ရှင်းလင်းစွာ မြင်လိုက်ရခြင်း
Vol. 113 Ch. 1570
“ဆိုတော့ ဒီလိုကိုး” မန်ဟိုက အေးစက်သောအသံဖြင့် ပြောသည်။ သူသည် ညာလက်ကို ဝှေ့ယမ်းလိုက်ရာ အဘိုးအိုမှာ ဖောင်းခနဲ ပေါက်ကွဲကာ ခန္ဓာနှင့်ဝိညာဉ်ပါ သေဆုံးသွားတော့၏။
မန်ဟိုသည် သိပ်မလှမ်းမကမ်းရှိ ရုပ်တုကြီးအား ကြည့်လျက် ရပ်နေ၏။ သူ့ကိုယ်သူ အနှစ်သာရ ၉ ခုအဆင့်သို့ နှိမ့်ချ၍ တန်ခိုးရှင်အငွေ့အသက်များကို ဖုံးကွယ်ပြီးနောက် သူက ကျင့်ကြံသူများနှင့် ရုပ်တုကြီးကို ကြည့်လိုက်သည်။
မည်သည့်မြူမှ မရှိတော့။ ယခုတွင် ရုပ်တုကြီး၏မျက်နှာ၌ ဖြောင့်မြတ်တည်ကြည်မှုတို့ ပြည့်နှက်နေသည်။
“ငါ့ကျင့်ကြံအဆင့်က တာအိုအရင်းအမြစ်နယ်ပယ်ထက် ကျော်လွန်ပြီး ဘိုးဘေးအဆင့်တစ်ပိုင်းထဲ ရောက်နေပြီ ... နည်းနည်းလောက် ထပ်တိုးတက်သွားရင် သဲလွန်စတွေတင်မဟုတ်ဘဲ အမှန်ကို ငါ မြင်ရလိမ့်မယ်” အတန်ငယ်တွေးပြီးနောက် မန်ဟိုသည် လက်ဝှေ့ယမ်းကာ တိုက်ခိုက်နေသော အင်မော်တယ်နတ်ဘုရားကမ္ဘာသားများကို သုတ်သင်ဖို့ လှိုင်းတစ်လှိုင်း ပို့လွှတ်လိုက်၏။ ထို့နောက် သူ၏ကျင့်ကြံခြင်းအခြေခံကို အနှစ်သာရ ၉ ခုအဆင့်မှ တာအိုအရင်းအမြစ်နယ်ပယ်သို့ ပြန်မြှင့်တင်လိုက်သည်။ သူ၏တန်ခိုးရှင်အရှိန်အဝါသည် တစ်ခါမှထွက်ပေါ်မလာဖူးသော တန်ခိုးစွမ်းအားဖြင့် ဖြာထွက်လာရင်း အင်မော်တယ်နတ်ဘုရားကမ္ဘာအား ကြောက်လန့်နေသကဲ့သို့ တုန်ခါသွားစေတော့သည်။
ထိုတန်ခိုးစွမ်းအားသည် တန်ခိုးရှင်အဆင့်အပြင်အားကိုယ်မှ မဟုတ်သလို၊ တန်ခိုးရှင်အဆင့်ကျင့်ကြံခြင်းအခြေခံမှလည်း မဟုတ်၊ ဤအခိုက်အတန့်တွင် မန်ဟို၏ တန်ခိုးရှင်အဆင့်ဝိညာဉ်၏ စိတ်ဆန္ဒ ထွက်ပေါ်လာချေပြီ။ တာအိုအရင်းအမြစ်နယ်ပယ်ကို ကျော်လွန်၍ ဘိုးဘေးအဆင့်သို့ တစ်ပိုင်းဝင်ရောက်နေပြီဖြစ်သော အနန္တစွမ်းအားသည် တဖွေးဖွေးလှုပ်နေ၏။
ထိုအချိန်မှာပဲ အင်မော်တယ်နတ်ဘုရားကမ္ဘာသားတို့၏ အော်ဟစ်ကျိန်ဆိုသံများ ရုတ်တရက် တိုးဝင်သွားသည်ကို မန်ဟို ခံစားလိုက်ရသည်။ နောက်ဆုံးတော့ ... တစ်သံမှ မကြားရတော့ပေ။
ယခုတွင် အင်မော်တယ်နတ်ဘုရားကမ္ဘာ၏ ကျင့်ကြံသူများ၌ မည်သည့်အသိစိတ်မှ မရှိကြတော့ပေ။ တန်ခိုးရှင်အဆင့်ကျင့်ကြံသူ၏ ရုပ်တုကြီးနှင့်ပတ်သက်၍မူ သူ၏မျက်နှာသည် စောစောကနှင့်တခြားစီ ပုံဆင်းပျက်နေ၏။ ထိုမျှသာမက အင်မော်တယ်နတ်ဘုရားကမ္ဘာတစ်ကမ္ဘာလုံး မြူများ ဖုံးနေလေသည်.....
မန်ဟိုသည် ရုပ်တုကြီးကို ကြည့်လျက် ရပ်နေပြီးနောက် တခဏကြာသော် လက်ဝှေ့ယမ်းလိုက်ရာ အင်မော်တယ်နတ်ဘုရားကမ္ဘာ၏ အနှစ်သာရ ၈ ခုကျင့်ကြံသူတစ်ယောက် ဖျတ်ခနဲ ပျောက်ကွယ်သွား၏။ သူ မန်ဟို့အရှေ့တွင် ပြန်ပေါ်လာသည့်အခါ မန်ဟိုက သူ့လည်ပင်းကို လှမ်းချိုးလိုက်သည်။ မန်ဟိုသည် အာရုံအပြည့်အဝမစူးစိုက်လျှင် သတိထားမိမည်မဟုတ်သည့် အရှိန်အဝါတစ်ခုကို မခံစားရမချင်း အနှစ်သာရ ၈ ခုကျင့်ကြံသူအား အသေးစိတ်လေ့လာနေ၏။
အဆိုပါအရှိန်အဝါကား အနှစ်သာရ ၈ ခုပါရာဂွန်၏ မျက်စိ၊ နှား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ စိမ့်ထွက်ပြီးနောက် အဝေးရှိ ရုပ်တုတစ်ရုပ်ဆီ စီးဆင်းသွားနေသည်။ ဤကုန်းမြေအပေါ်၌ ထိုကဲ့သို့ရုပ်တုစုစုပေါင်း ကိုးရုပ်တည်ရှိ၏။ ရှစ်ရုပ်က ကုန်းမြေ၏အနားပတ်ပတ်လည်တွင် ရှိကာ ပို၍ကြီးမားသော တစ်ရုပ်က အလယ်တွင် ဖြစ်သည်။
“ဘာတွေ ဖြစ်နေတာလဲ ငါတကယ် မြင်ချင်ရင် .... အဲဒီလောက်မခက်ခဲသင့်ဘူး” မန်ဟိုက ညာလက်ကို ဆန့်တန်းလိုက်ရာ ကြေးမုံပျံထွက်လာပြီး အရည်ပျော်သွားသည်။ ၎င်းသည် အနက်ရောင်အမျှင်များအသွင်ပြောင်းကာ အနက်ရောင်ချပ်ဝတ်အသွင်ဖြင့် မန်ဟို့ကို လျင်မြန်စွာ လွှမ်းခြုံသွား၏။
ကြက်တူရွေး၏စွမ်းအားကို ငှားယူခြင်းဖြင့် မန်ဟိုသည် သူ၏ကျင့်ကြံခြင်းအခြေခံကို ... ဘိုးဘေးနယ်ပယ်အထိရောက်အောင် တွန်းပို့နိုင်လိုက်လေပြီ။
ဝုန်းးးးးးးးးးးးးး
လေဆင်နှာမောင်းကြီးတစ်လုံး သူ့ကိုလည့်ပတ်လျက် တိုက်ခတ်နေသဖြင့် သူ့ဆံပင်ရှည်များ ပျံ့လွင့်နေသည်။ အာကာပြင်ကျယ်ကျောင်းတော်မှာ ဤအမြင့်ဆုံးတန်ခိုးအဆင့်ကြောင့် အံ့အားသင့်သွားလေသည်။ တစ်ချိန်တည်းမှာပင် ကြက်တူရွေးက ဂီးခနဲ အော်ရင်း ပျံထွက်လာကာ မန်ဟို့နဖူးထဲ ဝင်ရောက်၍ သူ၏ပိတ်ထားသော တတိယမျက်လုံး၊ တာအိုမျက်လုံးနှင့် ပေါင်းစည်းသွားသည်။ ချက်ချင်းပင် တာအိုမျက်လုံးကား ခရမ်းရောင်တောက်လာတော့သည်။
ထို့နောက် မန်ဟိုသည် သူ၏မျက်လုံးနှစ်လုံးကို ပိတ်၍ တာအိုမျက်လုံးများ ဖွင့်လိုက်၏။ ခရမ်းရောင်အလင်းက တစ်လောကလုံးတွင် စိုးမိုးသွားကာ တစ်ချိန်တည်းမှာပင် .... မန်ဟို၏အမြင်လည်း လုံးဝပြောင်းလဲသွားသည်။
အင်မော်တယ်နတ်ဘုရားကုန်းမြေ၏ ကျင့်ကြံသူများမှာ တကယ်တော့ ချီနှင့်သွေးအစုအဝေးများမှ ဖြစ်ပေါ်လာကြောင်း သူ တွေ့လိုက်ရသည်။ သူတို့သည် အနက်ရောင်မြူများပြည့်နေသော ကောက်ကြောင်းများသာ ဖြစ်ရာ ပုံပန်းသွင်ပြင်များကား လွန်စွာထိတ်လန့်ဖွယ်ကောင်းလှ၏။
ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ကလေးဖြစ်စေ၊ လူကြီးဖြစ်စေ၊ ကျင့်ကြံအဆင့်မည်သို့ပင် ဖြစ်စေ၊ မန်ဟို့အတွက် သူတို့ကား ...ချီနှင့်သွေးအစုများသာ ဖြစ်ကြလေသည်။
သူတို့ထဲမှ တစ်ယောက် သေသွားတိုင်း အနီးဆုံးရုပ်တုထံမှ စုပ်ယူခြင်းခံရလိမ့်မည်။ သူတို့ကိုယ်အတွင်းရှိ အနက်ရောင်မြူများက သူတို့၏ဝိညာဉ်၊ သူတို့၏ပုံစံအစစ်အမှန် ဖြစ်ဟန်တူသည်။
ထို့အပြင် အဆိုပါအနက်ရောင်မြူများအတွင်းတွင် လောကပါလနတ်မင်းစိတ်ဆန္ဒ၏ အငွေ့အသက်များအပြင် .... ၎င်းနှင့်အရှိန်အဝါတူညီသော ဝိညာဉ်မျှင်များကိုပင် မန်ဟို တွေ့ရှိသွားလေသည်။
မန်ဟိုသည် သူ၏နတ်ဘုရားအာရုံဖြင့် အင်မော်တယ်နတ်ဘုရားကမ္ဘာတစ်ကမ္ဘာလုံးအား လွှမ်းခြုံလိုက်ရာ အနည်းစုမှအပ ကျင့်ကြံသူအားလုံး ထိုအတိုင်းသာဖြစ်ကြောင်း သတိထားမိသွား၏။
အဆိုပါအနည်းစုအနက် တစ်စုမှာတော့ မျိုးနွယ်စုတစ်စုပင်။ ထိုမျိုးနွယ်စုသည် စစ်ပွဲ၌ ဝင်မပါဘဲ တွေဝေရှုပ်ထွေးနေသော မျက်နှာအမူအရာများဖြင့် တင်ပျဉ်ခွေထိုင်နေကြ၏။ အတော်များများ၏ မျက်နှာများက မန်ဟို့အတွက် ရင်းနှီးလေသည်။
၎င်းကား.... ဝမ်မျိုးနွယ်စုမှလွဲ၍ တခြားမဟုတ်။
နတ်ဘုရားမျိုးနွယ်သွေးများ သွေးကြောများတစ်လျှောက် စီးဆင်းနေသော ဝမ်တန်ဖေးကိုပင် မန်ဟို မြင်လိုက်ရသည်။
ဝမ်မျိုးနွယ်ကျင့်ကြံသူအားလုံးသည် အနက်ရောင်မြူများ မျိုးနွယ်စုထဲ ဝင်မလာအောင် အဆက်မပြတ်ဟန့်တားပေးနေသော ဧရာမမန္တန်ဝင်္ကပါကြီးဖြင့် ဝန်းရံလျက် တင်ပျဉ်ခွေတရားထိုင်နေကြ၏။
မန္တန်ဝင်္ကပါက တကယ်တော့ အလွန်ရှုပ်ထွေးသော နေရာရွေ့ပြောင်းခြင်းမုခ်ဝဖြစ်ကြောင်း မန်ဟို သတိပြုမိရန် တခဏသာ ကြာလိုက်သည်။ ၎င်းသည် မြန်မြန်ဆန်ဆန် အသက်ဝင်လာမည်မဟုတ်သည့်အပြင် ပို၍ပင်အံ့အားသင့်ဖွယ်ကောင်းသည်ကား... အာကာပြင်ကျယ်စကြဝဠာ၏အပြင်သို့ ဦးတည်နေပုံပေါ်ခြင်းပင်။
ထို့နောက် မန်ဟို့အာရုံက ဝမ်မျိုးနွယ်စုထဲတွင်မဟုတ်သော တစ်စုံတစ်ယောက်ဆီ ရောက်သွားသည်။ ထိုလူ့ကို မြင်သည်နှင့် မည်သူမှန်း မန်ဟို မှတ်မိသွားသည်။ ၎င်းကား ပထမတောင်ပင်လယ်မှ အက်ရှလွန်ကျင့်ကြံသူဟောင်း တာအိုကောင်းကင်မှတစ်ပါး အခြားသူမဟုတ်ပေ။
တာအိုကောင်းကင်သည် အိုမင်းနေသော်လည်း မန်ဟိုကတော့ သူ့ကို မှတ်မိသေး၏။ ကံဆိုးစွာနှင့် တာအိုကောင်းကင်မှာ သူ၏အပြင်အားကိုယ်ကို စားသုံးနေသော အနက်ရောင်မြူများဖြင့် ရစ်ပတ်ခံထားရလေသည်။ အစားခံနေရသောအဖြစ်အား သူပင် သတိထားမိဟန်မတူ။
တခဏကြာသော် မန်ဟိုက သူ၏နတ်ဘုရားအာရုံကို မြေပြင်တစ်လျှောက် ထပ်မံဖြန့်ကျက်လိုက်သည့်အချိန် ထူးခြားသောလူများကို တွေ့ရှိသွား၏။ စုစုပေါင်းရှစ်ယောက်ရှိပြီး အင်မော်တယ်နတ်ဘုရားကမ္ဘာ၏ မတူညီသောနေရာများတွင် တည်ရှိကြလေသည်။
သူတို့သည် တခြားသူများနည်းတူ ချီသွေးတို့ဖြင့် ဖွဲ့စည်းထားသော်လည်း သူတို့ကိုယ်ထဲ၌ လောကပါလနတ်မင်း၏စိတ်ဆန္ဒဖြစ်သော အနက်ရောင်မြူများ မရှိသလို၊ ထူးဆန်းသော ဝိညာဉ်အမျှင်များလည်း ကင်းမဲ့နေသည်။
ဤလူရှစ်ဦးက ထူးခြားကြောင်း မန်ဟို သဘောပေါက်လိုက်သည့်အခိုက်အတန့်မှာပင် သူတို့လည်း သူ၏တည်ရှိမှုကို ခံစားလိုက်ရဟန်တူပြီး သူရှိရာသို့ အာရုံစိုက်လိုက်ကြသည်။
သူတို့တွင် တွေဝေရှုပ်ထွေးသည့်ခံစားချက်များ ပြည့်နှက်နေကြောင်း မန်ဟို ချက်ချင်း ခံစားလိုက်ရသည်။
နောက်ဆုံးတော့ မန်ဟိုက သူ၏တာအိုမျက်လုံးကို ပိတ်လိုက်လေသည်။ သူ၏မျက်လုံးနှစ်လုံး ပွင့်လာပြီး သူက အင်္ကျီလက်စခါလိုက်သည်။ အနက်ရောင်ချပ်ဝတ်သည် ကြေးမုံအသွင်ပြန်ပြောင်းရင်း ပျောက်ကွယ်သွားလျှင် သူက ကြေးမုံကို သိမ်းလိုက်သည်။
တိုက်သံခိုက်သံများကား သူ့ပတ်ပတ်လည်တွင် ပွက်လောရိုက်ဆူညံနေဆဲပင်။ အာကာပြင်ကျယ်ကျောင်းတော်သည် အာကာပြင်ကျယ်စကြဝဠာ၏ နံပါတ်တစ်အင်အားစုဟု အမှန်တကယ် ခေါ်ထိုက်ပေ၏။ တစ်ဂိုဏ်းလုံး စစ်ဆင်နေကြပြီး နဝမဂိုဏ်း၏ ပြိုင်ဘက်ကင်းအင်အားနှင့် ပုတ်သင်ဘုရင်အပါအဝင် ထူးဆန်းသောဖြစ်တည်မှုများကို ထည့်တွက်ပါလျှင် အင်မော်တယ်နတ်ဘုရားကမ္ဘာအနေဖြင့် ပြန်မတိုက်ခိုက်နိုင်သည်သာ။ အာကာပြင်ကျယ်ကျောင်းတော်သားများက ပိုပို၍စီးနင်းဝင်ရောက်လာနေကြသဖြင့် မြေထုတစ်ခုလုံးမှာ ပြင်းပြင်းထန်ထန် လှုပ်ခတ်နေတော့သည်။
မန်ဟိုသည် တိုက်ပွဲကို လျစ်လျူရှုထား၏။ သူ လှုပ်ရှားတော့မည့်အချိန်မှာပဲ မြေထုတစ်ခုလုံး သိမ့်ခနဲ တုန်သွားသည်။ မရေမတွက်နိုင်သောကျင့်ကြံသူများသည် ဒူးထောက်ကာ မိုးကောင်းကင်အား ရှိခိုးလိုက်ကြ၏။ အကုန်လုံး စကားတစ်ခွန်းတည်းအား ပြိုင်တူ အော်ဟစ်နေကြလေသည်။
“ခေါင်းဆောင်ကြီး ကျွန်တော်မျိုးတို့ဆီ လာပါတော့”
“ခေါင်းဆောင်ကြီး ကျွန်တော်မျိုးတို့ဆီ လာပါတော့”
“ခေါင်းဆောင်ကြီး ကျွန်တော်မျိုးတို့ဆီ လာပါတော့”
သူတို့၏အသံများသည် မိုးနှင့်မြေအား လှုပ်ခတ်သွားစေသော အသံလှိုင်းကြီးအဖြစ် ပေါင်းစည်းသွား၏။ မြေထုကြီးမှာ တဝုန်းဝုန်းတုန်ခါလာကာ ထူးဆန်းသည့်အရှိန်အဝါတစ်ခု ရုတ်တရက် ဆင်းသက်လာသည်။
အရာအားလုံး ရေခဲတမျှ အေးစက်လာသည့်တိုင် ဤစိတ်ဆန္ဒမှာ အသိစိတ်မရှိကြောင်း မန်ဟို ခံစားရလေသည်။ တစ်စုံတစ်ယောက်က ၎င်းကို ကျောက်စိမ်းပြားတစ်ပြားအပေါ် ခတ်နှိပ်ခဲ့ပြီး ယခုတွင် အတင်းအကြပ်ထုတ်လွှတ်နေသည့်အလား ထင်ရသည်။