ရူးသွပ်သောအကြံ
Vol. 62 Ch. 862
“ဘာလို့ ဒီဆန်းကြယ်နယ်မြေမှာ ဘာမှ မရှိရတာလဲ”
ကျန်းရီသည် ဆန်းကြယ်သော နေရာတစ်ခုသို့ ရောက်လာ၏။ ထိုနေရာသည် ပင်လယ်နက်ထဲတွင် ပိတ်မိနေသော အခြားလောကတစ်ခုကဲ့သို့ပင်။ အထဲတွင် မည်သည့်ပင်လယ်ရေမှ မရှိဘဲ အလွန်တောက်ပနေပေသည်။ ထိုနေရာက မကြီးပေ။ ကျန်းရီ၏ ကောင်းကင်စိတ်အာရုံသည် အစွန်းများကိုပင် အာရုံခံနိုင်နေသည်။ အစွန်းနေရာတွင် အဖြူရောင်အလင်းလွှာတစ်ခု ရှိပေသည်။ ထိုနေရာက အလွန်တောက်ပနေရသည့်အကြောင်းမှာ ထိုအဖြူရောင်အလင်းကြောင့် ဖြစ်သည်။
ကျန်းရီသည် ပူဖောင်းတစ်ခုအတွင်းသို့ ဝင်ခဲ့ရသလိုမျိုး ခံစားရနေ၏။ ထိုပူဖောင်းအတွင်းပိုင်းသည် အမှီအခိုကင်းသော လောကတစ်ခု ဖြစ်ပေသည်။ ထိုလောကထဲတွင် ထူးဆန်းသော ပုံသဏ္ဌာန်များရှိသည့် ကျောက်တုံးများမှလွဲ၍ အခြားမည်သည့်အရာမှ ရှိမနေပေ။
ကျောက်တုံးများသည် အရောင်စုံအလင်းများ ဖြာထုတ်နေ၏။ ၎င်းကျောက်တုံးများ၏ ပုံသဏ္ဌာန်များက အလွန်ထူးဆန်းပေသည်။ အိပ်နေသောဆင်တစ်ကောင်ကဲ့သို့၊ ဝါးချောင်းကဲ့သို့၊ တံစဉ်ကဲ့သို့၊ ကုလားအုပ်ဥကဲ့သို့ စသဖြင့် ပုံသဏ္ဌာန်စုံလှသည်။
ကျန်းရီသည် ကောင်းကင်စိတ်အာရုံဖြင့် အကြိမ်အနည်းငယ် အာရုံခံကြည့်လိုက်ပြီး ထိုလောကထဲတွင် ကျောက်တုံးများမှလွဲ၍ အခြားမည်သည့်အရာမှ ရှိမနေကြောင်း အတည်ပြုလိုက်လေသည်။ သက်ရှိအရိပ်အယောင်လည်း ရှိမနေပေ။ သူသည် တည်နေရာပြောင်းရွှေ့အစီအရင် အပြင်သို့ထွက်ခါ ထိုလောကထဲသို့ လျှောက်ဝင်သွားလိုက်၏။ သူသည် ထိုကျောက်တုံးများကို မဆင်မခြင် အာရုံမခံဝံ့ပေ။ ထို့ကြောင့် သူ ပတ်ဝန်းကျင်ကိုသာ ဂရုတစိုက် လေ့လာနေလိုက်သည်။
ဟိန်း...
ကျန်းရီ ကျောက်တုံးတစ်ခုသို့ ချဉ်းကပ်သွားသောအခါ ကျောက်တုံးမှနေ၍ သားရဲတစ်ကောင်၏ ဟိန်းသံကြီး ထွက်ပေါ်လာလေသည်။ ထို့နောက်ချက်ချင်းပင် ကျောက်တုံးသည် အနက်နှင့် အဖြူအလင်း လင်းလက်သွားပြီး ဧရာမ သားရဲကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ၎င်းတွင် ရေခဲတမျှအေးစက်သော မျက်လုံးတစ်စုံရှိ၏။ ၎င်းထံမှ စွမ်းအားကြီးအရှိန်အဝါသည် ကျန်းရီကို အသက်အန္တရာယ်အငွေ့အသက် ခံစားလိုက်ရစေလေသည်။
ထိုသားရဲသည် အမွေးရှည်ဆင်ကြီးဖြစ်၏။ ၎င်း၏ခန္ဓာကိုယ်က မီတာ(၁၂၀)ကျော် ရှည်လျားပေသည်။ ထို့ပြင် ၎င်း၏အရှိန်အဝါက အနက်ရောင်နတ်ဘုရားထက် မနိမ့်ချေ။ ထိုဧရာမမိစ္ဆာကြီးသည် ဖိအားတစ်ခုကို ထုတ်လွှတ်နေသဖြင့် ကျန်းရီ၏ ခြေထောက်များ အားနည်းလာပြီး မြေပေါ်သို့ ခွေကျသွားမလိုပင် ဖြစ်လာသည်။
ကျန်းရီသည် သတ်ဖြတ်အရှိန်အဝါနှင့် သားရဲစွမ်းအားတို့၏ လွှမ်းခြုံမှုကို ခံထားရသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေပေသည်။ သူ၏ ခြေလက်များ ထုံကျင်နေပြီး သူ၏အတွင်းအားလည်း ရှုပ်ထွေးသွားသည်။ ထို့ကြောင့် သူ မတိုက်ခိုက်နိုင် ဖြစ်နေ၏။
“ထွက်သွားစမ်း လူသား... မဟုတ်ရင် မင်း အညှာအတာမရှိ အသတ်ခံရမယ်”
ဆန်းကြယ်သော သားရဲကြီးက အေးစက်စက် ပြောလိုက်သည်။ ကျန်းရီသည် ချက်ချင်း နောက်ပြန်လှည့်ကာ တည်နေရာပြောင်းရွှေ့အစီအရင်ဆီသို့ အမြန်ဆုံးအလျင်ဖြင့် သွားလိုက်လေသည်။ ယင်းက ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်ရသောအခါ လူသားများ၏ တုံ့ပြန်ပုံပင်။ သူ၏စိတ်ထဲတွင် ထွက်ပြေးရန်သာ ရှိနေသည်။ ထို့ကြောင့် သူ ချက်ချင်း ထွက်ပြေးရန် ကြိုးစားလိုက်ခြင်းပင်။ မဟုတ်လျှင် သူ သေချာပေါက် သေသွားပေလိမ့်မည်။
ဝှစ်...
ကျန်းရီသည် တည်နေရာပြောင်းရွှေ့အစီအရင်နှင့် သိပ်မဝေးတော့ပေ။ သူ၏အတွင်းအားက ရှုပ်ထွေးနေသော်လည်း သူ၏ ရုပ်အားအလျင်က မဆိုးလှချေ။ သူ အစီအရင်အတွင်းသို့ ဝင်တော့ပေမည်။ သို့သော် သူ အတွင်းသို့ ရောက်တော့မည့် အချိန်တွင် သူ၏စိတ်ဝိညာဉ်က ရုတ်တရက် တုန်ယင်သွား၏။ သူ သူ့ခေါင်းသူ ရိုက်လိုက်ပြီး ပြောလိုက်သည်။
“မဟုတ်သေးပါဘူး... ငါ ဘယ်လိုလုပ် ဒီလို ထွက်သွားလို့ရမှာလဲ”
ကျန်းရီသာ တည်နေရာပြောင်းရွှေ့အစီအရင်အတွင်း ဝင်လိုက်လျှင် ချက်ချင်း အပြင်ကို ပြန်ရောက်သွားမည်ဖြစ်သည်။ သူ ထွက်သွားပြီးလျှင် ပြန်ဝင်လာနိုင်၊ မလာနိုင်ကို သူမသိပေ။ သို့သော် သူ သေချာပေါက် အရှက်ကွဲပေလိမ့်မည်။ ဆန်းကြယ်နယ်မြေအတွင်းသို့ ရောက်လျှင်ရောက်ချင်း အဘယ်သို့ ထွက်သွားနိုင်မည်နည်း။ သူသာ ချက်ချင်း ထွက်သွားလျှင် အဘယ်သို့ အရှက်မကွဲဘဲ နေမည်နည်း။
“ဒါက ပုံရိပ်ယောင်နယ်မြေတစ်ခုပဲ ဖြစ်ရမယ်”
ကျန်းရီ၏ ခေါင်းထဲတွင် အတွေးတစ်ချက် လက်သွား၏။ အကယ်၍ ထိုလောကထဲတွင် အမှန်ပင် စွမ်းအားကြီး မိစ္ဆာအရှင်တစ်ပါး ရှိနေလျှင် အောင်းလုက သူ့ကို ဝင်ခိုင်းမည် မဟုတ်ပေ။ အနက်ရောင်နတ်ဘုရားကလည်း သူ့ကို သတိပေးမည်သာ။ ရွှေကျီးကန်းမျိုးနွယ်စုကြားတွင်လည်း မရေမတွက်နိုင်သော သေဆုံးမှုများရှိပေလိမ့်မည်။ အစောကလည်း သူ ပတ်ဝန်းကျင်ကို လေ့လာခဲ့၏။ မည်သည့် သက်ရှိအရိပ်အယောင်မှ ရှိမနေချေ။ ထို့ကြောင့် ဤဆန်းကြယ်နယ်မြေသည် ထိုမိစ္ဆာအရှင်ဖန်တီးထားသော ဆန်းကြယ်နယ်မြေတစ်ခု ဖြစ်နေလိမ့်မည်။
“ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်... ပုံစံမျိုးစုံ ပြောင်းနိုင်ပြီး စိတ်ဝိညာဉ်အရှိန်အဝါကိုလည်း ပြောင်းနိုင်တဲ့ စွမ်းရည်။ ဟုတ်တယ်... ဒါက ပုံရိပ်ယောင်နယ်မြေတစ်ခုဖြစ်မယ်။ အဲ့ဒါက ကျောက်တုံးကြီးတစ်တုံးပဲ။ အဲ့ဒါက တကယ်ပဲ မိစ္ဆာအရှင်ဆိုရင် ငါ သေပြီးနေလောက်ပြီ။ သူက ဘာလို့ ငါ့ကို ထွက်သွားဖို့ ပြောနေမှာလဲ”
ကျန်းရီသည် တွေးလေလေ၊ ပို၍သေချာလာလေလေ ဖြစ်လာ၏။ ထို့ကြောင့် သူသည် ခြေလှမ်းများကို ရပ်လိုက်ပြီး နောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။ အဝေးရှိ အေးစက်စက် မျက်ဝန်းများကို တွေ့သောအခါ သူ၏စိတ်ဝိညာဉ်က ထပ်မံတုန်ယင်သွား၏။ သူ့အတွေးထဲတွင်လည်း ကြီးမားသော အန္တရာယ်အငွေ့အသက်များ ထွက်ပေါ်လာသည်။
ထိုအခိုက်တွင် အစောက ကျန်းရီ သုံးသပ်ဆင်ခြင်ခဲ့မှုများအားလုံး ပျောက်ကွယ်သွားသည်။ ထိုအေးစက်စက်မျက်ဝန်းများနှင့် ကြီးမားသော သားရဲစွမ်းအားသည် ထိုသားရဲက မိစ္ဆာအရှင်အစစ်အမှန်ဟု ပြောနေသကဲ့သိုပင်။ အကယ်၍ သူသာ ထွက်မပြေးလျှင် အစိတ်စိတ်အမွှာမွှာ ဖိချေပစ်ခံရပေလိမ့်မည်။
“ပြေးရမလား၊ မပြေးရဘူးလား”
ကျန်းရီ ရင်ထဲတွင် လွန်ဆွဲနေ၏။ ထိုအတွေးနှစ်ခုသည် သူ၏စိတ်ဝိညာဉ်ကို အနိုင်ယူနိုင်အောင် ကြိုးစားနေကြသည်။ ထို့ကြောင့် သူ ဒွိဟဖြစ်နေပေသည်။ သူ၏စိတ်သည် ရှုပ်ထွေးနေပြီး သူ၏ရင်ထဲတွင် လူသားဗီဇနှင့် နှလုံးသားတို့ကြား ပဋိပက္ခဖြစ်နေ၏။
“ဟုတ်တယ်... ကောင်းကင်နဲ့လူသား ပေါင်းစည်းခြင်း”
ကျန်းရီ၏ ခေါင်းထဲတွင် အတွေးတစ်ချက် လက်သွားသည်။ ယင်းက မိစ္ဆာအရှင် အစစ်အမှန် ဟုတ်၊ မဟုတ် ဆုံးဖြတ်ရန် အလွန်ရိုးရှင်းပေသည်။ သူ မျက်လုံးများ မှိတ်လိုက်ပြီး ကောင်းကင်နှင့် လူသား ပေါင်းစည်းခြင်းအခြေအနေသို့ ဝင်ကာ ပတ်ဝန်းကျင်ကို ဂရုတစိုက်အာရုံခံလိုက်ပြီး ထိုမိစ္ဆာအရှင်ကိုလည်း အာရုံခံလိုက်လေသည်။ မကြာခင်မှာပင် ယင်းက မိစ္ဆာအရှင် အစစ်အမှန် ဟုတ်၊ မဟုတ် သူ ဆုံးဖြတ်ချက်ချနိုင်လိုက်၏။
ရလဒ်က ကျန်းရီကို ရင်အေးသွားစေသည်။
မိစ္ဆာအရှင်၏ ခန္ဓာကိုယ်မှ ထွက်လာသော အရှိန်အဝါက ပင်လယ်ကဲ့သို့ ကျယ်ပြောပြီး အလွန်စွမ်းအားကြီးသဖြင့် အားလုံးကို တုန်ယင်သွားစေမည်သာ။ သို့သော် မိစ္ဆာအရှင်ထဲတွင် အသက်အငွေ့အသက် မရှိချေ။ ၎င်းက ပုံရိပ်ယောင်ဖြစ်ကြောင်း သေချာပေသည်။
“ဟူး...”
ကျန်းရီသည် အတည်ပြုပြီးနောက် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်၏။ သူ ကြောက်ရွံ့တွန့်ဆုတ် မနေတော့ပေ။ ထို့ကြောင့် မည်သည့်အရာပဲ ဖြစ်လာသည်ဖြစ်စေ သူ ထိုလောကထဲတွင်သာ ဆက်နေမည်ဟု ဆုံးဖြတ်လိုက်လေသည်။ ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကို သိမြင်နားလည်နိုင်မည့် နည်းလမ်းကို သူစဉ်းစားရပေမည်။
“ငါ ဒီမှာဆက်နေပြီး ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကို လေ့လာရမယ်။ ငါ အရှေ့ဘက် တော်ဝင်နယ်မြေကိုသွားပြီး စုလောရွှယ်ကို ကယ်တင်ရမယ်။ ငါ့ရဲ့နှလုံးသားက ယိမ်းယိုင်လို့မရဘူး။ ငါ ငါ့ရဲ့အကြောက်တရားကို အနိုင်ယူနိုင်ရမယ်”
ကျန်းရီသည် ဖြည်းဖြည်းချင်း မျက်လုံးများ ပြန်ဖွင့်လိုက်ပြီး အဝေးရှိ ဧရာမသားရဲကြီးကို ကြည့်လိုက်လေသည်။ ထိုသားရဲကြီး၏ အေးစက်စက်မျက်ဝန်းများကို ကြည့်မိသောအခါ သူ၏ခန္ဓာကိုယ်က အလိုလိုတုန်ယင်သွား၏။ သို့သော် သူ၏စိတ်ဝိညာဉ်ကတော့ တည်ငြိမ်နေပေသည်။ သူ့တွင် ထွက်ပြေးရန်အတွေး မရှိတော့ပေ။
“ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကို သိမြင်နားလည်နိုင်ဖို့ ငါ ဘာလုပ်ရမလဲ”
ကျန်းရီသည် မူလနေရာတွင်ပင် ရပ်ကာ တွေးတောနေ၏။ သူသည် တာအိုအရှိန်အဝါကို မခံစားနိုင်ချေ။ ထို့ပြင် ပတ်ဝန်းကျင်တွင်လည်း ကျောက်တုံးများနှင့် ပုံရိပ်ယောင်ဆင်ကြီးမှလွဲ၍ အခြားမည်သည့်အရာမှ ရှိမနေပေ။ သူ အာရုံခံလိုလျှင်လည်း အာရုံခံရမည့်အရာတစ်ခုမှ ရှိမနေချေ။
“ပုံရိပ်ယောင်ဆင်ကြီး၊ ဟုတ်တယ်... ဒီဆန်းကြယ်နယ်မြေထဲမှ အထူးဆန်းဆုံးအရာက ပုံရိပ်ယောင်ဆင်ကြီးပဲ။ ငါ ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကို သိမြင်နားလည်ချင်ရင် ပုံရိပ်ယောင်ဆင်ကနေ စရမှာပဲ”
ကျန်းရီသည် နည်းလမ်းတစ်ခုကို လျင်မြန်စွာ တွေးမိသွား၏။ သူ တင်ပျဉ်ခွေထိုင်လိုက်ပြီး ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ထပ်ဝင်လိုက်သည်။ ထို့နောက် သူသည် ပုံရိပ်ယောင်ဆင်ကြီးကို ဂရုတစိုက် အာရုံခံလိုက်ပြီး တာအိုအရှိန်အဝါကို အာရုံခံနိုင်ပြီး ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကို သိမြင်လာနိုင်စေမည့် အခွင့်အရေးအချို့ကို ရှာလိုက်လေသည်။
ကံဆိုးစွာပင်...
ဆယ်ရက်၊ ဆယ်ည အာရုံခံပြီးနောက်တွင်မူ ကျန်းရီသည် မည်သည့်အရာကိုမှ ရှာမတွေ့သေးပေ။ သူသည် ပုံရိပ်ယောင်ဆင်ကြီးကို အာရုံခံကာ လေ့လာခဲ့၏။ ယင်းက မိစ္ဆာအရှင်နှင့် မခြားချေ။ ကြောက်မက်ဖွယ် အရှိန်အဝါမှလွဲ၍ အခြားမည်သည့်အရာမှ မရှိပေ။
“ငါ ဘာလုပ်သင့်လဲ”
ကျန်းရီသည် စက္ကူဖြူအလွတ်တစ်ရွက်တွင် ပန်းချီပုံကို ရှာနေရသကဲ့သို့ ခံစားနေရ၏။ သူ အကြံကုန်နေပြီဖြစ်ပြီး မည်သည့်နေရာက စရမည်မသိ ဖြစ်နေသည်။ သူ စိတ်လှုပ်ရှားနေ၏။ သူ ပို၍စိတ်လှုပ်ရှားလာလေလေ၊ တည်ငြိမ်စွာ စဉ်းစားရန် ခက်လာလေလေပင်။ ထို့ကြောင့် သူ ရှေ့မဆက်နိုင် ဖြစ်နေလေသည်။
“မဟုတ်သေးပါဘူး... ငါက ဘာလို့ ဒီလောက်စိတ်လှုပ်ရှားနေရတာလဲ”
ကျန်းရီသည် ရုတ်တရက် ပြဿနာတစ်ခုကို တွေ့သွား၏။ သူ၏ စိတ်က သန်မာသင့်နေပြီဖြစ်သည်။ ထို့ပြင် သူသည် ဆယ်ရက်၊ ဆယ်ညသာ လေ့လာရသေး၏။ အဘယ်ကြောင့် သူ ဤမျှစိတ်လှုပ်ရှားနေသနည်း။
ကျန်းရီ လှည့်ပတ်ကြည့်လိုက်ပြီး ယင်းက ဤပုံရိပ်ယောင်နယ်မြေ၏ လှည့်ကွက်တစ်ခု ဖြစ်လိမ့်မည်ဟု သေချာသွား၏။ ပုံရိပ်ယောင်နယ်မြေသည် သူ၏စိတ်ကို နှောင့်ယှက်ကာ သူ့ကို မချင့်မရဲဖြစ်လာစေပြီး မခံမရပ်နိုင်သော စိတ်လှုပ်ရှားမှုကြောင့် အပြင်သို့ ထွက်သွားအောင် လုပ်နေခြင်းပင်။
“မတည်ငြိမ်တဲ့ စိတ်၊ အကြောက်တရား၊ ပုံရိပ်ယောင်၊ စိတ်ဝိညာဉ်အရှိန်အဝါ”
ကျန်းရီသည် ထိုဆန်းကြယ်နယ်မြေက သဘာဝနှင့် အလွန်ဆက်နွယ်မှုရှိနေသည်ဟု ခံစားနေရလေသည်။ ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကို သိမြင်နားလည်နိုင်ရန် သူ၏စိတ်ကို ပို၍ သန်မာလာအောင် လုပ်ရပေမည်။
စိတ်ကို သန်မာလာအောင် မည်သို့ လုပ်ရမည်နည်း။
ကျန်းရီ၏ မျက်လုံးများထဲတွင် ရက်စက်မှုတစ်ခု ထွက်ပေါ်လာသည်။ သူသည် အဝေးရှိ ဧရာမသားရဲကြီးကိုကြည့်ကာ ရူးသွပ်သောအကြံတစ်ခု ရသွားလေသည်။ ဆန်းကြယ်နယ်မြေက သူ့ကို ထွက်သွားအောင် ဖိအားပေးနေလျှင် သူက ပို၍ပင် ထွက်မသွားသင့်သည် မဟုတ်ပါလား။ ထိုဧရာမသားရဲက သူ့ကို ခြောက်လှန့်ရန် ကြိုးစားနေသဖြင့် သူ ၎င်းအနီးသို့ ပို၍ပင် ချဉ်းကပ်သွားသင့်ပေသည်။ အကြောက်တရားကို အနိုင်ယူနိုင်မှာသာ စိတ်က ပို၍သန်မာလာမည်ဖြစ်သည်။
ကျန်းရီသည် ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး အဝေးရှိ အမွေးရှည်ဆင်ကြီးကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူသည် ဧရာမသားရဲကြီးဆီသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်၏။ အကြောက်တရားကို အနိုင်ယူနိုင်ရန် သူ့ကိုယ်သူ စိန်ခေါ်၍ ထိုသားရဲကြီးအနီးသို့ ချဉ်းကပ်သွားရန် လိုအပ်ပေသည်။
***