ဆန်းကြယ်သိုင်းမြို့တော်
Vol. 62 Ch. 856
အကြီးအကဲ ရလာသော အဖြေမှာ ကျန်းရီမျှော်လင့်ထားသော အဖြေပင်။ ရှောင်ဖေးသည် ကျန်းရီနှင့်သာ လိုက်သွားလို၏။ သို့သော် မိစ္ဆာဧကရီက နေခဲ့လိုနေသည်။ ကျန်းရီသည် ခေတ္တမျှ တွေးတောလိုက်ပြီး ကျန်းရှောင်နူကိုခေါ်၍ အတွင်းဆောင်သို့ ဝင်သွားလိုက်၏။ သူက အကြီးအကဲနှင့် အစေခံများကို အပြင်သို့ ထွက်သွားရန် လက်ဟန်ပြလိုက်သည်။ ထို့နောက်တွင် သူ မိစ္ဆာဧကရီကိုကြည့်ကာ ပြောလိုက်၏။
“မိစ္ဆာဧကရီ... ဒဏ်ရာတွေ ဘယ်လိုနေလဲ။ သက်သာရဲ့လား”
“ငါ တော်တော်လေး ကောင်းနေပါပြီ”
မိစ္ဆာဧကရီသည် အတော်လေး တည်ငြိမ်လာပေပြီ။ သူမလက်ထဲတွင် ကြီးပြင်းလာခဲ့သော ကျန်းရီကဲ့သို့ ဂျူနီယာတစ်ယောက်နှင့် တွေ့ရခြင်းက သူမအတွက် သိပ်၍ စိတ်မလှုပ်ရှားစေသည့်ပုံပင်။ သူမသည် ကျန်းရီကို ကောင်းကင်ကြယ်တာရာနယ်မြေတွင် ပထမဆုံးတွေ့ခဲ့သည့် အကြိမ်ကကဲ့သို့ပင် စိုက်ကြည့်နေ၏။ သူမတို့သည် ဝိညာဉ်သားရဲကျောင်းအပြင်ဘက်တွင် တွေ့ခဲ့ခြင်းပင်။ သူမက ကျန်းရီကို သတ်မည်လုပ်ခဲ့သော်လည်း ရှောင်ဖေးက သူမကို တားခဲ့၏။ ထို့နောက်တွင် ရှောင်ဖေးနှင့် ကျန်းရီတို့က မိတ်ဆွေကောင်းများ ဖြစ်လာခဲ့သည်။ သူမသည် ကျန်းရီ ကြီးပြင်းလာသည်ကို တစ်ဆင့်ခြင်း ကြည့်ခဲ့ရ၏။
နှစ်အနည်းငယ်ကြာပြီးနောက်တွင် နူးညံ့သော ကောင်ကလေးသည် ချောမောခံ့ညားသော လူငယ်လေးဖြစ်နေပေပြီ။ ပို၍အရေးကြီးသည်မှာ သူ၏တိုးတက်နှုန်းက သူမမျှော်လင့်ထားသည်ထက် သာလွန်နေခြင်းပင်။ ကျန်းရီသည် ထို့ပါချင်နှင့် အခြားသူများ၏ ‘သခင်လေး’ ဟုခေါ်ခြင်းကို ခံယူရန် ထိုက်တန်ပေသည်။ ထို့ပြင် မိစ္ဆာဧကရီာသည် သူ၏အင်အားကိုလည်း အံ့အားသင့်နေပေသည်။
“ကျန်းရီ... အခု မင်း ဘယ်လိုလုပ် ကျင့်ကြံနိုင်တာလဲ။ မင်း နဂါးညှိုးရော်မြက်ပင်ကို ရှာတွေ့ခဲ့တာလား”
မိစ္ဆာဧကရီသည် မနေနိုင်တော့သဖြင့် မေးလိုက်၏။
“ဟုတ်ပါတယ် ကျွန်တော် ရှာတွေ့ခဲ့ပြီ”
ကျန်းရီသည် ကုတင်ဘောင်တွင် ထိုင်ကာ လွန်ခဲ့သောနှစ်များအတွင်း ဖြစ်ပျက်ခဲ့သည်များကို သူမအား အကြမ်းဖျင်းပြောပြလိုက်၏။ သို့သော သူသည် သူ့အမေအကြောင်းကိုတော့ မပြောပြပေ။ မိစ္ဆာဧကရီနှင့် ရှောင်ဖေးတို့ ရင်ထဲထိသွား၏။ မိစ္ဆာဧကရီသည် ထိုစကားအနည်းငယ်မှပင် ကျန်းရီ ဖြတ်ကျော်ခဲ့ရသော အခက်အခဲများကို သတိပြုမိပေသည်။ သူမသည် ကျန်းရီ၏ စကားများကို နားထောင်ပြီးသောအခါ သူ့ကို ကျေးဇူးတင်ဟန်ဖြင့် ကြည့်လိုက်လေသည်။
မိစ္ဆာဧကရီသည် စကားဖြင့် ကျေးဇူးတင်ကြောင်း မပြောလိုက်ပေ။ သူမသည် ကျန်းရီကို ဂုဏ်ယူစွာဖြင့်သာ စိုက်ကြည့်နေ၏။ ကျန်းရီက ပါရမီရှင်တစ်ယောက်ဖြစ်သည်ဟု သူမ အမြဲ တွေးခဲ့သည်။ သူ ဒဏ်ရာရမသွားခင်က သူ့တွင် တောက်ပသော အနာဂတ်ရှိသည်ဟု သူမ ယုံကြည်ခဲ့သည်။ သို့သော် ကျန်းရီသည် အချိန်တိုလေးအတွင်းမှာပင် ဤအမြင့်အထိ တက်လှမ်းလာနိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ချေ။
“မိစ္ဆာဧကရီ...”
ကျန်းရီသည် မိစ္ဆာဧကရီကို ဆက်အဖော်ပြုပေးလိုသေးသော်လည်း အပြင်တွင် အနက်ရောင်နတ်ဘုရားနှင့် ချမ်ချမ်တို့က စောင့်နေသဖြင့် ပြောစရာရှိသည်ကို မြန်မြန် ပြောရပေလိမ့်မည်။
“ကျွန်တော်က မိစ္ဆာဧကရီနဲ့ ရှောင်ဖေးကို ရှန်းစီကျွန်းကို ပြန်ခေါ်သွားမလို့ပါပဲ။ ဒါပေမဲ့ မိစ္ဆာဧကရီလည်း ရှောင်ဖေးရဲ့ လက်ရှိအခြေအနေကို သိပြီးလောက်ပြီပေါ့။ နေခဲ့မလား၊ လိုက်လာမလားဆိုတာကို မိစ္ဆာဧကရီပဲ ဆုံးဖြတ်ပါ။ မိစ္ဆာဧကရီတို့ ဒီမှာ လုံခြုံမှာပါ၊ ရှောင်ဖေးလည်း လျင်လျင်မြန်မြန် တိုးတက်လာနိုင်မှာပါ။ ဒီမှာနေခဲ့မယ်ဆိုရင်လည်း ကျွန်တော် လုပ်စရာရှိတာတွေလုပ်ပြီးရင် မကြာမကြာ လာလည်မှာပါ။ တကယ်လို့ ထွက်သွားချင်တယ်ဆိုရင်လည်း အချိန်မရွေး ခေါ်သွားပေးနိုင်ပါတယ်”
“ဟင့်အင်း... ရှောင်ဖေး မနေခဲ့ချင်ဘူး”
ရှောင်ဖေးသည် ကျန်းရီ၏ စကားကို ကြားသောအခါ စိတ်လှုပ်ရှားသွားပြီး ခေါင်းခါလိုက်သည်။ သူမ၏ မျက်ဝန်းများထဲတွင် တိုးလျှိုးသော အကြည့်နှင့် ပြည့်နှက်နေသည်။ သူမ ပြောလိုက်သည်။
“အမေ... ရှောင်ဖေး အစ်ကိုကြီးနဲ့ အစ်မရှောင်နူတို့နဲ့ မခွဲချင်ဘူး။ ရှောင်ဖေးတို့ သူတို့နဲ့အတူ လိုက်သွားလို့ရမလားဟင်”
“မရဘူး...”
မိစ္ဆာဧကရီက စိတ်ဆုံးဖြတ်ပြီးနေသည့်ပုံပင်။ သူမက ပြတ်သားသော လေသံဖြင့် ပြောလိုက်သည်။
“ရှောင်ဖေး... ကျန်းရီမှာ မပြီးပြတ်သေးတဲ့ လုပ်စရာတွေ အများကြီး ကျန်သေးတယ်။ အခု သမီးက မသန်မာသေးဘူးဆိုတော့ သူ့အတွက် ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်နေမှာ။ အမေ့ရဲ့ မိစ္ဆာဗဟိုချက်က ဖျက်ဆီးခံလိုက်ရပြီ။ အမေ နောက်ထပ် နှစ်(၁၀၀)ကျော် ဆက်နေနိုင်တော့မှာ မဟုတ်ဘူး။ အဲ့အချိန်က သမီး သန်မာနေပြီဆိုရင် ကျန်းရီကို သွားရှာလို့ရတာပဲ။ အမေ သမီးကို တားမှာ မဟုတ်ပါဘူး”
ကျန်းရီကလည်း ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ရှောင်ဖေး... မင်း သန်မာလာတဲ့အခါကျ ငါ့ကို လာရှာပေါ့။ ဒီအတောအတွင်းလည်း ငါ အားတဲ့အချိန်တိုင်း မင်းဆီ လာလည်မှာပါ”
ရှပ်...ရှပ်...ရှပ်...
ထိုအခိုက်တွင် အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရ၏။ ထို့နောက်တွင် ချမ်ချမ်နှင့် ထို့ပါချင်တို့ လျှောက်ဝင်လာကြသည်။ ချမ်ချမ်က ပြုံး၍ ပြောလိုက်၏။
“မိစ္ဆာဧကရီ... ချမ်ချမ့်ဆီမှာ အမိန့်တံဆိပ်ပြားတစ်ခု ရှိပါတယ်။ အဲ့တံဆိပ်ပြားနဲ့ဆို ချမ်ချမ့်ဆီကို အချိန်မရွေး အသံလှမ်းပို့လို့ရပါတယ်။ ချမ်ချမ် အဆုံးမဲ့ပင်လယ်နက်ကို ပြန်ရောက်ရင် မြေခွေးဖြူမျိုးနွယ်က ကောင်းကင်မြေခွေးနယ်မြေကို ပြန်စုစည်းနိုင်ဖို့ တပ်ကူတွေ လွှတ်ပေးလိုက်မှာပါ။ အဲ့ဒါကြောင့် မိစ္ဆာဧကရီတို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာ မလိုပါဘူး။ ဧကရီချင်... တကယ်လို့ မိစ္ဆာဧကရီနဲ့ ရှောင်ဖေးတို့ တစ်ခုခုဖြစ်ရင် ဧကရီကိုပဲ တာဝန်ခံခိုင်းမှာနော်”
ထို့ပါချင် တုန်ယင်သွား၏။ သူမအနောက်မှ အကြီးအကဲဆယ်ယောက်သည်လည်း အလွန်စိတ်လှုပ်ရှားသွားသည်။ ထို့ပါချင်က ချမ်ချမ်တို့ကို ဦးညွှတ်ကာ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် မင်းသမီးချမ်ချမ်၊ စိတ်မပူပါနဲ့။ ထို့ပါနင်နဲ့ ရှောင်ဖေးတို့သာ တစ်ခုခု ဖြစ်ခဲ့ရင် ကျွန်မရဲ့ အသက်နဲ့ တောင်းပန်ပါမယ်”
ကျန်းရီက ချမ်ချမ်ကို ကျေးဇူးတင်စွာကြည့်လိုက်သည်။ သူ စိတ်အေးသွားပေပြီ။ ထို့ကြောင့် သူ ထရပ်ကာ ရှောင်ဖေး၏ခေါင်းကို ပွတ်ပေးကာ ပြောလိုက်သည်။
“ငါ့မှာ အချိန်မရှိဘူး... အခု အဆုံးမဲ့ပင်လယ်နက်ကို သွားရတော့မယ်။ လုပ်စရာရှိတာတွေ လုပ်ပြီးသွားမှ ငါ မင်းကို လာတွေ့ပါမယ်”
ရှောင်နူသည်လည်း မျက်လုံးများ ရဲလာ၏။ သူမသည် ရှောင်ဖေးကို ပွေ့ဖက်နမ်းရှုံ့ကာ ပြောလိုက်သည်။
“ရှောင်ဖေး... အစ်မ သွားတော့မယ်နော်။ ညီမရဲ့ အမေစကားကို နားထောင်နော်”
ရှောင်ဖေးသည် အထွန့်တက်၍ မရတော့ကြောင်း သိ၏။ သူမသည် ရွေးချယ်စရာ မရှိတော့သဖြင့် ငိုကြွေးလိုက်ပြီး ကျန်းရီနှင့် ကျန်းရှောင်နူတို့ကို သူမအားရှိသမျှ ဆွဲထားလိုက်၏။ ကျန်းရီသည် အံကြိတ်ကာ သူမကို ပွေ့ချီလိုက်ပြီး မိစ္ဆာဧကရီ၏လက်ထဲသို့ လွှဲပေးလိုက်၏။ ထို့နောက်တွင် သူသည် ကျန်းရှောင်နူနှင့်အတူ ထွက်သွားပြီး ကောင်းကင်ထက်သို့ တန်းပျံသန်းသွားလိုက်လေသည်။ ချမ်ချမ်နှင့် အနက်ရောင်နတ်ဘုရားတို့ကလည်း သူ့အနောက်မှ လိုက်သွားကြသည်။ ရှောင်ဖေးက မျက်ရည်များဖြင့် အနောက်မှ ပြေးလိုက်ကာ အော်ပြောလိုက်သည်။
“အစ်ကိုကြီး၊ အစ်မရှောင်နူ... ရှောင်ဖေးဆီ လာလည်ရမယ်နော်”
***
အဆုံးမဲ့ပင်လယ်နက်အထက်ရှိ ကောင်းကင်တွင် ဧရာမ အနက်ရောင်နဂါးတစ်ကောင် ပျံသန်းနေ၏။ ၎င်း၏ အရှိန်က အလွန်လျင်မြန်သဖြင့် အောက်ဘက်ရှိ ရေခဲပြင်ပေါ်တွင် အိပ်နေသော စွမ်းအားကြီး မိစ္ဆာသားရဲများ နိုးထလာကြလေသည်။ သို့သော် ၎င်းတို့ ခေါင်းမော့ကြည့်လိုက်ချိန်တွင် နဂါးကြီးက အဝေးသို့ ရောက်သွားပြီဖြစ်သည်။
“အဆုံးမဲ့ပင်လယ်နက်မှာ ပင်လယ်မိစ္ဆာတွေ အများကြီးရှိတာပဲ”
ညအမှောင်ထဲတွင် ကျန်းရီသည် အောက်ဘက်ရှိ မရေတွက်နိုင်အောင် များပြားသော ပင်လယ်မိစ္ဆာများကြောင့် ရင်ထဲမှ သက်ပြင်းချလိုက်လေသည်။ ချမ်ချမ်နှင့် ရှောင်နူတို့သည် အဆုံးမဲ့ပင်လယ်နက်မှ ထူးဆန်းသောဇာတ်လမ်းများအကြောင်းကို တီးတိုးတီးတိုး ပြောနေကြသည်။ သူတို့ အဆုံးမဲ့ပင်လယ်ထက်တွင် ပျံသန်းနေသည်မှာ ခုနစ်ရက် ရှိသွားပြီဖြစ်သည်။ သူတို့သည် အဆုံးမဲ့ပင်လယ်နက်၏ အလယ်ဗဟိုသို့ ရောက်တော့ပေမည်။ ထို့ကြောင့် ကျန်းရီ ကျင့်ကြံခြင်းကို ရပ်လိုက်၏။ သူသည် အနက်ရောင်နဂါး၏ ဦးခေါင်းထက်တွင် ရပ်ကာ အောက်ဘက်ရှိ ပင်လယ်မိစ္ဆာများကို ကြည့်လိုက်သည်။
ဟိန်း...
နောက်ထပ်လေးနာရီ ဆက်ပျံသန်းပြီးနောက် အရုဏ်မတိုင်ခင် အနက်ရောင်နဂါးက ရုတ်တရက် ဟိန်းလိုက်လေသည်။ ထို့ကြောင့် ရေခဲပြင်ပေါ်ရှိ ရေခဲရုပ်တုများ ဖြစ်နေကြသော ပင်လယ်မိစ္ဆာများ နိုးထလာကြသည်။ အနက်ရောင်နဂါးက အောက်ဘက်သို့ လျင်မြန်စွာ ပျံဆင်းသွား၍ ထိုပင်လယ်မိစ္ဆာများသည် အရပ်မျက်နှာအသီးသီးသို့ လျင်မြန်စွာ ထွက်ပြေးသွားကြ၏။
ဝုန်း...
အနက်ရောင်နဂါးကြောင့် ရေခဲပြင်တွင် ဧရာမအပေါက်ကြီးတစ်ပေါက် ဖြစ်သွားသည်။ ပင်လယ်ရေများ ဖွားခနဲ ထိုးတက်သွားပြီး လှိုင်းလုံးများ ထလာစေလေသည်။ အနက်ရောင်နဂါးက ပင်လယ်ထဲ ငုပ်ရှိုးသွား၏။ ထို့ကြောင့် ကျန်းရီနှင့် ကျန်းရှောင်နူတို့၏ အမြင်များ မည်းနက်သွားသည်။
မျှော်လင့်ထားသကဲ့သို့ပင် အနက်ရောင်နဂါး၏ ပတ်ပတ်လည်တွင် ဖောက်မြင်နိုင်သော အကာအရံတစ်ခု ရှိနေပေသည်။ သူသည် ပင်လယ်ကြမ်းပြင်သို့ လျှပ်စီးအလျင်ဖြင့် သွားနေ၏။ ပင်လယ်ရေသည် အလိုလို အခွင်းခံလိုက်ရလေသည်။ နဂါး၏ပတ်ပတ်လည်တွင် မည်သည့်ပင်လယ်ရေမှ ရှိမနေပေ။ ထို့ကြောင့် လေဟာနယ်တစ်ခု ဖြစ်ပေါ်လာပေသည်။
ဝှစ်...ဝှစ်...
အနက်ရောင်နဂါးက စွမ်းအားကြီး သားရဲအရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ ပင်လယ်ထဲရှိ ပင်လယ်မိစ္ဆာများအားလုံး ကြောက်ရွံ့တကြီး ထွက်ပြေးကြလေသည်။ အနက်ရောင်နဂါးက ပင်လယ်ကြမ်းပြင်သို့ တန်းတန်းမတ်မတ် သွားနေ၏။ ပတ်ဝန်းကျင်က မှောင်မည်းနေသဖြင့် ကျန်းရီသည် ကောင်းကင်စိတ်အာရုံဖြင့် စွန့်စားကာ အာရုံမခံပေ။ သူသည် လက်ဆန့်တန်း၍ ကျန်းရှောင်နူကို ကိုင်ထားလိုက်ပြီး ရွှမ်ဝူနန်းတော်သို့ ရောက်မည့်အချိန်ကို စောင့်မျှော်နေလိုက်လေသည်။
(၅)ကီလိုမီတာ၊ (၅၀၀)ကီလိုမီတာ၊ (၅၀,၀၀၀)ကီလိုမီတာ၊ (၅၀၀,၀၀၀)ကီလိုမီတာ...
ကျန်းရီသည် စိတ်ထဲမှနေ၍ အကွာအဝေးကို တွက်နေပြီး အံ့အားသင့်နေပေသည်။ အနက်ရောင်နဂါး၏ အမြန်နှုန်းဖြင့် သွားနေသည်ကိုပင် ငါးမိနစ်ကြာပြီးသည်အထိ သူတို့ ပင်လယ်ကြမ်းပြင်သို့ မရောက်သေးပေ။ အဆုံးမဲ့ပင်လယ်နက်သည် ၎င်း၏အမည်နှင့် ထိုက်တန်ပေ၏။ ၎င်းက အမှန်ပင် နက်ရှိုင်းပေသည်။
“အလင်းတွေ့ရပြီ”
နောက်ထပ်သုံးမိနစ်ကြာပြီးနောက်တွင် ကျန်းရီသည် အရှေ့ကို လက်ညှိုးညွှန်ကာ ပြောလိုက်၏။ ချမ်ချမ်ကမူ ပြုံးရုံသာပြုံးလိုက်ပြီး မည်သို့မှ မပြောပေ။ ကျန်းရီက အောက်ဘက်ရှိ အလင်းကို ဂရုတစိုက် ကြည့်နေလေသည်။
အလင်းပျောက်က တဖြည်းဖြည်း ပိုကြီးမား၊ ပိုတောက်ပလာသည်။ ကျန်းရီတို့သည် ထိုနေရာတွင် အကာအရံတစ်ခု ရှိလိမ့်မည်ဟုသာ အကြမ်းဖျင်း ခန့်မှန်းနိုင်ကြ၏။ သို့သော် အံ့ဩစရာမှာ အနက်ရောင်နဂါးက နောက်ထပ်(၇)ကီလိုမီတာ ဆက်သွားပြီးနောက်တွင်ပင် သူတို့သည် အကာအရံအောက်ရှိ မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မမြင်ရသေးခြင်းပင်။ ယခုတွင် အကာအရံသည် အနည်းဆုံး မီတာတစ်သောင်းကျော် ကျယ်နေပေပြီ။
အကာအရံနှင့် နီးကပ်လာလေလေ၊ အကာအရံက ပို၍ကြီးလာလေလေပင်။ (၃၀)ကီလိုမီတာ...(၃၀၀)ကီလိုမီတာ။ နောက်ဆုံးတွင် အကာအရံက ကြီးလွန်းလာသဖြင့် သူတို့၏ မြင်ကွင်းထဲတွင် အကာအရံ၏အဆုံးကို မမြင်ရတော့ပေ။ အကာအရံအောက်ရှိ မြင်ကွင်းကိုလည်း ခပ်ရေးရေး မြင်လာရပြီဖြစ်သည်။
“အာ...”
ကျန်းရှောင်နူသည် သူမ၏ပါးစပ်ကို လက်ဖြင့်ကာလိုက်၏။ ကျန်းရီကလည်း အလွန်အံ့အားသင့်နေပေသည်။ အကာအရံ၏အောက်တွင် ကြီးမားသော ရေအောက်မြို့တော်ကြီးတစ်မြို့ ရှိနေ၏။ ထိုမြို့က ရှန်းစီမြို့ထက်ပင် အဆတစ်ရာ ပိုကြီး၏။ ထို့ပြင် ရှုခင်းများက အလွန်လှပပေသည်။ ယင်းမြို့သည် ကောင်းကင်မြို့တော်တစ်ခုကဲ့သို့ပင်။
ချမ်ချမ်က တောက်ပစွာ ပြုံး၍ ပြောလိုက်သည်။
“ချမ်ချမ်တို့ မိစ္ဆာမျိုးနွယ်ရဲ့ ဆန်းကြယ်သိုင်းမြို့တော်ကနေပြီး ကြိုဆိုပါတယ်”
***