အလိုမပါမှု
Vol. 112 Ch. 1567
ထိုသို့ ပြောပြီးပြီးချင်း မန်ဟိုသည် အင်မော်တယ်နတ်ဘုရားကမ္ဘာအတွင်းမှ ထွက်ပေါ်လာသော အလွန်ထူးခြားသည့်အရှိန်အဝါကြောင့် မျက်လုံးများကျဉ်းမြောင်းသွား၏။
၎င်းကား စိတ်ဆန္ဒ သို့မဟုတ် အရာခပ်သိမ်းအပေါ် ဩဇာသက်ရောက်သော နတ်ဘုရားအာရုံစီးကြောင်းတစ်ကြောင်းအလားပင်။
အင်မော်တယ်နတ်ဘုရားကမ္ဘာ၏အတွင်းပိုင်းထဲမှ သွေးကဲ့သို့ အနီရောင်အလင်း ကွန့်မြူးဖြာထွက်လာသည်။ အဆိုပါအလင်းသည် ဩဇာကြီးမား၏။ ရန်လိုနေ၏။ အမျက်ဒေါသတို့ဖြင့် ပြည့်နှက်နေ၏။ ၎င်းကား သက်ရှိသတ္တဝါခပ်သိမ်းကို ... ချုပ်ငြိမ်းပစ်နိုင်သော အလင်းရောင်နှင့် တူသည်။
အနီရောင်အလင်းပေါ်လာလျှင်ချင်း အင်မော်တယ်နတ်ဘုရားကမ္ဘာမှ ကျင့်ကြံသူများမှာ အတိုင်းထက်အလွန် စိတ်လှုပ်ရှားသွားကြပုံပေါ်သည်။
“ကျိလောကဘိုးဘေးအလင်းရောင်”
“ငါတို့ အခုထိ မရှုံးသေးဘူး။ ငါတို့က ဘာကြောင့် ရှုံးရမှာလဲ” သူတို့သည် မာန်သွင်းကြွေးကြော်ရင်း အာကာပြင်ကျယ်ကျောင်းတော်သားများအား အင်တိုက်အားတိုက် ပြန်တိုက်ခိုက်ကြတော့၏။ တစ်ချိန်တည်းမှာပင် မန်ဟိုလည်း သူတို့အော်နေသော စကားလုံးများကို ကြားလိုက်ကြရသည်။
“ကျိလောကဘိုးဘေးအလင်းရောင်” မန်ဟိုသည် အာကာပြင်ကျယ်ကျောင်းတော်၏ ကျင့်ကြံသူများဆီ လျင်မြန်စွာစီးဖြာလာသော အနီရောင်အလင်းကို ကြည့်လိုက်၏။
ထိုစွမ်းအား၏ ကြောက်မက်ဖွယ်သဘာဝကို မန်ဟို ခံစားနေရ၍ အာကာပြင်ကျယ်ကျောင်းတော်၏ ကျင့်ကြံသူများ ၎င်းကို ခုခံနိုင်မည်မဟုတ်မှန်း သေချာလေသည်။ ၎င်းသာ စစ်တပ်တစ်တပ်လုံးအား လွှမ်းမိုးနိုင်သွားလျှင် စစ်သည်တော်တစ်ဝက်ကျော် အသတ်ခံလိုက်ရလိမ့်မည်။
မန်ဟိုက ရုတ်တရက် ဟက်ခနဲ ရယ်၍ မတုန်လှုပ်သည့်အလား ခြေတစ်လှမ်းလှမ်းလိုက်သည်။ အံ့ဩဖွယ်ကောင်းစွာနှင့် သူသည် ပြန်ပေါ်လာသောအခါ အနီရောင်အလင်း၏အရှေ့တည့်တည့်၌ ဖြစ်နေချေပြီ။ ထို့နောက် ညာလက်ကို ဆန့်တန်းကာ သူ့အရှေ့တည့်တည့်အား ဖိတွန်းလိုက်သည်။
အင်မော်တယ်နတ်ဘုရားကမ္ဘာ၏ အနက်ရှိုင်းဆုံးအတွင်းပိုင်းထဲမှ ဖြာထွက်လာခဲ့သော အနီရောင်အလင်းက ချက်ချင်း မန်ဟို့ကို တုံ့ပြန်သည်။ ၎င်းကား ပို၍ပင်ကွန့်မြူးတောက်ပလာကာ လျင်မြန်စွာ ပြန့်ကားသွားပြီးနောက် မန်ဟို့ဆီ တန်းတန်းမတ်မတ် ပြေးဝင်သွားသည့် အလင်းတန်းတစ်တန်းအဖြစ် စုစည်းသွား၏။
အမြန်နှုန်းက စိတ်ကူးကြည့်နိုင်စွမ်းနှင့် သွေဖယ်နေသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းသည် လေကိုခွင်းလျက် မန်ဟို၏ဆန့်ထားသောလက်ဆီ ဦးတည်သွားသည့် အနီရောင်မိုးကြိုးဖြစ်သွားခဲ့လေပြီ။
မန်ဟို့ပတ်ပတ်လည်ရှိ အရာအားလုံး ပြင်းထန်စွာ တုန်ခါနေသည်။ မရေမတွက်နိုင်သော အနီရောင်လျှပ်စီးမီးပွားများက သူ၏ပတ်ပတ်လည်၌ ထကြွသောင်းကျန်းနေသဖြင့် ကြယ်တာရာကောင်းကင်မှာ ပျက်စီးနေတော့သည်။ အနီရောင်အလင်းက သူ့ကို ဝန်းရံနေသဖြင့် မန်ဟို့ဆံပင်များသည် တလွင့်လွင့် ပျံ့လွင့်နေပြီး သူ့အဝတ်အစားများမှာလည်း တဖတ်ဖတ် လှုပ်နေသည်။
ယခုတွင် အာကာပြင်ကျယ်ကျောင်းတော်မှသာမက၊ အင်မော်တယ်နတ်ဘုရားကုန်းမြေမှ ကျင့်ကြံသူများပါ တအံ့တဩ လှမ်းကြည့်နေကြလေပြီ။
မန်ဟို့ပတ်ပတ်လည်ရှိ အနီရောင်အလင်း တဖြည်းဖြည်း မှိန်ကျသွားနေစဉ် အချိန်တွေ နှေးကွေးသွားသယောင် ထင်ရသည်။ မန်ဟိုက ခေါင်းမော့ပြီးနောက် လက်ဖျောက်တီးလိုက်သည်။
ချက်ချင်းပင် မိုးခြိမ်းသံကဲ့သို့ အသံတစ်သံ ကမ္ဘာလောကထဲတွင် ဟိန်းထွက်သွား၏။
အနီရောင်မိုးကြိုးတန်းမှာ ကြေမွသွားကာ ကြယ်တာရာကောင်းကင်အတွင်း လွင့်မျောပျောက်ကွယ်သွားသည့် အနီရောင်အလင်းမှုန်များထက် မပိုတော့ပေ။
“ကျိလောကဘိုးဘေးအလင်းရောင်” သူက တိုးတိုးရေရွတ်သည်။ “မဆိုးဘူး။ တန်ခိုးရှင်အဆင့်မတက်သေးတဲ့ ဘယ်အရာကိုမဆို သုတ်သင်နိုင်တယ်” ထို့နောက် သူသည် ထုံးစံအတိုင်း အေးအေးဆေးဆေး အင်္ကျီလက်စခါကာ အင်မော်တယ်နတ်ဘုရားကုန်းမြေကို ငုံကြည့်လျက် ကြယ်တာရာကောင်းကင်ထဲ၌ ပျံဝဲနေ၏။
သူ့အကြည့်ကား အဆုံးမရှိ တည်ကြည်နေသည့်အလားပင်။ ထိုအခိုက်အတန့်တွင် မြေထုအပေါ်ရှိ သက်ရှိအားလုံး ရုတ်တရက် တုန်ရီလာကြပြီး တစ်ပြိုင်တည်း အော်ဟစ်ကြလေသည်။
“အင်မော်တယ်နတ်ဘုရားကုန်းမြေကို စော်ကားတဲ့သူတိုင်း သေရမယ်” သူတို့၏ကျိန်ဆိုသံကြီး ပဲ့တင်ထပ်နေစဉ် အင်မော်တယ်နတ်ဘုရားကုန်းမြေသည် အက်ကွဲပြိုကျစပြုလာ၏။ တောင်များ ကွဲထွက်ကာ မြစ်များလည်း ပြတ်ထွက်ကုန်သည်။ လက်ကြီးနှစ်ဖက်က မြေပြင်များအား စုတ်ဖြဲနေသည့်အလားပင်။ ထို့နောက် ဧရာမအရိပ်ကြီးတစ်ခု ပေါ်လာသည်။
၎င်းကား လူ့ဘီလူးကြီးတစ်ကောင်ပင်။
ဤသည်မှာ မြေကြီးအောက်၌ မြှုပ်နှံထားခဲ့ဟန်တူသော သိုလှောင်အရင်းအမြစ်များ ဖြစ်သည်။ လူ့ဘီလူးကြီး၏မျက်လုံးများသည် ပွင့်နေပြီး သူ၏နဖူးထက်၌ ကြယ်စင်ကိုးလုံးက တလက်လက် တောက်ပနေလေသည်။ သူက ညာလက်ကို မြှောက်၍ မြေကြီးကို ရိုက်ကာ မိုးပေါ် ခုန်လိုက်သည်။
“နတ်ဘုရားမျိုးနွယ်စု” သူက ဟိန်းဟောက်သည်။
ခုန်တက်နေသည့်အချိန် သူသည် လျင်မြန်စွာ ကြီးထွားလာကာ ဂြိုဟ်တစ်လုံးနှင့်ပင် ယှဉ်နိုင်သော အရွယ်အစားသို့ ရောက်ရှိသွား၏။ ထိုမြင်ကွင်းက ကြည့်နေသူတိုင်းအား ကြောက်ဒူးတုန်လာစေတော့သည်။
ဤရွေ့ဤမျှသာဆိုလျှင် အကြောင်းမဟုတ်သေး။ သို့သော် အင်မော်တယ်နတ်ဘုရားကုန်းမြေပေါ်ရှိ မြေကြီးများ ပိုမိုအက်ကွဲလာကာ အရိပ်ပေါင်းများစွာ ခုန်ထွက်လာကြ၏။
လူ့ဘီလူးကြီးများသည် မျက်လုံးများကို ဖွင့်ကာ ဟိန်းလိုက်ကြလေသည်။ ဖြာထွက်လာသော ရှေးစွမ်းအင်၏ပြင်းအားကြောင့် ကြယ်တာရာကောင်းကင်မှာ တုန်လှုပ်သွားတော့သည်။
အင်မော်တယ်နတ်ဘုရားကမ္ဘာ၏ အရင်းအမြစ်အစစ်တစ်ခုပြီးတစ်ခု ပေါ်လာခဲ့လေပြီ။ သို့သော် အရာအားလုံး ဖြစ်ပျက်နေသည်နှင့်အမျှ မန်ဟို၏ထင်မြင်ချက်များအား ပို၍သာ ခိုင်မာလာစေသည်။
“ဒါတွေအားလုံးက အစစ်မဟုတ်လောက်ဘူး” သူက ချီတက်လာနေသော နတ်ဘုရားမျိုးနွယ်လူ့ဘီလူးကြီးများကို ကြည့်ရင်း တွေးနေသည်။ ထို့နောက် သူသည် ညာလက်ကို မြှောက်ပြီးနောက် အရှေ့သို့ သာမန်ကာလျှံကာ တွန်းလိုက်၏။
အချိန်စွမ်းအားက အသံမထွက်ဘဲ အရပ်လေးမျက်နှာသို့ ပြန့်ကားသွားသဖြင့် သူ့အရှေ့ရှိ လေထုမှာ ပုံပျက်သွားလေသည်။ သဘာဝနိယာမများ တွန့်လိမ်ကာ မှော်ဥပဒေများ ကွေးညွတ်ကုန်သည်။ လူတိုင်း တအံ့တဩ စောင့်ကြည့်နေကြစဉ် မယုံနိုင်လောက်အောင် အင်အားကြီးမားသည့် နတ်ဘုရားမျိုးနွယ်လူ့ဘီလူးကြီးများသည် တုန်ရီလာပြီးနောက် ခန္ဓာကိုယ်များ ပိန်ချုံးခြောက်ကပ်လာကြတော့၏။ မန်ဟို့ဆီ ရောက်သောအချိန်တွင် သူတို့မှာ ပြာကျလုနီးပါး အားနည်းနေခဲ့ချေပြီ။
နောက်ဆုံး ကြယ်ကိုးလုံးလူ့ဘီလူးကြီးက ခေါင်းနောက်လှန်၍ ကြောက်လည်းကြောက်၊ ဒေါသလည်း ထွက်နေသော ဟိန်းသံတစ်သံအား ပြုလိုက်သည်။ သူ၏တာဝန်က အသက်ပေးရလျှင်တောင်မှ အင်မော်တယ်နတ်ဘုရားကုန်းမြေကို ကာကွယ်ပေးဖို့ မည်သည့်အဖိုးအခကိုမဆို ပေးဆပ်ရန် ဖြစ်သည့်အလားပင်။
လူ့ဘီလူးကြီးသည် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လျက် မန်ဟို့ဆီ ထိုးသွင်းရင်း ဟိန်းလိုက်သည်။ သူ၏ခန္ဓာကိုယ် ပြိုကွဲနေသည့်တိုင် သူသည် အင်မတန်အားကောင်းသော လက်သီးတစ်ချက်ကို ပစ်သွင်းနိုင်လိုက်သေး၏။
စွမ်းအားကား ရှေးခေတ်မှ စီးဆင်းလာသကဲ့သို့ အံ့ဩမှင်သက်ဖွယ်ကောင်းစွာ မြည်ဟည်းနေသော လေဆင်နှာမောင်းကြီးတစ်လုံး ဖြစ်လာရင်း အနှစ်သာရ ၉ ခုအဆင့်ကို ကျော်လွန်၍ တန်ခိုးရှင်အဆင့်သို့ ရောက်ရှိသွားသည်။
၎င်းသည် သဘာဝနိယာမများနှင့် မှော်ဥပဒေများကို လျစ်လျူရှုနိုင်သည့် တန်ခိုးရှင်အဆင့်အပြင်အားကိုယ်၏ ခွန်အားဖြစ်ချေသည်။ ပုတ်သင်ဘုရင်ပင်လျှင် ထိုမြင်ကွင်းကြောင့် အံ့ဩတုန်ရီသွား၏။ ယခုတွင် အင်မော်တယ်နတ်ဘုရားကမ္ဘာ၏ အလိုရှိတိုင်းသုံးနိုင်သော အရင်းအမြစ်များအား လူတိုင်း နားလည်သွားကြလေပြီ။
နောက်ဆုံးနတ်ဘုရားမျိုးနွယ်လူ့ဘီလူးကြီးသည် သူ၏အသက်ဓာတ်အလုံးစုံကို လက်သီးထဲ ထည့်သွင်းရင်း မန်ဟို့အား ရှင်းပစ်ဖို့ ကြိုးစားလိုက်သည့်တိုင် သူ့ကို မထိနိုင်ခင်မှာပဲ လူ့ဘီလူးကြီးမှာ ပြာကျသွားတော့သည်။
မန်ဟိုသည် ခန္ဓာကိုယ်အရာ၌သာ တန်ခိုးရှင်အဆင့်တက်ထားခြင်းမဟုတ်၊ ကျင့်ကြံခြင်းအခြေခံနှင့် ဝိညာဉ်အရာ၌ပါ တန်ခိုးရှင်အဆင့်ဖြစ်၏။ သူ့တွင် ကိုယ်ပိုင်အနှစ်သာရလည်း ရှိ၍ ဘိုးဘေးနယ်ပယ်သို့ ခြေလှမ်းတစ်ဝက် ဝင်ရောက်နေခဲ့ပြီဖြစ်သည်။
“ဖြစ်ပြီးပျက်တာ ဓမ္မတာပဲမဟုတ်လား....” မန်ဟိုက နူးညံ့ပျော့ပျောင်းစွာ ပြောသည်။ “ငါ မင်းကို လေးစားပါတယ်။ ဒါပေမဲ့ အခုလို တိုက်ခိုက်တာက မင်း လုပ်ချင်ခဲ့တဲ့အရာ မဟုတ်လောက်ဘူး။ မင်းရဲ့ ရုပ်သေးကြိုးကို ငါ ဖြတ်ပေးပါရစေ” ထို့နောက် သူက အင်မော်တယ်နတ်ဘုရားကုန်းမြေထံ ခြေတစ်လှမ်းလှမ်းလိုက်လေသည်။
ယခုတွင် မန်ဟိုသည် ဤနေရာ၏ သဘာဝအမှန်ကို ထိုးဖောက်မြင်တွေ့ခဲ့ပြီးပြီဖြစ်၍ နောက်ဆုံးသံသယများကို ဖယ်ရှားနိုင်မည့် တစ်ခုတည်းသောနည်းလမ်းကား .... ထိုနေရာကို သူကိုယ်တိုင် သွားရောက်စစ်ဆေးခြင်းသာ ရှိလေသည်။