အောင်းလု၏ အမျက်
Vol. 62 Ch. 861
ဝှစ်...ဝှစ်...
ကျန်းရီ မျက်နှာပျက်သွားပြီး ကျန်းရှောင်နူသည်လည်း မျက်နှာဖြူဖျော့သွားသည်။ ကျန်းရီ သူမကို အရှေ့ဘက် တော်ဝင်နယ်မြေသို့ ခေါ်မသွားလိုခြင်းက ကိစ္စတစ်ခုဖြစ်သော်လည်း ကျန်းရီ ထိုနယ်မြေသို့ သွားနိုင်မည့်စွမ်းရည်ပင် မရှိခြင်းကမူ လုံးဝကွဲပြားသောကိစ္စတစ်ခုဖြစ်သည်။ ချမ်ချမ်၏ မျက်ဝန်းများထဲတွင် ဒေါသရိပ်အနည်းငယ် ထွက်ပေါ်လာ၏။ အနက်ရောင်နတ်ဘုရားကိုယ်တိုင် လာခဲ့သည်ကိုပင် ထိုရွှေကျီးကန်းမျိုးနွယ်ခေါင်းဆောင်က မျက်နှာသာမပေးသည်လော။
“ဟွန်း...”
အနက်ရောင်နတ်ဘုရားသည် ချက်ချင်းပင် ပြင်းထန်စွာ နှာမှုတ်လိုက်၏။ သူ၏ မျက်နှာကလည်း မီးသွေးကဲ့သို့ မည်းမှောင်သွားလေသည်။ သူသည် သူ၏သတ်ဖြတ်အရှိန်အဝါကို ဆက်ဖိနှိပ်မထားနိုင်တော့ပေ။ သူသည် ရွှေကျီးကန်းမျိုးနွယ်ခေါင်းဆောင်ကို မျက်လုံးပြူး၍ ကြည့်လိုက်ပြီး အေးစက်စွာ အော်ပြောလိုက်လေသည်။
“ကျင်းကျူ... ဒီအရှင်က မင်းကို လက်ဝါးရိုက်ချက် တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်တယ်ဆိုတာကို ယုံလား။ မင်း ဆန်းကြယ်နယ်မြေကို ဖွင့်မှာလား၊ မဖွင့်ဘူးလား။ ပြောစမ်း...”
“အရှင်အနက်ရောင်နတ်ဘုရား... တောင်းပန်ပါတယ်”
ရွှေရောင်ကျီးကန်းမျိုးနွယ်ခေါင်းဆောင်က အံကြိတ်လိုက်ပြီး ခေါင်းငုံ့၍ လက်ဆုပ်ကာ ပြောလိုက်သည်။
“ဒီဆန်းကြယ်နယ်မြေက ကျွန်တော်တို့မျိုးနွယ်ရဲ့ အသက်ပါ။ ကျွန်တော်တို့ ဘိုးဘေးတွေက အမိန့်တစ်ခု ချန်ခဲ့ပါတယ်။ ရွှေကျီးကန်းမျိုးနွယ်တစ်ခုလုံး ပျက်သုဉ်းသွားတာမှ မဟုတ်ရင် တခြားမျိုးနွယ်တွေကို ဆန်းကြယ်နယ်မြေထဲ အဝင်မခံရပါဘူးတဲ့။ တကယ်လို့ အရှင်အနက်ရောင်နတ်ဘုရားက ကျွန်တော်တို့ကို သတ်မယ်ဆိုရင်လည်း ကျွန်တော် မခုခံဝံ့ပါဘူး”
“မင်းက အသက်ရှင်ရတာကို ပင်ပန်းနေပြီထင်တယ်”
အနက်ရောင်နတ်ဘုရားက လုံးဝဒေါသထွက်သွားပေပြီ။ သူ့အနောက်ဘက်နေရာက ချက်ချင်း တုန်ခါသွား၏။ ထို့နောက်တွင် ဧရာမနဂါးမြီးကြီး ထွက်ပေါ်လာလေသည်။ သို့သော် သူက ချက်ချင်း မတိုက်ခိုက်လိုက်ဘဲ တင်းမာစွာ ထပ်မံ အော်ပြောလိုက်သည်။
“ဒါက အရှင်ဧကရာဇ်ရဲ့ အမိန့်ပဲ။ ငါ မင်းတို့ကို နောက်ဆုံးအခွင့်အရေး ပေးမယ်။ မင်းတို့ ဆန်းကြယ်နယ်မြေကို ဖွင့်မှလား၊ မဖွင့်ဘူးလား”
“အရှင်ဧကရာဇ်ရဲ့ အမိန့်လား”
ရွှေကျီးကန်းမျိုးနွယ်ခေါင်းဆောင်၏ မျက်ဝန်းများထဲတွင် ကြောက်ရွံ့မှုများ ထွက်ပေါ်လာလေသည်။ သို့သော် သူ အံကြိတ်ကာ ပြန်ပြောလိုက်သည်။
“ကျေးဇူးပြုပြီး အရှင်အနက်ရောင်နတ်ဘုရား ကျွန်တော်တို့ကို သေခြင်းတရား ချီးမြှင့်ပေးပါ”
ရွှေကျီးကန်းမျိုးနွယ်မှ အကြီးအကဲတစ်ရာကျော်သည်လည်း တစ်ပြိုင်တည်း ဦးညွှတ်လိုက်ကြသည်။ သူတို့၏မျက်နှာထားများက သေရမည်ကို မကြောက်သည့်ပုံပင်။ အနက်ရောင်နတ်ဘုရား၏ ဒေါသက အဆုံးစွန်သို့ ရောက်သွားပေပြီ။ အကယ်၍ မိစ္ဆာမျိုးနွယ်တစ်ခုက အခြားမိစ္ဆာမျိုးနွယ်တစ်ခုကို အကြောင်းပြချက်ကောင်းကောင်းမရှိဘဲ သတ်ဖြတ်လျှင် မိစ္ဆာမျိုးနွယ်အားလုံး အုံကြွလာပေလိမ့်မည်။ ကျန်းရီနှင့် ကျန်းရှောင်နူတို့သည် အသက်ပြင်းပြင်းပင် မရှူဝံ့ကြချေ။ သူတို့သည် အနက်ရောင်နတ်ဘုရား၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေလေသည်။
“ဟွန်း...”
အထက်မှနေ၍ လွန်စွာဒေါသခက်ထန်နေသော နှာမှုတ်သံကြီးတစ်သံ ပဲ့တင်ထပ်လာ၏။ ထို့နောက် အောင်းလု၏ အာဏာပါသော အသံ ထွက်ပေါ်လာလေသည်။
“မင်းတို့က ငါဧကရာဇ်ရဲ့ အမိန့်တွေကို ဆန့်ကျင်ဝံ့တယ်ပေါ့လေ။ မင်းတို့က သေချင်နေမှတော့ ငါ မင်းတို့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့”
ဝေါ...ဝေါ...
အောင်းလု၏စကား ဆုံးသွားသောအခါ အထက်ရှိ ပင်လယ်ရေပြင်တွင် ပြင်းထန်သော လှိုင်းလုံးတစ်ခု ဖြစ်ပေါ်လာပြီး အနက်ရောင်အရိပ်တစ်ခု ဆင်းသက်လာလေသည်။ ကျန်းရီနှင့် အခြားသူများ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရသေးခင်မှာပင် ထိုအရိပ်က ရွှေကျီးကန်းမျိုးနွယ်မှ ပညာရှင်များကို ဖိချလိုက်လေသည်။ လျှိုအထက်ရှိ အစီအရင်အကာအရံက ဖျက်ဆီးခံလိုက်ရပြီဖြစ်သဖြင့် ပင်လယ်ရေများ တိုးဝင်လာသည်။ ကျန်းရီတို့သည် ထိုအရိပ်နက် ရိုက်ချလိုက်သည့် အဟုန်ကြောင့် လွင့်ပျံထွက်သွား၏။ အနက်ရောင်နတ်ဘုရားသည်ပင် (၃)ကီလိုမီတာ လွင့်ထွက်သွားပေသည်။
ဝုန်း...ဝုန်း...ဝုန်း...
ထိုအရိပ်နက်က ရွှေကျီးကန်မျိုးနွယ်မှ ပညာရှင်များကို ရိုက်ချလိုက်သဖြင့် လျှိုအောက်ခြေတွင် ကြီးမားသော တွင်းကြီးတစ်တွင်း ထွက်ပေါ်လာလေသည်။ ဧရာမလျှိုကြီးဘေးနှစ်ဘက်ရှိ ရဲတိုက်များသည်လည်း အဆက်မပြတ် တုန်ခါနေကြသည်။ တစ်ခဏအတွင်းမှာပင် ရဲတိုက်တော်တော်များများ ပျက်စီးသွားပေသည်။ ရွှေကျီးကန်းမျိုးနွယ်မှ မျိုးနွယ်ဝင်များသည် ကြောက်လန့်တကြား ပျံထွက်လာကြ၏။
“ဒါက...”
ကျန်းရီသည် အစက ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရသော်လည်း လွင့်ထွက်သွားပြီးနောက်တွင် အရိပ်နက်ကို သေသေချာချာ မြင်လိုက်ရလေသည်။ ထို့ကြောင့် သူ အလွန်ရင်တုန်သွား၏။ ယင်းက အရိပ်နက် မဟုတ်ပေ။ မီတာ(၃၀၀) အချင်းဝက်ရှိပြီး အမြင့်မသိရသော ခြေထောက်ကြီးတစ်ချောင်းပင်။ မည်းမှောင်နေသော ပင်လယ်ကြမ်းပြင်တွင် ထိုဧရာမခြေထောက်ကြီး၏ မြင်ကွင်းက အလွန်ကြောက်ရွံ့ဖွယ်ကောင်းနေပေသည်။ ယင်းက ပညာရှင်အားလုံးကို ဖိနင်းပစ်နိုင်သော နတ်ဘုရားခြေထောက်ကြီးကဲ့သို့ပင်။
“အောင်းလုက အရင်တုန်းက သူ အာဏာရှင်ဆန်ခဲ့တယ်လို့ ပြောခဲ့ပေမယ့် ဒီအဆင့်လောက်ထိ ရှိလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”
ဧရာမခြေထောက်ကြီး တဖြည်းဖြည်း ကွယ်ပျောက်သွားသောအခါ ကျန်းရီက ကောင်းကင်စိတ်အာရုံဖြင့် စူးစမ်းလိုက်သည်။ သူ အသက်ပြင်းပြင်း ရှူသွင်းလိုက်၏။ အောင်းလု၏ ခြေထောက်တစ်ချောင်းကြောင့် ရွှေကျီးကန်းမျိုးနွယ်မှ ခေါင်းဆောင်နှင့် ပညာရှင်တစ်ရာကျော် ပိပြားသေဆုံးသွားပေပြီ။ ထိုရွှေကျီးကန်းမျိုးနွယ်ခေါင်းဆောင်က မိစ္ဆာအရှင်တစ်ပါး ဖြစ်ပေသည်။
ဝှစ်...ဝှစ်...ဝှစ်...
အဝေးရှိ ရဲတိုက်မှနေ၍ မရေမတွက်နိုင်သော ခြေသုံးချောင်း ရွှေရောင်ကျီးကန်းများ ပျံထွက်လာ၏။ ထိုရွှေကျီးကန်းများသည် ပင်လယ်ရေအောက်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သဖြင့် အမွေးဖြင့်အတောင်ပံများ ပျောက်သွားပြီဖြစ်ပြီး ထိုအတောင်များနေရာတွင် ချောမွေ့သောအသားအတောင်က အစားထိုးသွားပေပြီ။ ရွှေကျီးကန်းများ၏ အရေအတွက်က အလွန်များလှသဖြင့် တစ်ချက်ကြည့်လိုက်လျှင် မရေမတွက်နိုင်ဟုပင် ထင်ရလေသည်။ အလင်းတန်းများကဲ့သို့ ပျံသန်းလာသည့် ပုံစံပြောင်းထားသော ရွှေကျီးကန်းများလည်း ရှိနေသည်။ သူတို့သည် ရွှေကျီးကန်းမျိုးနွယ်ခေါင်းဆောင်နှင့် ပညာရှင်တစ်ရာကျော် မရှုမလှသေဆုံးသွားသည်ကို တွေ့လိုက်သောအခါ အလွန်ကြောက်ရွံ့တုန်လှုပ်သွားကြလေသည်။
“ဟွန်း...”
အနက်ရောင်နတ်ဘုရားက နှာမှုတ်လိုက်သည်။ ထို့နောက်တွင် အစောက အောင်းလု၏ခြေထောက်ကြီးကြောင့် ပျောက်ကွယ်သွားခဲ့သော နဂါးအမြီး ထပ်မံထွက်ပေါ်လာသည်။ ဤတစ်ခေါက်တွင်မူ သူ တိုက်ခိုက်တော့မည် ဖြစ်ကြောင်း ထင်ရှားပေသည်။
အောင်းလုက တိုက်ခိုက်ခဲ့ပြီးပြီဖြစ်၍ အနက်ရောင်နတ်ဘုရားသည် မည်သည်ကို ကြောက်နေရဦးမည်နည်း။ သူ အော်ပြောလိုက်သည်။
“ရွှေကျီးကန်းမျိုးနွယ်... ဒါ ငါ နောက်ဆုံးမေးတာပဲ။ မင်းတို့ ဆန်းကြယ်နယ်မြေကို ဖွင့်မှာလား၊ မဖွင့်ဘူးလား။ မဖွင့်ဘူးဆိုရင် ဒီအရှင်က မင်းတို့မျိုးနွယ်တစ်ခုလုံးကို ရှင်းပစ်လိုက်မယ်”
“ဖွင့်ပါ့မယ်... ဖွင့်ပါ့မယ်။ အရှင်အနက်ရောင်နတ်ဘုရား ကျေးဇူးပြုပြီး ဒေါသလျှော့ပါခင်ဗျာ”
ရွှေကျီးကန်းမျိုးနွယ်မှ ကောင်းကင်ဧကရာဇ်တစ်ပါးက မျက်စိပျက်၊ မျက်နှာပျက်ဖြင့် လျင်မြန်စွာ အော်ပြောလိုက်သည်။ ခေါင်းဆောင်နှင့် အသန်မာဆုံး အကြီးအကဲများပင် သေဆုံးသွားပြီ မဟုတ်ပါလား။ သူတို့ ဆက်ခေါင်းမာနေလျှင် မျိုးနွယ်တစ်ခုလုံး ပျက်သုဉ်းသွားပေလိမ့်မည်။ အဆုံးမဲ့ပင်လယ်နက်တွင် အနက်ရောင်နတ်ဘုရားက နောက်ထပ်ဘွဲ့ထူးတစ်ခုကို ရထားပေသေးသည်။ ယင်းမှာ သတ်ဖြတ်နတ်ဘုရားပင်။
“မိစ္ဆာမျိုးနွယ်က တကယ်ရက်စက်တာပဲ”
ကျန်းရီ ခံစားချက်များဖြင့် သက်ပြင်းချလိုက်သည်။ ဤလောကရှိ လူသားမျိုးနွယ်သည် အကြင်နာတရား ခေါင်းပါးသော်လည်း အနည်းဆုံးတော့ သူတို့က လူသားဆန်သေးပေသည်။ မိစ္ဆာမျိုးနွယ်ကမူ တောတွင်းဥပဒေကို ကျင့်သုံးနေခြင်းပင်။ အင်အားကြီးသူက အင်အားနည်းသူကို အနိုင်ယူ၍ အုပ်စိုးမည်ဖြစ်သည်။
အနက်ရောင်နတ်ဘုရားက သူ၏သတ်ဖြတ်အရှိန်အဝါကို ပြန်ရုတ်သိမ်းလိုက်၏။ သူ၏နဂါးမြီးကြီးလည်း ပျောက်ကွယ်သွားပေသည်။ ရွှေကျီးကန်းမျိုးနွယ်မှ အကြီးအကဲတစ်ယောက်က လျင်မြန်စွာ အော်ပြောလိုက်သည်။
“ဆန်းကြယ်နယ်မြေကို ဖွင့်ကြ”
ရွှီး...ရွှီး...
မရေမတွက်နိုင်သော ကောင်းကင်ဧကရာဇ်များက လျှိုအောက်ခြေသို့ ကူခတ်သွားကြသည်။ သူတို့သည် လျှိုနံရံအတွင်းသို့ သူတို့၏ အနက်ရောင်မိစ္ဆာစွမ်းအင်များ ထည့်သွင်းလိုက်၏။ မိစ္ဆာစွမ်းအင်များက လျှိုနံရံကို ကွဲအက်မသွားစေပေ။ ထိုအစား လျှိုနံရံက လင်းလက်လာလေသည်။ ထို့နောက် လျှိုနံရံတစ်ဝိုက်၌ ရွှေရောင်မိစ္ဆာစွမ်းအင် လည့်ပတ်လာပြီး နောက်ဆုံးတွင် ပေါင်းစည်းသွားကာ ရွှေရင့်ရောင် ဂိတ်တံခါးတစ်ခု တဖြည်းဖြည်း ပွင့်လာလေသည်။
အနက်ရောင်နတ်ဘုရားက ကျန်းရီကို ပြောလိုက်သည်။
“ကျန်းရီ... အဲ့ထဲကို ဝင်သွားလိုက်။ ဒီဆန်းကြယ်နယ်မြေက တစ်ကြိမ်မှာ တစ်ယောက်ပဲ ဝင်ခွင့်ပေးတယ်။ ငါတို့ အပြင်ကပဲ မင်း ပြန်လာမှာကို စောင့်နေမယ်။ ဒီဆန်းကြယ်နယ်မြေက လုံခြုံလောက်မှာပါ။ မစိုးရိမ်ပါနဲ့”
ကျန်းရီက ခေါင်းညိတ်ပြလိုက်ပြီး ကျန်းရှောင်နူ၏ ပခုံးကို ပုတ်လိုက်သည်။ ထိုစဉ် ချမ်ချမ်က အနားသို့ ရောက်လာပြီး ကျန်းရှောင်နူကိုခေါ်ကာ အနက်ရောင်နတ်ဘုရားနှင့်အတူ ရဲတိုက်တစ်ခုသို့ သွားလိုက်လေသည်။ ကျန်းရှောင်နူ၏ ရုပ်ခန္ဓာကိုယ်က သန်မာလာပြီဖြစ်သော်လည်း သူမ အသက်မရှူဘဲ အကြာကြီးနေလျှင် ဒုက္ခရောက်သွားနိုင်ပေသည်။ ရဲတိုက်အကာရံအတွင်း ဝင်ပြီးသွားလျှင်မူ ပင်လယ်ရေနှင့် ကင်းကွာသွားမည်ဖြစ်သည်။
ဝှစ်...
ကျန်းရီသည် ကောင်းကင်သက်တန့်တစ်ခုအဖြစ်ပြောင်းလဲကာ ဆန်းကြယ်နယ်မြေ၏ ဂိတ်တံခါးဆီသို့ ကူးခတ်သွား၏။ သူ ရွှေရင့်ရောင် ဂိတ်တံခါးထဲသို့ ဝင်သွားပြီးနောက်တွင် လျှိုနံရံမှ အလင်းရောင်များ တဖြည်းဖြည်းအားနည်းသွားပြီး ဂိတ်တံခါးလည်း ပျောက်ကွယ်သွားလေသည်။
ကျန်းရှောင်နူသည် ချမ်ချမ်နှင့် အနက်ရောင်နတ်ဘုရားတို့နောက် လိုက်၍ ဆန့်ကျင်ဘက် လျှိုနံရံရှိ ရဲတိုက်တစ်လုံးအတွင်းသို့ ဝင်သွားလိုက်၏။ သူမသည် ပျောက်ကွယ်သွားသော ဂိတ်တံခါးကို ကြည့်ကာ စိုးရိမ်တကြီး ပြောလိုက်၏။
“အစ်မချမ်ချမ်... သခင်လေး ဘာမှ မဖြစ်လောက်ပါဘူးနော်”
“မစိုးရိမ်ပါနဲ့”
ချမ်ချမ်က ပြုံးကာ ပြောလိုက်သည်။
“ချမ်ချမ် ဒီဆန်းကြယ်နယ်မြေအကြောင်းကို ကြားဖူးပါတယ်။ အထဲမှာ နည်းနည်း မူမမှန်ဘူးဆိုပေမယ့် သေလောက်တဲ့ အန္တရာယ်တော့ မရှိပါဘူး။ ရွှေကျီးကန်းမျိုးနွယ်မှာလည်း ဆန်းကြယ်နယ်မြေထဲမှာ သေသွားတဲ့ မျိုးနွယ်ဝင်က တော်တော်ရှားပါတယ်။ ညီမရဲ့ သခင်လေးက ထူးချွန်ပြီးတော့ တိုက်ခိုက်စွမ်းအားကောင်းတာပဲ။ သူ ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည် နားမလည်နိုင်ရင်တောင်မှ ဘာမှ ဖြစ်မှာမဟုတ်ပါဘူး။ ပြီးတော့ ဘိုးဘိုးလည်း ရှိနေတာဆိုတော့ ညီမရဲ့ သခင်လေးက လုံခြုံပါတယ်”
“ဟုတ်...”
ကျန်းရှောင်နူသည် အောင်းလု၏ ခြေထောက်ကြီးကို ပြန်အမှတ်ရသွား၏။ အောင်းလုက ဤနေရာသို့ မပြတ်အာရုံစိုက်နေကြောင်း သူမ သဘောပေါက်ပေသည်။ ထို့ကြောင့် သူမ ချက်ချင်း စိတ်သက်သာရာရသွားသည်။ သူမသည် ခေတ္တမျှ နှိုတ်ဆိတ်နေပြီးမှ စိုးရိမ်သောလေသံဖြင့် ထပ်မေးလိုက်၏။
“သခင်လေးက ဆန်းကြယ်နယ်မြေထဲမှာ နတ်ဘုရားစွမ်းရည်ကို သိမြင်နားလည်နိုင်ပါ့မလား”
“အဲ့ဒါက ပြောဖို့ခက်တယ်”
ချမ်ချမ်က ခေါင်းခါကာ ပြောလိုက်သည်။
“ဒီဆန်းကြယ်နယ်မြေက ရှေးခတ်ကတည်းက ရှိနေခဲ့တာ။ ရွှေကျီကန်းမျိုးနွယ်မတိုင်ခင် ဒီဆန်းကြယ်နယ်မြေကို ရှာတွေ့ခဲ့တဲ့ တခြားမိစ္ဆာမျိုးနွယ်တွေလည်း ရှိလောက်မှာပဲ။ ဒါပေမဲ့ ရွှေကျီးကန်းမျိုးနွယ်ကပဲ နတ်ဘုရားစွမ်းရည်ကို သိမြင်နားလည်နိုင်ခဲ့တယ်။ အဲ့ဒါက ရွှေကျီးကန်းမျိုးနွယ်ရဲ့ ထူးခြားတဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံကြောင့်လား၊ ဒါမှမဟုတ် တခြားအကြောင်းတွေ ကြောင့်လားဆိုတာတော့ ဘယ်သူမှ မသိဘူး။ ကျန်းရီက လူသားမျိုးနွယ်ဆိုတော့ အောင်မြင်မယ်၊ မအောင်မြင်ဘူးက ပြောရခက်တယ်။ ချမ်ချမ်တို့ ကံကြမ္မာကိုပဲ ပုံအပ်ထားကြတာပေါ့”
“သခင်လေး... သခင်လေး အောင်အောင်မြင်မြင် သိမြင်နားလည်နိုင်မှရမယ်”
ကျန်းရှောင်နူက တိတ်တဆိတ် ဆုတောင်းလိုက်သည်။ ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည် မရှိလျှင် ကျန်းရီသည် သူ၏ စိတ်ဝိညာဉ်အရှိန်အဝါကို ပြောင်းလဲနိုင်မည် မဟုတ်ပေ။ သို့ဆိုလျှင် သူသည် အရှေ့ဘက် တော်ဝင်နယ်မြေသို့ သွားနိုင်တော့မည် မဟုတ်ဘဲ စုလောရွှယ်ကိုလည်း ကယ်တင်နိုင်တော့မည် မဟုတ်ချေ။ ယင်းသို့သာ ဖြစ်သွားလျှင် ကျန်းရီတစ်ယောက် တစ်ဘဝလုံး စိတ်ဓာတ်ကျနေပေလိမ့်မည်။
***