← Chapters

ဆန်းကြယ်နတ်ဘုရားနန်းတော်ကို သွားယူ

Vol. 62 Ch. 858

ဆန်းကြယ်နတ်ဘုရားနန်းတော်ကို သွားယူ

Vol. 62 Ch. 858

မိစ္ဆာအရှင်(၃၆)ပါးမှာ လဲ့ပန်းရှန်း(၃၆)ယောက်နှင့် ညီမျှပေသည်။ အချို့စွမ်းအားကြီး မိစ္ဆာအရှင်များဆိုလျှင် လဲ့ပန်းရှန်းထက်ပင် ပို၍သန်မာနိုင်၏။ ထိုသူများအားလုံးက ယခုတွင် ကျန်းရီကို ကျေးဇူးတင်စကား ပြောနေခြင်းလော။ ကျန်းရီသည် ပထမဆုံးအကြိမ်အဖြစ် ဂုဏ်မယူဘဲ ကြောက်ရွံ့သွား၏။ သူသည် ထိုသို့ကျေးဇူးတင်ခံရရန် မထိုက်တန်သဖြင့် ကြောက်ရွံ့နေခြင်းပင်။

“ဟားဟားဟား...”

‌ရေခဲပလ္လင်ပေါ်တွင် ထိုင်နေသော အောင်းလုသည် ကျန်းရီ၏ ကြောက်ရွံ့နေသော မျက်နှာထားကို မြင်လိုက်သောအခါ ရယ်မောလိုက်၏။ ထို့နောက် သူ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“ကောင်းပြီ... ဒီကောင်လေးကို လန့်အောင် လုပ်မနေပါနဲ့တော့။ မင်းတို့ သွားကြတော့။ ငါ ဒီကောင်လေးနဲ့ စကားပြောလိုက်ဦးမယ်။ ချမ်ချမ်... ကောင်မလေးကို ရွှမ်ဝူနန်းတော်ထဲကို လျှောက်ပတ်ပြလိုက်ဦး”

“မှန်လှပါ... မဟာဧကရာဇ်”

မိစ္ဆာအရှင်(၃၆)ပါးက ထရပ်လိုက်ပြီး လက်ဆုပ်ကာ အောင်းလုကို အရိုအသေးပေးလိုက်ပြီး ထွက်သွားကြလေသည်။ ချမ်ချမ်က ရှောင်နူကို ပြုံးကြည့်ကာ ပြောလိုက်၏။

“ညီမလေးရှောင်နူ... သွားကြစို့။ ချမ်ချမ် ညီမလေးကို ပြီးခဲ့တဲ့အခေါက်က ပြောပြဖူးတဲ့  စားကောင်းသောက်ဖွယ်တွေ စားရအောင် ခေါ်သွားပေမယ်”

ကျန်းရှောင်နူက ကျန်းရီကို ကြည့်လိုက်သည်။ ကျန်းရီက ခေါင်းညိတ်ပြလိုက်၏။ ထို့ကြောင့် သူမသည် ချမ်ချမ်နှင့်အတူ နာခံစွာ ထွက်သွားလေတော့သည်။ ထို့နောက် အောင်းလုက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“ကောင်လေး.. မင်း ထိုင်ချင်တဲ့နေရာမှာ ထိုင်။ ဒီရွှမ်ဝူနန်းတော်က မင်းရဲ့အိမ်လိုပဲ။ မင်းသာ ဒီမှာနေရတာကို အသားကျသွားရင် ရှန်းစီမြို့ကို ပြန်ပြီး မကောင်းတဲ့လူတွေနဲ့ နေမနေနဲ့တော့။ မင်း ဒီမှာပဲ နေလို့ရတယ်”

ကျန်းရီက ခါးသက်သက်ပြုံးလိုက်သည်။ သူသည် ဖိတ်ခေါ်ချက်ကို တည့်တိုးကြီး ငြင်း၍ မဖြစ်ပေ။ သူက လူသားတစ်ယောက် ဖြစ်နေဆဲ မဟုတ်ပါလား။ အဘယ်သို့ သူသည် မိစ္ဆာများနှင့် အတူနေနိုင်ပါမည်နည်း။ ဥပမာအားဖြင့် ချမ်ချမ်သာ ရှန်းစီကျွန်းတွင် နှစ်အနည်းငယ် နေရမည်ဆိုလျှင် သူမ နေသားကျနိုင်ပါမည်လော။

လူသားများက လူသားများ ဖြစ်ပြီး မိစ္ဆာများက မိစ္ဆာများသာ။

ဆန်းကြယ်သိုင်းမြို့တော်က ရှန်းစီမြို့နှင့် မကွာဟု ထင်ရသော်လည်း ကျန်းရီသည် ဤမြို့တွင် ရေရှည်နေလျှင် သူ၏လူသားသဘာဝကို ဆုံးရှုံးသွားပြီး လူတစ်ပိုင်း မိစ္ဆာတစ်ပိုင်းဖြစ်သွားမည်ကို စိုးပေသည်။

အောင်လုသည် ကျန်းရီကို အတင်းမဖိတ်ခေါ်ပေ။ ထိုအစား သူသည် မျက်မှောင်ကြုတ်ကာ စိတ်ဝင်တစား မေးလိုက်လေသည်။

“ကောင်လေး.. မင်း အရင်တုန်းက ဆန်းကြယ်ဧကရာဇ်ရဲ့ အစီအရင်တွေကို ဘယ်လို သိမြင်နိုင်ခဲ့တာလဲ။ ပြီးတော့ ဘာလို့ မင်းရဲ့ ဒန်တျန်နဲ့ စိတ်ဝိညာဉ်က သာမန်လူသားတွေနဲ့ မတူရတာလဲ။ မင်းရဲ့ ထူးဆန်းတဲ့ စိတ်ဝိညာဉ်ကြောင့် အဝါရောင်စမ်းချောင်းကို ဖြတ်ကျော်နိုင်ခဲ့တာလား”

ကျန်းရီ ခေတ္တမျှ ပြန်တွေးတောလိုက်ပြီး သိပ်နားမလည်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။

“ကျွန်တော်လည်း အသေးစိတ် မသိပါဘူး။ ကျွန်တော်က အကြံကုန်နေလို့ စွန့်စားကြည့်လိုက်တာပါ။ အဲ့ဒါက အံ့ဩစရာကောင်းအောင် အလုပ်ဖြစ်သွားခဲ့တာပဲ။ ဆန်းကြယ်ဧကရာဇ်က အဲ့မှာ လူသားပညာရှင်တွေကို သေခွင့်မပြုလောက်ဘူးလို့ ကျွန်တော် စဉ်းစားမိခဲ့တယ်။ အဲ့ဒါကြောင့် အထပ်တိုင်းမှာ အသက်တံခါးတစ်ပေါက်စီ ရှိလောက်မယ်လို့ ကျွန်တော်ယူဆခဲ့တာပဲ။ ကျွန်တော်သာ အသက်တံခါးကို ရှာနိုင်ရင် ပဟေဠိကိုလည်း ဖြေရှင်းနိုင်ပြီလေ”

“ဉာဏ်ကောင်းတယ်”

အောင်းလုက ခေါင်းညိတ်လိုက်ပြီး သက်ပြင်းရှည်ကြီးတစ်ချက်ချကာ ပြောလိုက်သည်။

“ငါက ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲမှာ နှစ်ပေါင်း(၇၀၀,၀၀၀)ကျော် ပိတ်မိနေခဲ့လို့ ဆန်းကြယ်ဧကရာဇ်ကို အစိမ်းလိုက်ဝါးစားပစ်ချင်နေပေမယ့် သူက တကယ့်ကို ပြိုင်ဘက်ကင်းဉာဏ်ကြီးရှင်ပဲဆိုတာတော့ ငါ ဝန်ခံရမယ်။ ကောင်းကင်ကြယ်တာရာနယ်နမိတ်မှာ ဆန်းကြယ်နတ်ဘုရားနန်းတော်က နံပါတ်(၁) မူလရတနာတစ်ခုပဲ”

ကျန်းရီသည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွား၍ စိတ်ဝင်တစား မေးလိုက်လေသည်။

“အရှင်... ဆန်းကြယ်နတ်ဘုရားဓားနဲ့ ဆန်းကြယ်နတ်ဘုရားသံချပ်ကာက တကယ်ပဲ ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲမှာလား။ အဲ့မူလရတနာနှစ်ခုက ဒဏ္ဍာရီလာ နတ်ဘုရားအသုံးအဆောင်တွေလား”

ယခုတွင် ဆန်းကြယ်နတ်ဘုရားနန်းတော်သည် ဆန်းကြယ်နတ်ဘုရားတောင်တွင် ရှိနေကြောင်း ကျန်းရီ ကြားထား၏။ မည်သည့်ကိစ္စဖြစ်ခဲ့ကြောင်း သူမသိသော်လည်း ယခုတွင် ဆန်းကြယ်နတ်ဘုရားနန်းတော်သည် ဆန်းကြယ်နတ်ဘုရားတောင်တွင် ထွက်ပေါ်လာပြီး သိုင်းသမားများစွာက စွမ်းအားအကြီးဆုံး လက်နက်များ၊ ချပ်ဝတ်များကို ရယူနိုင်ရန် အိပ်မက်မက်နေကြကြောင် သူ ကြားထားပေသည်။ ထို့ကြောင့် သူ မအောင့်နိုင်တော့ဘဲ မေးလိုက်ခြင်းပင်။

“ဟဲဟဲ...”

အောင်းလုက ခပ်ရေးရေးပြုံးလိုက်ပြီး ခေါင်းခါကာ ပြောလိုက်သည်။

“ငါ မင်းကို မပြောပြချင်တာ မဟုတ်ပါဘူး... ဆန်းကြယ်နတ်ဘုရားနန်းတော်နဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်တွေကို မပေါက်ကြားစေရဘူးလို့ ငါ ဆန်းကြယ်ဧကရာဇ်ကို ကတိပေးထားလို့ပါ။ အမှန်‌တော့ ငါ မင်းကို ဒီကိုခေါ်ရတဲ့အကြောင်းကလည်း ဆန်းကြယ်နတ်ဘုရားနန်းတော်ကြောင့်ပဲ”

“အို့...”

ကျန်းရီ အံ့အားသင့်သွား၏။ ချက်ချင်းပင် သူ လက်ဆုပ်ကာ ပြောလိုက်သည်။

“အရှင်... ကျွန်တော့်ကို အကြောင်းစုံ ပြောပြပါ”

အောင်းလုက ရုတ်တရက် ထရပ်လိုက်သည်။ သူ့မျက်လုံးများထဲတွင် ဘဝင်အရိပ်အယောင်တစ်ခု လက်သွားလေသည်။ သို့သော် သူက အေးစက်စက် ပြောလိုက်၏။

“ငါ မင်းကို အရှေ့ဘက် တော်ဝင်နယ်မြေဆီသွားပြီး ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ယူခဲ့ပေးစေချင်တယ်”

“ဗျာ...”

ကျန်းရီ အံ့ဩတုန်လှုပ်သွားသည်။ သူ ခေတ္တမျှမှင်တက်နေပြီးနောက် လျင်မြန်စွာ ခေါင်းခါ၍ ပြောလိုက်သည်။

“အရှင်... ကျွန်တော် ယုံကြည်မှု မရှိတာတော့ မဟုတ်ပေမယ့် ဆန်းကြယ်နတ်ဘုရားနန်းတော်က ဆန်းကြယ်နတ်ဘုရားတောင်မှာ ရှိနေတာ ငါးနှစ်၊ ခြောက်နှစ်လောက်ရှိပြီလို့ ကျွန်တော်ကြားထားပါတယ်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုက လူတွေက ဆန်းကြယ်နတ်ဘုရားတောင်ကို ရောက်နေကြပါတယ်... အဲ့တော့ ကျွန်တော် ဘယ်လိုလုပ် အဲ့နန်းတော်ကို ယူနိုင်မှာပါလဲ။ ပြီးတော့ ကျွန်တော်က ဧကရာဇ်ကိုးပါးမျိုးနွယ်စုထဲက မျိုးနွယ်နည်းနည်းနဲ့ ရန်ငြိုးရန်စတွေ ရှိပါတယ်။ ကျွန်တော် အရှေ့ဘက် တော်ဝင်နယ်မြေကို ရောက်သွားတာနဲ့ နက္ခတ်ပညာရှင်တွေက ကျွန်တော့်ကို ချက်ချင်း တွေ့သွားမှာပဲ။ အဲ့ကျရင် ကျွန်တော် ဧကရာဇ်ကိုးပါးမျိုးနွယ်စုရဲ့ လိုက်သတ်တာကို ခံရပါလိမ့်မယ်”

“ဟွန်း...”

အောင်းလုက နှာမှုတ်ကာ ပြောလိုက်သည်။

“ကောင်လေး... ငါက မင်းကို သွားခိုင်းရင် ငါ့မှာလည်း ငါ့အကြောင်းနဲ့ငါ ရှိလို့ပေါ့ကွ။ တခြားသူတွေက ဆန်းကြယ်နတ်ဘုရားတောင်ကို မတက်နိုင်ဘူးဆိုတာကို ငါသိတယ်။ ငါ မင်းကို ဖုံးကွယ်မထားတော့ပါဘူး။ တကယ်တော့... ငါ တစ်ခုလုပ်ခဲ့တာ။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုကလူတွေ မဆိုထားတဲ့ ဧကရာဇ်ကိုးပါး ကိုယ်တိုင်တောင် ဆန်းကြယ်နတ်ဘုရားတောင်‌ပေါ်ကို ငါးနှစ်အတွင်း တက်နိုင်မှာ မဟုတ်ဘူး။ ငါးနှစ်ကြာပြီးရင်တော့ ဆန်းကြယ်နတ်ဘုရားတောင်က အကာအရံတွေက အားနည်းလာလိမ့်မယ်။ အဲ့အခါကျရင် လူတွေအများကြီး တက်နိုင်သွားလိမ့်မယ်။ အဲ့တော့ တောင်ပေါ်ကို ပထမဆုံး တက်တဲ့သူက မင်းဖြစ်ဖို့လိုတယ်။ မင်းက ဆန်းကြယ်ဧကရာဇ်ရဲ့ စိတ်ကို သိနိုင်လောက်အောင်တောင် ဉာဏ်ကောင်းတာပဲ။  ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ယူနိုင်ဖို့ အောင်မြင်နိုင်ခြေအများဆုံးသူက မင်းပဲ”

“အာ...”

ကျန်းရီ မျက်လုံးပင့်လိုက်သည်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ မရေမတွက်နိုင်သော မျိုးနွယ်ဝင်များနှင့် အရှေ့ဘက် တော်ဝင်နယ်မြေတစ်ခွင်လုံးမှ လူများစွာသည် နေ့နေ့ညညဆိုသလို ဆန်းကြယ်နတ်ဘုရားတောင်ပေါ်သို့ တက်နိုင်ရန် ကြိုးစားနေကြသည်ဟု ဆိုကြ၏။ သို့သော် ဧကရာဇ်ကိုးပါး ကိုယ်တိုင်ပင် တောင်ခါးပန်းလောက်ထိသာ တက်နိုင်ခဲ့သည်။ ထို့ကြောင့် လူအားလုံးသည် ယင်းအကာအရံများကို ဆန်းကြယ်ဧကရာဇ်က ပြုလုပ်ထားခဲ့ခြင်းဖြစ်မည်ဟု ယူဆခဲ့ကြ၏။ သို့ရာတွင် ၎င်းတို့ကို ပြုလုပ်ထားသူမှာ အောင်းလု ဖြစ်နေပေသည်။

“ဟွန်း...”

အောင်းလုက အေးစက်စက်အကြည့်ဖြင့် ကြည့်လိုက်ပြီး သူ့ဘာသာ ပြောလိုက်သည်။

“ဆန်းကြယ်ဧကရာဇ်က ဆရာသခင်အသစ်က လူသားပညာရှင်တစ်ယောက် ဖြစ်ရမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲမှာ ထူးဆန်းတဲ့ ရတနာတွေ မရေမတွက်နိုင်လောက်အောင်ရှိတယ်။ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရတာက ဆန်းကြယ်ဧကရာဇ်ရဲ့ အမွေအနှစ်တွေကို ရလိုက်သလိုပဲ... တိုက်ခိုက်စွမ်းအားက သိသိသာသာ တိုးတက်လာမှာ။ အတိတ်တုန်းက ဧကရာဇ်ကိုးပါးမျိုးနွယ်စု မိစ္ဆာတွေ အများကြီးကို သတ်ဖြတ်ခဲ့တယ်။ အဲ့တော့ ငါ သူတို့ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရသွားမှာကို မလိုလားဘူး။ တကယ်လို့ ဧကရာဇ်ကိုးပါးမျိုးနွယ်စုကသာ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရသွားရင် မိစ္ဆာမျိုးနွယ် ဒုက္ခများသွားလိမ့်မယ်။ ငါ မင်းဆီမှာ ကျေးဇူးကြွေးတစ်ခု တင်နေတယ်။ အဲ့ဒါကြောင့်... ငါ မင်းကိုပဲ ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရစေချင်တယ်”

“ဒါပေမဲ့...”

ကျန်းရီက တံတွေးမျိုချကာ ပြောလိုက်သည်။

“အရှင်... ကျွန်တော့်စိတ်ဝိညာဉ်ရဲ့ အရှိန်အဝါကို အဲ့မျိုးနွယ်တွေရဲ့ နက္ခတ်ပညာရှင်တွေက မှတ်သားပြီးထားပါပြီ။ ကျွန်တော် အရှေ့ဘက် တော်ဝင်နယ်မြေမှာ ထွက်ပေါ်လာတာနဲ့ သေချာပေါက် လိုက်သတ်ခံရမှာပါ။ ကျွန်တော့်ရဲ့ အင်အားလေးနဲ့ဆိုရင် သာမန်အကြီးအကဲတစ်ယောက်ကတောင် ကျွန်တော့်ကို အလွယ်လေး သတ်ပစ်နိုင်ပါတယ်။ ကျွန်တော် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ယူဖို့မပြောနဲ့ ဆန်းကြယ်နတ်ဘုရားတောင်နားကိုတောင် မကပ်နိုင်မှာ စိုးမိပါတယ်”

ကျန်းရီသည် ကောင်းကင်ရှောင်တိမ်းခြင်းအတတ်က ပြိုင်ဘက်ကင်းဟု ထင်ခဲ့၏။ ထိုအတတ်နှင့်သာဆိုလျှင် သူ့စိတ်ကြိုက် ထွက်ပြေးနိုင်လိမ့်မည်ဟု ယူဆခဲ့သည်။ သို့သော် နတ်ရွာလားတောင်ထွတ်မှ တိုက်ပွဲပြီးသွားနောက်တွင် ဤလောကထဲ၌ စွမ်းအားကြီးသိုင်းပညာရှင်များနှင့် ထူးဆန်းသော နတ်ဘုရားအတတ်များ များစွာရှိကြောင်း သူ သဘောပေါက်သွားခဲ့သည်။ အထူးတာအိုပုံသဏ္ဌာန်များကို ရှန်းစီမျိုးနွယ်စုမှ အဘိုးကြီးများသာ တတ်သည်မဟုတ်ပေ။ အကယ်၍ သူသာ အရှေ့ဘက် တော်ဝင်နယ်မြေမှ အဘိုးကြီးများ၏ လိုက်လံသတ်ဖြတ်မှုကို ခံရပါက အလွယ်တကူ သေဆုံးသွားနိုင်ပေသည်။

ထို့ပြင် လဲ့ပန်းရှန်းပိုင်ဆိုင်သော အချိန်တာအိုကို အရှေ့ဘက် တော်ဝင်နယ်မြေမှ လူများက မပိုင်ဆိုင်ဟု မည်သူ အာမခံနိုင်ပါသနည်း။ အကယ်၍ တစ်စုံတစ်ယောက်ကသာ အချိန်ကို ပြောင်းပြန်လှည့်နိုင်ပြီး သူ့ကို အာကာပြင်အက်ကြောင်းထဲ ဝင်စေလိုက်လျှင် သူ ပိညပ်တွန့်လိမ်ကာ သေသွားပေလိမ့်မည်။

အရှေ့ဘက် တော်ဝင်နယ်မြေသည် မျက်စိတစ်ဆုံး ကျယ်ပြောပြီး ဒေသ(၁၀၈)ခုရှိပေသည်။ ဒေသတစ်ခုစီတိုင်းက ရှန်းစီမျိုးနွယ်စုကဲ့သို့ ကြီးမား၏။ ထိုဒေသများတွင် သိုင်းသမားမည်မျှ ရှိကြောင်း ကျန်းရီ မသိပေ။ ထို့ပြင် အရှေ့ဘက် တော်ဝင်နယ်မြေ၌ နတ်ဘုရားတစ်ပိုင်းများလည်း ရှိနေသေးသည်။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုသည် နှစ်ပေါင်း(၇၀၀,၀၀၀)ကျော်ကြာအောင် ဦးမော့ကာ ရပ်တည်နိုင်ခဲ့ပြီး ရှန်းစီမျိုးနွယ်စုနှင့် အဆုံးမဲ့ပင်လယ်နက်ကို သူတို့ဘာသာ ဖိနှိပ်ထားနိုင်ခဲ့ကြောင်း ကျန်းရီ သိ၏။ ထို့ကြောင့် သူတို့သည် တွေးကြည့်၍ပင် မရနိုင်သော အာဏာနှင့် အင်အားကို သေချာပေါက် ပိုင်ဆိုင်ထားပေလိမ့်မည်။ သူတို့ကို လျှော့တွက်သူသည် မရှုမလှ သေဆုံးသွားရမည်သာ။

“စိတ်ဝိညာဉ်အရှိန်အဝါလား။ အဲ့ဒါက ဘာလို့ ပြဿနာဖြစ်ရမှာလဲ”

‌အောင်းလုက စိတ်မပူဟန်ဖြင့် ပြုံးလိုက်သည်။

“အဆုံးမဲ့ပင်လယ်နက်ထဲမှာ မိစ္ဆာမျိုးနွယ်တွေ သောင်းနဲ့ချီပြီးရှိတယ်။ အဲ့ထဲက အနည်းဆုံး မျိုးနွယ်ရာကျော်လောက်က စိတ်ဝိညာဉ်အရှိန်အဝါကို ပြောင်းပေးနိုင်ကြတယ်။ ပြီးတော့ စိတ်ဝိညာဉ်အရှိန်အဝါကို ပြောင်းလဲနိုင်တဲ့ ရတနာတွေလည်း အများကြီးရှိတယ်။ ဒါပေမဲ့... မင်းအနေနဲ့ မိစ္ဆာတွေရဲ့ ပစ္စည်းတွေကို မသုံးတာ အကောင်းဆုံးပဲ။ မဟုတ်ရင် မင်းဆီက မိစ္ဆာအငွေ့အသက် ထွက်နေလို့ အရှေ့ဘက် တော်ဝင်နယ်မြေက အဘိုးကြီးတွေက အလွယ်လေး သိသွားလိမ့်မယ်။ အဲ့ကျရင် မင်းကို မိစ္ဆာမျိုးနွယ်ရဲ့ သူလျှိုဆိုပြီး သတ်ပစ်ကြလိမ့်မယ်”

အောင်းလုသည် ခေတ္တမျှ တွေးတောလိုက်ပြီးနောက် အကြံတစ်ခု ရသွား၏။

“ဟုတ်တယ်... ဆန်းကြယ်သိုင်းမြို့တော်ရဲ့ တောင်ဘက် (၅၀)ကီလိုမီတာအကွာမှာ ရွှေကျီးကန်းနယ်မြေရှိတယ်။ အဲ့နယ်မြေမှာ သဘာဝဆန်းကြယ်နယ်မြေတစ်ခုရှိတယ်။ ရွှေကျီးကန်းတွေက သူတို့ရဲ့ ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကို အဲ့ကနေ ရတာပဲ။ တကယ်လို့ မင်းသာ အောင်မြင်သွားရင် မင်းရဲ့ ရုပ်သွင်နဲ့ စိတ်ဝိညာဉ်အရှိန်အဝါကို ပြောင်းနိုင်သွားလိမ့်မယ်။ ဧကရာဇ်ကိုးပါး‌တောင် မင်းကို ခြေရာခံနိုင်မှာ မဟုတ်ဘူး”

“တကယ်လား...”

ကျန်းရီ စိတ်လှုပ်သွားသည်။ အကယ်၍ သူသာ ထိုသို့သော နတ်ဘုရားစွမ်းရည်ကို ရရှိခဲ့လျှင် အရှေ့ဘက် တော်ဝင်နယ်မြေသို့ ပေါ်ပေါ်ထင်ထင် သွားနိုင်မည်ဖြစ်ပြီး စုလောရွှယ်နှင့် ရီဖျောင်ဖျောင်တို့ကို ရှာနိုင်ပေလိမ့်မည်။

***

All Chapters