← Chapters

နီးကပ်သည့် ကျရှုံးခြင်း

Vol. 2 Ch. 17

နီးကပ်သည့် ကျရှုံးခြင်း

Vol. 2 Ch. 17

နှစ်နာရီ ကြာပြီးသည့်နောက် မိုဝူကျီ၏ စိတ်အား ထက်သန်မှုသည် တစ်စတစ်စ ကွယ်လွင့်ပျောက်ပျယ် သွားလေသည်။ ဆေးသည် သူ့ချီသွေးကြော တစ်ကြောကို ချဲ့ပေးသော်ငြား နှစ်နာရီကြာပြီးသည့် နောက်တွင် ကျယ်ပြန့်ခြင်းသည် ရပ်စဲသွား၏။ လောင်ကျွမ်းနေသော ခံစားချက်သည်လည်း ဆေးကန့်သတ်ချက် ရရှိသွားသကဲ့သို့ ပျောက်ကွယ်သွားသည်။

မည်သို့ ဖြစ်နိုင်မည်နည်း ... မိုဝူကျီသည် ခေါင်းအေးအေးထား စဉ်းစားလိုက်ပြီး သူ့လမ်းကြောင်းများ ချဲ့သည့် အချိန်က နာကျင်မှုများကိုပင် မေ့ပျောက်သွား၏။

ဤသည်က အမှိုက်သရိုက်များနှင့် ပြည့်နေသည့် ရေမြောင်းနှင့် တူလေသည်။ ရေစီးဆင်းလာသည့် အခါ အမှိုက်များသည် ရေဖြင့် မျောပါသွားရမည် ဖြစ်သည်။ သို့သော် မြောင်းတွင် အမှိုက်များ ရှင်းလင်းမည့် ဆဲဆဲတွင် စီးဆင်းတော့မည့် ရေလက်ကျန် မရှိတော့ချေ။ မျောပါသွားသည့် အမှိုက်များသည် အပေါက်တွင် တစ်ဆို့နေပြီး ဆည်သကဲ့သို့ ဖြစ်ပေါ်နေပြီး ပိတ်ဆို့ခြင်းကို ပို၍ ဆိုးရွားစေသည်။

သူ့အရင်ဘဝတွင် မိုဝူကျီသည် ဆေးသောက်ပြီး နှစ်နာရီမပြည့်ခင် အသတ်ခံလိုက်ရခြင်း ဖြစ်သည်။ ထို့ကြောင့် သူ့တွင် ဖြေဆေးသည် လမ်းကြောင်းကို ဖွင့်နိုင်ခြင်း၊ မဖွင့်နိုင်ခြင်းနှင့် ထိုချီသွေးကြောများသည် တစ်နေရာတွင် ပိတ်ဆို့ခံရခြင်းများ အကြောင်း သဲလွန်စမရှိပေ။

မဟုတ်သေးဘူး ... ပမာဏ မလုံလောက်ခြင်းသာ ဖြစ်ရမည်။

မိုဝူကျီသည် အံကိုကြိတ်၍ နောက်ဖြေဆေး တစ်ပုလင်းကို ဖွင့်ကာ သောက်လိုက်သည်။

ပထမအကြိမ် ဆေးသောက်လိုက်သည့် အချိန်တွင် မီးကြောတစ်ခုကို မျိုချလိုက်သလို ဖြစ်ခဲ့ပြီး ဒုတိယအကြိမ်တွင် မီးလုံးကို မျိုချလိုက်သလို ဖြစ်၏။ မိုဝူကျီသည် သူ့ခန္ဓာတစ်ခုလုံး ဤမီးလုံးက ဝါးမျိုသွားပြီး ပြာအဖြစ် ပြောင်းသွားတော့မည်ဟု ခံစားနေရသည်။

နာကျင်မှုသည် ပြင်းထန်လွန်းသည့် အတွက် အကြောသေ သွားသကဲ့သို့ မြေပြင်ပေါ် လဲကျလာသည်။ အဆုံးတွင် သူ့တစ်ကိုယ်လုံးသည် အကြောဆွဲခြင်း ခံစားနေရပြီး အသက်ရှူဖို့ပင် ခက်ခဲလာခဲ့သည်။ နောက်ထပ် နှစ်နာရီကြာပြီးနောက် ကြွက်သားများ နာကျင်မှုသည် တဖြည်းဖြည်းချင်း ကွယ်ပျောက် သွားလေသည်။

မိုဝူကျီသည် ကတုန်ကယင် ဖြစ်နေသော်ငြား ခုံတန်း၏ အကူအညီဖြင့် မတ်တတ်ရပ် နိုင်ခဲ့သည်။ သူ့နှလုံးသားသည် ရေခဲတမျှ အေးစက်နေလေသည်။ သူသည် ဒုတိယပုလင်း သောက်ပြီးသည့် နောက်တွင် သူ့အား ပိုဆိုးရွားစေပြီး ပိတ်ဆို့မှုသည် ပထမအကြိမ် ကဲ့သို့ တူညီသည့် နေရာမှာပင် ကျန်ရှိနေကြောင်း ရှင်းလင်းစွာ သိရှိလိုက်သည်။

သူသာ တတိယပုလင်း သောက်လျှင် အသက်ပျောက်သွားမှာ သေချာလှသည်။

အတိုချုန်းအားဖြင့် သူ့၏ ချီသွေးကြော ကျယ်ပြန့်ခြင်းဆေး ဖော်စပ်မှုသည် ကျရှုံးမှုတစ်ခု ဖြစ်၏။

အကယ်၍ ထိုမိန်းမသည် ဆေးက မအောင်မြင်မှု တစ်ခုဖြစ်ကြောင်း သိရှိသွားခဲ့လျှင် သူမအပြုအမူများကို နောင်တ ရနေမည်လား ... ဖြစ်နိုင်သည်က သူမသည် သူ့အား ဖြေဆေး အောင်အောင်မြင်မြင် မဖော်စပ်နိုင်ခင် သတ်လိုက်ခြင်းကို နောင်တရခြင်း ဖြစ်လိမ့်မည်။

မိုဝူကျီသည် မှန်ထဲ သူ့၏ ဖြူဖပ်ဖြူရော် မျက်နှာကို မြင်တွေ့နိုင်သည့် စားပွဲဆီ ဖြည်းဖြည်းချင်း ရွေ့သွားလိုက်သည်။ သူသည် နောက်ထပ် အခွင့်အရေး မရှိတော့ကြောင်း သိရှိ၏။ ပျော်ရွှင်မှုမှ စိတ်ပျက်အားငယ်မှုဆီ ကူးပြောင်းသွားဖို့ရန် လေးနာရီသာ လိုအပ်ခဲ့သည်။ လေးနာရီ ကုန်ဆုံးသွားပြီး သူသည် ချီသွေးကြောများကို မဖွင့်နိုင်၍ ကျင့်ကြံနိုင်ခြင်း မရှိသေးချေ။

ကမ္ဘာမြေပေါ်မှာသာ ဆိုလျှင် သူ့တွင် ဖြေဆေးကို ထပ်ပြင်ဆင်ရန် အချိန်ပိုများ ရှိသော်လည်း ဤနေရာတွင် မရှိချေ။ စမ်းသပ်ခန်း အနုပ်စုတ်ကုပ်စုတ်တွင် ဖြေဆေးကို ဖော်စပ်နိုင်သည် ဆိုပါက အံ့ဖွယ်ဖြစ်လိမ့်မည်။ ယခင်က သူသည် အခြား အရာများထက် သူ့အတွေ့ကြုံကို မူတည်၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။

သူသည် သက်ပြင်းချလိုက်ပြီး စိတ်ပျက်စွာဖြင့် သူနဂို အခြေအနေဆီ ဖြည်းညင်းစွာ ရောက်သွားခဲ့သည်။

“ဘယ်လိုပဲ ဖြစ်လာလာ ... ဖြစ်လာမှာပဲ....”

သူသည် ရေကရားကို ယူကာ သူ့ကိုယ်တိုင် ခွက်တစ်ခွက် ငှဲ့လိုက်သည်။

“မဟုတ်သေးဘူး...”

မိုဝူကျီသည် ပြောရင်း နှုတ်ခမ်းနား ကပ်နေသည့် ခွက်ကို ချလိုက်သည်။ သူ့မျက်နှာသည် ပို၍ ဖြူဖျော့လာလေသည်။

အပင်များပေါ်တွင် နှစ်များစွာ စမ်းသပ်မှု ပြုလုပ်ခဲ့ပြီးနောက်တွင် မိုဝူကျီသည် အပင်များ၏ အနံ့များဖြင့် ရင်းနှီးကျွမ်းဝင် လာခဲ့သည်။ သူငှဲ့ချလိုက်သည့် ရေတွင်မြားဆိပ် အနံ့အနည်းငယ် ပါဝင်နေသည်။

ဤအရာသည် သေချာပေါက် အလွန် အဆိပ်ပြင်းသည့် မြားဆိပ်အပင်မှ ထုတ်ထားခြင်း ဖြစ်ရမည်။

မိုဝူကျီသည် တစ်စုံတစ်ယောက်က သူ့ကိုသတ်ချင်မှန်း သိသည့်အရာ အလွန်တရာ တုန်လှုပ်သွားခဲ့သည်။ သူသည် ဆက်၍ စိတ်မပျက်တော့ပေ။

ထိုအခိုက်အတန့်တွင် မိုဝူကျီသည် မည်သို့ ဖြစ်ပျက်ကြောင်း နားလည်သွား၏။ သူသည် တော်ဝင်သွေး ဖြစ်သော်လည်း လူအများက အာရုံမစိုက်ကြသည်မှာ သူသည် အမြဲရူးသွပ်နေ၍ ဖြစ်သည်။ သို့သော် သူသည် ယခု ပြန်ကောင်းမွန် သွားသည့်အပြင် ဒန်းဟန် ဆေးလုပ်ငန်း၏ ထူးထူးကဲကဲ အောင်မြင်မှုကြောင့် ချမ်းသာတော့မည့် အချက်ပါ ထည့်တွက်လျှင် လူအများက စတင်၍ ဂရုပြုမိလာကြသည်။ မည်သူကမှ ရူးသွပ်နေသည့် နိုဘယ် တစ်ယောက်ကို အာရုံမရှိချေ။ သို့သော် လူအများစုသည် စွမ်းဆောင်နိုင်စွမ်း ရှိသည့် မြောက်ဘက်ပိုင်း ချင်စီရင်စု၏ မျိုးဆက်ကိုတော့ ကြောက်ရွံ့လိမ့်မည် သို့မဟုတ် အနည်းဆုံးတော့ ဘုရင်ထီးနန်း လုယူရန် ကြိုးစားဖူးသည့် လူများတော့ ကြောက်ရွံ့ကြလိမ့်မည်။

မိုဝူကျီသည် စားပွဲပေါ်တွင် ခွက်ကို ညင်သာစွာ ပြန်ချထားလိုက်ရင်း မိမိဘာသာ တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ ရှင်းဟန်အင်ပါယာ တစ်ခုလုံးသည် အလွန် ကြီးမားလှ၍ သူသည် ဝိညာဉ်ကို မနိုးထနိုင်လျှင်ပင် နည်းလမ်းမရှိခြင်းဟု မဆိုလိုပေ။ အခွင့်အရေး အနည်းငယ် ရှိသရွေ့ သူ့အနေဖြင် လက်မလျှော့နိုင်ပေ။

ပြန်လည်တွေးတောပြီး နောက်တွင် ပုလင်းခွံများကို သိမ်းဆည်းလိုက်ပြီး မိုဝူကျီသည် ကံကောင်းသည်ဟု ခံစားလိုက်ရ၏။ ကျယ်ပြန့်ခြင်းသာ အောင်မြင်ခဲ့လျှင် သူသည် ရွှေချောင်းများယူကာ စိတ်ဝိညာဉ်ဖွင့် မျှော်စင်သို့ သွားကောင်း သွားလိမ့်မည်။ ထိုသည်က ပို၍ ဆိုးရွားသည့် ကိစ္စများကို ဖြစ်စေနိုင်၏။

ယခင်က သူသည် ဝိညာဉ်လမ်းကြောင်း ဖွင့်နိုင်ခြင်း အပေါ်တွင် လုံးဝအာရုံ ရောက်နေသည့်အတွက် ဖြစ်လာနိုင်မည့် အန္တရာယ်များကို လျစ်လျူရှုထားသလို ဖြစ်ခဲ့သည်။

သူ့၏ ကံဆိုးမှုများသည် ကံကောင်းခြင်းအသွင် ဟန်ဆောင်၍ ရောက်ရှိလာဟန် ဖြစ်၏။

သေဘေးသည် သူ့အပေါ် ကျရောက်တော့မည်ကို မြင်တွေ့ပြီး မိုဝူကျိသည် ဒန်းဟန် ဆေးလုပ်ငန်းတွင် ဆက်နေ၍ မဖြစ်နိုင်ကြောင်း သိရှိလိုက်သည်။ သူ့ကဲ့သို့ သာမန်လူ တစ်ယောက်ကို သတ်ဖြတ်ခြင်းသည် ထမင်းစား ရေသောက်သလို လွယ်ကူပေလိမ့်မည်။

သို့သော် သူသည် မည်သည့်နေရာကို သွားနိုင်မည်နည်း.....

“ဆရာမို ... ချန်လင်း ဆေးလုပ်ငန်းရဲ့ အလုပ်သမားတွေ ရောက်နေကြတယ် ... သူဌေးလုက ဧည့်ခံထားတယ် ... သူတို့က ဆရာမိုကိုပါ ဝင်နွှဲစေချင်နေတယ်....”

လုလုသည် ယဉ်ကျေးစွာ ပြောလိုက်ပြီး မိုဝူကျီ၏ အတွေး ရထားတန်းကြီးကို ဖြတ်တောက်လိုက်၏။

“ကောင်းပြီ ... အခုချက်ချင်း လာခဲ့မယ်...”

မိုဝူကျီသည် တံခါးကို ဖွင့်ရင်း‌ ပြောလိုက်သည်။

“အို..ဟုတ်သား ... စောစောက မတော်တဆ အိုးကို တိုက်မိသွားတယ် ... ကျေးဇူးပြုပြီး သုတ်ပြီး ရှင်းထားပေးပါဦး...”

လုလုသည် မိုဝူကျီ ဒန်းဟန်မှာ နေစဉ်တစ်လျှောက်လုံး အလုပ်အကျွေးပြုလာသူ ဖြစ်၏။ မိုဝူကျီသည် သူ့ကို အဆိပ်ခတ်သူကား လုလုမဟုတ်ကြောင်း ယုံကြည်လေသည်။ အကြောင်းရင်းမှာ ဤနေရာသည် လူများ လွယ်လင့်တကူ ဝင်နိုင်ထွက်နိုင်၍ ဖြစ်သည်။ လုပ်ကြံသူသည် တခြားသူကို အကူညီတောင်း၍ လုပ်ဆောင်ခိုင်းရန် မမိုက်မဲလောက်ချေ။

“ဟုတ်ကဲ့ ဆရာမို....”

လုလု၏ မိုဝူကျီ အပေါ် လေးစားမှုသည် သူမနှလုံးသား အောက်ခြေမှ ထွက်ပေါ်လာခြင်း ဖြစ်၏။ သူမသည် မိုဝူကျီက ဒန်းဟန် ဆေးလုပ်ငန်းအတွက် ခြားနားသည့် ဘဝကို ဆောင်ယူပေးလာကြောင်း သိရှိ၏။

“ဟားဟား ... ညီလေးမို ... မိတ်ဆက် ပေးရဦးမယ် ... ဒါက ချန်လင်း ဆေးလုပ်ငန်းရဲ့ ပိုင်ရှင် မေးရှုပဲ...”

မိုဝူကျီ အစည်းအဝေးခန်းထဲ ဝင်လာသည်နှင့် လုကျိုးကျွင်းသည် မိန်းမပျို တစ်ယောက်ကို ညွှန်ပြရင်း မိတ်ဆက်ပေးလိုက်သည်။ သူ့အား ညီလေးမိုဟု ခေါ်ဆိုရင်း လုကျိုးကျွင်းသည် မိုဝူကျီနှင့်သူ့ကြားရှိ ရင်းနှီးသည့် ဆက်ဆံရေးကို မေးရှုအား အရိပ်အမြွက် ပြနေလေသည်။

“ဟေး.....ညီလေးမို ... မင်း နေမကောင်းဘူးလား...”

လုကျိုးကျွင်းသည် သူမိတ်ဆက်ပေးမှုကို ပြန်နှောင့်ယှက် လိုက်၏။ သူ့အတွက် ချန်လင်း ဆေးလုပ်ငန်းပိုင်ရှင် ဤနေရာတွင် ရှိနေသည်ဆိုလျှင်ပင် မိုဝူကျီသည် သူ့အတွက် အရေးပါဆုံးဖြစ်၏။ မိုဝူကျီ၏ မျက်နှာသည် အလွန် ဖြူဖျော့နေပြီး လမ်းလျှောက် သည်မှာလည်း အလွန် အားနည်းသည့်ပုံ ပေါ်နေလေသည်။

မိုဝူကျီသည် လက်ကို ခါယမ်းလိုက်ရင်း ပြောလိုက်သည်။

“မဟုတ်ပါဘူး ... ဒီရက်အတွင်းမှာ နည်းနည်း ပင်ပန်းသွားလို့ပါ....”

စကားဆုံးသည်နှင့် သူသည် မိန်းမပျိုလေးကို ကြည့်ကာ ပြောလိုက်သည်။

“သူဌေးမေး... ခင်ဗျားကို တွေ့ခွင့်ရတာ ဂုဏ်ယူပါတယ်...”

မေးရှုမျက်လုံးသည် မိုဝူကျီ တစ်ကိုယ်လုံးကို စုန်ချည်ဆန်ချည် ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ဆရာမို ... ရှင့်လို နာမည်ကြီး တစ်ယောက်နဲ့ တွေ့ခွင့်ရတာလည်း အရမ်း ကျေနပ်မိပါတယ်...”

မိုဝူကျီသည် မေးရှု၏ ရည်ရွယ်ချက်ကို သိပေမဲ့ ရယ်မောရင်း ပြောလိုက်သည်။

“ကျွန်တော်က နာမည်ကြီးလိုက် မကြီးလိုက်ပါပဲဗျာ ... တစ်ခါတလေ အခုထိ ဘုရင်လို့ တွေးမိနေဆဲပဲ.....”

ကိစ္စများသည် အလုပ်မဖြစ်လျှင် သူသည် အရူးအဖြစ် ဆက်လက်၍ ဟန်ဆောင်ဖို့ရန်သာ ကျန်တော့၏။

မေးရှုသည် နေရခက်စွာ ရယ်မောလိုက်ပြီး

“ဆရာမိုက ဟာသတွေ ပြောတတ်တာပဲ ... ရှင့်ကို တစ်ယောက်နဲ့ မိတ်ဆက်ပေးပါရစေ...”

သူမသည် ကြင်နာတတ်ပုံ ရသည့် လူလတ် အမျိုးသားကို ညွှန်ပြရင်း ပြောလိုက်၏။

“ဒါက ချန်လင်း ဆေးလုပ်ငန်းရဲ့ အကြီးအကဲ ဝူဟယ်ထိုက်...”

နောက်ထပ် လူကြီး တစ်ယောက်သည် အသက် ၆၀ နီးပါးရှိနေပြီး မေးရှု၏ မိတ်ဆက်ပေးမှုကိုပင် မစောင့်ဘဲ ကိုယ့်ဘာသာ မတ်တတ်ရပ်ကာ ကိုယ်တိုင် မိတ်ဆက်လိုက်သည်။

“ကျွန်တော်က ရောင်းချမှုအပိုင်း တာဝန်ယူထားတဲ့ လျိုးဝမ်ရှုန်းပါ ... ဆရာမိုနဲ့ တွေ့ခွင့်ရတာ အရမ်း ဝမ်းသာမိပါတယ်....”

မိုဝူကျီသည် ချန်လင်း ဆေးလုပ်ငန်းက ဒန်းဟန် ဆေးလုပ်ငန်းသို့ လာရောက်သည့် ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း သိ၏။ သူသည် ပြုံး၍ ပြောလိုက်သည်။

“ထိုင်ပြီး ဆွေးနွေးကြတာပေါ့....”

***

All Chapters