← Chapters

ကမ္ဘာဖျက် နဂါးနက်လှိုင်းများ

Vol. 62 Ch. 855

ကမ္ဘာဖျက် နဂါးနက်လှိုင်းများ

Vol. 62 Ch. 855

ချမ်ချမ်က ပြုံး၍ ရှင်းပြလိုက်သည်။

“မိစ္ဆာဧကရီ... အံ့ဩဖို့ မလိုပါဘူး။ ဧကရီရဲ့ ဘေးမှာ မြေခွေးဖြူမျိုးနွယ်က တော်ဝင်မဟာအကြီးအကဲဆယ်ယောက်လည်း ရပ်နေတာပဲ။ ဧကရီ မြေခွေးဖြူမျိုးနွယ်မှာ ထပ်ပြီး ဒုက္ခရောက်ရတော့မှာ မဟုတ်ဘူးလို့ ချမ်ချမ် အာမခံပါတယ်။ ပြီးတော့ ဧကရီရဲ့ မျိုးရိုးစုကို ရှင်းပစ်ခဲ့တဲ့ မျိုးရိုးစုကိုလည်း ဖမ်ထားပြီးပါပြီ။ သူတို့ကို ဧကရီကိုယ်တိုင် လက်စားချေနိုင်အောင် မသတ်သေးဘဲ ထားထားပါတယ်”

“တော်ဝင်မဟာအကြီးအကဲတွေလား...”

ယခင်က မိစ္ဆာဧကရီသည် ထို့ပါချင်၏ ပုံတူပန်းချီကားကိုသာ မြင်ဖူးခဲ့ခြင်းပင်။ မြေခွေးဖြူမျိုးနွယ်ဝင်အားလုံး ထိုပန်းချီကားကို မြင်ဖူးကြပေသည်။ မြေခွေးဖြူများစွာသည် ထိုပန်းချီကားကို အိမ်တွင် ချိတ်ဆွဲကာ နေ့စဉ် အရိုအသေပေးကြ၏။ သို့သော် သူမသည် တော်ဝင်မဟာအကြီးအကဲဆယ်ယောက်ကို တစ်ခါမှ မမြင်ခဲ့ဖူးချေ။ ယခုမှ သူမသည် သူမပတ်ပတ်လည်တွင် လူဆယ်ယောက်ရပ်နေသည်ကို သတိပြုမိလိုက်သည်။ ထိုဆယ်ယောက်ထဲမှ တစ်ယောက်က သူမကို အဝတ်အစားကူလဲပေးကာ သူမ၏ဒဏ်ရာများကို ကုသပေးခဲ့သေးသည်။ ထို့ကြောင့် သူမ အံ့အားသင့်သွားပြီး ခေတ္တမျှ ဘာလုပ်ရမည်မသိ ဖြစ်သွားလေသည်။ မြေခွေးဖြူမျိုးနွယ်တွင် သူမသည် မထင်မရှား အညတရတစ်ယောက်သာ။ သူမအတွက် တော်ဝင်မဟာအကြီးအကဲဆယ်ယောက် မဆိုထားနှင့် သူမတို့မျိုးရိုးစုလေး၏ ခေါင်းဆောင်ကပင် အလွန်အရေးပါသောပုဂ္ဂိုလ်ဖြစ်နေပြီဖြစ်သည်။

“ထို့ပါနင် တော်ဝင်မဟာအကြီးအကဲဆယ်ယောက်ကို နှုတ်ခွန်းဆက်ပါတယ်”

မိစ္ဆာဧကရီ၏ လက်များက အတန်ငယ် တုန်ယင်နေ၏။ သူမသည် ပြန်မကောင်းသော ခြေတစ်ဘက်ကို တရွတ်ဆွဲကာ အကောင်းဆုံးကြိုးစား၍ ဒူးထောက်ရန် လုပ်လိုက်သည်။ အကြီးအကဲများသည် သူမ၏အပြုအမူကြောင့် လန့်သွားကြပြီး သူမကို လျင်မြန်စွာ ထူလိုက်ကြ၏။ အမျိုးသမီး အကြီးအကဲတစ်ယောက်က ရှက်ရွံ့ဟန်ဖြင့် ပြောလိုက်သည်။

“ထို့ပါနင်... အဲ့လိုမလုပ်ပါနဲ့။ ရှင်က ဒီအရှင်တွေရဲ့ မိတ်ဆွေပဲ။ ဒီတော့ ကျွန်မတို့ရဲ့ မိတ်ဆွေပဲပေါ့။ ဧကရီက ရှင့်ကို သူ့ရဲ့ ညီမလေးအဖြစ် အသိအမှတ်ပြုလောက်တယ်”

အု...

မိစ္ဆာဧကရီသည် အားပျော့သွားပြီး သတိလစ်မလိုပင် ဖြစ်သွားလေသည်။

အခြားအကြီးအကဲတစ်ယောက်ကလည်း ဝင်ပြောလိုက်သည်။ သူသည် မိစ္ဆာဧကရီအနားသို့ တိုးသွားပြီး အဝေးရှိ ကောင်းကင်ထက်မှ တိုက်ပွဲကို ညွှန်ပြကာ ပြောလိုက်၏။

“ထို့ပါနင်... အရှင်အနက်ရောင်နတ်ဘုရားနဲ့ တိုက်ခိုက်နေတဲ့ သူကို မင်းသိလား။ သူက မြေခွေးနက်မျိုးနွယ်ရဲ့ ဧကရာဇ်ပဲ။ မင်းကို ကယ်ဖို့အတွက် အရှင်အနက်ရောင်နတ်ဘုရားတို့ အုပ်စုက မြေခွေးနက်မျိုးနွယ်နဲ့ တိုက်ခိုက်ခဲ့တာပဲ။ မင်း အဲ့အရှင်တွေကို ကျေးဇူးတင်ရမယ်”

ဟိန်း...

အနက်ရောင်နတ်ဘုရားက ကျယ်လောင်စွာ ထပ်မံဟိန်းလိုက်သည်။ ထို့နောက်တွင် အနက်ရောင်စွမ်းအင်လှိုင်းတန်းများ ထွက်ပေါ်လာ၏။ သူသည် စွမ်းအင်လှိုင်းများအတွင်း ဝင်သွားပြီး တိမ်မည်းတစ်အုပ်အဖြစ် ပြောင်းလဲသွားကာ ကြောက်မက်ဖွယ်အရှိန်အဝါကို သယ်ဆောင်လာသော ဥက္ကာပျံတစ်ခုကဲ့သို့ အရှေ့သို့ ပျံသန်းသွားလေသည်။ သူသည် ကီလိုမီတာဆယ်ချီသော အကွာအဝေးတွင် ရှိနေခြင်းဖြစ်သော်လည်း အားလုံး၏ စိတ်ဝိညာဉ်များ တုန်ယင်သွား၏။ မိစ္ဆာဧကရီနှင့် တွင်းတူကျွန်များစွာသည် သက်ရောက်မှုကြောင့် သတိလစ်သွားကြလေသည်။

“မဟုတ်ဘူး...”

ဟေးဟူက ‌ဒေါသတကြီး အော်လိုက်၏။ သို့သော် သူသည် တိမ်မည်းအုပ်၏ လွှမ်းခြုံမှုကို ခံလိုက်ရပေပြီ။ ကျန်ဧကရီတစ်ပါးက အစောကတည်းက ထွက်ပြေးသွားသော်လည်း တိမ်မည်းအုပ်သည် လျင်မြန်စွာ ရွေ့လျားကာ သူမကိုလည်း လွှမ်းခြုံသွားလေသည်။ ထို့နောက်တွင် သူတို့နှစ်ယောက်၏ အရှိန်အဝါများ တဖြည်းဖြည်း ပျောက်ကွယ်လာ၏။ အနက်ရောင်နတ်ဘုရား၏ခန္ဓကိုယ်လည်း ပြန်ဖြစ်တည်လာလေသည်။

“ဟွန်း... ဦးလေးဟေးရဲ့ ကမ္ဘာဖျက် နဂါးနက်လှိုင်းတွေကို ခံနိုင်တဲ့ မိစ္ဆာအရှင်တွေက အဆုံးမဲ့ပင်လယ်နက်မှာတောင် နည်းနည်းပဲရှိတာ။ အဲ့နှစ်ယောက်က ထွက်ပြေးဖို့ကို အိပ်မက် မက်နေသေးတယ်ပေါ့လေ”

ချမ်ချမ်က ခပ်သဲ့သဲ့ ရယ်ကာ ပြောလိုက်သည်။ မဟာအကြီးအကဲဆယ်ယောက်နှင့် ကျန်းရီတို့မှာမူ စိတ်ထဲတွင် အတွေးများ၊ ခံစားချက်များ အပြည့်ဖြင့် မှင်တက်နေကြလေသည်။ သူတို့အားလုံးသည် ဥက္ကာပျံတစ်ခုကဲ့သို့ ကျဆင်းလာသည့် တိမ်မည်းအုပ်ထဲတွင် မရဏအငွေ့အသက်ကို ခံစားရပေသည်။ ထိုတိမ်မည်းအုပ်ထဲသို့ သူတို့ ရောက်သွားလျှင်လည်း သေချာပေါက် သေသွားမည်သာ။

“အရှင်အနက်ရောင်နတ်ဘုရားရဲ့ စွမ်းအားက ပြိုင်ဘက်ကင်းပဲ။ ထို့ပါချင် အရမ်းလေးစားမိပါတယ်”

ထို့ပါချင်သည် စိတ်လှုပ်ရှားနေသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေ၏။ ဟေးဟူနှင့် ဧကရီတစ်ပါး သေသွားပေပြီ။ ကျန်ဧကရီတစ်ပါးသည် မြေရှိုးကာ ထွက်ပြေးသွားသော်လည်း သူမက ထိုသုံးယောက်ထဲတွင် အားအနည်းဆုံးဖြစ်သည်။ ထို့ပါချင်သည် ထိုဧကရီကို သူမကိုယ်တိုင်ပင် သတ်ပစ်နိုင်၏။ ထို့ပြင် သူမက  မြေခွေးပြာမျိုးနွယ်ဧကရာဇ်နှင့် ပူးပေါင်းထားသဖြင့် ထိုဧကရီကို သတ်ရန်မှာ အလွန်လွယ်ကူမည်ဖြစ်သည်။

‌ကောင်းကင်မြေခွေးနယ်မြေတွင် မြေခွေးနက်မျိုးနွယ်က အင်အားအကြီးဆုံးဖြစ်ပြီး အကြီးဆုံးပိုင်နက်ကို ပိုင်ဆိုင်ထားပေသည်။ ယခုတွင် ထိုအကြီးဆုံးပိုင်နက်ကို သူမတို့ ပိုင်ဆိုင်ရပေတော့မည်။ အကယ်၍ အနက်ရောင်နတ်ဘုရားတို့အုပ်စုသာ ရောက်မလာခဲ့လျှင် သူမတို့သည် မြေခွေးနက်မျိုးနွယ်၏ ပိုင်နက်ကို သိမ်းပိုက်နိုင်ရန် မဆိုထားနှင့် ရှင်းပစ်မခံရရန်ပင် ဆုဆောင်းနေရမည်ဖြစ်သည်။

“အရှင်အနက်ရောင်နတ်ဘုရားရဲ့ စွမ်းအားက ပြိုင်ဘက်ကင်းပါတယ်။ ကျွန်တော်တို့(ကျွန်မတို့) လေးစားမှက်တက်မိပါတယ်”

မဟာအကြီးအကဲဆယ်ယောက်ကလည်း အော်ပြောလိုက်သည်။ သူတို့ အမှန်ပင် ဒူးထောက်နေကြပေသည်။ သူတို့သည် စွမ်းအားကြီး မိစ္ဆာ၏ အရှိန်အဝါကို လေးစားသွားကြခြင်းပင်။ ထို့ပြင် အနက်ရောင်နတ်ဘုရားက မြေခွေးနက်ဧကရာဇ်(ဧကရီ)နှစ်ပါးကို သတ်ပစ်ခဲ့သဖြင့် သူတို့ ကျေးဇူးတင်နေကြပေသည်။

အနက်ရောင်နတ်ဘုရားက စိတ်မရှည်ဟန်ဖြင့် လက်ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။

“ကောင်းပြီ... အသုံးမဝင်တဲ့ စကားတွေ ပြောမနေနဲ့တော့။ မင်းတို့ရဲ့ တောင်ဝင်မြို့ကိုပြန်ပြီး ပြင်ဆင်စရာရှိတာတွေကို အမြန်ဆုံး ပြင်ဆင်လိုက်။ ငါက အဆုံးမဲ့ပင်လယ်နက်ဆီ အမြန်ပြန်သွားရမှာ”

“သွားကြစို့...”

ကျန်းရီက လက်ဝှေ့ယမ်းလိုက်၏။ အားလုံး ကောင်းကင်ထက်သို့ ပျံတက်သွားကြလေသည်။ အမျိုးသမီး အကြီးအကဲတစ်ယောက်က မိစ္ဆာဧကရီကို ကျောပိုး၍ ခေါ်လာ၏။ သူတို့သည် အခြားမြေခွေးဖြူများ၊ မြေခွေးပြာများနှင့် တွင်းတူးကျွန်းများကို အရေးမစိုက်ပေ။ ကျန်းရီ၏ အရေးကိစ္စကသာ အရေးအကြီးဆုံးဖြစ်သည်။ သူတို့သည် မြေခွေးပြာမျိုးနွယ်ကို ဖြည်းဖြည်းချင်း တိုက်ခိုက်နိုင်၏။ ယခုတွင် ‌ဟေးဟူ သေသွားပြီဖြစ်ရာ ထို့ပါချင်ကို မည်သူ တားနိုင်ပါတော့မည်နည်း။

လူတစ်စုသည် မြေခွေးဖြူမျိုးနွယ်၏ တော်ဝင်မြို့သို့ လျင်မြန်စွာ ပျံသန်းနေ၏။ သူတို့သည် အပြန်လမ်းတွင်လည်း မြေခွေးနက်ကောင်းကင်ဧကရာဇ်များနှင့် ကြုံရ၏။ သို့သော် အနက်ရောင်နတ်ဘုရားက မလှုပ်ရှားတော့ပေ။ ထိုသူများကို ထို့ပါချင်ပင် အလွယ်တကူ သတ်ပစ်နိုင်သည် မဟုတ်ပါလား။

(၁၆)နာရီကြာ ပျံသန်းပြီးမှ တော်ဝင်မြို့သို့ ပြန်ရောက်၏။ ထို့ပါချင်သည် အနက်ရောင်နတ်ဘုရားတို့ကို ကိုယ်တိုင် ဧည့်ခံပေသည်။ အမျိုးသမီး အကြီးအကဲတစ်ယောက်က မိစ္ဆာဧကရီကို ဆက်၍ ကုသပေး၏။ သူမသည် မိစ္ဆာဧကရီကို အထူး နုပျိုဆေးလုံးတစ်လုံးပင် ပေးလိုက်သည်။ မိစ္ဆာဧကရီ၏ မိစ္ဆာဗဟိုချက်က ဖျက်ဆီးခံလိုက်ရပြီဖြစ်သဖြင့် ယခင်ကလိုမျိုး နုပျိုလှပမှုကို ထိန်းထားနိုင်မည် မဟုတ်တော့ပေ။ ထို့ကြောင့် သူမသည် နုပျိုလှပမှုကို ထိန်းထားနိုင်ရန် အထူးနုပျိုဆေးလုံးများကို မပြတ်မှီဝဲရမည်ဖြစ်သည်။

ကျန်းရီက စိတ်ရှည်စွာ စောင့်နေ၏။ မိစ္ဆာဧကရီသည် ပြန်ကောင်းလုနီးပါး ဖြစ်နေပေပြီ။ သူမ၏မျက်နှာပေါ်မှ အမာရွတ်တော်တော်များများလည်း ပျောက်သွားပြီဖြစ်သည်။ သူမ၏ရုပ်ရည်ကလည်း နဂိုအတိုင်း ပြန်ဖြစ်လုနီးပေပြီ။ သူမသည် ယခင်ကကဲ့သို့ အပြည့်အဝ ပြန်မလှပလာသေးသော်လည်း အတော်လေး ကြည့်ရှုရ အဆင်ပြေလာပြီဖြစ်သည်။ ထို့ကြောင့် ကျန်းရီသည် ဧကရာဇ်နန်းတော်ကိုထုတ်ကာ ကျန်းရှောင်နူနှင့် ရှောင်ဖေးတို့ကို အပြင်သို့ ထုတ်လိုက်လေသည်။ ကျန်းရှောင်နူသည် ရှောင်ဖေးကို ပွေ့၍ ထွက်ပေါ်လာ၏။

ရှောင်ဖေးသည် အပြင်သို့ ရောက်လာသောအခါ လှည့်ပတ်ကြည့်လိုက်ပြီး ကျန်းရီကို အလောတကြီး မေးလိုက်လေသည်။

“အစ်ကိုကြီး... အမေ့ကို ရှာတွေ့လား”

“ရှောင်ဖေး...”

ကုတင်ပေါ်တွင် ထိုင်နေသော မိစ္ဆာဧကရီသည် ရှောင်ဖေး၏ အသံကို ကြားလိုက်ပြီး ရင်းနှီးသော အငွေ့အသက်ကို ခံစားလိုက်ရသောအခါ ချက်ချင်း ငိုကြွေးလိုက်လေသည်။ ရှောင်ဖေး၏ ကိုယ်ကလေး တောင့်တင်းသွား၏။ သူမ နောက်သို့ လျင်မြန်စွာလှည့်၍ ကြည့်လိုက်ရာ ကုတင်ပေါ်ရှိ မိစ္ဆာဧကရီကို မြင်လိုက်ရလေသည်။ သူမ၏ ကိုယ်ကလေး အတန်ငယ် တုန်ယင်သွား၏။ ထို့နောက် သူမသည် မိစ္ဆာဧကရီ၏ ရင်ခွင်ထဲသို့ ပြေးကာ ငိုကြွေးလိုက်သည်။

ကျန်းရီနှင့် ကျန်းရှောင်နူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သားအမိနှစ်ယောက် အေးအေးဆေးဆေး အလွမ်းသယ်နိုင်ရန် အခန်းအပြင်သို့ ထွက်သွားပေးလိုက်ကြလေသည်။ အပြင်ဘက်တွင် အနက်ရောင်နတ်ဘုရားက အခန်းတစ်ဘက်ခြမ်းတွင် ထိုင်နေပြီး ချမ်ချမ်နှင့် ထို့ပါချင်တို့က အခြားတစ်ဘက်ခြမ်းတွင် ထိုင်ကာ တိုးတိုးတိတ်တိတ် စကားပြောနေကြသည်။ ထို့ပါချင်သည် ကျန်းရီထွက်လာသည်ကို မြင်လိုက်သောအခါ ထရပ်၍ အလေးအနက်ပြောလိုက်၏။

“သခင်လေးကျန်း... သခင်လေး ‌ရှောင်ဖေးနဲ့ ထို့ပါနင်ကို ဒီမှာပဲ ထားခဲ့ဖို့ ကျွန်မ မျှော်လင့်ပါတယ်။ ကျွန်မ ထို့ပါနင်ကို ညီမအရင်းတစ်ယောက်လို ဆက်ဆံပြီး ရှောင်ဖေးကို သမီးအရင်းတစ်ယောက်လို ဆက်ဆံမယ်လို့ ကတိပေးပါတယ်။ ကျွန်မ ရှောင်ဖေးကို ကောင်းကောင်းမွန်မွန် ပျိုးထောင်ပေးမှာပါ။ သူ ပိုပြီးတိုးတက်လာအောင်လည်း ကူညီပေးမှာပါ။ သူသာ ဒီမှာဆက်နေမယ်ဆိုရင် ဘယ်လောက်အထိ တိုးတက်လာမယ်ဆိုတာ တွေးကြည့်လို့တောင် မရပါဘူး။ ဟေးဟူကိုလည်း အရှင်အနက်ရောင်နတ်ဘုရားက သတ်လိုက်ပါပြီ။ ကျွန်မ ကောင်းကင်မြေခွေးနယ်မြေကို စည်းလုံးအောင် လုပ်နိုင်လိမ့်မယ်လို့ ကတိမပေးနိုင်ပေမယ့် သူတို့ကိုတော့ လုံခြုံအောင်ထားမယ်လို့ ကတိပေးနိုင်ပါတယ်”

“ဒါက...”

ကျန်းရီ တုံ့ဆိုင်းသွား၏။ ထို့ပါချင်က မိစ္ဆာဧကရီနှင့် ရှောင်ဖေးတို့ကို ကောင်းကောင်းစောင့်ရှောက်မည်ဖြစ်ကြောင်း သူ ယုံကြည်သည်။ သူက အနက်ရောင်နတ်ဘုရားအပြင် ချမ်ချမ်နှင့်ပါ ပတ်သတ်မှုရှိ၍ ထို့ပါချင် မဆင်မခြင် မလုပ်ရဲလောက်ပေ။ ယခင်က သူသည် မိစ္ဆာဧကရီတို့ကို ရှန်းစီမြို့သို့ ခေါ်သွားရန် တွေးထားခဲ့၏။ သို့သော် ထို့ပါချင်က ရှောင်ဖေး၏ တိုးတက်မှုအကြောင်းကို ပြောသောအခါ သူ တွေဝေသွားသည်။

ရှောင်ဖေးသည် ဝိညာဉ်မျိုးစေ့များကို စုပ်ယူဝါးမျိုခဲ့ကာ ကောင်းကင်ဧကရာဇ်အဆင့်သို့ ရောက်သွားခဲ့၏။ ထို့ပြင် သူမသည် လူသားပုံစံလည်း ပြောင်းလဲနိုင်သွားခဲ့သည်။ ယင်းတို့ကို ကျန်းရီကိုယ်တိုင် မြင်ခဲ့ရပေသည်။ ရှောင်ဖေးသာ ဤနေရာတွင် ဆက်နေမည်ဆိုလျှင် အကန့်အသတ်မဲ့သော အလားအလာကောင်းများ ရှိပေသည်။ သူ ခေတ္တမျှတုံ့ဆိုင်းနေပြီးနောက် ပြောလိုက်၏။

“မိစ္ဆာဧကရီနဲ့ ရှောင်ဖေးတို့သာ အဲ့အစီအစဉ်ကို သဘောတူရင် ကျွန်တော်လည်း သဘောတူမှာပါ”

“ကောင်းပါပြီ...”

ထို့ပါချင်က ကျေးဇူးတင်စွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမက အကြီးအကဲတစ်ယောက်ကို လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။

“အခြေအနေတွေကို ထို့ပါနင်ကို ရှင်းပြလိုက်ပါ။ ဖိအားမပေးပါနဲ့... အမှန်တရားကိုသာ ပြောပြလိုက်ပါ။ နေခဲ့မလား၊ ထွက်သွားမလားဆိုတာတော့ ထို့ပါနင် သူ့ဘာသာ ဆုံးဖြတ်ပါစေ”

ထို့ပါချင်သည် မိစ္ဆာဧကရီနှင့် ရှောင်ဖေးတို့ကို ခေါ်ထားနိုင်ရန် အသည်းအသန်ဖြစ်နေ၏။ ထိုသို့ဖြစ်နေရခြင်းမှာ ရှောင်ဖေးက နတ်မြေခွေးတစ်ကောင် ဖြစ်နေနိုင်၍သာ မဟုတ်ပေ။ သူမတို့သာ ဤနေရာ၌ ဆက်နေခဲ့လျှင် မြေခွေးဖြူမျိုးနွယ်ကို မည်သူမှ ထိရဲတော့မည် မဟုတ်၍လည်း ပါပေသည်။ သို့ဆိုလျှင် သူမသည် နှစ်သိန်း‌ပေါင်းများစွာ ပရမ်းပတာဖြစ်နေခဲ့သော ကောင်းကင်မြေခွေးနယ်မြေကို ပေါင်းစည်းနိုင်ရန်၊ ပြန်ငြိမ်းချမ်းလာအောင် လုပ်နိုင်ရန်နှင့် စည်ပင်ဝပြောလာအောင် လုပ်နိုင်ရန် အခွင့်အရေး ပိုရလာမည်ဖြစ်သည်။

***

All Chapters