မီးမြွေသစ်ခွ
Vol. 62 Ch. 859
လောကထဲတွင် ရတများ အသင်္ချေရှိပေသည်။ ရုပ်ပြောင်းဆေးလုံး၊ ရုပ်တစ်ရာမျက်နှာဖုံး၊ ပုံရိပ်ယောင်ကျောက်တုံးတို့ကဲ့သို့ ပြင်ပရုပ်သွင်ကို ပြောင်းလဲပေးနိုင်သည့် ရတနာများစွာ ရှိသည်။ သို့သော် စိတ်ဝိညာဉ်အရှိန်အဝါကို ပြောင်းလဲပေးနိုင်သည့် ရတနာမရှိပေ။ ပြင်ပရုပ်သွင်ကို မည်မျှပင် ပြောင်းနိုင်စေကာမူ စိတ်ဝိညာဉ်ကို မပြောင်းလဲနိုင်သည် မဟုတ်လော။
ထို့ကြောင့်လည်း အရှေ့ဘက် တော်ဝင်နယ်မြေမှ နက္ခတ်ပညာရှင်များက အလွန်ကျော်ကြားခြင်းဖြစ်သည်။ နက္ခတ်ပညာရှင်တစ်ယောက်သာ ရှိလျှင် မည်သည့်ရန်သူကိုမဆို ခြေရာခံနိုင်ပေသည်။ ကြိုတင်ခြေရာခံနိုင်လျှင် ကြိုတင်ပြင်ဆင်မှုများ လုပ်ထားနိုင်ပေသည်။ သို့ကြောင့် အရှေ့ဘက် တော်ဝင်နယ်မြေမှ သာမန်ပညရှင်များသည် နက္ခတ်ပညာရှင်တစ်ယောက်ကို ပိုင်ဆိုင်သော မျိုးနွယ်ကြီးများကို ရန်မစဝံ့ကြချေ။
အကယ်၍ ကျန်းရီသာ သူ၏စိတ်ဝိညာဉ်အရှိန်အဝါနှင့် ရုပ်သွင်ကို ပြောင်းလဲနိုင်မည်ဆိုလျှင် သူ ရှီးဖေးဘေးသို့ သွားရပ်လျှင်ပင် ရှီးဖေးက သူ့ကို မှတ်မိမည် မဟုတ်ပေ။ ကျန်းရီက ရှီးဖေးကို သတ်လိုက်လျှင်လည်း စိတ်ဝိညာဉ်အရှိန်အဝါနှင့် ရုပ်သွင်ကို ပြောင်းလဲထားသဖြင့် ရှီးမျိုးနွယ်သည် မည်သူ့ကို လက်စားချေရမည်မသိဘဲ ကူကယ်ရာမဲ့နေမည်ဖြစ်သည်။ ရှီးမျိုးနွယ်သည် တွေ့ကရာလူကို လိုက်သတ်နေ၍ မရသည် မဟုတ်ပါလား။
စိတ်ရှိသလို ထွက်ပြေးနိုင်စွမ်း၊ စိတ်ရှိသလို ပုန်းကွယ်နိုင်စွမ်းနှင့် စိတ်ရှိသလို သတ်နိုင်စွမ်း။
ကျန်းရီသည် ထိုအကြောင်းကို တွေးမိသောအခါ တစ်ကိုယ်လုံး တုန်ယင်သွား၏။ သူသာ ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကို အမှန်ပင် သိမြင်နားလည်သွားလျှင် လောကထဲတွင် သူမသွားနိုင်သည့်နေရာ ရှိပါဦးမည်လော။ ဧကရာဇ်ကိုးပါးမျိုးနွယ်စုက မည်မျှ စွမ်းအားကြီးသည်ဖြစ်စေ သူတို့သည် သူ့ကို ဘာလုပ်နိုင်မည်နည်း။ သူသည် စုလောရွှယ်၏အကြောင်းကို စုံစမ်းကာ နည်းမျိုးစုံသုံး၍ သူမကို ကယ်တင်မည်ဖြစ်သည်။ သူသည် အရှေ့ဘက် တော်ဝင်နယ်မြေတွင်လည်း စိတ်ကြိုက်သွားလာနိုင်လာမည်ဖြစ်ပြီး ရီဖျောင်ဖျောင်နှင့် ယွီဝမ်တို့၏ အကြောင်းများကိုလည်း စုံစမ်းနိုင်မည်ဖြစ်သည်။
“ဟုတ်သား...”
ကျန်းရီသည် ရီဖျောင်ဖျောင်နှင့် ယွီဝမ်တို့အကြောင်းကို တွေးမိသောအခါ အသက်ရှည်ရှည်နှစ်ချက် ရှူသွင်းလိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်သွားအောင် လုပ်လိုက်သည်။ ထို့နောက် သူက အောင်းလုကို ကြည့်ကာ မေးလိုက်သည်။
“အရှင်... အရှင် ကျွန်တော့်ကို ရီဖျောင်ဖျောင်ဆိုတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ယွီဝမ်ဆိုတဲ့ ပညာရှင်တစ်ယောက်ကို ကူရှာပေးလို့ရမလာခင်ဗျား။ အဲ့နှစ်ယောက်က အရှေ့ဘက် တော်ဝင်နယ်မြေက မျိုးနွယ်ကြီးတစ်ခုခုက ဖြစ်နိုင်တယ်”
အဆုံးမဲ့ပင်လယ်နက်နှင့် အရှေ့ဘက် တော်ဝင်နယ်မြေတို့သည် ရန်ဘက်များဖြစ်ကြ၏။ သူတို့သည် တစ်ဘက်နှင့်တစ်ဘက် တိုက်ခိုက်၊ သတ်ဖြတ်နေကြသူများပင်။ အဆုံးမဲ့ပင်လယ်နက်တွင် ဆန်းကြယ်သော မိစ္ဆာမျိုးနွယ်များ များစွာရှိလိမ့်မည်ဟု ကျန်းရီ မှန်းဆထားသည်။ ထိုမိစ္ဆာမျိုးနွယ်များတွင် အရှေ့ဘက် တော်ဝင်နယ်မြေတွင် သတင်းစုဆောင်းရန် ပုန်းအောင်းနေသော ထောက်လှမ်းရေးများ ရှိနိုင်၏။ ထို့ပြင် သူတို့ စုံစမ်းထောက်လှမ်း ရရှိသော သတင်းများက ရှန်းစီမျိုးနွယ်စုက ထောက်လှမ်းရရှိသော သတင်းများထက် အဆတစ်ရာ၊ အဆတစ်ထောင် ပို၍ တိကျပေလိမ့်မည်။
“အဲ့ဒါက လွယ်ပါတယ်”
အောင်းလုက ချက်ချင်း ပြန်ပြောလိုက်ပြီး အသံနက်ဖြင့် အော်ပြောလိုက်သည်။
“အရိပ်ဧကရာဇ်ကို အထဲကို ပို့လိုက်”
ရွှစ်...
လေညင်းတစ်ချက် တိုက်ခိုက်သွားပြီး ခန်းမထဲတွင် အစိမ်းရောင်သံချပ်ကာ ဝတ်ဆင်ထားသော မိစ္ဆာအရှင်တစ်ပါး ရုတ်တရက် ထွက်ပေါ်လာလေသည်။ ထိုသူ မည်သို့ဝင်လာကြောင်း ကျန်းရီမသိပေ။ ကျန်းရီသည် မည်သည့် လေထုဂယက်ကိုမှလည်း မခံစားခဲ့ရချေ။
အောင်းလုက အရိပ်ဧကရာဇ်ကို ကြည့်ကာ မေးလိုက်သည်။
“မင်း အရှေ့ဘက် တော်ဝင်နယ်မြေက ရီဖျောင်ဖျောင်ဆိုတဲ့ အမျိုးသမီးကို သိလား။ ပြီးတော့ ယွီဝမ်လို့ခေါ်တဲ့ လူတစ်ယောက်ကိုရောပဲ။ ကျန်းရီပြောတာတော့ သူတို့က မျိုးနွယ်ကြီးတစ်ခုခုက ဖြစ်နိုင်တယ်တဲ့”
အရိပ်ဧကရာဇ်၏ ရုပ်က အလွန်သာမန်ကျ၏။ သူ့ကို လူတစ်စုအတွင်း ထည့်ထားလျှင်ပင် မည်သူမှ သူ့ကို နှစ်ခါ ကြည့်မည်မဟုတ်ပေ။ သူသည် ခေတ္တမျှ တွေးတောလိုက်ပြီးနောက် လက်ဆုပ်ကာ ပြန်ပြောလိုက်၏။
“အရှင်ဧကရာဇ်... ကျွန်တော် သတင်းအချက်အလက် မှတ်တမ်းတွေကို တစ်ချက် ရှာကြည့်ဖို့လိုပါတယ်။ ကျွန်တော့်ကို အချိန်တစ်နာရီပေးပါ”
“အဲ့ဒါဆိုလည်း မြန်မြန်သွားပါ”
အောင်းလုက လက်ဝှေ့ယမ်းလိုက်ရာ အရိပ်ဧကရာဇ်သည် လေညင်းတစ်ချက်ကဲ့သို့ ပျောက်ကွယ်သွားလေသည်။ ကျန်းရီသည် အရိပ်ဧကရာဇ်ပျောက်သွားပြီးနောက် အရိပ်တစ်ခုပင် မမြင်လိုက်ရချေ။ အရိပ်ဧကရာဇ်က ရီဖျောင်ဖျောင်တို့ အကြောင်းကို သိမှ သိပါမည်လောဟု တွေးကာ သူ စိုးရိမ်မိသွားသည်။
“ကောင်လေး မစိုးရိမ်ပါနဲ့”
အောင်းလုက ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။
“အရိပ်ဧကရာဇ်ရဲ့ မျိုးနွယ်က အရိပ်မထင်၊ ခြေရာလက်ရာမထင်စေဘဲနဲ့ သွားလာနိုင်တယ်။ သူတို့မျိုးနွယ်က ကောင်းကင်ကြယ်တာရာနယ်နမိတ်တစ်ခွင်လုံးမှာ အတော်ဆုံး ထောက်လှမ်းရေးတွေပဲ။ သူတို့က အရှေ့ဘက် တော်ဝင်နယ်မြေက မျိုးနွယ်တိုင်းရဲ့ မျိုးနွယ်ဝင်တွေကို မှတ်တမ်းတင်ထားပါတယ်။ တကယ်လို့ မင်းပြောတဲ့ လူနှစ်ယောက်က အရှေ့ဘက် တော်ဝင်နယ်မြေမှာရှိရင် သေချာပေါက် ရှာတွေ့မှာပါ”
“အဲ့ဒါဆို ကောင်းတာပေါ့... တကယ်ကောင်းတယ်”
ကျန်းရီ ခေါင်းညိတ်လိုက်ပြီး ရင်ခုန်သွား၏။ အောင်းလုက မျက်ခုံးပင့်ကာ လေးနက်သော လေသံဖြင့် မေးလိုက်သည်။
“ကောင်လေး... အစောက ကိစ္စကို မင်း သဘောတူလား၊ မတူဘူးလား။ တကယ်လို့ မင်း သဘောမတူဘူးဆိုရင် ဒီအဘိုးကြီးက အဲ့လူနှစ်ယောက်ကို ကူရှာပေးမှာ မဟုတ်ဘူး”
“တူပါတယ်”
ကျန်းရီ အံကြိတ်ကာ ခေါင်းညိတ်လိုက်သည်။
“အရှင်... တကယ်လို့ ကျွန်တော်သာ အရှေ့ဘက် တော်ဝင်နယ်မြေကို သွားနိုင်မယ်ဆိုရင် ဆန်းကြယ်နတ်ဘုရားနန်းတော်ကို ရနိုင်ဖို့ အကောင်းဆုံး ကြိုးစားမှာပါ။ အရှေ့ဘက် တော်ဝင်နယ်မြေကိုလည်း ကျွမ်းထိုးမှောက်ခုံဖြစ်အောင် လုပ်ခဲ့မှာပါ”
“ကောင်းပြီ...”
အောင်းလုက ဟက်ဟက်ပက်ပက် ရယ်လိုက်ပြီး ပြောလိုက်သည်။
“မင်း အေးအေးဆေးဆေးနဲ့ ပြဿနာရှာခဲ့နိုင်မှာပါ။ အချိန်ကျလာရင် မိစ္ဆာမျိုးနွယ်လက်အောက်က လူသားရုပ်သေးတွေကို မင်း အသုံးချနိုင်ဖို့ ပို့ပေးမယ်။ ဒါပေမဲ့ အရှေ့ဘက် တော်ဝင်နယ်မြေက ထောက်လှမ်းရေးတွေနဲ့ ပုန်းအောင်းနေတဲ့ မိစ္ဆာမျိုးနွယ်တွေကိုတော့ မင်း ထိလို့မရဘူး။ မဟုတ်ရင် ဧကရာဇ်ကိုးပါးမျိုးနွယ်စုကို သူတို့ကို အမြစ်ပြတ် ရှင်းပစ်လိမ့်မယ်။ ပြီးတော့ တကယ်လို့ မင်းသာ မိစ္ဆာမျိုးနွယ်ဝင်တွေကို အသုံးပြုလိုက်ရင် လူသားတွေရဲ့ ဘုံရန်သူတစ်ယောက် ဖြစ်သွားလိမ့်မယ်။ လူသားတွေက အချင်းချင်း ပဋိပက္ခတွေ ဖြစ်နေကြတာပဲဆိုပေမယ့် မိစ္ဆာတွေနဲ့ အရောတဝင်ပူးပေါင်းတာကို လက်ခံမှာ မဟုတ်ဘူး။ အဲ့ဒါက အရှေ့ဘက် တော်ဝင်နယ်မြေရဲ့ စည်းမျဉ်းပဲ”
“ကျေးဇူးတင်ပါတယ် အရှင်”
ကျန်းရီက အလေးအနက် ဦးညွှတ်လိုက်လေသည်။ ထို့နောက် သူသည် ကျန်းရှောင်နူအကြောင်းကို တွေးမိ၍ မျက်လုံးများ လက်သွားပြီး ထပ်မေးလိုက်လေသည်။
“အရှင်... မင်ရည်တောင်ပံမျိုးနွယ်ဆိုတာကို အရှင် ကြားဖူးပါသလား။ အဲ့မျိုးနွယ်က ကျွန်တော့်ညီမလေးရဲ့ မျိုးနွယ်ပါ။ သူတို့ မျိုးနွယ်က ပုံစံမပြောင်းမချင်း ဘာတိုက်ခိုက်အင်အားမှ မရှိပါဘူး။ ဒါပေမဲ့ ပုံစံပြောင်းပြီးသွားရင်တော့ တိုက်ခိုက်စွမ်းအားက သိသိသာသာကြီး တိုးတက်လာပါတယ်။ အခု သူ့ရဲ့ မင်ရည်တောင်ပံနတ်ဘုရားကျင့်စဉ်က ဒုတိယအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်သွားပါပြီ။ သူ့ရဲ့အင်အားကလည်း ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်ကို ရောက်နေပါပြီ။ ဒါပေမဲ့ သူ့ရဲ့ ကျင့်စဉ်မှာ တတိယအဆင့် မရှိတော့တာ နှမျောစရာပါပဲ”
“အဲ့လို ဆန်းကြယ်တဲ့မျိုးနွယ်မျိုး ရှိတာလား”
အောင်းလုက အတန်ငယ် အံ့အားသင့်သွားဟန်ဖြင့် ချက်ချင်း ခေါင်းခါကာ ပြောလိုက်သည်။
“အရှေ့ဘက် တော်ဝင်နယ်မြေမှာ ထူးခြားတဲ့ မျိုးနွယ်တွေ အများကြီးရှိတယ်။ ဒါပေမဲ့ ဒီအဘိုးကြီးက တစ်ခါမှ မင်ရည်တောင်ပံမျိုးနွယ်ဆိုတဲ့ မျိုးနွယ်ကို မကြားခဲ့ဖူးဘူး။ ခဏနေ အရိပ်ဧကရာဇ်ပြန်လာရင် မင်း သူ့ကို မေးကြည့်လိုက်ပေါ့။ ဒီအဘိုးကြီးက ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲမှာ နှစ်(၇၀၀,၀၀၀)ကျော် နေခဲ့ရတာဆိုတော့ အဲ့အချိန်အတွင်း ကောင်းကင်ကြယ်တာရာနယ်နမိတ်မှာ အပြောင်းအလဲတွေ အများကြီး ဖြစ်သွားနိုင်တယ်မလား”
“ဟုတ်ကဲ့ပါ...”
ကျန်းရီသည် အရိပ်ဧကရာဇ် ပြန်ရောက်လာမည့် အချိန်ကို မျှော်လင့်စောင့်စားနေ၏။ ထို့ကြောင့် သူ အသက်ရှူနှုန်းပင် မြန်ဆန်လာသည်။ အောင်းလုသည် ခေတ္တမျှ တွေးတောနေပြီးမှ ထပ်မံ ပြောလိုက်လေသည်။
“ကောင်လေး... ဒီအဘိုးကြီးက မင်းကို နောက်တစ်ခုလောက် အကူအညီထပ်တောင်းချင်တယ်။ အဲ့ဒါက ချမ်ချမ်နဲ့ ပတ်သတ်တဲ့ကိစ္စပါ”
“ချမ်ချမ်လား...”
ကျန်းရီက မျက်မှောင်ကြုတ်လိုက်ပြီး ထရပ်ကာ မေးလိုက်သည်။
“ချမ်ချမ်က ဘာဖြစ်လို့လဲ။ အရှင် ပြောစရာရှိတာပြောပါ။ ကျွန်တော် ကူညီနိုင်ရင် အစွမ်းကုန်ကူညီပေးမှာပါ”
အောင်းလု၏ ခန္ဓာကိုယ်မှ သတ်ဖြတ်အရှိန်အဝါ ရုတ်တရက် ထွက်ပေါ်လာသဖြင့် ခန်းမတစ်ခုလုံး မွန်းကြပ်သွား၏။ ထို့နောက် သူက သက်ပြင်းချကာ ပြောလိုက်သည်။
“ငါတို့ လိပ်နက်မျိုးနွယ်က အသက်အရမ်းရှည်ပြီး ရူးလောက်တဲ့ ကာကွယ်စွမ်းရည်တွေ ရှိတယ်။ ငါတို့က အဆုံးမဲ့ပင်လယ်နက်မှာ မသေမျိုးတစ်ပိုင်းလို့တောင် သတ်မှတ်ခံရတယ်။ အဲ့ဒါကြောင့် လိပ်နက်မျိုးနွယ်က မိစ္ဆာမျိုးနွယ်တွေကြားမှာ စွမ်းအားကြီးဆုံးမျိုးနွယ်တစ်ခု ဖြစ်နေခဲ့တာပဲ။ လူသားနဲ့ မိစ္ဆာတွေ စစ်ဖြစ်ခဲ့ကြတုန်းက မိစ္ဆာမျိုးနွယ်က အများကြီး ဆုံးရှုံးခဲ့ရတယ်။ ငါတို့ရဲ့ မျိုးနွယ်တွေ အများကြီး အသတ်ခံခဲ့ရတယ်။ အဲ့ဒါကြောင့် ငါတို့ရဲ့ အင်အားက တော်တော်ကြီး လျော့နည်းသွားခဲ့တယ်။ ဒီအဘိုးကြီးကလည်း ဆန်းကြယ်ဧကရာဇ်ရဲ့ အကျဉ်းချတာကို ခံခဲ့ရတယ်...”
“အရင်တုန်းက ဒီအဘိုးကြီးက အာဏာရှင်ဆန်ဆန် အုပ်စိုးခဲ့လို့ မိစ္ဆာမျိုးနွယ်တွေတော်တော်များများက မကျေမနပ်ဖြစ်ခဲ့ကြတယ်။ အဲ့တော့ ငါလည်း အကျဉ်းချခံရရော ငါတို့လိပ်နက်မျိုးနွယ်က မဟာမိတ်တွေရဲ့ ပြန်တိုက်ခိုက်မှုကို ခံခဲ့ရပြီး ပျက်သုဉ်းလုနီးပါး ဖြစ်ခဲ့တယ်။ ချမ်ချမ်ရဲ့ အဖေတို့မျိုးရိုးစုက အဆုံးမဲ့ပင်လယ်နက်ရဲ့ မြောက်ဘက်မှာရှိတဲ့ ရေခဲဂူမှာ ပုန်းနေခဲ့လိုသာ လွတ်သွားခဲ့တာ။ ဒါပေမဲ့ ငါ ပြန်မလွတ်လာသေးခင်မှာပဲ သူတို့ကို ရှာတွေ့သွားကြတယ်။ ငါ ပြန်ရောက်လာတဲ့အချိန်မှာ သူတို့က မျိုးတုံးလုနီးနေပြီ။ ချမ်ချမ်ပဲ သူ့အဖေရဲ့ ကာကွယ်ပေးမှုကြောင့် ကံကောင်းထောက်မပြီး ရှင်သန်ခဲ့တာ။ ဒါပေမဲ့ ချမ်ချမ်ရဲ့ စိတ်ဝိညာဉ်က အလွန်ပြင်းတဲ့ အဆိပ်မိနေတယ်။ သူက ဝိညာဉ်ဆေးပင်တစ်မျိုးကို မမှီဝဲဘူးဆိုရင် ဆယ်နှစ်ကျော်အောင်တောင် ဆက်နေရမှာ မဟုတ်ဘူး”
“အာ...”
ကျန်းရီ မှင်တက်သွားသည်။ ချမ်ချမ်၏ ဘဝအတွေ့အကြုံက ထိုမျှသနားစရာကောင်းလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ ထို့ကြောင့် သူ အတန်ငယ် စိတ်မကောင်းဖြစ်သွားသည်။ အောင်းလု၏ စွမ်းရည်ဖြင့်၊ အဆုံးမဲ့ပင်လယ်နက်ထဲမှ သန်းချီသော မိစ္ဆာမျိုးနွယ်များ၏ စွမ်းရည်တို့ဖြင့်ပင် ထိုဝိညာဉ်ဆေးပင် မရှာနိုင်လျှင် ကျန်းရီကရော ၎င်းကို ရှာနိုင်ပါမည်လော။
အောင်းလုက ကျန်းရီ၏ မျက်ဝန်းများထဲမှ သံသယအရိပ်အယောင်ကို တွေ့သောအခါ သက်ပြင်းလေးလေးတစ်ချက်ချကာ ပြောလိုက်လေသည်။
“ဒီအဘိုးကြီးမှာ လောကထဲက အဆိပ်အားလုံးကို ဖြေနိုင်တဲ့ ဆေးညွှန်းတစ်ခု ရှိတယ်။ အဲ့ဆေးညွှန်းကို ဆန်းကြယ်နတ်ဘုရားနန်းတော်က ရခဲ့တာ။ အဲ့ဆေးညွှန်းထဲက နတ်ဆေးလုံးကို ဖော်စပ်နိုင်ဖို့ ဝိညာဉ်ဆေးပင်အမျိုးအစား ဆယ်မျိုးလိုတယ်။ ဒီအဘိုးကြီးက ဆေးပင်ကိုးမျိုးကို ရထားပြီးပြီ။ မီးမြွေသစ်ခွကိုပဲ လိုတော့တယ်...”
“မီးမြေသစ်ခွကို ဗုဒ္ဓဧကရာဇ်မြို့တော်အနီးမှာရှိတဲ့ အပြစ်ဆေးကြောဒေသမှာပဲ တွေ့နိုင်တယ်။ မိစ္ဆာမျိုးနွယ်တွေက အပြစ်ဆေးကြောဒေသထဲကို မဝင်နိုင်ကြဘူး။ ပြီးတော့ ဗုဒ္ဓဧကရာဇ်မြို့တော်ကလည်း အဲ့ဒေသကို တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေကြတယ်။ မင်း အရှေ့ဘက် တော်ဝင်နယ်မြေကို ရောက်သွားရင် ဗုဒ္ဓဧကရာဇ်မြို့တော်ကို သွားနိုင်မယ့် နည်းလမ်းတစ်ခုကို စဉ်းစားပါ။ ငါတို့လည်း တတ်နိုင်သမျှ နည်းလမ်းအကုန်လုံးကို စဉ်းစားလုပ်ဆောင်မှာပါ။ ချမ်ချမ်ရဲ့ အသက်က အဲ့ မီးမြွေသစ်ခွအပေါ်မှာ မူတည်နေတာမဟုတ်လား”
“ဗုဒ္ဓဧကရာဇ်မြို့တော်လား”
ကျန်းရီ၏ အတွေးထဲတွင် ခရမ်းရောင်ဆံပင်နှင့် မိန်းမပျိုလေးတစ်ဦး၏ပုံရိပ် ပေါ်လာပေသည်။ သူ သူမနှင့် မတွေ့ရသည်မှာ နှစ်အနည်းငယ် ကြာခဲ့ပေပြီ။ ရီချန်က သူ့ကို မှတ်မိပါဦးမည်လောဟု သူတွေးလိုက်၏။ ထိုမိန်းမလှလေးသည် တစ်ယောက်ယောက်နှင့် လက်ထပ်လိုက်ပြီလော။
“ကောင်းပါပြီ...”
ကျန်းရီသည် ခေတ္တမျှတွေးတောပြီးနောက် အလေးအနက် လက်ဆုပ်ကာ ပြောလိုက်၏။
“အရှင်... ကျွန်တော် အရှေ့ဘက် တော်ဝင်နယ်မြေကို ရောက်ရင် သေချာပေါက် ဗုဒ္ဓဧကရာဇ်မြို့တော်ကို သွားနိုင်မယ့်နည်းလမ်းတစ်ခု စဉ်းစားပြီး ချမ်ချမ်ကို ကုသပေးဖို့ မီးမြွေသစ်ခွတစ်ခက် ရအောင် ယူပေးပါမယ်”
***