← Chapters

စိတ်ဝိညာဉ် ဖွင့်ခြင်း

Vol. 2 Ch. 16

စိတ်ဝိညာဉ် ဖွင့်ခြင်း

Vol. 2 Ch. 16

ကိုးဘဝ ပျောက်ကင်းဆေး ပုလင်း ငါးသောင်း။ လုကျိုးကျွင်း၏ တွက်ချက်မှုအရ အားလုံးရောင်းရန် ခြောက်လပင် ယူသော်လည်း ထိုအရာသည်ပင် ကြီးမားသည့် အောင်မြင်မှု ရနေပြီ ဖြစ်၏။ အဆုံးသတ်မှာ လက်တွေ့တွင် ဈေးနှုန်းကို မြင့်ပြီးသည့်အပြင် တစ်ရက်ချင်း ဝယ်ယူနိုင်မည့် ပမာဏကို ကန့်သတ်ပြီးသည့် နောက်တွင် ငါးရက်မြောက်နေ့၌ ထိုမျှ ဆေးအများပြားကို ရောင်းထွက်ခဲ့ခြင်း ဖြစ်သည်။ သူတို့နေ့စဉ် ဝယ်ယူနိုင်သည့် ဆေးပမာဏကို ကန့်သတ်ပြီးသည့် နောက်တွင် ကိုးဘဝ ပျောက်ကင်းဆေးသည် ဆယ့်နှစ်ရက်မြောက် နေ့တွင် အကုန် ရောင်းချပြီးသား ဖြစ်သွားလေသည်။

ကိုးဘဝ ပျောက်ကင်းဆေး အရည်အသွေးမြင့် ဗားရှင်း ရောင်းချမှု အပါအဝင် ဒန်းဟန် ဆေးလုပ်ငန်းသည် အမြတ်ငွေသီးသန့် ရွှေပြား ၂၅၀၀၀၀ ဝင်နေပြီ ဖြစ်သည်။ ကိုးဘဝ ပျောက်ကင်းဆေး ထုတ်လုပ်သည့် ကုန်ကျငွေသည် သုညနီးပါးရှိသည်ဟု ပြော၍ရသည်။ ထို့ကြောင့် ရောင်းချမှု အားလုံးသည် အမြတ်ငွေများသာ ဖြစ်၏။

ဆိုင်အပြင်ဘက်တွင် လူအများအပြား ဆေးဝယ် ယူချင်ကြသည်ကို မြင်သော်လည်း ရောင်းချရန် ဆေးလက်ကျန် မရှိတော့ချေ။ လုကျိုးကျွင်းသည် စိုးရိမ်လာခဲ့သည်။

“လုလု ... ဒါတွေ ထိန်းထားလိုက်ဦး ...  ငါ ညီလေးမိုနဲ့ ကိုယ်တိုင်တွေ့ဖို့ လိုအပ်နေပြီ ... ”

ထိုအခိုက်အတန့်တွက် လုကျိုးကျွင်းသည် မိုဝူကျီက သူ့ဖခင်ကို ကျော်လွန်၍ မိုထင်းချန်ဆီမှ ဆေးဖော်စပ်သည့် အရည်အချင်းများ အမွေရရှိခြင်း ဖြစ်မည်ဟု အပြည့်အဝ ယုံကြည်သွားလေသည်။ ထိုသို့ မဟုတ်လျှင် သူသည် ကိုးဘဝ ပျောက်ကင်းဆေးကို မည်သို့ ဖော်စပ်နိုင်မည်နည်း ... .

သူသည် လွန်ခဲ့သည့် ဆယ်ရက်က မိုဝူကျီကို ရှာရန် အခြားသော အကြောင်းပြချက် ရှိခဲ့သည်။ ဤအကြိမ်တွင် သူသည် မိုဝူကျီအား ကိုးဘဝ ပျောက်ကင်းဆေး တတိယအသုတ် ထုတ်ဖော်ရန် အရှိန်မြင့်စေလိုခြင်း ဖြစ်၏။ ဒုတိယအသုတ်သည် လက်ရှိ ကစော်ပေါက်သည့် အခြေအနေထဲ ရှိနေပြီး အဆင့်သင့်နီးပါး ဖြစ်နေလေပြီ။ သို့သော်လည်း မိုဝူကျီသည် တတိယအသုတ်ကို ထုတ်လုပ်ရန် ရည်ရွယ်ချက်ရှိဟန် မပေါ်ပေ။ တစ်နေ့လုံး စမ်းသပ်ခန်းအတွင်း အောင်းနေပြီး ဆေးအသစ် ဖော်စပ်ချင်သည်သာ ပြောနေလေ၏။

အကယ်စင်စစ် အားဖြင့် လုကျိုးကျွင်း အစီအစဉ်အရ ဒန်းဟန် ဆေးလုပ်ငန်းသည် ကိုးဘဝ ပျောက်ကင်းဆေးနှင့် အဆင်ပြေနေ၍ အခြားသော ဆေးအသစ်များကို ထုတ်လုပ်ရန် မလိုအပ်ချေ။ သို့သော် မိုဝူကျီက တာဝန်ယူထားခြင်း ဖြစ်သည့်အတွက် သူဆေးအသစ် ဖော်စပ်လိုလျှင် ဖော်စပ်မည်သာ ဖြစ်သည်။

“သူဌေးလု ... ဆရာမိုက သူမထွက်မလာမချင်း တစ်ယောက်မှ လာမရှာဖို့ ပြောထားတယ် ... .အစားလာပို့တဲ့သူ အပါအဝင် ... သူတို့တွေကို ပြတင်းပေါက်မှာပဲ ချခိုင်းတာ ... အကယ်၍ အစားသာ မစားခဲ့ဘူးဆိုရင် အသစ်နဲ့ ပြန်လှယ်ပေးရတာ ...” လုလုသည် အလောတကြီး ပြောလိုက်သည်။

သူမသည် သူဌေးလုက ဆရာမိုအခန်းထဲ ဇွတ်ဝင်သွားပြီး နှစ်ယောက်ကြား အငြင်းအခုံဖြစ်မည်ကို စိုးရိမ်လှသည်။ ဆရာမိုသည် သူမ မြင်ဖူးသမျှတွင် အတော်ဆုံး ဆေးဖော်စပ်သူ ဖြစ်၏။ စိတ်အနှောင့်အယှက် ပေး၍ရသော ဆရာမျိုး မဟုတ်ချေ။

“ကောင်းပြီ...”

လုကျိုးကျွင်းသည် ကိုယ့်ခေါင်းကိုသာ ပြန်ပုတ်လိုက်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က ချန်လင်းဆေးဆိုင်မှ လူတချို့သည် သူနှင့် ကိုးဘဝပျောက်ကင်းဆေး အကြောင်း လာရောက် ဆွေးနွေးသည်တွင် သူသည် မိုဝူကျီခေါင်းပေါ်သို့ အကုန်ပုံချလိုက်၏။ သူသည် မိုဝူကျီသည် ဆေးအသစ်ကို စမ်းသပ်နေဆဲ ဖြစ်ကြောင်း ထိုကိစ္စသည် မိုဝူကျီ ထွက်လာသည်ကို စောင့်ရန် လိုအပ်ကြောင်း ပြောခဲ့သည်။ မိုဝူကျီ၏ ပင်ကိုစရိုက်သည် သူသည် ဆေးများကို စမ်းသပ်နေစဉ် တစ်ယောက်ယောက် နှောင့်ယှက်ပါက ဒေါသ အမျက်ခြောင်းခြောင်း ထွက်မည့် လူစားမျိုးဖြစ်၏။

ကမ္ဘာကြီးက သူ့ကို မျက်နှာသာ ထပ်၍ ပေးကြောင်း မည်သူသိမည်နည်း။ မည်သူကို သူရန်စမိပါစေ ...  သူ့၏ ပိုက်ဆံရှာစက် ဖြစ်သည့် မိုဝူကျီကိုတော့ ရန်မစဝံ့ပေ။

မိုဝူကျီသည် ဖရိုဖရဲ သွင်ပြင်ဖြင့် စားပွဲပေါ်မှ အစိမ်းရောင် ဖန်ပုလင်း ဆယ်ပုလင်းကို ကြည့်ပြီး ကျေနပ် အားရသွား၏။ ထိုသည်က နေ့ညမပြတ် အလုပ်ကြိုးစားမှု၏ ရလဒ်ပင် ဖြစ်၏။ ဆယ်ပုလင်းထဲမှ တစ်ပုလင်းကို သောက်ပြီးသည်နှင့် သူသည် ဝိညာဉ်ကြောရှိ၊ မရှိကို သွားစစ်ဆေးမှာ ဖြစ်၏။ အကယ်၍ ရှိခဲ့လျှင် သူသည် ရွှေပြားများဝင်ဖို့ ဆက်လက် လုပ်ဆောင်ရင်း စိတ်ဝိညာဉ်ကို ဖွင့်ရန် ပြင်ဆင်လိမ့်မည်။

လန်ယုနှင့် လုကျိုးကျွင်းတို့ စကားများအရ ဝိညာဉ်လမ်းကြောင်း ရှိမှသာလျှင် ဝိညာဉ်စွမ်းအင်ကို စုပ်ယူနိုင်ပြီး ဝိညာဉ်လမ်းကြောင်း ပိုင်ဆိုင်သည့် ဝိညာဉ်ကြော ပိုင်ရှင်အတွက်သာ ဖြစ်နိုင်လေသည်။ မိုဝူကျီတွင် ဝိညာဉ်ကြော မရှိသည့် အကြောင်းသည် သူ့ဝိညာဉ် လမ်းကြောင်း ပိတ်နေ၍ သို့မဟုတ် ဝိညာဉ်လမ်းကြောင်း လုံးဝမပိုင်ဆိုင်၍သာ ဖြစ်ရမည်။

မိုဝူကျီအတွက် ဝိညာဉ် လမ်းကြောင်းများသည် ချီသွေးကြောများနှင့် တူညီ၏။ သူဖော်စပ်ထားသည့် ချီသွေးကြော ဖွင့်သည့်ဆေးသည် ချီသွေးကြောများကို ရှင်းရှင်းလင်းလင်း ခံစားလာစေပြီး ပိတ်ဆို့မှုများကို ပယ်ဖျက်ပေး၍ ဝိညာဉ်စွမ်းအားကို စုပ်ယူခြင်းနှင့် သိမ်းဆည်းခြင်းများ ခွင့်ပြုနိုင်လေ၏။ သူသာ ဝိညာဉ်စွမ်းအား စုပ်ယူ၍ရလျှင် သူ့တွင် ဝိညာဉ်ကြော ရှိသည်ဟု ဆိုလိုခြင်းများလား ... .

“ဟားဟား ... .ဒီဆေးကို သွေးကြောဖွင့် ဆေးလို့ ခေါ်ရမယ် ... ”

မိုဝူကျီသည် ရယ်ချင်စိတ်ကို ထပ်၍ မထိန်းချုပ်နိုင်တော့ပေ။ ဤသည်က သူနောက်ကျော ဓားထိုးခံရပြီး နောက်တွင် ပထမဆုံးအကြိမ် ထိုမျှ ပျော်ရွှင်ဖူးခြင်း ဖြစ်၏။

မိုဝူကျ ရယ်သံကို ကြားသောအခါ စိုးရိမ်ပူပင်နေသည့် လုကျိုးကျွင်းသည် လုလု၏ သတိပေးမှုကို ဂရုမစိုက်တော့ပဲ အပေါ်သို့ အပြေးအလွှား တက်သွားခဲ့သည်။

“ဟားဟား ...  အစ်ကိုလု ... ဒီရက်အတွင်း ခင်ဗျားလက်တွေ ကြွက်တက်တဲ့အထိ ပိုက်ဆံ ရေနေတယ်မလား ...”

မိုဝုကျီသည် အိတ်ကို လက်မှာကိုင်ထားရင်း တံခါးကိုဖွင့်ကာ လုကျိုးကျွင်းဆီ ပြုံး၍ လျှောက်လာခဲ့သည်။

လုကျိုးကျွင်းသည် ပုံမှန်အားဖြင့် အလွန် ပျော်ရွှင်နေသည်။ မိုဝူကျီသည် သွေးကြောဖွင့်ဆေးကို ထုတ်လုပ်နိုင်ခဲ့သည်။ သို့သော် စိတ်တထင့်ထင့် ဖြစ်နေလေသည်။ ထိုအရာကို ဘာလဲဆိုတာ သူမပြောတတ်ပေ။

ထားလိုက်ပါ ... ငါ့ရဲ့ ဝိညာဉ်လမ်းကြောင်း ဖွင့်ပြီးမှ ဆက်စဉ်းစားတာပေါ့ ... .

စိတ်လှုပ်ရှားနေသည့် မျက်နှာဖြင့် လုကျိုးကျွင်းသည် ပြောလိုက်သည်။

“ညီလေးမို... ငါတို့ အောင်မြင်သွားပြီ ... ကိုးဘဝ ပျောက်ကင်းဆေးက ပန်ကိတ်လို အရောင်းသွက်နေတယ် ... တကယ့်ကို ပန်ကိတ်လိုမျိုးပဲ...”

မိုဝူကျီသည် လက်ကို ညင်သာစွာ ဝှေ့ယမ်းရင်း ပြောလိုက်သည်။

“ကျွန်တော် သိပါတယ် ... ဒါက ဖြစ်ကို ဖြစ်ရမယ့်ကိစ္စလေ ... အို ... ဟုတ်သား ... ကျွန်တော်ရဲ့ ရွှေပြားရှယ်ယာတွေကို ရွှေချက်လက်မှတ် အဖြစ် ပြောင်းပေးပါဦး...”

“ဒါပေါ့ ...  ဒါပေါ့ ... အဲဒါအပြင် ... ငါတို့ဆိုင်က ... ”

လုကျိုးကျွင်း စကားဆုံးသည်အထိ မစောင့်ဘဲ မိုဝူကျီသည် သူ့အား လက်ကာ ပြလိုက်ရင်း

“ကျွန်တော် သိတယ် ...  ပိုကြီးမားတဲ့ သတင်းတွေအတွက် ကျွန်တော် ရေမိုးချိုးပြီး တစ်ရက်လောက် နားပြီးရင် ပြောကြတာပေါ့”

ထိုစကားကို ပြောပြီးသည့် နောက်တွင် မိုဝူကျီသည် လုကျိုးကျွင်းနှင့် ဆက်၍ မပြောတော့ချေ။ သူ့ကို ကျော်တက်သွားပြီး ဒန်းဟန် ဆေးလုပ်ငန်း၌ နေထိုင်ရာ အခန်းဆီ ဦးတည်သွားခဲ့သည်။

သွေးကြောဖွင့်ဆေးသည် ထုတ်လုပ်ပြီးပြီ ဖြစ်၍ မိုဝူကျီသည် ရေမိုးချိုးကာ အဝတ်အသစ် လဲရန် ဦးစားပေး သတ်မှတ်လိုက် ပြီးနောက် အိပ်စက်သွားခဲ့သည်။ နိုးလာပြီးနောက်တွင် သူသည် အခြားဘာမျှ မလုပ်ခင် သွေးကြောဖွင့်ဆေးကို သောက်သုံးခဲ့သည်။

ပိုက်ဆံရှာခြင်းက အချိန်မရွေး လုပ်၍ရသည်။ သို့သော် ဝိညာဉ်ကြော ရရှိရေးနှင့် လေ့ကျင့်ရန် ဝိညာဉ်စွမ်းအား စုပ်ယူနိုင်ခြင်း ကိစ္စသည် တစ်ခဏလေးမျှ နှောင့်နှေး၍ မရချေ။

လုကျိုးကျွင်းသည် သူ့ဘေးမှ ကျော်ဖြတ်သွားသည့် မိုဝူကျီ နောက်ကျောအား စိတ်ဆိုးခြင်း အလျှင်းမရှိ ကြည့်နေလေသည်။ ဒန်းဟန် ဆေးလုပ်ငန်းတွင် ပိုင်ရှင်အစစ်သည် သူလုကျိုးကျွင်းမဟုတ်ဘဲ မိုဝူကျီသာ ဖြစ်၏။ ခဏကြာပြီးသည့် နောက်တွင် လုကျိုးကျွင်းသည် ခေါင်းငိုက်စိုက်နှင့် ထွက်ခွာသွားလေသည်။ သူသည် မိုဝူကျီနှင့် ဆိုင်ခွဲအချို့ ဖွင့်ရေးနှင့် ကိုးဘဝ ပျောက်ကင်းဆေး တတိယအသုတ် ထုတ်လုပ်ရေး ကိစ္စများကို မဆွေးနွေးခဲ့ရချေ။

နိုးလာပြီးနောက် ဆေးကြောပြီးသည့် အခါ မိုဝူကျီသည် လန်းဆန်းသွား၍ အစိမ်းရောင် တစ်ပုလင်းကို ထုတ်ယူလိုက်သည်။

သူသည် အရင်တုန်းက သွေးကြောဖွင့်ဆေးကို သောက်ဖူး၍ သူ့ခန္ဓာ တစ်ကိုယ်လုံး ပူလောင်လာမည့် ခံစားချက်ကို သိလေသည်။ ထို့နောက်တွင် သိုင်းပညာ မလေ့လာဖူးသည့် သူပင် ချီသွေးကြောများ ခန္ဓာကိုယ်ထဲ ပွင့်လာကြောင်းကို ရှင်းရှင်းလင်းလင်း ခံစားရမည် ဖြစ်သည်။ ချီသွေးကြောများ ပွင့်သည့် ခံစားချက်သည် မခံရပ်နိုင် လောက်အောင် ဖြစ်ပေမဲ့လည်း သူ့နှလုံးသားတွင် ပြောမပြတတ်သည့် ချမ်းမြေ့စေသော ခံစားချက်တစ်ခု အောင်းနေလေသည်။

သူ့အရင်ဘဝတွင် သူဆေးသောက်ပြီး နောက်တွင် ချီသွေးကြော တစ်ခုပင် အပြည့်အဝ မပွင့်သေးခင် အသတ်ခံ လိုက်ရသည်မှာ အလွန်သနားစရာ ကောင်းလှသည်။

ရှုပ်ထွေးနေသည့် ခံစားချက်များကို ချုပ်ထိန်းလိုက်ပြီး မိုဝူကျီသည် အစိမ်းရောင် ပုလင်းကို ယူကာ ဖွင့်၍ အသက်ဝအောင် ရှူလိုက်သည်။ ထို့နောက် ခေါင်းကိုစောင်းကာ အကုန်လုံးကို တစ်ငုံတည်းဖြင့် မော့သောက်လိုက်သည်။

အရင်ဘဝနှင့် တူညီစွာပင် အနည်းငယ် ခါးသက်သည့် ဆေးအရသာသည် လည်ချောင်းတစ်လျှောက် စီးဆင်းသွားပြီး သူ့ခန္ဓာကိုယ် တစ်လျှောက်လုံး မီးကြောဖြတ်သန်း သွားသလို ခံစားလိုက်ရ၏။ ဤမီးကြော ဖြတ်သန်းသွားသည့် တစ်လျှောက်တွင် အတားအဆီးများ ကျိုးပျက် သွားလေသည်။ မိုဝူကျီသည် ဝိညာဉ်ကြော တစ်ခုဖွင့်ပြီးသည့် ခံစားချက်ကို ရှင်းရှင်းလင်းလင်း သိနေပြီး ဆေးမှ မီးကြောနှင့်အတူ သူ့ခန္ဓာမှာ ရှိနေသည့် ဝိညာဉ်လမ်းကြောင်းများ တဖြည်းဖြည်းချင်း ကျယ်ပြန့်လာလေသည်။

သူ့ခန္ဓာတွင် ခံစားရသည်မှာ တည်ငြိမ်အေးဆေးမှုနှင့် စိတ်လှုပ်ရှားမှု ရောပြွမ်းနေပြီး မီးတောက်သည်လည်း ပို၍ တောက်လောင်နေရင်း သူ့ခန္ဓာမှ အညစ်အကြေး များသည်လည်း ပို၍ လောင်ကျွမ်းနေလေသည်။

မိုဝူကျီသည် လက်သီး ဆုပ်လိုက်ပြီး အကယ်၍သာ ချီသွေးကြောတွေက ဝိညာဉ် လမ်းကြောင်းတွေ ဖြစ်လျှင် ဆေးတစ်ပုလင်းသည် သူ့၏ ဝိညာဉ်လမ်းကြောင်း တစ်ခုကို ဖွင့်ပေးနိုင်၏။ ထို့ကြောင့် သူသည် ဆေးအကူဖြင့် အမြင့်ဆုံးအဆင့် ဝိညာဉ်ကြော ရှိသည့် ကျင့်ကြံသူ ဖြစ်လာရန် မလွယ်ကူပေဘူးလား ... ဝိညာဉ်လမ်းကြောင်း ၉၉ ခုရှိလျှင်ပင် ဘာအရေးလဲ ... သူသည် လွယ်လင့်တကူ ရရှိနိုင်၏။

***

All Chapters