညွှန်၍ စိတ်လှုပ်တရှား ပြောလိုက်၏။
“အဲ့ဒါက... ငါတို့မြေခွေးဖြူမျိုးနွယ်ရဲ့ ဧကရီမလား။ ဘာလို့... ဧကရီက ဒီကိုရောက်နေရတာလဲ”
***