ဓမ္မကို ဖန်တီးခြင်း
Vol. 002 Ch. 167
ရီဖူရှင်းက သူ့ရှေ့မှ လူငယ်ကို အကဲခတ်လိုက်သည်။ ကျောက်ဟန်မူကား ဓားကလန် ခေါင်းဆောင်၏ သားဖြစ်သည်ကို သူသိပြီးဖြစ်သည်။ သို့သော် ရှေ့မှ လူငယ် ရောက်ရှိလာသည်နှင့် ကျောက်ဟန်၏အမူအရာက အလွန်လေးစားသောဟန် ဖြစ်သွားသည်။ ထိုလူငယ်က ပြောလိုက်သည်နှင့် ကျောက်ဟန်က နောက်ဆုတ်သွားသည်။ ဤသို့ဆိုလျှင် လူငယ်က မည်သူနည်း။ မှန်သည်... ရီဖူရှင်းက စိတ်ဝင်စားမိရုံသာ ဖြစ်သည်။
“သူက ငါ့အသက်ကို လိုချင်တယ်... ဒါက အသေးအမွှားလား...” ရီဖူရှင်းက ပြုံးလျက် ပြောသည်... “မင်းငါ့ကို လက်ခံအောင် ပြောဖို့တော့ လိုတယ်...”
ချင်းမုန်ဒေသမှ လူများက ရီဖူရှင်းအား စိုက်ကြည့်နေကြသည်။ ရီဖူရှင်းက ထိုလူငယ်အား မသိခြင်းကြောင့်သာ ဤသို့ ပြောရဲခြင်း ဖြစ်ဟန်တူသည်။ အကယ်၍ လူငယ်က ရီဖူရှင်းအား လက်ခံအောင် မပြောနိုင်လျှင်ကော။ တိုက်ခိုက်ကြမည်လော။ အကယ်၍ သူနိုင်လျှင်ပင် ထိုလူငယ်အား တိုက်ခိုက်ခြင်းကြောင့် ရီဖူရှင်းက သေကို သေရမည်ဖြစ်သည်။ သူက နိုဘယ်လိုဏ်ဂူတွင် တစ်သက်လုံး ပုန်းကွယ်မနေလျှင် ချင်းမုန်မြို့မှ အသက်ရှင်လျက် ထွက်သွားခွင့်ရမည် မဟုတ်ပေ။
“ရှေးဟောင်းမြေရိုင်း ဒေသကို မင်းလာတဲ့ ရည်ရွယ်ချက်နဲ့ယှဉ်ရင် ဒါက အသေးအမွှားမလား...” လူငယ် ထူးမခြားနားစွာ ပြောသည်... “ဒါက သာမန်ကတောက်ကဆ ဖြစ်တာလောက်ပဲ... မင်းက သူ့ကို သတ်မယ်ဆိုရင်တောင် နိုဘယ်လိုဏ်ဂူရဲ့ စွမ်းအားကြောင့် မင်းကို ဘယ်သူမှ ထိလို့မရဘူး... ဒါပေမဲ့ မင်း ဒီက ဘယ်မှ မသွားတော့ဘူးလား.... ကတောက်ကဆ တစ်ခုအတွက်နဲ့ ဒီလောက်အထိ လုပ်ဖို့လိုလား... ရှေးဟောင်း မြေရိုင်းဒေသမှာ နိုဘယ်ကံစွမ်းအားကို ရအောင်လုပ်တာနဲ့ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်တာကလွဲရင် တခြားအရာတွေက ဘာမှ အရေးမပါဘူး...”
ရီဖူရှင်း မည်သို့မှ မပြောပေ။ သူက တစ်ဖက်လူအား ဆက်လက် စကားပြောစေလျက် တိတ်ဆိတ်စွာ ထိုလူငယ်ကို စိုက်ကြည့်နေသည်။
“မင်းရဲ့ပါရမီနဲ့ဆို နိုဘယ်ကံစွမ်းအားကို ရဖို့ မခက်ခဲဘူး... အချိန်တန်ရင် ဖြစ်လာမှပဲ... ဒါပေမဲ့ ရှေးဟောင်းမြေရိုင်း ဒေသမှာ နိုဘယ်ကံစွမ်းအားအပြင် တန်ခိုးကျင့်ရာမှာ အကျိုးဖြစ်ထွန်းနိုင်တဲ့ အရာတွေ အများကြီးရှိတယ်... ဥပမာ... လို့လန်မြို့မှာ လို့လန်ရှေးဟောင်းနယ်မြေ ရှိတယ်... ပြင်ပလောကမှာတောင် ပျောက်ကွယ်သွားတဲ့ ရှေးဟောင်းနယ်မြေတွေ အများကြီးပဲ... နှစ်ပေါင်းများစွာကြာအောင် ပါရမီရှင်တွေက လို့လန်မြို့က ရှေးဟောင်းနယ်မြေကို သွားရောက်ဖို့ ကြိုးစားကြပေမဲ့ လူအနည်းငယ်ကပဲ ဝင်ခွင့်ရခဲ့တယ်... သူတို့က ဝင်ခွင့်ရခဲ့ရင်တောင် တစ်ခုခုရဖို့ အရမ်းခက်ခဲတယ်... မင်း စိတ်ဝင်စားမယ်လို့ ငါယုံတယ်...” လူငယ်က သူ၏ ဝေဖန်ဆုံးဖြတ်ချက်အား ယုံကြည်ချက် ရှိသည့်အလား ပြုံးနေသည်။
ရီဖူရှင်းက အမှန်ပင် စိတ်ဝင်စားပေသည်။ ချင်းမုန်မြို့သည် နယ်မြေတစ်ရာဒေသမှ ဂိတ်တံခါး၏ အနီးဆုံးမြို့ဖြစ်သည်။ ရှေးဟောင်းမြေရိုင်းဒေသကို ရောက်ရောက်ချင်း သူတို့က ချင်းမုန်မြို့ကို ပထမဦးစွာ ရောက်လာခဲ့ကြ၏။ မြေပုံကို လေ့လာပြီးနောက် ရီဖူရှင်းက တခြားနေရာများကို သွားရောက်လိုသည်။ လို့လန်မြို့ကား ဤနယ်မြေပတ်ဝန်းကျင်၏ အသည်းနှလုံးနေရာဟု ပြော၍ပင် ရသည်။ ဆိုလိုသည်က ထိုနေရာတွင် ပိုမိုအားကောင်းသော ကံစွမ်းအားကို ရရှိနိုင်သည်။
“ရှေးဟောင်းနယ်မြေမှာ ဘာတွေရှိလဲ...” ရီဖူရှင်းက မေးလိုက်သည်။
“အများကြီးပဲ... ဥပမာ... နိုဘယ်အသိတွေ ပါဝင်တဲ့ သဒ္ဓိဝင်ပစ္စည်းတွေရှိတယ်... ဒီပစ္စည်းတွေက ပြင်ပလောကမှာ ဝယ်လို့မရဘူး... ဒါကြောင့် ပြင်ပလောကမှာ မင်းက သဒ္ဓိဝင်ပစ္စည်းတွေကို ပိုင်ဆိုင်ဖို့ မလွယ်ဘူး.... လို့လန်ရှေးဟောင်းနယ်မြေက မင်းကို စိတ်ပျက်စေမှာ မဟုတ်ဘူး......” လူငယ်က ပြောသည်။
“မင်းက ဒါတွေကို ဘာလို့ ငါ့ကို လာပြောနေတာလဲ...” ရီဖူရှင်းက လူငယ်ကို အကဲခတ်ကာ ပြောသည်။ လူငယ်က ကျောက်ဟန်နှင့် သူ၏ ကတောက်ကဆဖြစ်မှုကို ဖြေရှင်းရန်လာခြင်း မဟုတ်ဘဲ သူ့အား ဤစကားများကို အဓိကအားဖြင့် လာပြောခြင်း ဖြစ်သည်မှာ ထင်ရှားသည်။ ဤသို့ဆိုလျှင် သူက ရီဖူရှင်းကို အဘယ်ကြောင့် တစ်ခါတည်း လာမပြောသနည်း။
“သေချာတာပေါ့... မင်းရဲ့ပါရမီကြောင့်ပဲ...” လူငယ်က ပြုံးလျက် ပြောသည်။ “တကယ်လို့ မင်းသွားချင်တယ်ဆိုရင် ငါတို့ အတူတူသွားလို့ရတယ်... သူလည်း သွားလိမ့်မယ်...” သူက လိုဏ်ဂူထဲတွင် ထိုင်လျက် တန်ခိုးကျင့်နေသော နောက်တစ်ယောက်ကို ညွှန်ပြသည်။ ရီဖူရှင်းတို့ မရောက်မီကပင် သူကား လိုဏ်ဂူထဲတွင် ထိုင်လျက် တန်ခိုးကျင့်နေခြင်း ဖြစ်သည်။
“ငါဒီမှာ နည်းနည်း ကြာဦးမယ်...” ရီဖူရှင်းက ပြောသည်။
“ပြဿနာမရှိဘူး... နောက်သုံးလလောက်ကြာရင် ငါလာရှာမယ်... ဘယ်လိုလဲ...” လူငယ်က မေးသည်။
“ကောင်းပြီ...” ရီဖူရှင်းက ခေါင်းညိတ်ကာ နောက်ထပ် မပြောတော့ပေ။
“နှုတ်ဆက်ပါတယ်...” လူငယ်က ပြုံးလျက် ထွက်သွားသည်။ ကျောက်ဟန်အနီးမှ ဖြတ်သွားလျှင် သူက ပြောသည်... “ဒါက ပြီးသွားပြီ...”
“ဟုတ်ကဲ့... သခင်လေးချန်...” ကျောက်ဟန်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် လူငယ်က ထွက်ခွာသွားတော့သည်။ တခြားလူများက ထိုလူငယ်အတွက် လမ်းဖယ်ပေး၏။ သူကား လူအများ လေးစားရသောသူ ဖြစ်သည်မှာ ထင်ရှားသည်။ သူ ထွက်ခွာသွားသောအခါ ကျောက်ဟန်က ရီဖူရှင်းအာ ဒေါသတကြီးကြည့်သည်။ သူကား ယနေ့တွင် လုံးဝအရှက်ခွဲခံရသော်လည်း လက်စားချေရန်ပင် အခွင့်အရေး မရှိတော့ပေ။ “သွားမယ်...” သူက ယန်ဇီကျီကို ပြောလိုက်ကာ ထွက်ခွာသွားသည်။
ယန်ဇီကျီအား ကြည့်ရသည်မှာ လိုလားပုံမရပေ။ သူက လိုဏ်ဂူအတွင်းမှာ ထိုင်နေသာ လှပသော မိန်းကလေးအား ကြည့်လိုက်သည်။ သူကြိုက်သော မိန်းကလေးက တခြားလူတစ်ယောက်၏ အစေခံဖြစ်နေသည်ကို သူလက်မခံနိုင်ပေ။ သူမက ထိုလူအား ခစားရမည်ကို တွေးမိတိုင်း သူ၏ဒေါသများ ပေါက်ကွဲလာသည်။ သို့သော် သူမည်သို့မှ မတတ်နိုင်ပေ။ ကျောက်ဟန်ပင်လျှင် ထိုကိစ္စတွင် မည်သို့မှ မတတ်နိုင်ရာ သူလည်း ထွက်သွားရုံသာ ရှိတော့သည်။
ကြည့်နေကြသူများက သူတို့အကြား တီးတိုး ပြောနေကြသည်။ ရီဖူရှင်းကား သခင်လေးချန်၏ အလေးထားမှုကို ခံရကာ လို့လန်မြို့ကို အတူတူသွားရန် ဖိတ်ခေါ်ခံရသည်။ ရီဖူရှင်း၏ ပါရမီဖြင့် သူက အနာဂတ်တွင် ကြောက်မက်ဖွယ် ကောင်းသောသူ ဖြစ်လာနိုင်သည်။ သခင်လေးချန်က ရီဖူရှင်းကို သူ့လက်အောက်ကို ဆွဲခေါ်လိုဟန်တူသည်။ အကယ်၍ ရီဖူရှင်းသာ သဘောတူခဲ့လျှင် သူက အနာဂတ်တွင် ချင်းမုန်ဒေသ၏ ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာမည်ဖြစ်သည်။
သခင်လေးချန်ကား ချင်းမုန်ဒေသ လူငယ်မျိုးဆက်၏ ခေါင်းဆောင်ဖြစ်သည်။
ရီဖူရှင်းက ကျောက်ဟန်၏ အကြောင်းကို ထပ်မတွေးတော့ပေ။ လူငယ်ပြောခဲ့သလို ဤကိစ္စက သာမန် အသေးအမွှားသာ ဖြစ်သည်။ သူက ရှေးဟောင်းမြေရိုင်းဒေသမှ ပိုမိုစိတ်ဝင်စားဖွယ် အရာများကို မျှော်လင့်နေသည်။
လူငယ်က သူ့အား အဘယ်ကြောင့် ဖိတ်ခေါ်ခဲ့သည်ကိုလည်း သူသိသည်။ သူ့အား အသုံးချလိုသောကြောင့်သာ ဖြစ်မည်။ လူငယ်က သူ့အား အသုံးပြုလိုသည့်တိုင် ရီဖူရှင်းက စိတ်ထဲ မထားပေ။ လို့လန်မြို့ကို ရောက်မှသာလျှင် သူက မီးစဉ်ကြည့်ကမည် ဖြစ်သည်။
ရီဖူရှင်းက လိုဏ်ဂူထဲမှ လှမ်းထွက်လိုက်သည်။ သိပ်မသိသာသော အားလှိုင်းတစ်ခုက သူ့ထံ ဆင်းသက်လာသည်။ လိုဏ်ဂူရှေ့မှ လျှောက်သွားလိုက်လျှင် ရုပ်တုတစ်ခုစီမှ ထွက်ပေါ်လာနေသာ အားလှိုင်းများကို သူခံစား၍ ရသည်။ ရုပ်တုနှင့် နီးကပ်လေလေ ထိုခံစားမှုက အားကောင်းလေလေ ဖြစ်သည်။
လိုဏ်ဂူထဲတွင်ကား သဘာဝအလျောက် ဖြစ်ပေါ်နေသော ဂူလမ်းကြောင်းများစွာ ရှိသည်။ ရီဖူရှင်းက လိုဏ်ဂူလမ်းကြောင်း တစ်ခုထဲကို ဝင်ကြည့်သည်။ ပြင်ပမှ ဖိအားများအားလုံး ပျောက်ကွယ်သွားသည်။ ပင်မဂူကြီးထဲမှ ဖိအားများကို မခံစားလိုလျှင် သူက ဂူသွယ်လေးများထဲကို ဝင်ရောက်သွားနိုင်သည်။
မိမိကိုယ်ကို အသားကျအောင် လုပ်ပြီးသကာလ ရီဖူရှင်းက ပင်မလိုဏ်ဂူထဲကို ပြန်လည် ဝင်ရောက်လိုက်သည်။ ထို့နောက် သူက လိုဏ်ဂူပြင်ပသို့ ထွက်ကာ သေမင်းခြေလှမ်း ဆယ့်သုံးလှမ်းသို့ ပြန်လျှောက်လာသည်။ သူက ဧကရာဇ်အရှိန်အဝါကို အသုံးမပြုဘဲ သေမင်းခြေလှမ်းများကို လှမ်းကြည့်သည်။ ထို့နောက် သူက သဘာဝစွမ်းအင်များကို သုံး၍ လျှောက်သည်။ သူက နိုဘယ်လိုဏ်ဂူကို သုံးလျက် မိမိကိုယ်ကို ဆက်တိုက်စမ်းသပ်သည်။ ထိုမြင်ကွင်းက တခြားလူများအား ဆွံ့အစေသည်။ ချင်းမုန်ဒေသ၏ အားအကောင်းဆုံး ကံစွမ်းအားများ ရှိနေသော နိုဘယ်လိုဏ်ဂူကား ရီဖူရှင်း၏ လက်ထဲတွင် ကစားစရာတစ်ခု ဖြစ်လာခဲ့သည်။ နိုဘယ်လိုဏ်ဂူက ရီဖူရှင်း အလိုရှိသလို လေ့ကျင့်စရာတစ်ခု ဖြစ်လာ၏။
ထိုရက်များအတွင်း ရီဖူရှင်းက နည်းလမ်းပေါင်း များစွာဖြင့် လေ့ကျင့်နေသည်ကို လူအများက မြင်ကြရသည်။ တစ်ခါတစ်ရံ သူက လေ့လာဆင်ခြင်သည်။ တစ်ခါတစ်ရံသူက ရုပ်တုများထံမှ အနုပညာရသသိများနှင့် ဆက်သွယ်သည်။ တစ်ခါတစ်ရံ သူက လိုဏ်ဂူရှေ့တွင် အပန်းဖြေနေသလို လမ်းလျှောက်နေသည်။ ထိုသနားစရာ ကောင်းသော ပါရမီရှင်များကား ခုနစ်လှမ်းမျှကိုပင် မလှမ်းနိုင်ကြပေ။ ရီဖူရှင်း၏ ထိုပုံစံများကို မြင်လျှင် လူတိုင်း၏ စိတ်ထဲတွင် သူ့အား သွားရောက် ရိုက်နှက်လိုကြသည်။ ပိုဆိုးသည်မှာ သိမ်းငှက်နက်ကပင်လျှင် တစ်ခါတစ်ရံ လူအများဘက်သို့ လှည့်၍ စိတ်လှုပ်ရှားစွာ အတောင်ပံများ တဖျတ်ဖျတ်ခတ်လျက် အော်ဟစ်ခြင်းပင်။ လူအများက ထိုသိမ်းငှက်နက်အား သွားရောက် သတ်စားလိုသည်အထိ ဒေါသထွက်ကြသော်လည်း သူတို့ မည်သို့မှ မတတ်နိုင်ပေ။ သိမ်းငှက်နက်ကပင်လျှင် သူတို့အား အထင်သေးသည်။ ထိုသတ္တဝါကား အနိုင်ကျင့်လွန်းလှသည်။
ရက်အနည်းငယ်ကြာလျှင် ရီဖူရှင်းက နောက်ဆုံး ငြိမ်သက်သွားသည်။ သူက ဂူသွယ်လေး တစ်ခုထဲသို့ ဝင်ရောက်သွားသည်။ သူဝင်ရောက်သွားသော ဂူသွယ်ကား ရှည်လျားကာ အထဲတွင် နက်မှောင်နေသည်။ တခြားလူများက သူ့အား မမြင်နိုင်ပေ။ တခြားလူများကို ပိုမို ဆွံ့အစေသည်မှာကား ရီဖူရှင်းက ဂူဝတွင် ယွန်ရှင်းမိုအား စောင့်ကြပ်စေရာ ထိုလူများက သူ့အား ခိုးကြည့်၍ မရနိုင်တော့ပေ။ အမှန်ပင် သူက ယွန်ရှင်းမိုကဲ့သို့သော အလှပဂေးအား အစေခံအဖြစ် သဘောထားနေသည်။
အချိန်များ ကုန်လွန်သွားသည်။ ယူချင်း၊ ရီဝူချင်းနှင့် တခြားလူများကလည်း တိတ်ဆိတ်စွာ လေ့ကျင့်နေကြသည်။ တစ်နေ့တွင် ရီဖူရှင်းရှိနေရာ ဂူသွယ်ထဲမှ ကြောက်မက်ဖွယ် ကောင်းသော ကိုယ်ရောင်ကိုယ်ဝါတစ်ခုက လေထုကို ဖုံးလွှမ်းသွားသည်။ သူ၏ခန္ဓာကိုယ်မှလည်း ကျယ်လောင်သောအသံများကို ကြားနေရသည်။ သူ၏ သွေးများဆူပွက်လာပြီး ဟိန်းသံများပင် ကြားလာရ၏။
ရီဖူရှင်း၏နောက်တွင် သူ၏ သက်စောင့်ဝိညာဉ်သုံးခု ထွက်ပေါ်လာသည်။ အလွန်တောက်ပသော နတ်ငှက်၊ ကြီးမားသန်မာသော လူဝံနှင့် ထည်ဝါသော နတ်နဂါးကြီးတို့ ထွက်ပေါ်လာ၏။ ထိုသက်စောင့်ဝိညာဉ်များက မိုးကြိုးဓာတ်၊ လေဓာတ်၊ သတ္တုဓာတ်နှင့် မြေဓာတ်စွမ်းအင်များကို ထုတ်လွှတ်နေသည်။
ဂူလမ်းကြောင်း တစ်လျှောက်လည်း သဘာဝစွမ်းအင်များက လေထုထဲတွင် ကြမ်းတမ်းစွာ စီးဆင်းနေကြသည်။ လိုဏ်ဂူထဲမှ သဘာဝစွမ်းအင်များ အားလုံးမှာ ရီဖူရှင်းရှိနေရာ ဂူသွယ်ထံသို့ အဆက်မပြတ် စီးဆင်းနေကြခြင်းပင်။ ရီဖူရှင်းက သူ၏ သက်စောင့်ဝိညာဉ်ကို မူလပုံသဏ္ဌာန်အဖြစ် ယူကာ သူ၏ဓမ္မများကို ဖန်တီးနေခြင်း ဖြစ်သည်။
ဓမ္မအဆင့်မှ တန်ခိုးရှင်များမှာ သူတို့၏ ဓမ္မများကို ဖန်တီးနိုင်သည်။ သိုင်းပညာရှင်များက သူတို့၏ သိုင်းအသိများကို ဓမ္မအဖြစ် ဖန်တီးနိုင်ပြီး မှော်ပညာရှင်များက သဘာဝစွမ်းအင်များနှင့် မှော်သိုင်းကွက်များကို ဓမ္မအဖြစ် ဖန်တီးနိုင်သည်။ ဓမ္မက တန်ခိုးရှင် တစ်ယောက်၏ တိုက်ခိုက်ရေး စွမ်းရည်များကို အများအပြား တိုးတက်စေနိုင်သည်။ မှော်ထိန်းချုပ်သူများက သူတို့၏ ဓမ္မကို သက်စောင့်ဝိညာဉ်များကို အခြေပြု၍ ဖန်တီးကြလေ့ရှိသည်။ တချို့ဆိုလျှင် သူတို့၏ဓမ္မတွင် သက်စောင့်ဝိညာဉ်ကိုပင်လျှင် ပေါင်းစပ် ဖန်တီးကြသည်။
ရီဖူရှင်းတွင် သက်စောင့်ဝိညာဉ် အများအပြား ရှိသည်။ ဆိုလိုသည်မှာ သူက ဓမ္မအများအပြား ဖန်တီး၍ ရသည်။ ယခု သူ၏ နောက်တွင် သက်စောင့်ဝိညာဉ်သုံးခု ပေါ်ထွက်လာကာ ကွဲပြားခြားနားသော ဓမ္မသုံးခုကို ဖန်တီးတော့မည် ဖြစ်သည်။ သို့သော် ရီဖူရှင်းက ထိုနည်းအတိုင်း မလုပ်ပေ။ သူ၏ ဧကရာဇ်အသိက အသက်ဝင်လာပြီး သူ၏ သက်စောင့်ဝိညာဉ်များနှင့် ဓမ္မကို လွှမ်းခြုံသွားသည်။ တစ်ချိန်တည်းမှာပင် သူက နိုဘယ်အသိအား ထိုအရာတွင် ပေါင်းစပ်လိုက်သည်။
လေလှိုင်းရိုက်ခတ်သံများ တဝီဝီကြားရပြီး သူ၏ ကမ္ဘာသစ်ပင် သက်စောင့်ဝိညာဉ် ထွက်ပေါ်လာသည်။ ဓမ္မသုံးခုက သစ်ပင်ကြီးအပေါ်သို့ ရောက်ရှိသွားပြီး ကြောက်မက်ဖွယ် ဝဲဂယက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ဓာတ်သဘာဝပေါင်းစုံက ပျော်ဝင်သွားကာ အသံမျိုးစုံ ဖြစ်ပေါ်လာသည်။ ရီဖူရှင်းရှိနေရာ ဂူသွယ်က တွင်းနက်ကြီးတစ်ခု အသွင်ဖြစ်သွားကာ ပြင်ပမှ သဘာဝစွမ်းအင်မျာကို ကြောက်မက်ဖွယ် ကောင်းအောင် ဆွဲငင်ဝါးမျိုနေသည်။ လေထုပေါက်ကွဲသံများက ယွန်ရှင်းမို၏နားထံကို လာရောက် ရိုက်ခတ်နေကြသည်။ သူမက အထဲတွင် မည်သို့ ဖြစ်ပျက်နေသည်ကို အမှန်တကယ် သိလိုနေသောလည်း ဝင်မကြည့်ရဲပေ။ ရီဖူရှင်းက သူမအား လေးနက်စွာ အမိန့်ပေးထားသည်။
ထိုထူးဆန်းသော အခြေအနေက အချိန်အတန်ကြာမြင့်ခဲ့သည်။ ဂူသွယ်ထဲတွင်မူကား ရီဖူရှင်း၏နောက်တွင် ဓမ္မတစ်ခုတည်းသာ တည်ရှိသည်။ ထိုအရာက အတော်အတန်ကြီးသည်။ သူ့တွင် လူဝံကဲ့သို့ ကြီးမားသန်မာသော ခန္ဓာကိုယ်ရှိပြီး ရွှေအိုရောင် ကိုယ်ရောင်ကိုယ်ဝါနှင့်အတူ တစ်ကိုယ်လုံးတွင်လည်း လျှပ်စီးဓာတ်က စီးဆင်းနေသည်။ သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းက နဂါးတစ်ကောင်ကဲ့သို့ သဏ္ဌာန်ရသည်။ သူ၏လက်များမှာ စွမ်းအင်များနှင့် ပြည့်နှက်နေပြီး လက်သည်းများက နတ်ငှက်၏ လက်သည်များထက်ပိုမို ထက်ရှဟန်ရသည်။ ထိုလူဝံကြီး၏ ကျောတွင်ကား အလွန်ကြီးမားသော အတောင်ပံတစ်စုံလည်း ပါဝင်သည်။
တစ်ချက်ကြည့်လိုက်လျှင် လူဝံကြီးက ကောင်းကင်ကို လက်ဖြင့် ကာဆီးထားသည့်ဟန် ရနေသည်။ သူ၏ပုံစံက တီအန်ယွာတောင်ပေါ်မှ လူဝံကြီးကဲ့သို့ပင် လောကအား တုန်လှုပ်စေနိုင်စွမ်း ရှိနေသည်။
ရီဖူရှင်းက ဧကရာဇ်ရီချင်၏ နည်းစနစ်များကို လေ့ကျင့်သည်။ သူ ယနေ့ ဖန်တီးလိုက်သော ဓမ္မမှာ ဧကရာဇ်ရီချင်နှင့် လူဝံကြီးတို့အား ရည်ရွယ်လျက် ဖြစ်ပေါ်လာခြင်းပင်။ ရီဖူရှင်း၏ အဓိက သက်စောင့်ဝိညာဉ်သုံးခုမှာ ဤဓမ္မထဲတွင် ပါဝင်သည်။ ဓမ္မပုံသဏ္ဌာန် ဖန်တီးလိုက်ပြီဖြစ်ရာ သူ၏ သက်စောင့်ဝိညာဉ်များ၏ အစစ်အမှန်ကို မည်သူမှ ခန့်မှန်းမရနိုင်တော့ပေ။ သို့သော်လည်း ရီဖူရှင်းက ရပ်တန့်ရန် စိတ်ကူးမရှိပေ။ သူ၏ ဓမ္မပျောက်ကွယ်သွားပြီး သူ၏ မျက်လုံးများကို မှိတ်လိုက်ကာ ဆက်လက်ကျင့်ကြံသည်။ သူ့တွင် သက်စောင့်ဝိညာဉ် အများအပြားရှိသည်။ ထို့ကြောင့် သူက တခြား ဓမ္မများကို ဆက်လက် ဖန်တီးနိုင်ပေသေးသည်။
***