အရင်းအမြစ်များ
Vol. 112 Ch. 1566
အနှစ်သာရ ၉ ခုပညာရှင်များအကြား တိုက်ပွဲများအပြင် အနှစ်သာရ ၇ ခုနှင့် ၈ ခုပညာရှင်များအကြား စီးချင်းထိုးမှုများလည်း ရှိသည်။ စစ်ပွဲ၏ အံ့ဩတုန်လှုပ်ဖွယ်အခင်းအကျင်းက ကြယ်တာရာကောင်းကင်တစ်ခုလုံးအား ပြင်းပြင်းထန်ထန် လှုပ်ခတ်နေစေတော့သည်။
အင်ပါယာသခင်များ၊ တာအိုဥသျှောင်များနှင့် တာအိုသခင်များလည်း ရှိကြသည်။ ကြီးမားလှသော အင်အားက စစ်မြေပြင်ပေါ်ရှိ တိုက်ပွဲများအား အဆုံးစွန်အထိ ပြင်းထန်သွားစေ၏။ မှန်သည်၊ ရှေးဟောင်းနယ်ပယ်နှင့် အင်မော်တယ်နယ်ပယ်ကျင့်ကြံသူများအကြား ဖြစ်ပွားနေသည့် တိုက်ပွဲများအရေအတွက်သည်လည်း များပြားပေသည်။ စစ်ဆင်နေသော ကျင့်ကြံသူပင်လယ်ကြီးက ရှေ့တန်းရှိ ရန်သူတပ်သားများကို ပြားပြားဝပ်အောင် အဆက်မပြတ် နင်းချေနေကြ၏။
အသေအပျောက်အရေအတွက် လျင်မြန်စွာ မြင့်တက်နေသည်နှင့်အမျှ သွေးမိုးများ သည်းထန်စွာ ရွာနေတော့သည်။
အင်မော်တယ်နတ်ဘုရားကုန်းမြေ၏ ကျင့်ကြံသူများအနေဖြင့် မတိုက်ခိုက်ဘဲ နေစရာအကြောင်းမရှိသလို၊ ဆုတ်ခွာမည့်အတွေးလည်း သူတို့၏စိတ်ထဲ၌ လုံးဝမတည်ရှိပေ။ သူတို့စိတ်ထဲရှိ တစ်စုံတစ်ခုက ကျန်ရှိသည်များအား မေ့ဖျောက်၍ စစ်ပွဲတွင်သာ အာရုံအပြည့်အဝစိုက်ထားရန် သူတို့ကို တိုက်တွန်းနေသည့်အလားပင်။
အာကာပြင်ကျယ်ကျောင်းတော်မှ ကျင့်ကြံသူများအတွက်မူ သူတို့သည် အနန္တတန်ခိုးရှင်တစ်ယောက်အတွက် တိုက်ခိုက်ပေးနေခြင်းဖြစ်၏။ စစ်ပွဲတွင် အသက်ပေးလိုက်ရခြင်းက သူတို့အတွက် ဂုဏ်အရှိဆုံးဖြစ်သည့်အပြင် သူတို့သေလျှင်တောင်မှ သူတို့၏အနန္တတန်ခိုးရှင်က သူတို့ကို အသက်ပြန်သွင်းပေးမည်ဖြစ်ကြောင်း ယုံကြည်ချက်ရှိလေသည်။
မှန်၏။ မန်ဟိုက ထိုအတိုင်း လုပ်ပေးလိမ့်မည်။
မန်ဟိုသည် အင်မော်တယ်နတ်ဘုရားကုန်းမြေနှင့် ၎င်း၏ကျင့်ကြံသူများကို သွေးအေးအေး ရပ်ကြည့်နေ၏။
ကောင်းကင်ဘုံ ၃၃ ဘုံကို သူ မုန်းသည်။
သို့သော် အင်မော်တယ်နတ်ဘုရားကမ္ဘာနှင့် နတ်ဆိုးလောကအပေါ် ပို၍ပင် မုန်းသေးသည်။
ဤသည်မှာ ရန်ကြွေးကို ပြန်ချေသည့် စစ်ပွဲသာ ဖြစ်၏။
စစ်ပွဲကို သွေးအေးအေးကြည့်နေစဉ် မန်ဟို့မျက်ခုံးများ တဖြည်းဖြည်း မှုန်ကုပ်လာသည်။ အတိတ်တုန်းက အင်မော်တယ်နတ်ဘုရားကုန်းမြေမှ ကျင့်ကြံသူများသည် ထက်မြက်ဖျတ်လတ်ပုံပေါ်ခဲ့၏။ သို့သော် ယခုတွင် သူတို့ကား ရုပ်ပိုင်းဆိုင်ရာအားဖြင့် ယခင်နှင့် တူညီသော်လည်း တစ်နည်းနည်းကြောင်း နှေးကွေးလာခဲ့သယောင်ပင်။
“ငါ့အထင်တွေ အများစု မှန်နေပြီ” မန်ဟိုက တွေးသည်။ သူ စဉ်းစားရသရွေ့ အင်မော်တယ်နတ်ဘုရားကမ္ဘာနှင့် နတ်ဆိုးလောကနှင့်ပတ်သက်၍ သူ၏အထင်များ မှန်ကန်ကြောင်း ယုံကြည်ချက်အပြည့်နီးပါး ရှိနေချေပြီ။ သူ့အနောက်၌ ပုတ်သင်ဘုရင်ကြီးသည် မျက်ဝန်းများ သတ်ဖြတ်လိုစိတ်တို့ဖြင့် မီးဝင်းဝင်းတောက်လျက် ဘေးဘီဝဲယာကို ကြည့်နေ၏။ သို့သော် မန်ဟို့အမိန့်မပါဘဲ ၎င်း လှုပ်ရှားမည်မဟုတ်ပေ။ ပုတ်သင်ကြီးသည် ဖြစ်ပျက်နေသော သေကြေကျဆုံးမှုများကို ရပ်သာကြည့်နေ၏။ မကြာမီ စစ်ပွဲက အမြင့်ဆုံးအမှတ်သို့ ရောက်ရှိလာခဲ့သည်။ အော်သံများ အဆက်မပြတ် ပဲ့တင်ထပ်နေပြီး နောက်ဆုံးတော့ မန်ဟို့မျက်လုံးများ လင်းခနဲ လက်သွား၏။ အင်မော်တယ်နတ်ဘုရားကမ္ဘာကို သူ လှမ်းကြည့်လိုက်သည့်အချိန်မှာပဲ မီးတောင်တစ်ရာကျော်က ဆက်တိုက်ပေါက်ကွဲကုန်သဖြင့် တအုန်းအုန်းပေါက်ကွဲသံများ နားကွဲလုမတတ် မြည်ဟည်းနေတော့သည်။
မီးပန်းကြီးများသည် ကောင်းကင်ထက်သို့ ထိုးတက်သွားရာ အရာအားလုံး မှောင်မည်းလာ၏။ တစ်ချိန်တည်းမှာပင် မီးအတွင်း၌ ခုနစ်ရောင်ခြယ်ရုပ်သေးရုပ်အမြောက်အမြား ထွက်ပေါ်လာသည်။
ရုပ်သေးရုပ်များသည် အစုတစ်ရာကျော်အဖြစ် ဝိုင်းဖွဲ့စုဝေး၍ အံ့မခန်းစွမ်းအင်များနှင့် လွန်ခဲ့သောနှစ်ပေါင်းအသင်္ချေမှ မြစ်ဖျားခံဟန်တူသော ရှေးအငွေ့အသက်များကို ထုတ်လွှတ်လိုက်ကြ၏။
ခုနစ်ရောင်ခြယ်ရုပ်သေးရုပ်များ ထွက်ပေါ်လာမှုက အင်မော်တယ်နတ်ဘုရားကမ္ဘာသားတို့အား ချက်ချင်း စိတ်အားတက်ကြွသွားစေသည်။ ယခုတွင် သူတို့သည် အောင်ပွဲကို ဆောင်ကြဉ်းပေးမည့် သော့ချက်ကို မော့ကြည့်နေကြသည့်အလား ထင်ရပေ၏။
ဤသည်မှာ အင်မော်တယ်နတ်ဘုရားကမ္ဘာ၏ သိုလှောင်အင်အားများအနက်မှ ခုနစ်ရောင်ခြယ်ရုပ်သေးရုပ်များ ဖြစ်ကြသည်။ ရုပ်သေးရုပ်များသည် မီးတောင်များအတွင်း၌ နှစ်ပေါင်းမရေမတွက်နိုင်အောင် ငုပ်လျှိုးနေခဲ့ကြကာ သူမတူသော သဘာဝနိယာမကိုယ်စီကို ပိုင်ဆိုင်ထားကြပုံပေါ်၏။ ထိုသဘာဝနိယာမက အာကာသကို လွှမ်းမိုးနိုင်သည်သာမက မိုးနှင့်မြေအား ပြောင်းလဲနိုင်သော စွမ်းအားတို့ဖြင့် ပြည့်နှက်နေ၍ အနိုင်ရဖို့ သေချာစေလေသည်။
မကြာမီ ခုနစ်ရောင်ခြယ်ရုပ်သေးရုပ်အစုအဝေးတစ်ရာကျော်သည် အာကာပြင်ကျယ်ကျောင်းတော်သားများကို သတ်ဖြတ်ရင်း စစ်တပ်ထဲ ထိုးဖောက်ဝင်ရောက်လာကြတော့၏။
မန်ဟိုက ပုတ်သင်ဘုရင်၏ ခေါင်းပေါ်တွင် အေးအေးဆေးဆေး ရပ်နေသည်။ ခုနစ်ရောင်ခြယ်ရုပ်သေးရုပ်များကို တခဏလေ့လာပြီးနောက် သူ့အကြည့်သည် အင်မော်တယ်နတ်ဘုရားကမ္ဘာ၏ အနန္တတန်ခိုးရှင်ရုပ်တုဆီ ရောက်သွား၏။
အခြေအနေများက သူ ဝင်ပါဖို့ လိုသည့်အမှတ်သို့ မရောက်သေးပေ။ အာကာပြင်ကျယ်ကျောင်းတော်သည် အင်အားကြီးမားသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အသက်ရှင်ရေးအတွက် တိုက်ပွဲဝင်နေသည့် ဂိုဏ်းနှင့် မယှဉ်နိုင်သလို၊ အစွမ်းအထက်ဆုံး သိုလှောင်လက်နက်များစွာကိုလည်း မယူလာခဲ့သော်လည်း လျှော့တွက်မရသေးသည့် အင်အားစုတစ်စု ဖြစ်နေသေး၏။
ခုနစ်ရောင်ခြယ်ရုပ်သေးရုပ်များ လှုပ်ရှားလျှင်ချင်း အာကာပြင်ကျယ်ကျောင်းတော်၏ အနှစ်သာရ ၉ ခုပါရာဂွန်များက တညီတညာတည်း ဟစ်အော်လိုက်ကြသည်။ “အာကာပြင်ကျယ်သွေးဝင်္ကပါ”
ချက်ချင်းပင် အာကာပြင်ကျယ်ကျောင်းတော်သားတစ်ယောက်ချင်းစီ၏ နဖူးသည် ကွဲ၍ သွေးစက်တစ်စက် ပျံထွက်လာသည်။ ထို့နောက် သွေးစက်များသည် သွေးပင်လယ်ကြီးတစ်စင်းအဖြစ် ပေါင်းစည်းသွားပြီးနောက် ထိုပင်လယ်ထဲမှ သွေးဘီလူးကြီးများ ထွက်လာကြသည်။ ဘီလူးကြီးသည် ခေါင်းနောက်လှန်၍ ဒေါသတကြီးဟိန်းဟောက်ကာ ခုနစ်ရောင်ခြယ်ရုပ်သေးရုပ်များကို တိုက်ခိုက်ဖို့ ပြေးတက်သွားကြတော့၏။
ပြင်းထန်သောတိုက်ပွဲက ကြယ်တာရာကောင်းကင်တစ်ခုလုံးအား တသိမ့်သိမ့် တုန်ခါနေစေတော့သည်။
အာကာပြင်ကျယ်သွေးဝင်္ကပါက ခုနစ်ရောင်ခြယ်ရုပ်သေးရုပ်များကို ဝင်တိုက်ကာ တုန်ခါလှိုင်းတစ်လှိုင်းအား အရပ်လေးမျက်နှာသို့ လိမ့်ထွက်သွားစေသည်။ ချက်ချင်းဆိုသလို ခုနစ်ရောင်ခြယ်ရုပ်သေးရုပ်များမှာ နောက်သို့ တွန်းထုတ်ခံလိုက်ရပြီး ၎င်းတို့၏အရောင်အဝါများလည်း မှိန်ကျသွား၏။
အင်မော်တယ်နတ်ဘုရားကမ္ဘာသည် အင်အားကြီးမားသော်လည်း အာကာပြင်ကျယ်ကျောင်းတော်ကား အနန္တတန်ခိုးရှင်တစ်ဦးကို မွေးထုတ်ပေးခဲ့သည့် အင်အားစုတစ်စု ဖြစ်ပေ၏။ နှစ်စုအကြားရှိ စစ်ပွဲမှာ ရလဒ်ကို အလွယ်တကူ ခန့်မှန်းနိုင်သော စစ်ပွဲမျိုးမဟုတ်ပေ။
ခုနစ်ရောင်ခြယ်ရုပ်သေးရုပ်များ စစ်မြေပြင်တစ်လျှောက် တွန်းထုတ်ခံနေရသည်ကို ကြည့်နေစဉ် မန်ဟို၏မျက်လုံးများသည် ထူးဆန်းစွာ တောက်ပသွား၏။ အင်မော်တယ်နတ်ဘုရားကမ္ဘာနှင့် ထိုနေရာမှ ကျင့်ကြံသူများကို သူ အနီးကပ်ကြည့်လိုက်သည့်အခါ သူ၏မျက်လုံးများ၌ အတွေးနက်သွားသောအမူအရာတစ်ခု ပေါ်လာသည်။ သို့သော် ရုတ်တရက် တဂျုန်းဂျုန်း မြည်သံများ လေတွင် ပြည့်နှက်သွား၏။
အင်မော်တယ်နတ်ဘုရားကုန်းမြေတစ်ခုလုံး လှုပ်ခတ်နေပုံရသည်။ တောင်ထိပ်များ ရှေ့နောက်ယိမ်းထိုးလာပြီး လေပေါ်မြောက်တက်လာကြသဖြင့် အက်ကွဲသံများ ဟိန်းထွက်နေသည်။ ဂိုဏ်းပေါင်းများစွာက ထိုဆယ်သိန်းသော တောင်ထိပ်များကို လွှမ်းခြုံထားရာ အကုန်လုံးမြောက်တက်လာသော မြင်ကွင်းမှာ လုံးလုံးလျားလျား အံ့အားသင့်ဖွယ် ကောင်းပေသည်။
ထို့နောက် စည်းတစ်စည်းအား ဖွင့်ပေးလိုက်သကဲ့သို့ ... ပေါက်ကွဲသွားခဲ့သော ထိပ်ပြတ်မီးတောင်များအတွင်းမှ ကြောက်ခမန်းလိလိဟိန်းသံများ ပဲ့တင်ထပ်လာသည်။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် တောင်ဆယ်သိန်းမှ နဂါးများသည် လေပေါ် တဟုန်ထိုး ပျံတက်သွားကြ၏။
ဧရာမနဂါးကြီးများက မည်သူမဆို၏ ဝိညာဉ်ထဲသို့ အကြောက်တရားအား ရိုက်ထည့်ပေးနိုင်သော ဖိအားကို ထုတ်လွှတ်နေကြသည့်အပြင် ၎င်းတို့၏ဟိန်းသံများက လေထဲတွင် အရောင်အဝါများ ပြိုးပြိုးပြက်ပြက်လက်လာစေတော့သည်။ ထို့နောက် နဂါးများက အာကာပြင်ကျယ်ကျောင်းတော်၏ စစ်တပ်ကြီးထံသို့ တဟုန်ထိုး ပြေးဝင်လာကြသဖြင့် လေပြင်းများ တဝေါဝေါ တိုက်ခတ်လာသည်။
“သိပ်အထင်ကြီးစရာကောင်းတယ် အင်မော်တယ်နတ်ဘုရားကမ္ဘာ” မန်ဟိုက မျက်လုံးများတဖျတ်ဖျတ်လက်နေလျက် ရေရွတ်လိုက်သည်။ ထို့နောက် လက်ဝှေ့ယမ်းလိုက်ရာ ပုတ်သင်ဘုရင်ကြီးသည် ဟိန်းသံပြုရင်း အမြန်ဆုံးထွက်သွားတော့သည်။ ချက်ချင်းပင် ၎င်းက အင်မော်တယ်နတ်ဘုရားကုန်းမြေထက်၌ ပေါ်လာကာ ရင်သပ်ရှုမောဖွယ်အသွင်အပြင်ဖြင့် ခေါင်းထက်၌ စိုးမိုးပျံ့နှံ့နေသည့် ကြယ်မြစ်ကြီးတစ်စင်းအသွင် ပြောင်းလိုက်၏။
ဟိန်းသံကြီးက အသတ်အဖြတ်စိတ်ဆန္ဒအပြည့်ဖြင့် အသံလှိုင်းတစ်လှိုင်းဖြစ်လာရာ ဧရာမနဂါးကြီးများ တုန်ရီလာကြတော့သည်။ ၎င်းတို့ ပြန်တိုက်ခိုက်သဖြင့် ပုတ်သင်ကြီးမှာ ရှေ့မတိုးနိုင်သော်လည်း တစ်ချိန်တည်းမှာပင် နဂါးများလည်း ရှေ့မတိုးနိုင်ကြတော့ပေ။
အံ့အားသင့်ဖွယ်ကောင်းစွာနှင့် ပုတ်သင်ဘုရင်ကြီးကား ဧရာမနဂါးကြီးအားလုံးကို တစ်ကောင်တည်းထိန်းထားလေသည်။
မိုးနှင့်မြေမှာ ပြင်းပြင်းထန်ထန် တုန်ရီနေပြီး ကြယ်တာရာကောင်းကင်၌ မိုးခြိမ်းသံပြည့်နှက်နေ၏။ စစ်ပွဲကား မယုံနိုင်လောက်အောင် ပြင်းထန်လာခဲ့ချေပြီ။ အင်မော်တယ်နတ်ဘုရားကုန်းမြေသားတို့မှာ မြေထုအပေါ် ပြန်ရောက်တော့မည်အထိ အာကာပြင်ကျယ်ကျောင်းတော်သားများ၏ တွန်းထုတ်ခြင်း ခံနေကြရသည်။
ပုတ်သင်ကြီးက ဧရာနဂါးများကို ထိန်းပေးထားသည့်အတွက် အင်မော်တယ်နတ်ဘုရားကမ္ဘာမှာ မလူးမလွန့်သာ ဖြစ်နေတော့သည်။
“အင်မော်တယ်နတ်ဘုရားကမ္ဘာရဲ့ သိုလှောင်အရင်းအမြစ်တွေက ဒီထက်မကနိုင်ဘူး” မန်ဟိုက ခပ်တိုးတိုးရေရွတ်လိုက်သည်။ သူ ကြယ်တာရာကောင်းကင်ထဲ၌ ပျံဝဲနေစဉ် သူ၏အမူအရာသည် တစ်ချိန်လုံး မပြောင်းလဲလျက်သာ ရှိ၏။