သက်ရောက်မှု
Vol. 62 Ch. 865
“ကောင်လေး... မင်း အဲ့ဒါကို အောင်အောင်မြင်မြင် သိမြင်နားလည်သွားပြီပဲ။ ရလဒ်ကို ဒီအဘိုးကြီး ကြည့်ရအောင် ပုံစံပြောင်းပြစမ်းပါဦးကွ”
ရွှမ်ဝူနန်းတော်သို့ ပြန်ရောက်သောအခါ အောင်းလုက ချက်ချင်း ကျန်းရီအား ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကို ထုတ်သုံးခိုင်းလိုက်၏။
ကျန်းရီက ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကို ထုတ်သုံးလိုက်သောအခါ သူ၏ခန္ဓာကိုယ်က အဖြူရောင်အလင်း လက်သွား၏။ သူ၏ ကြွက်သားများနှင့် အရိုးများ တွန့်လိမ်သွားပြီး သူသည် သာမန် အသက်လတ်ပိုင်း ယောက်ျားတစ်ယောက်အဖြစ် ပြောင်းလဲသွားလေသည်။ သူ၏စိတ်ဝိညာဉ်ကလည်း အသစ်ပြောင်းလဲသွားသည်။ ကျန်းရှောင်နူ၊ ချမ်ချမ်နှင့် အနက်ရောင်နတ်ဘုရားတို့သည် ကျန်းရီ၏ မူလအရှိန်အဝါကို အာရုံမခံနိုင်တော့ချေ။
“မဆိုးဘူး...”
အောင်းလုက တစ်ချက်ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
“ဒီပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်က တကယ့်ကို သဘာဝရဲ့ ကောင်းချီးပဲ။ မင်းက အဲ့ဒါကို မင်းဘာသာ သိမြင်နားလည်နိုင်ခဲ့တာဆိုတော့ ဘာမိစ္ဆာအရှိန်အဝါမှ ရှိမနေဘူး။ မင်း အရှေ့ဘက် တော်ဝင်နယ်မြေကို စိုးရိမ်စရာမလိုဘဲ သွားလို့ရပြီ။ မင်း ဧကရာဇ်ကိုးပါးနဲ့ မတွေ့သ၍ ဘာမှ ဖြစ်မှာမဟုတ်ဘူး။ သာမန်နတ်ဘုရားတစ်ပိုင်းတွေက မင်းရဲ့ ရုပ်သွင်အစစ်၊ အရှိန်အဝါအစစ်ကို မြင်နိုင်မှာ မဟုတ်ဘူး”
ရွှီး...
ကျန်းရီ၏ခန္ဓာကိုယ်က အဖြူရောင်အလင်း ထပ်မံတောက်ပလာပြီး မူလပုံစံ ပြန်ပြောင်းသွားသည်။ ထို့နောက် သူ စိတ်ဝင်တစား မေးလိုက်၏။
“ဧကရာဇ်ကိုးပါးက ဒီပုံရိပ်ယောင်ကို ဖောက်မြင်နိုင်တာလား”
“မင်း ဧကရာဇ်ကိုးပါးကို လျှော့မတွက်တာ ကောင်းလိမ့်မယ်”
အောင်းလုက အလေးအနက် ပြောလိုက်သည်။
“ကောင်းကင်ကြယ်တာရာနယ်နမိတ်ရဲ့ အထွတ်အထိပ်ကို ရောက်နိုင်ခဲ့တဲ့ လူကိုးယောက်ရှိတယ်။ သူတို့မှာ ဘယ်လိုလုပ် အထူးစွမ်းရည်တွေ မရှိဘဲနေမလဲ။ ငါ တခြားသူတွေအကြောင်းကိုတော့ မသိပေမယ့် တကယ်လို့ ဗုဒ္ဓဧကရာဇ်ကသာ မင်းကို တစ်ချက်ကြည့်လိုက်ရင် အရာအားလုံး ပေါ်သွားမှာပဲ။ ပြီးတော့... ဖြစ်နိုင်မယ်ဆိုရင် ဗုဒ္ဓ၊ တိုက်ပွဲနဲ့ မြောက်ဘက်ဧကရာဇ် မျိုးနွယ်တွေနဲ့ ရန်သူ မဖြစ်စေနဲ့။ အဲ့မျိုးနွယ်သုံးခုက ကြောက်စရာအကောင်းဆုံးပဲ”
“မြောက်ဘက်ဧကရာဇ်လား...”
ကျန်းရီ၏ မျက်လုံးများ အေးစက်သွားသည်။ ထို့နောက် သူ ခါးသက်သက်ပြုံးကာ ပြောလိုက်၏။
“ကျွန်တော် တခြားမျိုးနွယ်နှစ်ခုကိုတော့ သေချာပေါက် ရန်စမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ မြောက်ဘက်ဧကရာဇ်ရဲ့ ဝူမျိုးနွယ်နဲ့တော့ သေချာပေါက် ရင်ဆိုင်မှာပဲ။ ဟုတ်သား... အရှင်အောင်းလု ကျွန်တော့်အတွက် လူနှစ်ယောက်ကို ကူရှာပေးဖို့ အရိမ်ဧကရာဇ်ကို ပြောပေးလို့ရမလားခင်ဗျာ။ တစ်ယောက်က စုလောရွှယ်တဲ့... သူက ကောင်းကင်ကြယ်တာရာနယ်မြေက လာခဲ့တာ။ နောက်တစ်ယောက်က ကျီထင်ယွီတဲ့... သူကလည်း ကောင်းကင်ကြယ်တာရာနယ်မြေကပဲ။ သူက သိုင်းပညာခန်းမရဲ့ ခန်းမခွဲက သူတော်စင်မတစ်ယောက်ပဲ။ လွန်ခဲ့တဲ့ခြောက်နှစ်တုန်းက သူတို့က ကောင်းကင်ကြယ်တာရာနယ်မြေကနေပြီး ပင်မသိုင်းပညာခန်းမကို တည်နေရာပြောင်းရွှေ့သွားကြတာ။ ကျွန်တော် သူတို့နှစ်ယောက်စလုံးရဲ့ အသေးစိတ်သတင်းအချက်အလက်တွေ လိုအပ်ပါတယ်”
အောင်းလုက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“အနက်ရောင်နတ်ဘုရား... အရိပ်ဧကရာဇ်ကို ဝင်လာဖို့ ပြောလိုက်”
အနက်ရောင်နတ်ဘုရားက အပြင်သို့ ထွက်သွား၏။ ကျန်းရီသည် စုတ်တံနှင့် စက္ကူကို ထုတ်ကာ စတင် ပန်းချီရေးဆွဲလိုက်လေသည်။ သူသည် စုလောရွှယ်နှင့် ကျီထင်ယွီတို့၏ ပုံတူများကို ရေးဆွဲလိုက်၏။ သူ စုလောရွှယ်၏ ပုံတူကို ရေးဆွဲသောအခါ ရင်ထဲတွင် နာကျင်လွမ်းဆွတ်မှုတစ်ခု ဖြစ်လာသည်။ ကျီထင်ယွီ၏ ပုံတူကို ရေးဆွဲသောအခါတွင်မူ သူ၏မျက်လုံးများ၏ နီရဲလာပြီး သတ်ဖြတ်အရှိန်အဝါတစ်ခု ထွက်လာလေသည်။
ကျန်းရီသည် သူ့ဘဝတစ်လျှောက်လုံးတွင် အမျိုးသမီးများကို ရန်သူမဟုတ်လျှင် ထိခိုက်အောင် လုပ်ခဲ၏။ သူသည် အမျိုးသမီးများကို အကြောင်းမရှိဘဲ သတ်မည်မဟုတ်ပေ။ သို့သော် ကျီထင်ယွီသည် သူ အသတ်ချင်ဆုံး အမျိုးသမီးပင်။ အကယ်၍ ကျီထင်ယွီသာ သူ့လက်ထဲ ရောက်လာပါက သူသည် သေချာပေါက် သူမကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားအောင် လုပ်ပစ်မည်ဖြစ်သည်။
အရိပ်ဧကရာဇ် ဝင်လာသောအခါ ကျန်းရီက သူ့အား ပုံတူပန်းချီကားများ ပေးလိုက်ပြီး သူမတို့၏သတင်းအချက်များကို ပြောပြလိုက်လေသည်။ အရိပ်ဧကရာဇ်က ကျန်းရီကို ထူးခြားသော အနီရောင်ပုလဲလုံးတစ်လုံး ပေးလိုက်၏။ ၎င်းက မိစ္ဆာမျိုးနွယ်၏ ရတနာမဟုတ်သဖြင့် မည်သည့်မိစ္ဆာအရှိန်အဝါမှ ရှိမနေပေ။ ၎င်းသည် အဆုံးမဲ့ပင်လယ်နက်ထဲရှိ မိုးမြေအတွင်းအားမှနေ၍ သဘာဝအတိုင်း ဖြစ်ပေါ်လာသော ရတနာတစ်ခုပင်။ မိစ္ဆာမျိုးနွယ်၏ ထောက်လှမ်းရေးများသည် ထိုပုလဲလုံးမှတဆင့် ကျန်းရီကို ရှာတွေ့နိုင်ကာ သူလိုအပ်သော သတင်းအချက်အလက်များနှင့် သတင်းများကို ပေးနိုင်မည်ဖြစ်သည်။
အရှေ့ဘက် တော်ဝင်နယ်မြေတွင် မိစ္ဆာမျိုးနွယ်၏သူလျှို မည်မျှရှိနေကြောင်း ကျန်းရီ မသိပေ။ သို့သော် စုံစမ်းရန်အတွက် အချိန်တစ်ခု လိုအပ်ပေသည်။ ဤတစ်ကြိမ်တွင် သူတို့သည် သိုင်းပညာခန်းမ၏ အတွင်းဌာနကို စုံစမ်းရမည်ဖြစ်သည်။ ကျန်းရီကလည်း မလောပေ။ သူ ကျန်းရှောင်နူကို ကြည့်ကာ ပြောလိုက်သည်။
“ရှောင်နူ... ချမ်ချမ်နဲ့ လျှောက်ပတ်ကြည့်နေလိုက်ပါ။ ငါ အရှင်အောင်းလုနဲ့ ဆွေးနွေးစရာလေး ရှိလို့”
ကျန်းရှောင်နူက နာခံစွာပင် ချမ်ချမ်နှင့် ထွက်သွားလေသည်။ အနက်ရောင်နတ်ဘုရားနှင့် အရိပ်ဧကရာဇ်တို့ကလည်း အလိုက်တသိ ထွက်သွားကြသည်။ အောင်းလု၏ ခွင့်ပြုချက်ရသောအခါ ကျန်းရီက လေသံဖျော့ဖျော့ဖြင့် ပြောလိုက်သည်။
“အရှင်အောင်းလု... ကျွန်တော် ကိစ္စတချို့ကို နားမလည်လို့ပါ။ ရန်သူကို ကော်းကင်ကိုးဘုံ မိုးကြိုးတန်းတွေနဲ့ ပစ်ချနိုင်တဲ့ အထူးတာအိုပုံသဏ္ဌာန်တစ်ခုကို ကျွန်တော် သိမြင်နားလည်ခဲ့တယ်။ အဲ့တာအိုပုံသဏ္ဌာန်ရဲ့ စွမ်းအားအရဆို အဆင့်က ကြယ်ငါးပွင့်နဲ့ အထက်မှာ ရှိနိုင်တယ်။ ဒါပေမဲ့ ဘာလို့ ကျွန်တော် ကောင်းကင်ကိုးဘုံကြယ်တာရာရဲ့ ကြယ်တာရာစွမ်းအား ချီးမြှင့်မှုကို မခံခဲ့ရတာလဲ။ ပြီးတော့ ကျွန်တော့်ရဲ့ ဒန်တျန်မှာ ကြယ်စက်လုံးကိုးလုံးရှိနေတယ်။ ကျွန်တော့်ရဲ့ အတွင်းအားက အဆင့်တစ်ခုကို ရောက်သွားရင် ကြယ်စက်လုံးတွေက ပြောင်းလဲသွားကြတယ်။ အဲ့လိုပြောင်းလဲမှုဖြစ်သွားရင်တော့ ကောင်းကင်ကိုးဘုံကြယ်တာရာက ကျွန်တော့်ကို ကြယ်တာရာစွမ်းအား ချီးမြှင့်ပေးတယ်။ အဲ့ဒါက ဘယ်လို အခြေအနေကြီးလဲ”
အောင်းလုသည် ခေတ္တမျှတွေးတောလိုက်ပြီး ခေါင်းခါလိုက်၏။
“ဒီအဘိုးကြီးက လူသားတွေရဲ့ ကျင့်ကြံခြင်းကို သိပ်နားမလည်ဘူး။ မင်းရဲ့ တာအိုပုံသဏ္ဌာန်က တိုက်ခိုက်ဖို့ မိုးမြေစွမ်းအားကို တိုက်ရိုက်ငှားယူနိုင်တယ်ဆိုတော့ အထွတ်အထိပ် တာအိုပုံသဏ္ဌာန်တစ်ခုပဲ ဖြစ်ရမယ်။ အဲ့လို တာအိုပုံသဏ္ဌာန်အမျိုးအစားက ဓာတ်တာအိုပုံသဏ္ဌာန်နဲ့ မိုးမြေတာအိုပုံသဏ္ဌာန်တွေထက် သာပြီး သိမြင်နားလည်နိုင်ဖို့ ပိုခက်တယ်။ မင်းက မိုးမြေစွမ်းအားကို ငှားယူနိုင်နေမှတော့ မိုးမြေက ဘာလို့ မင်းကို ကြယ်တာရာစွမ်းအား ချီးမြှင့်နေဦးမှာလဲ။ မင်းရဲ့ ထူးခြားတဲ့ ဒန်တျန်အတွက်ကတော့... ဒီအဘိုးကြီးလည်း နားမလည်ဘူး။ ဒီအဘိုးကြီးက မိစ္ဆာမျိုးနွယ်မလား”
“အထွတ်အထိပ် တာအိုပုံသဏ္ဌန်လား”
ကျန်းရီ စိတ်လှုပ်ရှားသွား၏။ ထို့နောက် သူ စိတ်ဝင်တစား မေးလိုက်လေသည်။
“မိုးမြေတာအိုပုံသဏ္ဌာန်ထက် သာလွန်တဲ့ အထွတ်အထိပ် တာအိုပုံသဏ္ဌာန်တွေ ရှိတာလား။ အဲ့တာအိုပုံသဏ္ဌာန်တွေကို ဘယ်လိုခွဲလဲ။ မိုးမြေစွမ်းအားကို ငှားယူနိုင်ရင် အထွတ်အထိပ် တာအိုပုံသဏ္ဌာန်လို့ သတ်မှတ်တာလား”
“ဟုတ်တယ်...”
အောင်းလုက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ပြိုင်ဘက်ကင်း နတ်ဘုရားတစ်ပိုင်းတွေ အကုန်လုံး တိုက်ခိုက်ဖို့ မိုးမြေစွမ်းအားကို ငှားယူနိုင်တယ်။ လဲ့ပန်းရှန်းရဲ့ ပြောင်းပြန်အချိန်စီးကြောင်းကိုလည်း အထွတ်အထိပ် တာအိုပုံသဏ္ဌာန်လို့ သတ်မှတ်နိုင်တယ်... သူက အချိန်စွမ်းအားကို ငှားယူသုံးတာပဲ။ ငါတို့ မိစ္ဆာမျိုးနွယ်တွေက မိစ္ဆာအရှင် အထွတ်အထိပ်အဆင့်ကို ရောက်သွားရင် မိုးမြေစွမ်းအားကို ငှားယူသုံးနိုင်လာတယ်။ အရိုးရှင်းဆုံးတစ်ခုကို ပြောရရင်... ဒီအဘိုးကြီးက အသက်တစ်သန်းအထိ နေနိုင်နေတာမျိုးပေါ့ကွာ။ အဲ့ဒါက သဘာဝရဲ့ ကောင်းချီးပေးမှုပဲ...”
“ကောင်လေး... မင်းက တော်တော်ကံကောင်းတယ်။ မင်း အဲ့တာအိုပုံသဏ္ဌာန်ကို ဆက်လေ့လာကျင့်ကြံပြီး မိုးမြေစွမ်းအားကို ပိုများများ ငှားယူလာနိုင်အောင် ကြိုးစားသင့်တယ်။ အခု မင်းရဲ့အင်အားက ကြယ်သုံးပွင့်သိုင်းသမားအဆင့်လောက်ပဲ ရှိဦးမယ်။ ဒီအဘိုးကြီးနဲ့ အရှေ့ဘက် တော်ဝင်နယ်မြေက ဧကရာဇ်ကိုးပါးတို့က ကြယ်ကိုးပွင့်ပညာရှင်တွေ ဖြစ်နေကြပြီ။ အဲ့ဒါရဲ့ အဓိပ္ပာယ်ကတော့ မင်းက အများကြီး လိုသေးတယ်ဆိုတာပဲ”
“ကြယ်သုံးပွင့်သိုင်းသမား... ကြယ်ကိုးပွင့်ပညာရှင်”
ကျန်းရီ ခေါင်းရှုပ်သွား၏။ သူသည် ကြယ်သုံးပွင့်တာအိုပုံသဏ္ဌာန်၊ ကြယ်လေးပွင့်တာအိုပုံသဏ္ဌာန်များကို ကြားခဲ့ဖူးသည်။ သို့သော် သိုင်းပညာအဆင့်ကို ထိုသို့ ကြယ်ပွင့်အရေအတွက်ဖြင့် ခွဲသည်ကိုမူ သူ တစ်ခါမှ မကြားဖူးချေ။
ကျန်းရီသည် နားမလည်နိုင်သော မျက်နှာထားဖြင့် အောင်းလုကို ကြည့်လိုက်၏။ အောင်းလုက စိတ်ရှည်ရှည်ဖြင့် ရှင်းပြလိုက်လေသည်။
“ပညာရှင်အစစ်အမှန်တွေက ကျင့်ကြံခြင်းအဆင့်ကို မကြည့်ကြဘူး။ ဥပမာအနေနဲ့ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ပါးကို ကြည့်လိုက်။ သူက အလယ်အလတ်အဆင့် တာအိုပုံသဏ္ဌာန်တွေကိုပဲ သိမြင်နားလည်ထားတယ်ဆိုရင် သူ့ရဲ့တိုက်ခိုက်အင်အားက တကယ်ပဲ ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်မှာ ရှိပါ့မလား။ စွမ်းအားကြီးတဲ့ အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်ကတောင် သူ့ကို သတ်နိုင်တယ်မလား။ အဲ့ဒါကြောင့် ကျင့်ကြံခြင်းအဆင့်ကို ကြည့်တာက အဓိပ္ပာယ်မရှိဘူး။
“အဲ့ဒါက ငါတို့ မိစ္ဆာမျိုးနွယ်တွေအတွက်လည်း အတူတူပဲ။ ရွှေကျီးကန်းမျိုးနွယ်ရဲ့ ခေါင်းဆောင်ကလည်း မိစ္ဆာအရှင်တစ်ပါးပဲ။ ဒါပေမဲ့ သူ့ရဲ့ ပုံရိပ်ယောင်နတ်ဘုရားစွမ်းရည်ကလွဲလို့ သူ့ရဲ့အင်အားက အထွတ်အထိပ်အဆင့် မိစ္ဆာအရှင်နဲ့ မယှဉ်နိုင်ဘူး။ ငါတို့လို ပညာရှင်အစစ်အမှန်တွေက ငါတို့ရဲ့ အင်အားကို ကြယ်ပွင့်အဆင့်နဲ့ပဲ တိုင်းတာကြတယ်။ ရှန်းစီမြို့ရဲ့ လဲ့ကူးက အလွန်ဆုံးရှိမှ ကြယ်ခြောက်ပွင့်အဆင့်ပဲ ရှိမယ်။ လဲ့ပန်းရှန်ကတော့... ရှစ်ပွင့်လောက် ရှိချင်ရှိမယ်။ ဒါပေမဲ့ ဗုဒ္ဓဧကရာဇ်၊ မြောက်ဘက်ဧကရာဇ်နဲ့ တိုက်ပွဲဧကရာဇ်တို့ကတော့ ကြယ်ကိုးပွင့်ပညာရှင်တွေပဲ။ အဲ့ဒါကြောင့် ဒီအဘိုးကြီးက မင်းကို အဲ့မျိုးနွယ်သုံးခုကို ရန်မစဖို့ ပြောတာ”
“အဲ့လိုကိုး...”
နောက်ဆုံးတွင် ကျန်းရီ နားလည်သွား၏။ ကျင့်ကြံခြင်းအဆင့်ကို ကြည့်ခြင်းက အဓိပ္ပာယ်မရှိပေ။
ချင်လုံက အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်ဖြစ်သော်လည်း အလယ်အလတ်အဆင့် ကောင်းကင်ဧကရာဇ်ဖြစ်သည့် ဟွမ်ဖူထောင်ထျန်းက သူ့ကို အလွယ်တကူ သတ်ပစ်နိုင်ပေသည်။ ကျင့်ကြံခြင်းအဆင့်များမှာ အင်အားနည်းသော သိုင်းသမားများအတွက်သာ ဖြစ်သည်။ သို့သော် အရေးအကြီးဆုံးမှာ တိုက်ခိုက်စွမ်းအား ဖြစ်ပေသည်။
ယနေ့တွင် အောင်းလုသည် စိတ်ကောင်းဝင်ကာ သူ့ကို ရှင်းပြလိုနေသဖြင့် သူ ဤကဲ့သို့အခွင့်အရေးကောင်းတစ်ခုကို မည်သို့ လက်လွတ်ခံနိုင်မည်နည်း။ ထို့ကြောင့် ကျန်းရီ လျင်မြန်စွာ ထပ်မေးလိုက်သည်။
“အဲ့ဒါဆို ပညာရှင်တွေရဲ့ ကြယ်အဆင့်ကို ဘယ်လိုခွဲရမှာလဲ။ အပေါ်သံ အသွင်အပြင်ရယ်၊ အရှိန်အဝါလောက်ရယ်နဲ့ ခွဲဖို့ မဖြစ်နိုင်ဘူးမလား”
“တော်တော်လေး ရိုးရှင်းပါတယ်”
အောင်းလုက ကောင်းကင်ကို ညွှန်ပြကာ ပြောလိုက်သည်။
“ပညာရှင်တစ်ယောက် တိုက်ခိုက်လိုက်တိုင်း မိုးမြေစွမ်းအား ထွက်လာပြီး သက်ရောက်မှုတစ်ခု ဖြစ်ပေါ်လာလိမ့်မယ်။ ပညာရှင်တစ်ယောက်က အားကောင်းတဲ့ ဖိအားနဲ့ အရှိန်အဝါကို ထုတ်လွှတ်နိုင်ပြီး ရန်သူရဲ့ ရင်ထဲကို အကြောက်တရား သွင်းနိုင်တာက အဲ့သက်ရောက်မှုကြောင့်ပဲ။ မင်း မိုးမြေစွမ်းအားကို ပိုထုတ်နိုင်လေလေ၊ သက်ရောက်မှုက ပိုအားကောင်းလာလေလေပဲ။ အဲ့ကျရင် မင်းရဲ့ တိုက်ခိုက်စွမ်းအားကလည်း ပိုကြီးလာလိမ့်မယ်။ မင်း ပညာရှင်တစ်ယောက်ရဲ့ ကြယ်အဆင့်ကို ခွဲချင်ရင် သူ့ရဲ့သက်ရောက်မှုစွမ်းအားကို မြင်နိုင်ရမယ်။ ကြယ်သုံးပွင့်သိုင်းသမားတစ်ယောက်က တစ်မိုင်ပတ်လည်အတွင်း သက်ရောက်နိုင်တဲ့ သက်ရောက်မှုကို ထုတ်နိုင်တယ်။ ကြယ်လေးပွင့်ရဲ့ သက်ရောက်နိုင်မှု အဝန်းအဝိုင်းက ကြယ်သုံးပွင့်ထက် နှစ်ဆပဲ။ ကြယ်ငါးပွင့်ကလည်း ကြယ်လေးပွင့်ရဲ့နှစ်ဆ... အဲ့လိုနဲ့ အဆင့်ဆင့်တက်သွားတာ။ ကြယ်ကိုးပွင့်က ကြယ်ရှစ်ပွင့်ထက် နှစ်ဆပို သက်ရောက်နိုင်မယ်”
ကျန်းရီ လမ်းညွှန်ပြသမှု တောင်းခံလိုက်သည်။
“အဲ့ဒါဆို ကျွန်တော်တို့က အဲ့သက်ရောက်မှုကို ဘယ်လိုအာရုံခံရမှာလဲ”
အောင်းလုက ခေါင်းခါလိုက်ပြီး ခပ်သဲ့သဲ့ ရယ်လိုက်သည်။
“ဒီအဘိုးကြီးက မင်း အဲ့သက်ရောက်မှုကို အာရုံခံနိုင်အောင် နည်းတစ်ခု ပေးနိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒါက မိစ္ဆာမျိုးနွယ်ရဲ့ နည်းလမ်းဖြစ်နေတယ်။ မင်း အဲ့ဒါကို သင်လို့မရဘူး။ မဟုတ်ရင် မင်းရဲ့ ခန္ဓာကိုယ်က မိစ္ဆာအရှိန်အဝါ ထွက်နေလိမ့်မယ်။ အဲ့ဒါကြောင့် အဲ့ဒါကို မင်းဘာသာ သိမြင်နားလည်နိုင်မှာရမယ်။ ဒီအဘိုးကြီးဆီမှာ မူလရတနာတွေ အများကြီးရှိပေမယ့် မင်းကို ပေးလို့မရတာကလည်း အဲ့ရတနာတွေမှာ ဒီအဘိုးကြီးရဲ့ အရှိန်အဝါ ပါနေလို့ပဲ။ ရတနာတွေ ရနိုင်ရင် ကောင်းတယ်ဆိုပေမယ့် မင်း အဲ့အပေါ်မှာ စိုးရိမ်နေစရာ မလိုပါဘူး။ ကိုယ်ပိုင်ခန္ဓာကိုယ်ကို သန်မာလာအောင် လုပ်တာကမှ နည်းမှန်ပဲ... ရတနာတွေအပေါ် မှီခိုတာက မင်းရဲ့ ကျင့်ကြံခြင်းကို ထိခိုက်စေလိမ့်မယ်”
ကျန်းရီသည် တလေးတစားဖြင့် နာခံမှတ်သားလိုက်၏။ သူသည် အတုအယောင် နတ်ဘုရား အသုံးအဆောင်များနှင့် မည်သို့ ဝိညာဉ်ချိတ်ဆက်ရမည်ကို မေးလိုခဲ့သော်လည်း မမေးတော့ရန် ဆုံးဖြတ်လိုက်လေသည်။ သူ ခေတ္တမျှ နှုတ်ဆိတ်နေလိုက်၏။ ပြီးနောက်မှ သူ ပြောလိုက်သည်။
“အရှင်... ကျွန်တော် ကောင်းကင်မြေခွေးနယ်မြေမှာရှိတဲ့ ရှောင်ဖေးဆီကို သွားလည်ပြီးရင် ရှန်းစီမျိုးနွယ်စုဆီ လျှို့ဝှက်ခရီးဆက်ဖို့ စီစဉ်ထားပါတယ်။ ရှန်းစီမျိုးနွယ်စုကိုရောက်ရင် အရှေ့ဘက် တော်ဝင်နယ်မြေဆီ တန်းသွားမှာပါ။ တခြားပြဿနာတွေ မရှိပေမယ့်... ရှောင်နူက....”
“ဟဲဟဲ...”
အောင်းလုက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“မင်း စိတ်ပူစရာ မလိုပါဘူး။ အဲ့ကောင်မလေးကို ဒီအဘိုးကြီးလက်ထဲ လွှဲပေးခဲ့ပါ။ သူ့ကို ဖျောင်းဖျပေးဖို့ ချမ်ချမ်ကို ငါ ပြောလိုက်ပါမယ်။ သူ မင်းနောက်ကို လိုက်မလာစေရဖူးလို့ ငါ အာမခံတယ်”