ဂုဏ်သရေရှိ မိစ္ဆာအရှင်များ
Vol. 62 Ch. 857
ဆန်းကြယ်သိုင်းမြို့တော်၏ အထက်တွင် အဖြူရောင်အလင်းတောက်ပနေသော အကာအရံတစ်ခု ရှိပေသည်။ ပတ်ဝန်းကျင်ကမူ မည်းမှောင်နေ၏။ ထိုတစ်နေရာတည်းသာ လင်းနေခြင်းပင်။ အထက်မှကြည့်လျှင် ဆန်းကြယ်သိုင်းမြို့တော်သည် ပင်လယ်နက်ထဲရှိ တောက်ပနေသော ပုလဲလုံးတစ်လုံးကဲ့သို့ တလက်လက်ဖြင့် အလွန်လှပလေသည်။
မြို့ထဲတွင် နန်းတော်များကို အစီအစဉ်တကျ တည်ဆောက်ထားသည်။ မည်သည့်နေရာမှ ထွက်ပေါ်လာကြောင်း မသိရသည့် မြူခိုးခပ်ရေးရေးကြောင့်လည်း မြို့က ဆန်းကြယ်ပုံ ပေါ်နေသည်။ စိမ်းစိုသော အပင်များကြားရတွင် ကျောက်စိမ်းဖြူတိုင်များဖြင့် တည်ဆောက်ထားသော အဆောက်အဦများလည်း ရှိနေသည်။ ရွှေရောင်နှင့် အစိမ်းရောင်တို့ကလည်း ပနံသင့်နေသည်။ ကျန်းရီသည် ဝေဝါးဝါးအိပ်မက်တစ်ခု၊ နတ်ဘုံတစ်ခုသို့ ရောက်နေသကဲ့သို့ ခံစားနေရလေသည်။
မြို့ထဲတွင် လူများ ရှိနေ၏။ သို့သော် သူတို့သည် လူသားစစ်စစ်များ မဟုတ်ကြပေ။ ဥပမာအားဖြင့် လူအချို့၏ ခေါင်းပေါ်တွင် ဦးချိုများရှိပြီး၊ လူအချို့ကိုမူ ထူးဆန်းသော အကြေးခွံများက ဖုံးလွှမ်းထားပေသည်။ အချို့တွင် အရောင်စုံသော အရည်ပြားရှိပြီး အချို့မှာ မျက်လုံးလေးငါးလုံး သို့မဟုတ် လက်များစွာ ရှိကြသည်။ လူသားပုံစံများက အမျိုးစုံလှ၏။ ထို့ကြောင့် အလွန်ထူးဆန်းနေပေသည်။
ထိုလူများသည် မိမိတို့ခြံဝန်းထဲတွင် ရှိနေသူကရှိ၊ သစ်ပင်ငယ်လေးမျာအောက်တွင် ထိုင်နေသူကထိုင်၊ လမ်းပေါ်တွင် လျှောက်နေသူလျှောက်၊ ခမ်းနားသော ရထားလုံးများကို စီးနေသူကစီးနှင့် ရှိနေကြလေသည်။ ကျန်းရီနှင့် ကျန်းရှောင်နူတို့သည် တစ်ချက်ကြည့်လိုက်ရုံဖြင့် အနည်းဆုံး မိစ္ဆာအရေအတွက်(၁၀၀,၀၀၀)ကို တွေ့လိုက်ရ၏။ သူတို့မြင်ရသော နေရာက မြို့၏ တစ်စိတ်တစ်ပိုင်းသာ ရှိပေသေးသည်။
ရွှီး...
အနက်ရောင်နတ်ဘုရား၏ ခန္ဓာကိုယ်က လင်းလက်သွားပြီး လူသားပုံစံ ပြောင်းလဲသွားသည်။ သူက အဝေးရှိ ဧရာမ ရွှေရောင်နန်းတော်တစ်ခုကို ညွှန်ပြကာ ပြောလိုက်သည်။
“အရင်ဆုံး မဟာဧကရာဇ်ဆီ သွားကြစို့”
ရွှစ်...ရွှစ်...
အနက်ရောင်နတ်ဘုရားက အောက်သို့ ဆင်းသွားပြီး အကာအရံ၏ဘေးတွင် ရပ်လိုက်သည်။ သူ့လက်တွင် အနက်ရောင်အလင်း တောက်ပလာပြီး အကာအရံပေါ်တွင် အကွဲကြောင်းတစ်ခု ထွက်ပေါ်လာလေသည်။ ချမ်ချမ်က ပြုံးကာ ရှင်းပြလိုက်၏။
“ဝင်ကြပါ... သာမန်လူဆို ဆန်းကြယ်သိုင်းမြို့တော်ရဲ့ အကာအရံကို ဖွင့်နိုင်မှာ မဟုတ်ဘူး။ နတ်ဘုရားတစ်ပိုင်း ပညာရှင်တွေတောင် အထဲကို မဝင်နိုင်ကြဘူး။ အဆုံးမဲ့ပင်လယ်နက်ထဲက သန်းသောင်းချီတဲ့ မိစ္ဆာတွေကြားမှာတောင် မိစ္ဆာအရှင်အဆင့်ကို ရောက်တဲ့သူတွေပဲ ဆန်းကြယ်သိုင်းမြို့တော်ထဲကို ဝင်ခွင့်ရှိတယ်”
“အံ့ဩစရာပဲ...”
ကျန်းရီသည် အံ့ဩတကြီး သက်ပြင်းချလိုက်ပြီး ဆန်းကြယ်သိုင်းမြို့တော်ထဲတွင် မိစ္ဆာအရှင်များ မည်မျှရှိသနည်းဟု တွေးလိုက်၏။ တစ်သန်းလော၊ ဆယ်သန်းလော၊ သို့မဟုတ် သန်းတစ်ထောင်လော။ သူ့စိတ်ထဲတွင် သန်းထောင်ချီသော လူများနှင့် မိစ္ဆာများ တိုက်ခိုက်နေသည့် မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။ မမျှော်လင့်ကောင်းသော်လည်း ထိုကဲ့သို့သော စစ်ပွဲမျိုးကို သူ အတန်ငယ် မျှော်လင့်မိနေသည်။
အကာအရံအတွင်းသို့ ဝင်သွားပြီးနောက်တွင် အနက်ရောင်နတ်ဘုရားက သူတို့ကို မြို့ထဲရှိ အမြင့်ဆုံး၊ အခမ်းနားဆုံး နန်းတော်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်ခေါ်သွားလေသည်။ ကျန်းရီသည် ကျန်းရှောင်နူကိုခေါ်ကာ သူ့အနောက်မှ ပျံလိုက်သွားလိုက်၏။ သူတို့၏ လူသားအရှိန်အဝါက မိစ္ဆာများစွာကို အာရုံစိုက်သွားစေသည်။ မိစ္ဆာများသည် အနက်ရောင်နတ်ဘုရားနှင့် ချမ်ချမ်တို့ကို တွေ့လိုက်သောအခါ လေးလေးစားစား ဒူးထောက်လိုက်ကြ၏။ ကျန်းရီနှင့် ကျန်းရှောင်နူတို့သည် အနက်ရောင်နတ်ဘုရားတို့နှင့် ပါလာသည်ဖြစ်ရာ မည်သည့်မိစ္ဆာကမှ သူတို့ကို ရန်မစဝံ့ကြပေ။ သို့သော် မိစ္ဆာအချို့ကတော့ ကျန်းရီတို့ကို သွေးဆာသော မျက်လုံးနီးကြီးများဖြင့် ကြည့်နေကြပေသည်။
ကျန်းရီသည် ရှောင်နူတစ်ယောက် အနည်းငယ် ကြောက်ရွံ့နေသည်ကို တွေ့လိုက်၍ သူမ၏လက်ကို ပို၍တင်းတင်းဆုပ်ကိုင်ပေးလိုက်သည်။ ထိုအခါမှ ရှောင်နူက ချိုသာစွာ ပြုံးလိုက်ပြီး လျင်မြန်စွာ ပြန်တည်ငြိမ်သွားလေသည်။
“အာ... ချမ်ချမ်.. ဆန်းကြယ်သိုင်းမြို့တော်မှာ တော်တော်လေး သိပ်သည်းတဲ့ မိုးမြေအတွင်းအား ရှိတာပဲ။ အနည်းဆုံး အပြင်ကထက် ငါးဆ၊ ခြောက်ဆလောက် ပိုသိပ်သည်းလိမ့်မယ်”
ကျန်းရီသည် မြို့ထဲသို့ ဝင်လာကလည်းက အလွန်သက်တောင့်သက်သာ ခံစားနေရသဖြင့် ပတ်ဝန်းကျင်ကို အာရုံခံနေခဲ့၏။ ဤမြို့သည် ရှန်းစီမြို့နှင့် ဆင်တူကာ သိပ်သည်းသော မိုးမြေအတွင်းအား ရှိကြောင်း သူ အံ့အားသင့်စွာ သိလိုက်ရလေသည်။
“ဟဲဟဲ...”
ချမ်ချမ်က ခပ်ရေးရေး ပြုံးလိုက်ပြီး အောက်ဘက်ရှိ နန်းတော်များကို ညွှန်ပြကာ ပြောလိုက်သည်။
“ဒီနန်းတော်တွေ အကုန်လုံးကို ကောင်းကင်ကျောက်တုံးတွေနဲ့ တည်ဆောက်ထားတာလေ။ ဘယ်လိုလုပ် မိုးမြေအတွင်းအားက မသိပ်သည်းဘဲ နေနိုင်မလဲ။ ပြီးတော့ ဆန်းကြယ်သိုင်းမြို့တော်အောက်မှာ အံ့ဩစရာကောင်းတဲ့ ကောင်းကင်ကြောတစ်ခု ရှိတယ်၊ မြို့ထဲမှာလည်း ဝိညာဉ်စုစည်းအစီအရင်တစ်ခုရှိတယ်။ ရှင် ရွှမ်ဝူနန်းတော်ကို ရောက်ရင် ပိုသိပ်သည်းတဲ့ အတွင်းအားကို ခံစားရပါလိမ့်မယ်။ အဲ့က မိုးမြေအတွင်းအားက ရှန်းစီမြို့က အတွင်းအားနဲ့ မကွာဘူး”
“ကောင်းကင်ကျောက်တုံးတွေလား...”
ကျန်းရီ မျက်လုံးပင့်လိုက်သည်။ ချမ်ချမ်သည် ‘ပြင်းပြမှု’ကို လေလံဆွဲရန် ကောင်းကင်ကျောက်တုံး သန်းတစ်သိန်းကို မျက်တောင်တစ်ချက်မခတ်ဘဲ ပေးခဲ့ခြင်းမှာ အံ့ဩစရာ မရှိတော့ပေ။ မိစ္ဆာများသည် ကျင့်ကြံခြင်းအတွက် မိုးမြေအတွင်းအားအပေါ် မှီခိုသော်လည်း ကောင်းကင်ကျောက်တုံးများကိုတော့ မသန့်စင်ကြပေ။ အဆုံးမဲ့ပင်လယ်နက်က ကြီးမားလှသဖြင့် သူတို့သည် ကောင်းကင်ကျောက်တုံးများကို အကန့်အသတ်မရှိ ရနေကြပေသည်။
“အာ... ဟိုနေရာဟာက ရေကန်တစ်ကန်လား”
ခေတ္တမျှပျံသန်းပြီးနောက်တွင် အရှေ့မြင်ကွင်းတွင် ရေကန်တစ်ကန် ရုတ်တရက် ထွက်ပေါ်လာလေသည်။ ကျန်းရီနှင့် ရှောင်နူတို့သည် အဆုံးမဲ့ပင်လယ်နက်ထဲတွင် ရေကန်တစ်ကန်ရှိနေသည်ကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားကြ၏။ ချမ်ချမ်က ပြုံးကာ ရှင်းပြလိုက်သည်။
“အဲ့ဒါက ဘိုးဘိုး ဖန်တီးထားတဲ့ နတ်ဘုရားရေကန်ပဲ။ မိစ္ဆာတွေအကုန်လုံး အဲ့ကို သွားပြီး အတွင်းအားပျိုးထောင်လို့ ရတယ်။ အဲ့ရေကန်မှာ ဆယ်နှစ်စိမ်ရင် ခန္ဓာကိုယ်ကို နှစ်ဆပိုသန်မာသွားစေလိမ့်မယ်”
“အရှင်အောင်းလုက တကယ့်ကို တော်တာပဲ”
ကျန်းရီ ချီးကျူးလိုက်သည်။ လူသားများနှင့်ဆာလျှင် မိစ္ဆာများက သူတို့၏ခန္ဓာကိုယ်များကို ပို၍ဂရုစိုက်ကြ၏။ မိစ္ဆာများသည် ရတနာများ သိပ်မရှိသဖြင့် သူတို့၏ စွမ်းအားကြီးအသွေးအသားနှင့် ဆန်းကြယ်သော မိစ္ဆာအတတ်များကိုသာ မှီခိုရသည် မဟုတ်ပါလော။
“ဟာ... အဲ့ဒါက ဘာလဲ”
အတန်ငယ် ဆက်သွားပြီးနောက်တွင် ကျန်းရီသည် အရှေ့တွင် အရောင်စုံသော နွံတောတစ်ခုကို တွေ့လိုက်လေသည်။ မိစ္ဆာများစွာသည် နွံထဲတွင် စိမ်နေကြ၏။ သူတို့၏ အရည်ပြားများကလည်း အရောင်စုံလာပြီး အတော်လေး ရွံရှာဖွယ်ကောင်းနေပေသည်။
ချမ်ချမ်က ရွံရှာဟန်ဖြင့် မျက်နှာလွှဲကာ ပြောလိုက်သည်။
“အဲ့ဒါက အဆိပ်နွံတောလေ... အဲ့ထဲမှာစိမ်ရင် ခန္ဓာကိုယ်ကို အဆိပ်ရှိလာစေလိမ့်မယ်။ အဆိပ်က မိစ္ဆာအင်အားနဲ့ အတွင်းအားကို တိုက်စားနိုင်စွမ်းရှိတယ်။ နတ်ဘုရားဒိုင်းတွေကိုလည်း အလွယ်တကူ ချိုးဖျက်နိုင်စွမ်းရှိတယ်။ အဲ့ဒါကိုလည်း ဘိုးဘိုးပဲ ဖန်တီးထားတာပဲ...”
ကျန်းရီသည် လမ်းတစ်လျှောက်တွင် စိတ်ဝိညာဉ်ကို ပျိုးထောင်ပေးနိုင်သော ဝိညာဉ်ရေကန်နှင့် အခြားထူးဆန်းသောအရာများစွာကို မြင်ခဲ့ရလေသည်။ အောင်းလုသည် ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲတွင် နှစ်ပေါင်း(၇၀၀,၀၀၀)ကျော် နေခဲ့ရသဖြင့် မကျင့်ကြံသည့်အချိန်များတွင် ထူးဆန်းသောအရာမျိုးစုံကို လေ့လာခဲ့၏။ ထိုထူးဆန်းသောအရာများမှနေ၍ မိစ္ဆာမျိုးနွယ်က အကျိုးအမြတ် များစွာ ရခဲ့ပေသည်။
မကြာခင်မှာပင် ကျန်းရီတို့ ရွှမ်ဝူနန်းတော်သို့ ရောက်ရှိသွား၏။
ကျန်းရီသည် အရှေ့ရှိ ကြီးကျယ်ခမ်းနားသော နန်းတော်ကြီးကို ကြည့်ရင်း လွန်ခဲ့သော နှစ်ပေါင်း(၇၀၀,၀၀၀)က မရေမတွက်နိုင်သော မိစ္ဆာများ အတူတကွပူးပေါင်းကာ နန်းတော်ကြီးကို တည်ဆောက်နေသည့် မြင်ကွင်းများကို မြင်ယောင်မိသွားလေသည်။
“ဝင်ခဲ့ပါ...”
ချမ်ချမ်က နန်းတော်ဂိတ်တံခါးအလယ်သို့ ဆင်းသက်လိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။ သူမ၏ အစိမ်းရောင်ဆံနွယ်များက လေထဲတွင် လွင့်သွား၏။ သူမသည် အလွန်လှပပေရာ လူများသည် သူမနှင့် အကြည့်ချင်းဆုံအောင်ပင် မကြည့်ဝံ့ကြချေ။ ကျန်းရီက ရှောင်နူကို ခေါ်၍ ပျံဆင်းသွားလိုက်၏။ သူသည် အနက်ရောင်သံချပ်ကာ ဝတ်ဆင်ထားသော အင်အားကြီးအရှိန်အဝါနှင့် အေးစက်စက် မျက်နှာထားများရှိကြသည့် စစ်သည်တန်းတစ်တန်းကို မြင်လိုက်ရသောအခါ ဂုဏ်ယူမိသွားလေသည်။ သူနှင့် ရှောင်နူတို့သည် ရွှမ်ဝူနန်းတော် တည်ဆောက်ပြီးကတည်းက ဤနေရာတွင် ပထမဆုံး ခြေချဖူးသော လူသားများ ဖြစ်နိုင်ပေသည်။
ကျန်းရီသည် မိစ္ဆာမျိုးနွယ်နှင့် လူသားမျိုးနွယ်ကြားမှ ရန်ငြိုးများကို မချေဖျက်လိုပေ။ သူ ချေဖျက်နိုင်မည်လည်း မဟုတ်ပေ။ သူက တတ်စွမ်းသလောက် လုပ်ခဲ့ခြင်းသာ။ သူကိုယ်တိုင်ပင် အန္တရာယ်များသော အခြေအနေအတွင်း၌ ရှိနေပေရာ လူသားများနှင့် မိစ္ဆာများကြားမှ ဆက်ဆံရေးကို ဝင်ဖျန်ဖြေခြင်းမှာ အရူးထသော လုပ်ရပ်သာ ဖြစ်ပေလိမ့်မည်။
ကျန်းရီသည် မိစ္ဆာမျိုးနွယ်၏ မဟာဧကရာဇ်ကို လွတ်လာအောင် လုပ်ပေးခဲ့ခြင်းကို မရှက်ပေ။ ဆန်းကြယ်ဧကရာဇ်ပင် အောင်းလုကို လွှတ်ပေးဝံ့ခဲ့သည် မဟုတ်ပါလား။ ကျန်းရီက ဘာကို ကြောက်ရမည်နည်း။
“ကောင်လေး... ဘာလို့ နှေးတိနှေးကန် ဖြစ်နေတာလဲ။ အခုချက်ချင်း ဝင်လာခဲ့တော့”
ကျန်းရီသည် ဩဇာရှိသော အသံအိုတစ်သံကြောင့် အာရုံပြန်ကပ်လာ၏။ သူ ချက်ချင်းပင် ခါးသက်သက်ပြုံးလိုက်ပြီး ရှောင်နူကိုခေါ်ကာ ချမ်ချမ်နှင့် အနက်ရောင်နတ်ဘုရားတို့နောက်မှ လိုက်ဝင်သွားလေသည်။ သူ အထဲသို့ ရောက်သောအခါ ဧရာမ ပင်မခန်းမဆောင်ကြီးတစ်ခုကို တွေ့လိုက်ရ၏။
ပင်မခန်းမဆောင်ကြီးထဲတွင် ရာချီသော ထောက်တိုင်ကြီးများမှလွဲ၍ အခြားမည်သည့်အရာမှ ရှိမနေပေ။ ထောက်တိုင်အားလုံးပေါ်တွင် စွမ်းအားကြီး မိစ္ဆာသားရဲများ၏ ပုံများကို ထွင်းထား၏။ ထိုမိစ္ဆာသားရဲပုံများမှာ ပြန့်သားရဲ၊ ရွှမ်နီသားရဲ၊ ချီဝမ်သားရဲ၊ ကျောက်ထူသားရဲ၊ ခွန်ဖမ်းသားရဲ၊ ဖောင်ရှောင်သားရဲ စသည်ဖြင့် အမျိုးစုံလှပေသည်။
“သူတို့အကုန်လုံးက အတိတ်တုန်းက တိုက်ပွဲမှ ကျဆုံးသွားခဲ့တဲ့ မဟာမိစ္ဆာသားရဲတွေပဲ။ သူတို့တွေက အထွတ်အထိပ်အဆင့် မိစ္ဆာအရှင်တွေ”
ချမ်ချမ်က ရှင်းပြလိုက်ပြီး ကျန်းရီကို ဘေးဘက်ရှိ စင်္ကြံလျှောက်လမ်းတစ်ခုဆီ ခေါ်သွားလိုက်လေသည်။ ကျန်းရီ အံ့အားသင့်နေ၏။ အထွတ်အထိပ်အဆင့် မိစ္ဆာအရှင်များသည် အောင်းလုနှင့် အဆင့်တူလောက်ပေသည်။ ဤနေရာတွင် အနည်းဆုံး ထောက်တိုင်ထောင်ကျော် ရှိလော၏။ ယင်းက အထွတ်အထိပ်အဆင့် မိစ္ဆာအရှင် ထောင်ကျော်ဆိုသော အဓိပ္ပာယ်ပင်။ သို့သော် ထိုမိစ္ဆာအရှင်အားလုံးသည် ဆန်းကြယ်ဧကရာဇ်၏ သတ်ဖြတ်မှုကို ခံခဲ့ရရာ ဆန်းကြယ်ဧကရာဇ်က မည်မျှ စွမ်းအားကြီးပါသနည်း။
ကျန်းရီတို့သည် စင်္ကြံလမ်းအတိုင်း ငါးမိနစ်လျှောက်ပြီးသောအခါ ခမ်းနားသော ခန်းမဆောင်တစ်ခုသို့ ထပ်ရောက်သွား၏။ ထိုခန်းမထဲတွင် လူအချို့ ထိုင်နေပေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် လူအယောက်(၃၀)ကျော် ရှိကြောင်း သိနိုင်၏။ အောင်းလုကမူ ထိပ်ဆုံးရှိ ရေခဲပလ္လင်ပေါ်တွင် ထိုင်နေပေသည်။ ကျန်းရီသည် ထိုလူများကို ကြည့်လိုက်ပြီးနောက် အံ့အားသင့်သွား၏။ သူတို့၏ အရှိန်အဝါများက အနက်ရောင်နတ်ဘုရား၏ အရှိန်အဝါနှင့် ယှဉ်နိုင်ပေသည်။ ထို့ကြောင့် သူတို့အားလုံးက မိစ္ဆာအရှင်များ ဖြစ်ပေလိမ့်မည်။
ဝှစ်...ဝှစ်...ဝှစ်...
မိစ္ဆာအရှင်အားလုံးသည် တစ်ပြိုင်တည်း ထရပ်လိုက်ပြီး ကျန်းရီကို လေးလေးစားစား ကြည့်လိုက်ကြ၏။ အနက်ရောင်နတ်ဘုရားကလည်း သူတို့ထံသို့ လျှောက်သွားပြီး သူတို့နှင့်အတူ ရပ်ကာ ကျန်းရီကို ကြည့်လိုက်လေသည်။ ထို့ကြောင့် ကျန်းရီ အံ့အားသင့်မှင်တက်သွား၏။
မိစ္ဆာအရှင်များသည် အသံနက်များဖြင့် တညီတညွတ် အော်လိုက်လေသည်။
“အဆုံးမဲ့ပင်လယ်နက်ရဲ့ မိစ္ဆာအရှင်(၃၆)ပါးက သန်းသိန်းချီတဲ့ မိစ္ဆာတွေရဲ့ကိုယ်စား သခင်လေးကျန်းရီရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်”
***