ပုပ်သိုးဆွေးမြေ့ခြင်း
Vol. 113 Ch. 1569
လူငယ်၏မျက်လုံးများက သတ်ဖြတ်လိုစိတ်တို့ဖြင့် မီးဝင်းဝင်းတောက်နေသည်။ သူက လေကိုခွင်းလျက် ပျံသန်းလာနေစဉ် မြစ်-လေးကို လှမ်းယူလိုက်၏။ မြစ်မှ ဖြစ်ပေါ်လာသော လေးကား လျင်မြန်စွာ ကျုံ့ရင်း သူ့လက်ထဲ ရောက်သွားလေသည်။ ထို့နောက် သူသည် လေးကြိုးကို ဆွဲ၍ မန်ဟို့ထံ ချိန်လိုက်သည်။
မန်ဟို အေးစက်စက် ကြည့်နေစဉ် လူငယ်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ လေးကြိုးကို ဆွဲလိုက်သည့်အခါ အင်မော်တယ်နတ်ဘုရားကုန်းမြေအနှံ့အပြားမှ ချီစီးကြောင်းများသည် မြားတစ်စင်း၏ပုံသဏ္ဍာန်ကို ဖော်ဆောင်ပေးဖို့ စီးဆင်းလွင့်မျောလာကြ၏။
ထို့နောက် လူငယ်က လေးကြိုးကို လွှတ်လိုက်၍ ထစ်ချုန်းသံများ မြည်ဟည်းသွားသည်။ မြားကား မိုးကြိုးတန်းသဖွယ် မန်ဟို့ဆီ ပြေးဝင်လာချေပြီ။
မန်ဟိုသည် မြား၌ပါဝင်နေသော ကြောက်ခမန်းလိလိစွမ်းအားကို ခံစားရ၏။ ၎င်းကို အနန္တတန်ခိုးရှင်စစ်စစ်သာ ကိုင်ဆောင်ခဲ့လျှင် လေးသည် သူ့ကို ခြိမ်းခြောက်နိုင်သည်အထိ အင်အားကြီးမားခဲ့လိမ့်မည်။ သို့သော် ယခုကား ထိုသို့မဟုတ်ပေ။ မန်ဟို့အနေဖြင့် မြားကို လှမ်းထိလိုက်ရုံသာ လုပ်ဖို့ လိုလိုက်သည်။ မြားတစ်စင်းလုံး တဆတ်ဆတ် တုန်ခါပြီးနောက် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားတော့သည်။
လူငယ်မှာ သွေးအန်လျက် နောက်ဆုတ်လိုက်ရသည်။
ထိုအခိုက်အတန့်တွင် မြေထု၏အလယ်ရှိ ခေါင်းဆောင်ကြီးရုပ်တုက အင်မော်တယ်နတ်ဘုရားကုန်းမြေသားမဟုတ်သူများ ၎င်း၏ပရဝဏ်အတွင်း ဝင်ရောက်မလာအောင် ဟန့်တားလိုက်သော အရောင်အဝါကို စတင်ထုတ်လွှတ်လေသည်။
ပုတ်သင်ဘုရင်နှင့် ကျန်ပညာရှင်များမှာ တွန်းထုတ်ခံလိုက်ကြရသည်။ ဂိုဏ်းချုပ်နှင့်အပေါင်းအပါတို့လည်း အလားတူလွင့်ထွက်သွားကြသည်။ အင်မော်တယ်နတ်ဘုရားကမ္ဘာ၏ ကျင့်ကြံသူများကမူ အလင်းရပ်ဝန်းထဲ ရောက်သည့်တိုင်အောင် ဆုတ်သွားကြပြီးနောက် အာကာပြင်ကျယ်ကျောင်းတော်မှ စစ်တပ်ကြီးအား မုန်းတီးစက်ဆုပ်စွာ စိုက်ကြည့်နေကြလေသည်။
အရောင်အဝါသည် ထိုလူအားလုံးကို တားနိုင်သော်လည်း မန်ဟို့ကိုတော့ မတားနိုင်ပေ။
မန်ဟိုက ရုပ်တုကြီးကို အတွေးများဖြင့် ကြည့်ပြီးနောက် ရှေ့တစ်လှမ်းတိုးလိုက်သည်။
ထိုခြေတစ်လှမ်းက သူ့အား အရောင်အဝါ၏နယ်စပ်အရှေ့သို့ တန်းတန်းမတ်မတ် ခေါ်သွားပေးလေသည်။ ထို့နောက် သူက အရောင်အဝါကို ထိုးဖောက်လိုက်ရာ အရောင်အဝါမှာ ကြေမွအက်ကွဲလာတော့သည်။
ပုတ်သင်ဘုရင်ကြီးက ဟိန်းပြီးနောက် စစ်မြေပြင်ထက်၌ လှစ်ခနဲ ပြန်ပေါ်လာသည်။ ၎င်း၏ကျင့်ကြံခြင်းအခြေခံဖြာထွက်သွားသောအခါ ၎င်းပတ်ပတ်လည်ရှိ အရာအားလုံး သစ်ကိုင်းခြောက်များသဖွယ် ဖျက်စီးခံလိုက်ရသည်။
မန်ဟိုက ပြင်းထန်နေသောတိုက်ပွဲကို အဖက်မလုပ်ဘဲ ကုန်းမြေ၏အလယ် ရုပ်တုကြီး တည်ရှိရာသို့ ချဉ်းကပ်သွားသည်။ သူ ထိုသို့ ချဉ်းကပ်လိုက်သည့်အချိန်မှာပဲ အဝေးမှ အလင်းမြားများစွာ သူ့ဆီ ပြေးဝင်လာပြန်သည်။
စောစောက လူငယ်ပင် မြားတစ်စင်းပြီးတစ်စင်းအား အသည်းအသန် ပစ်လွှတ်နေခြင်းဖြစ်သည်။ မန်ဟိုက အင်္ကျီလက်စသာ ခါကာ ၎င်းတို့အားလုံးအား ဖျက်စီးလိုက်သည်။
လူငယ်မှာ မန်ဟို ရုပ်တုကြီးဆီ ချဉ်းကပ်သွားနေသည်ကို ကူကယ်ရာမဲ့စွာသာ ကြည့်နေနိုင်တော့သည်။ ရုတ်တရက် သက်ပြင်းချသံတစ်သံက အင်မော်တယ်နတ်ဘုရားကမ္ဘာတစ်ကမ္ဘာလုံးတွင် ပြည့်နှက်သွား၏။ သက်ပြင်းချသံနှင့်အတူ အခမ်းအနားဝတ်ရုံတစ်စုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦး ထွက်လာသည်။ သူကား အလွန်ရှေးကျအိုမင်းနေပုံပေါ်လေသည်။ အဘိုးအိုသည် လေပေါ်ပျံတက်ကာ မန်ဟို့ကို လှမ်းကြည့်၏။ ထို့နောက် သူ့ညာလက်က မိုးကောင်းကင်အား လက်ညှိုးထိုးလိုက်သည်။
ချက်ချင်းပင် မန်ဟို၏ပတ်ပတ်လည်ဧရိယာတွင် ကန်မျက်နှာပြင်ထက်က လှိုင်းဂယက်များလို အငွေ့အသက်များ ပြည့်နှက်လာသည်။ တစ်ချိန်တည်းမှာပင် အဘိုးအို၏အရှေ့၌ ရေတွင်းတစ်တွင်း ဘွားခနဲ ပေါ်လာ၏။
ရေတွင်းသည်လည်း အစွမ်းထက်လှိုင်းဂယက်များကို ထုတ်လွှတ်နေပြီး အနီးကပ်ကြည့်လျှင် လှိုင်းဂယက်များအတွင်း၌ ပုံရိပ်တစ်ခုကို မြင်ရလိမ့်မည်။ ပုံရိပ်သည် မန်ဟိုနှင့် သူ့ပတ်ပတ်လည်ဧရိယာကို ရောင်ပြန်ဟပ်နေသောပုံရိပ် ဖြစ်၏။
တွင်းရေ၏လှိုင်းဂယက်မျးအတွင်းရှိ မန်ဟို၏ရောင်ပြန်ပုံရိပ်ကို လှမ်းဖမ်းလိုက်စဉ် အဘိုးအို၏မျက်လုံးများက ရက်စက်ကြမ်းကြုတ်စွာ တောက်ပနေသည်။ သူ့လက်က ရေထဲ ဝင်ရောက်သွားသဖြင့် ဂယက်များပိုထသွားလေသည်။
မန်ဟို့ဧရိယာရှိ လှိုင်းဂယက်များမှာ ပရမ်းပတာဗြောင်းဆန်သွားပြီး သူ့ကို ဖိနှိပ်ဖို့အလား ဧရာမလက်ကြီးတစ်ဖက် ပေါ်လာသည်။
မန်ဟို၏မျက်လုံးများ ထူးဆန်းစွာ လင်းလက်သွားသည်။ ဤသည်မှာ ထိုရှေးတန်ခိုးရှင် မည်မျှဘုန်းတန်ခိုးကြီးမားခဲ့ပြီး သူ့လိုပဲ သူ၏ကမ္ဘာသူကမ္ဘာသာများအတွက် ပြင်ဆင်မှုများ လုပ်ပေးခဲ့ကြောင်း မန်ဟို ဒုတိယအကြိမ် ခံစားလိုက်ရခြင်းဖြစ်သည်။
“ကံဆိုးစွာနဲ့ ဒါတွေအားလုံးကို လုပ်နေတာက လောကပါလနတ်မင်းရဲ့ စိတ်ဆန္ဒပဲ။ အဲဒီတန်ခိုးရှင်ရဲ့ မူလရည်ရွယ်ချက်က ဒီလိုမဟုတ်ခဲ့ဘူး” မန်ဟိုက မှော်အစွမ်းစီရင်နေသော အဘိုးအိုကို လှမ်းကြည့်ပြီးနောက် အေးအေးဆေးဆေး လျှောက်သွားသည်။ သူ လှမ်းလိုက်သည့် ခြေတစ်လှမ်းတိုင်းက လှိုင်းဂယက်များကို ပျက်စီးသွားစေသည်။
အဘိုးအိုမှာ မှော်အစွမ်းကို ဆက်လက်စီရင်ဖို့အတွက် သူ၏စိတ်တိုင်းကျ အသုံးပြုနိုင်သည့် စွမ်းအားအလုံးစုံကပင် မလုံလောက်သကဲ့သို့ တုန်လှုပ်လာတော့သည်။ ရေတွင်း၏မျက်နှာပြင်တစ်လျှောက် အက်ရာများ ပျံ့နှံ့သွားပြီး ရေတွင်းမှာ ပြိုကျစပြုလာတော့သည်။ အဘိုးအိုက ဒေါသတကြီး ဟိန်းဟောက်လေသည်။ သူ၏သွေးနှင့်ကြွက်သားများ စုပ်ယူခံလိုက်ရသဖြင့် သူ့ခန္ဓာကိုယ်မှာ ခြောက်ကပ်ပိန်ချုံးလာသည်။ သူသည် ကျင့်ကြံခြင်းအခြေခံစွမ်းအားကို အလွန်အကျူးဆင့်ခေါ်နေသည့်အတွက် ယခင်က ဖုံးကွယ်ခံထားခဲ့ရသော တစ်စုံတစ်ခု ထွက်ပေါ်လာ၏... ပုပ်သိုးဆွေးမြေ့ခြင်းအရှိန်အဝါ။
ယင်းအရှိန်အဝါအား အနှစ်သာရ ၉ ခုအထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်ပင် သတိထားမိမည်မဟုတ်ပေ။ သို့သော် မန်ဟိုကတော့ ခံစားလိုက်ရသည်။ သူ့မျက်လုံးများက လင်းခနဲ လက်သွားပြီး အဘိုးအိုအား လှမ်းကြည့်လိုက်၏။ အဘိုးအိုသည် မာန်သွင်းဟိန်းဟောက်နေသည်နှင့်အမျှ နှစ်ပေါင်းများစွာ ပုပ်သိုးဆွေးမြေ့နေခဲ့သည့်အလား ပုပ်သိုးဆွေးမြေ့ခြင်းအရှိန်အဝါမှာ အားကောင်းသထက် အားကောင်းလာသည်။ ရုတ်တရက် အဘိုးအိုက လှမ်း၍ ရက်ရက်စက်စက် ဖမ်းဆုပ်လိုက်ဟန် လုပ်သည်။
ဧရာမလက်ကြီးတစ်ဖက် မန်ဟို့ဆီ ပြေးဝင်လာသဖြင့် မန်ဟို့ပတ်ပတ်လည်ရှိ လေထုမှာ တဝေါဝေါမြည်လာသည်။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် တန်ခိုးရှင်အရှိန်အဝါကို လက်ကြီးအပေါ်တွင် တွေ့ရှိနိုင်လေသည်။
လက်ကြီး အနားရောက်လာသည့်အချိန်မှာပဲ မန်ဟိုက အေးစက်စက် နှာမှုတ်ကာ သူ၏ကိုယ်ပိုင်တန်ခိုးရှင်အရှိန်အဝါအား အပြည့်အဝထုတ်ဖော်လိုက်သည်။
အုန်းးးးးးးးးးးးးးးးးး
တန်ခိုးရှင်အဆင့် အပြင်အားကိုယ်။ တန်ခိုးရှင်အဆင့် ကျင့်ကြံခြင်းအခြေခံ။
တန်ခိုးများက မိုးနှင့်မြေအား တဝုန်းဝုန်း တုန်ခါကာ ပြိုကွဲလာစေသည်။ လက်ကြီးမှာ အနားကပ်မသွားနိုင်ခင် အပိုင်းပိုင်းအစစ ကြေမွပြိုကွဲသွားတော့သည်။ တစ်ချိန်တည်းမှာပင် မန်ဟို့ပတ်ပတ်လည်ရှိ လေထုသည် တွင်းနက်ကြီးတစ်တွင်း အသွင်ပြောင်းသွား၏။
ရေတွင်းမှာ ထပ်မံတောင့်မခံနိုင်တော့သဖြင့် စိစိညက်ညက်ကြေမွကာ ကျောက်ခဲများအား အရပ်မျက်နှာတစ်ခွင် ဖြာထွက်သွားစေသည်။ အဘိုးအိုမှာ တုန်ရီသွားပြီးနောက် ပုပ်သိုးဆွေးမြေ့နေသည့် အနက်ရောင်သွေးများအား အန်လိုက်ရသည်။ သူ၏ပုပ်သိုးဆွေးမြေ့ခြင်းအရှိန်အဝါမှာ ပို၍ပင် ထင်ရှားလာ၏။ အဘိုးအို နောက်ဆုတ်တော့မည့်အချိန်မှာပဲ မန်ဟို့မျက်လုံးများက အေးစက်စက် တောက်ပသွားပြီး သူက ရှေ့တစ်လှမ်းတက်ကာ အဘိုးအို၏အရှေ့တည့်တည့်သို့ ရောက်သွားသည်။ ချက်ချင်းပင် သူ့လက်သည် အဘိုးအို၏ငယ်ထိပ်ကို ဆုပ်ကိုင်လိုက်၏။
ဝိညာဉ်ဖွေရှာခြင်းစွမ်းအား ထုတ်လွှတ်ခံလိုက်ရသည်။
သို့သော် ချက်ချင်းပင် မန်ဟို မျက်မှောင်ကြုတ်သွားသည်။ ဤအဘိုးအိုကား နေကိုးစင်းလိုပင်။ မည်သည့်မှတ်ဉာဏ်မှမရှိသလို၊ ရှိလျှင်လည်း တခြားတစ်ယောက်၏ အတင်းအဓမ္မအထည့်ခံထားရသကဲ့သို့ ဖရိုဖရဲ ဖြစ်နေသည်။ မည်သည့်အရာကိုမှ ရှင်းလင်းစွာ မသုံးသပ်နိုင်ပေ။
တခဏကြာသော် မန်ဟိုသည် သူ၏ကျင့်ကြံခြင်းအခြေခံကို စတင်လှည့်ပတ်ကာ အနှစ်သာရ ၉ ခုအဆင့်သို့ ရောက်သည့်တိုင်အောင် သူ၏တန်ခိုးအား ဖိနှိပ်လိုက်၏။ ထိုသို့လုပ်လိုက်သည့်အခါ အဘိုးအို၏ကိုယ်ပေါ်ရှိ ပုပ်သိုးဆွေးမြေ့ခြင်းအရှိန်အဝါ မှေးမှိန်အားနည်းသွားပြီး သူ၏ရုပ်ရည်သည်လည်း ပုံမှန်ပြန်ဖြစ်လာသည်။ တစ်ချိန်တည်းမှာပင် အဘိုးအို၏မျက်လုံးထဲရှိ မုန်းတီးစက်ဆုပ်မှုသည် ပို၍ပင်ပြင်းထန်လာ၏။
ဤအခိုက်အတန့်တွင် ဟိုးအဝေး၌ပင် ရှိနေသော အင်မော်တယ်နတ်ဘုရားကုန်းမြေ၏ ကျင့်ကြံသူအားလုံး၏ ပါးစပ်မှ အော်ဟစ်ကျိန်ဆိုနေသံများကို ကြားလိုက်ရသည်။
“မန်ဟို မင်း သေရမယ်” ရုတ်တရက်ကြီး တစ်ကမ္ဘာလုံး ပြည့်စုံသွားပုံပေါ်သည်။ မန်ဟို့ကျင့်ကြံအဆင့် ကျဆင်းသွားသည်နှင့် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကား ပို၍နိုးကြားလာကြဟန်တူလေသည်။