← Chapters

ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်

Vol. 62 Ch. 864

ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်

Vol. 62 Ch. 864

ကျန်းရီသည် ထိုနယ်မြေက ပုံရိပ်ယောင်နယ်မြေတစ်ခုဖြစ်သည်ဟု သူ့ကိုယ်သူ ပြောနေခဲ့၏။ ယင်းတို့က အတုအယောင်များဖြစ်၍ သူ ကြောက်နေရန်မလိုဟု သူ့ကိုယ်သူ အားပေးနေခဲ့သည်။

အမှန်မှာ...

ကျန်းရီသည် သူ့ကိုယ်သူ လမ်းမှားသို့ ညွှန်နေခြင်းပင်။ အမှန်တကယ် စိတ်ခိုင်မာသူသည် အရာအားလုံးက အစစ်ပင်ဖြစ်ပါစေ တုန်လှုပ်မည် မဟုတ်ပေ။ သားရဲရိုင်းတစ်ကောင်က သူ့ကို အစိတ်စိတ်အမွှာမွှာ စုတ်ဖြဲတော့မည်ဖြစ်စေ တစ်စက်မှ ကြောက်နေမည် မဟုတ်ချေ။

သိုင်းသမားတစ်ယောက်၏ စိတ်ဓာတ်က အလွန်အရေးပါ၏။

သိုင်းပညာတာအို၏ လမ်းစဉ်မှာ ကောင်းကင်ကို ဆန့်ကျင်၍ ကံကြမ္မာကို ပြောင်းလဲရန် ဖြစ်သည်။ ကောင်းကင်ကို ဆန့်ကျင်နိုင်ရန် အဆုံးမဲ့ ဒုက္ခအခက်အခဲများကို တွေ့ကြုံရမည်ဖြစ်သည်။ သိုင်းသမား၏ စိတ်က လုံလောက်အောင် မသန်မာလျှင် အဘယ်သို့ အခြားသန်းထောင်ချီသော သိုင်းသမားများကို ကျော်ဖြတ်ကာ အထွတ်အထိပ်သို့ ရောက်နိုင်ပါမည်နည်း။

အကယ်၍ သိုင်းသမားတစ်ယောက်သည် တိုက်ပွဲတစ်ပွဲတွင် သူရဲဘောကြောင်လိုက်ပါက နောက်ပိုင်း အခြားပညာရှင်တစ်ယောက်နှင့်တွေ့လျှင် ထွက်ပြေးရန်သာ အရင်ဆုံး တွေးမိနေပေလိမ့်မည်။ ထို့ကြောင့် အခက်အခဲများနှင့် တွေ့ကြုံရသောအခါ ရှောင်ခွာထွက်ပြေးမည့်အစား ထိပ်တိုက်ရင်ဆိုင်ရပေမည်။ လူတစ်ယောက်သည် မိမိ၏စိတ်ကို မည်သို့ အနိုင်ယူနိုင်သနည်း။ လူတစ်ယောက်သည် မည်သို့ ကောင်းကင်ကိုဆန့်ကျင်ကာ နတ်ဘုရားဖြစ်လာနိုင်သနည်း။

ကျန်းရီ၏ စိတ်ဓာတ်က မဆိုးလှပေ။ သို့သော် သူသည် ပထမအဆင့်တွင်ပင် ရှိနေသေးသည်။ ယခုတွင် သူ ဉာဏ်အလင်းပွင့်သွားပြီဖြစ်၍ သူ၏စိတ်ဓာတ်က ဒုတိယအဆင့်သို့ ရောက်သွားပေပြီ။ ထို့ကြောင့် သူ၏စိတ်ဝိညာဉ်က အောင်မြင်စွာ ဆင့်ကဲတိုးတက်သွားပြီဖြစ်သည်။

သို့သော် ကျန်းရီသည် သူ့စိတ်ဝိညာဉ်ထဲတွင် ဖြစ်ပျက်ခဲ့သော အရာအားလုံးကို မေ့လျော့သွားပေပြီ။ သူ၏မျက်လုံးများက အရှေ့ရှိ ရေခဲတမျှ အေးစက်သော မျက်ဝန်းများကို တည့်တည့်မတ်မတ် စိုက်ကြည့်နေသည်။ သူသည် တဖြည်းဖြည်းဖြင့် ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကို အနည်းငယ် နားလည်လာ၏။

“လောကထဲကအရာအားလုံးက ပုံရိပ်ယောင်တွေလိုပဲ။ အစစ်ပဲဖြစ်ဖြစ်၊ အတုပဲဖြစ်ဖြစ် စေ့စေ့စပ်စပ် သိမြင်နိုင်ဖို့ ခက်ခဲတယ်။ ဘဝကလည်း အိပ်မက်တစ်ခုလိုပဲ။ ငါတို့က အခုလည်း အိပ်မက် မက်နေပြီး အိပ်မက်ထဲက မနိုးထနိုင်တာ ဖြစ်နိုင်တယ်။ ငါတို့ကိုယ်တိုင်က ပုံရိပ်ယောင်တွေ ဖြစ်နိုင်နေမှတော့ ရုပ်ဝတ္ထုတွေက ဘာအဓိပ္ပာယ်မှ မရှိတော့ဘူး။ ငါတို့က ကြိုက်တဲ့ပုံစံကို ပြောင်းနိုင်သင့်တယ်။ စိတ်ဝိညာဉ်အရှိန်အဝါဆိုတာ ပိုပြီးတောင် ပုံရိပ်ယောင်ဆန်သေးတော့ စိတ်ရှိသလို ပြောင်းလဲနိုင်သင့်တယ်...”

“စိတ်ဝိညာဉ်အရှိန်အဝါက အရောင်လည်းမရှိသလို၊ အနံ့လည်းမရှိဘူး။ အဲ့ဒါက အာရုံခံစားမှုတစ်ခုပဲ။ အဲ့ဒါက အာရုံခံစားမှုတစ်ခုပဲဆိုတော့ လှည့်ဖြားလို့ ရနိုင်တယ်။ ပုံရိပ်ယောင် ပေါ်မသွားသ၍ အာရုံခံစားမှုတွေကို လှည့်ဖြားလို့ရတယ်။ ရန်သူတွေက ငါ့ကို မှတ်မိနိုင်မှာ မဟုတ်ဘူး။ အစစ်ဖြစ်စေ၊ အတုဖြစ်စေ နည်းနည်းတော့ သိသာမှာပဲ။ အဲ့ဒါကကို ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ရဲ့ ထူးခြားမှုဖြစ်မယ်...”

“ဟူး... နောက်ဆုံးတော့ ငါနည်းလည်သွားပြီ။ အခု ငါ ငါ့ရဲ့ စိတ်ဝိညာဉ်အရှိန်အဝါကို ပြောင်းလဲနိုင်ပြီ။ ဒါပေမဲ့ ငါ့ရဲ့ ရုပ်သွင်ကို ဘယ်လိုပြောင်းလဲရမှာလဲ”

ကျန်းရီ၏စိတ်ထဲတွင် သံသယတစ်ခု လက်သွား၏။ သူ ခေတ္တမျှတွေးတောလိုက်ပြီးနောက် သူ၏မျက်လုံးများ အရောက်တောက်လာလေသည်။ သူသည် အရှေ့ရှိ အမွှေးရှည်ဆင်သားရဲကြီးကို ကြည့်ကာ ပြောလိုက်၏။

“မင်းက အတုဆိုတာကို ငါ သိပြီးနေပြီ... အဲ့ဒါတောင် မင်းက ငါ့ကို ခြောက်လှန့်ချင်နေသေးတယ်ပေါ့လေ။ ထွက်သွားစမ်း”

ရွှီး...

အမွှေးရှည်ဆင်သားရဲကြီးသည် အလင်းရောင်တောက်ပလာပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားလေ၏။ အရှေ့တွင် နောက်ထပ် ဧရာမကျောက်တုံးကြီးတစ်တုံး ထွက်ပေါ်လာသည်။ ကျန်းရီ အံ့အားသင့်သွား၏။ ကျောက်တုံးမှနေ၍ ထူးဆန်းသော အရောင်စုံစွမ်းအင်တစ်ခု ထွက်လာပြီး ပေါင်းစုသွားကာ ကောင်းကင်သက်တန့်တစ်ခုအဖြစ် ပြောင်းလဲသွား၍ သူ့ကိုယ်အတွင်းသို့ ဝင်သွားလေသည်။ သူသည် ထိုသက်တန့်ရောင်စွမ်းအင်ကို ဂရုတစိုက် အာရုံခံလိုက်ပြီးနောက် ရုတ်ခြည်း ဝမ်းမြောက်သွား၏။

ကျန်းရီ၏ခန္ဓာကိုယ်က တုန်ယင်မနေတော့ပေ။ သူ၏အသက်ရှူနှုန်းနှင့် နှလုံးခုန်နှုန်းတို့သည်လည်း ပုံမှန်ပြန်ဖြစ်လာပေပြီ။ သို့သော် သွေးကြောများ‌ ပေါက်ထားသဖြင့် သူ့ခန္ဓာကိုယ်က မလှုပ်ရှားနိုင်သေးချေ။ သွေးများတော့ စီးကျမနေတော့ပေ။ သူ၏သွေးကြောများက ဖြည်းဖြည်းချင်း ပြန်ပိတ်လာပြီဖြစ်သည်။ အပြည့်အဝ ပြန်ကောင်းရန် အချိန်တစ်ခုသာ လိုအပ်ပေသည်။

“အန်... ဘာလို့ ငါ့ရဲ့စိတ်ဝိညာဉ်က ဒီလိုဖြစ်လာတာလဲ”

ကျန်းရီသည် သူ၏စိတ်ဝိညာဉ်ကို ကြည့်လိုက်ပြီးနောက် အတန်ငယ် တုန်လှုပ်သွား၏။ သူ၏ပင်မစိတ်ဝိညာဉ်က လက်ရှိတွင် မူလအရွယ်အစားထက် နှစ်ဆဖြစ်နေလေသည်။ သူ၏ မူလက ဓားပုံစံ စိတ်ဝိညာဉ်သည် ယခုတွင် သုံးချောင်းထောက် ဒယ်စောက်အိုးပုံစံအဖြစ် ပြောင်းလဲသွားပေပြီ။

စိတ်ဝိညာဉ်၏ အရွယ်အစား ကြီးလာခြင်းမှာ သာမန်သာဖြစ်သည်။ ၎င်းက ဆင့်ကဲတိုးတက်တိုင်း ကြီးထွားလာမည်သာ။ သို့သော် အဘယ်ကြောင့် ပုံစံပြောင်းသွားရသနည်း။ အဘယ်ကြောင့် ထူးဆန်းသော သုံးချောင်းထောက် ဒယ်စောက်အိုးပုံစံ ဖြစ်သွားရသနည်း။

“သုံးချောင်းထောက် ဒယ်စောက်အိုးလား။ သုံးချောင်းထောက်က အတည်ငြိမ်ဆုံးပဲ။ အဲ့လိုပုံစံပြောင်းသွားတာက ငါ့ရဲ့ စိတ်က ပိုသန်မာလာပြီး ပိုတည်ငြိမ်လာလို့လား။ ဒီ သုံးချောင်းထောက် ဒယ်စောက်အိုးက တကယ်ပဲ တော်တော်လေးတည်ငြိမ်တယ်။ ငါ့ရဲ့ စိတ်ဝိညာဉ်ကို ဘာကမှ ယိမ်းယိုင်အောင် လုပ်နိုင်တော့မှာ မဟုတ်ဘူး”

ထိုအခိုက်တွင် ကျန်းရီ၏ စိတ်ထဲတွင် အတွေးတစ်ချက် ထွက်ပေါ်လာ၏။ သူသည် ဆန်းကြယ်နယ်မြေအပြင်ရှိ ‌ရွှေကျီးကန်းမျိုးနွယ်သည် ခြေထောက်သုံးချောင်းရှိကြောင်း ရုတ်တရက် အမှတ်ရသွားခြင်းပင်။ ရွှေကျီးကန်းမျိုးနွယ်က ခြေသုံးချောင်းရှိသဖြင့် ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကို သိမြင်နားလည်းနိုင်ရန် ပိုလွယ်ကူခြင်းလော။

“အာ... ငါ့ရဲ့ စိတ်ဝိညာဉ်က ပုံစံပြောင်းသွားပြီဆိုတော့ ငါ ရှန်းစီမြို့ကို ပြန်ရောက်ရင် နတ်ဘုရားငိုကြွေးသံကနေပြီး ဝိညာဉ်ဓားတွေ ထပ်ရပါဦးမလား။ ငါ့ရဲ့ လက်ရှိစိတ်ဝိညာဉ်ပုံစံက ဓားပုံစံ မဟုတ်တော့ဘူး... သုံးချောင်းထောက် ဒယ်စောက်အိုး ဖြစ်သွားပြီ။ နတ်ဘုရားငိုကြွေးသံကနေ ဒယ်စောက်အိုး အသေးလေးတွေများ ရလာမှာလား”

ကျန်းရီ မသိပေ။ ယခုတွင် သူ ထိုအကြောင်းကို မတွေးနိုင်သေးပေ။ သူ မြေပြင်ပေါ်တွင်သာ လှဲလျောင်းလိုက်လေသည်။ သူ ဒဏ်ရာအပြင်းအထန် ရထားသဖြင့် မလှုပ်ရှားနိုင်သေးချေ။ ထို့ကြောင့် သူသည် ဒဏ်ရာများ ပြန်ကောင်းသွားသည့်အချိန်မထိ စောင့်နေရမည်ဖြစ်သည်။

တစ်ရက်၊ နှစ်ရက်၊ သုံးရက်...

နောက်ဆုံးတွင် ကျန်းရီ လှုပ်ရှားနိုင်ပေပြီ။ သူသည် လက်စွပ်အတွင်းမှနေ၍ ဆေးလုံးတစ်လုံး ထုတ်ကာ သောက်လိုက်၏။ ထို့နောက် သူ မျက်လုံးများမှိတ်ကာ အားပြန်မွေးလိုက်သည်။ သူ၏အတွင်းအားကို နှစ်ပတ်၊ သုံးပတ် လှည့်ပတ်ပြီးနောက် သူ၏ခန္ဓာကိုယ်က လျင်မြန်စွာ ပြန်ကောင်းလာလေသည်။ နေ့ဝက်ကြာပြီးနောက်တွင် သူ တင်ပျဉ်ခွေထထိုင်လိုက်သည်။

ကျန်းရီသည် ဆန်းကြယ်နယ်မြေမှ ထွက်ရန် မလောပေ။ ကျန်းရှောင်နူသာ သူ၏ သွေးအလိမ်းလိမ်းဖြင့် အားနည်းနေသောပုံစံကို တွေ့လျှင် သေချာပေါက် စိုးရိမ်သွားပေလိမ့်မည်။ ထို့ကြောင့် သူ တင်ပျဉ်ခွေထိုင်ကာ တစ်နေ့လုံး အားပြန်ဖြည့်လိုက်လေသည်။ ဒဏ်ရာအားလုံးနီးပါး ပျောက်ကင်းသွားခါမှ သူ ထရပ်လိုက်သည်။

“ဟီးဟီး... ဒီပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကို စမ်းကြည့်ရအောင်”

ကျန်းရီ ပြုံးလိုက်၏။ ထို့နောက်တွင် သူ၏ခန္ဓာကိုယ်က အဖြူရောင်အလင်း လင်းလက်သွားသည်။ သူ့ရုပ်သွင် တဖြည်းဖြည်း ပြောင်းလဲသွား၏။ သူ့ကိုယ်ထဲတွင်လည်း သက်တန့်ရောင်စွမ်းအင် လှည့်ပတ်နေသည်။ မကြာခင်မှာပင် သူ၏ခန္ဓာကိုယ်က ဝဖိုင့်သွားလေသည်။ သူ၏ခြေထောက်များက တုတ်လာပြီး သူ၏ဗိုက်က ရွှဲလာသည်။ သူ့မျက်နှာကလည်း ဝိုင်းစက်သွားပြီး သူ၏မျက်လုံးများက ကျဉ်းသွားကာ  အရောင်တောက်လာ၏။

ခန္ဓာကိုယ်ပုံစံ ပြောင်းလဲမှုက တစ်ခဏအတွင်းမှာပင် ပြီးဆုံးသွားသည်။ သူသည် လက်စွပ်အတွင်းမှ အဝတ်အစားအသစ်တစ်စုံ ထုတ်ကာ လဲလှယ်ဝတ်ဆင်လိုက်ပြီး တည်နေရာပြောင်းရွှေ့အစီအရင်မှတဆင့် အပြင်သို့ ပြန်ထွက်လိုက်လေသည်။

***

ရွှီး...

လျှိုနံရံက ရုတ်တရက် ရွှေရင့်ရောင် တောက်ပလာပြီး ရွှေရင့်ရောင်ဂိတ်တံခါးတစ်ခု တဖြည်းဖြည်း ပွင့်လာလေသည်။ မျက်နှာချင်းဆိုင်မှ ရဲတိုက်ထဲတွင် ထိုင်နေသော ချမ်ချမ်၊ အနက်ရောင်နတ်ဘုရားနှင့် ကျန်းရှောင်နူတို့သည် ချက်ချင်း အာရုံခံမိလိုက်ကြ၏။ သူတို့သည် ရဲတိုက်အပြင်သို့ ပြေးထွက်သွားပြီး ဂိတ်တံခါးကို ကြည့်လိုက်ကြသည်။

“အာ...”

သုံးယောက်သား တစ်ချိန်တည်း မျက်မှောင်ကြုတ်သွား၏။ ကျန်းရှောင်နူ၏ မျက်နှာထားကလည်း တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ဖြစ်သွားသည်။ တည်နေရာပြောင်းရွှေ့အစီအရင်ထဲမှ ပျံထွက်လာသူမှာ အမှန်ပင် ချမ်ဝမ်ကွမ်းလော။

ကျန်းရှောင်နူက သေချာထပ်၍ကြည့်လိုက်ပြီး သူမ၏အမြင်မှားခြင်းမဟုတ်ကြောင်း အတည်ပြုလိုက်သည်။ ထို့ကြောင့် သူမ အော်ပြောလိုက်သည်။

“ဖက်တီးစုတ်... ရှင်က ဘာလို့ ဒီမှာရှိနေရတာလဲ။ သခင်လေးရော ဘယ်မှာလဲ”

ချမ်ချမ်သည်လည်း ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံကြည့်လိုက်ရာ ထိုလူ၏ စိတ်ဝိညာဉ်အရှိန်အဝါက ချမ်ဝမ်ကွမ်း၏ စိတ်ဝိညာဉ်အရှိန်အဝါနှင့် တစ်ပုံစံတည်းတူကြောင်း သိရှိလိုက်သည်။ ထို့ပြင် ထိုလူ၏ ဒန်တျန်ကလည်း ကျန်းရီ၏ ထူးဆန်းသော ဒန်တျန်နှင့် မတူချေ။ ထိုလူ၏ အင်အားအဆင့်က ချမ်ဝမ်ကွမ်း၏ အင်အားနှင့် အတူတူပင်ဖြစ်သည်။ ချမ်ချမ်၏ လှပသောမျက်နှာလေးပေါ်တွင် အံ့အားသင့်‌သော အရိပ်အယောင်များ ထွက်ပေါ်လာသည်။ ထို့နောက် သူမသည် ခံစားချက်များဖြင့် သက်ပြင်းချကာ ပြောလိုက်၏။

“တကယ့်ကို ပြောင်မြောက်တာပဲ”

ချမ်ချမ်သည် ချမ်ဝမ်ကွမ်းက ဤနေရာတွင် မည်သို့မှ ရှိမနေနိုင်ကြောင်း သိ၏။ သူမတို့မပါလျှင် နတ်ဘုရားတစ်ပိုင်းများပင် ပင်လယ်နက်၏ ပင်လယ်ကြမ်းပြင်အထိ ရောက်မလာနိုင်ပေ။ ထို့ကြောင့် ထိုလူသည် ကျန်းရီ၏ ပုံစံပြောင်းထားမှု ဖြစ်ပေမည်။

အနက်ရောင်နတ်ဘုရားကလည်း မပြုံးစဖူး ပြုံးလိုက်ပြီး ခေါင်းညိတ်ကာ ချီးကျူးလိုက်သည်။

“ဟီးဟီး... ကောင်လေး... မဆိုးဘူးပဲ”

ဝှစ်...

ဖက်တီးက ပျံသန်းလာပြီး မည်သည့်စကားမှ မပြောဘဲ ကျန်းရှောင်နူ၏ခေါင်းကို ပုတ်လိုက်သည်။ ထို့နောက် သူ ပြုံးကာ သူမတို့ကို ကြည့်လိုက်သည်။ ကျန်းရှောင်နူသည် တစ်စုံတစ်ခုကို သတိပြုမိသွား၍ သူ့လက်ကို ဆွဲကာ ပြောလိုက်၏။

“မဟုတ်သေးပါဘူး... ရှင်က ဖက်တီးမဟုတ်ဘူး။ ရှင်က သခင်လေးပဲ”

“ဟဲဟဲ...”

ကျန်းရီ၏ခန္ဓာကိုယ်က အဖြူရောင်အလင်း လင်းလက်လာပြီး လျင်မြန်စွာ သူ၏မူလပုံစံအဖြစ် ပြန်ပြောင်းသွားသည်။ သူသည် ကျန်း‌ရှောင်နူ၏ ခေါင်းကို ကြင်နာစွာ ပွတ်သပ်လိုက်ပြီး ပြောလိုက်သည်။

“အရူးမလေး... မင်းက မင်းရဲ့သခင်လေးကိုတောင် မမှတ်မိဘူးလား”

ကျန်းရှောင်နူ ရှက်သွေးဖြာသွား၏။ ထို့ကြောင့် ကျန်းရီ ပို၍ယုံကြည်မှုရှိသွားသည်။ အကယ်၍ သူနှင့် အတူကြီးပြင်းလာသော ကျန်းရှောင်နူပင် သူ့ကို မမှတ်မိလျှင်၊ စွမ်းအားကြီး မိစ္ဆာအရှင်တစ်ပါးဖြစ်သော အနက်ရောင်နတ်ဘုရားသည်ပင် သူ့ကို ချက်ချင်းမမှတ်မိနိုင်လျှင် ဤပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်က အမှန်ပင် အသုံးဝင်ကြောင်း သေချာသွားပေပြီ။ နောက်ဆုံးတွင် သူ အရှေ့ဘက် တော်ဝင်နယ်မြေသို့ သွားနိုင်ပေတော့မည်။

***

All Chapters