အခု နားလည်သွားပြီ
Vol. 2 Ch. 18
မေးရှုသည် လှပသည်ဟု ယူဆ၍ မရသော်ငြား မိုဝူကျီသည် သူမနှင့် နှီးနွှယ်မှုတစ်ခု ရှိနေသည်ဟု ခံစားမိသည်။ မိုဝူကျီသည် ထိုင်ပြီးနောက် သူမသည် စားပွဲထိုးအကူလေး မလုပ်ဆောင်ခင် သူမက မိုဝူကျီအား လက်ဖက်ရည် ငှဲ့ကာ ထည့်ပေးလိုက်၏။
“ကျွန်မ ....ဆရာမိုရဲ့ လုံးဝဥဿုံ ပြောင်းလဲပစ်နိုင်တဲ့ ကိုးဘဝ ပျောက်ကင်းဆေးမျိုး ဖော်စပ်နိုင်တဲ့ စွမ်းရည်ကို တကယ် အားကျမိတယ် ... ဆရာမိုလည်း ကျွန်မ လာရောက်ရတဲ့ အကြောင်းကို နားလည်မယ်လို့ ယုံကြည်တယ် ... ကျွန်မ အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည် ဖြစ်စေ ... ရှင့်ကိုတော့ လေးစားမှု ပြသသင့်တယ်လေ ... ကိုးဘဝ ပျောက်ကင်းဆေးက လူများစွာ အသက်ကို ကယ်တင်နိုင်တဲ့ အတွက် ဆရာမိုလည်း အကျိုးအများကြီး ရရှိမှာပါ...”
သူမစကားများ ဆုံးသည်နှင့် မေးရှုသည် သူမလက်ထဲမှ လက်ဖက်ရည်ကို သောက်လိုက်၏။
မိုဝူကျီသည် တိတ်တဆိတ် စိတ်ထဲတွင် သက်ပြင်း ချလိုက်မိသည်။ ဤအမျိုးသမီးသည် စကားမည်သို့ ပြောရမည်ကို ကောင်းကောင်းသိလေ၏။
သို့သော် ဤအမျိုးသမီးသည် သူ့ရှေ့တွင် သောက်လိုက်ခြင်းကြောင့် ဤလက်ဖက်ရည်တွင် ဘယ်ပြဿနာမှ မရှိလောက်ချေ။ မိုဝူကျီသည် အလွန်အမင်း ရေငတ်နေသည် ဖြစ်၍ မြန်မြန်ဆန်ဆန် ခွက်ကို မော့ချလိုက်သည်။
လက်ဖက်ရည် သောက်ပြီးနောက်တွင် မိုဝူကျီသည် အလေးအနက် ပြောင်းလဲသွားပြီး ပြောလိုက်သည်။
“သူဌေးမေးက ကျွန်တော်ကို အရမ်းအမြင့်ကြီး တွေးထားတာပဲ ... ကျွန်တော်က ရိုးရိုးသာမန် ဆေးတစ်ခုကို ဖော်စပ်နိုင်ခဲ့တာပါ ... တစ်ဖက်မှာ ဝိညာဉ်ကြောနဲ့ ကျင့်ကြံသူတွေ သုံးစွဲတဲ့ ဆေးတွေနဲ့ ယှဉ်ရင် ကိုးဘဝ ပျောက်ကင်းဆေးက အတော် လိုအပ်နေပါသေးတယ်....”
မေးရှုသည် စိတ်ထဲတွင် ရယ်မောလိုက်သည်။ သူမသည် စုံစမ်းစစ်ဆေးခြင်းများ အကြမ်းဖျင်း ပြုလုပ်ပြီးပြီ ဖြစ်သည်။ သူမသည် မိုဝူကျီတွင် ဝိညာဉ်ကြော မရှိပေမဲ့ ကျင့်ကြံခြင်း အပေါ်တွင် ရူးသွပ်နေသည့် အကြောင်းကို သိရှိခဲ့၏။ မိုဝူကျီ စကားများမှ သူမသည် မိုဝူကျီက ကျင့်ကြံသူများ အကြောင်း မေးမြန်းရန် ကြိုးစားနေကြောင်း ပြောနိုင်၏။
“မိုဝူကျီ ... ရှင်က ရှင့်ရဲ့ ကိုးဘဝ ပျောက်ကင်းဆေးကို အထင်သေးနေတာပဲ ... ကျင့်ကြံသူတွေက ပိုကောင်းတဲ့ ကုသပျောက်ကင်းဆေးတွေ ရှိတာ ဟုတ်ပေမဲ့လည်း အဲဒီဆေးတွေက သာမန်လူသားတွေက အသုံးပြုလို့ မရနိုင်ဘူး ... အဲဒီအပြင် သေမျိုးလူသားတွေက အဲဒီဆေးတွေကို အသုံးပြုနိုင်ရင်တောင် ဆေးတွေက ကိုးဘဝ ပျောက်ကင်ဆေးလိုမျိုး အမြောက်အမြား ဘယ်တော့မှ မထုတ်လုပ်နိုင်ဘူး ... အဲဒါကြောင့် ကျွန်မပြောတဲ့အတိုင်း ကိုးဘဝ ပျောက်ကင်းဆေးက လုံးဝဥဿုံ ပြောင်းလဲပေးနိုင်တဲ့ ဆေးဆိုတာ မမှားဘူး... ကျွန်မ ဒီကိုရောက်နေတဲ့ အကြောင်းကလည်း ဒန်းဟန်နဲ့ ပူးပေါင်းပြီး ကိုးဘဝ ပျောက်ကင်းဆေးကို တိုးချဲ့နိုင်ဖို့ပဲ ... ” မေးရှုသည် အလေးအနက် ပြောလိုက်သည်။
ကိုးဘဝ ပျောက်ကင်းဆေး ဤပိုက်ဆံရှာစက် ချန်လင်း ဆေးလုပ်ငန်းသည် အလွန်အကျွံ ဈေးနှုန်းများ ပေးသည်ဆိုလျှင်တောင် လုကျိုးကျွင်းသည် ဝေမျှရန် ဆန္ဒမရှိချေ။ ထို့ကြောင့် သူသည် မိုဝူကျီအား ဆက်တိုက် မျက်နှာရိပ် မျက်နှာကဲ ပြနေလေသည်။ သို့သော် မိုဝူကျီသည် လုကျိုးကျွင်း အပြုအမူများကို မမြင်သကဲ့သို့ နေနေလေသည်။ သူသည် ဒန်းဟန် ဆေးလုပ်ငန်းတွင် သေချာပေါက် ကြာရှည်စွာ မနေချေ။
သူသည် ငွေအမြောက်အမြား ရှာပြီးသည်နှင့် ထွက်သွားမည်ဖြစ်ပြီး ပင်နီဆီလင်ကို ဝေမျှပေးရန် ကြံစည်ထားလေသည်။ ယခု ချန်လင်း ဆေးလုပ်ငန်းသည် သူ့အား ကြီးမားသည့် အပေးအယူ ပေးနေ၍ ဤသည်က အကောင်းဆုံးအတွက် ဖြစ်လေသည်။
“ဟားဟား ... သူဌေးလုက စကားအမှန်တွေ ပြောတတ်တဲ့သူပဲ ... ကိုးဘဝ ပျောက်ကင်းဆေးက သေချာပေါက် လုံးဝပြောင်းလဲ ပေးနိုင်တဲ့ ဆေးထုတ်ကုန်ပဲ ... ဆရာမိုသာ ချန်လင်း ဆေးလုပ်ငန်းကို ဒီဆေးထုတ်လုပ်ခွင့် ဝေမျှမယ်ဆိုရင် အဖိုးမဖြတ်နိုင်တဲ့ ထောက်ပံ့မှု အကြီးကြီးဖြစ်မှာ...” မေးရှုဘေးတွင် ထိုင်နေသည့် အကြီးအကဲ ဝူနှင့်ထိုက်က ဝင်ပြော၏။
လုကျိုးကျွင်းသည် ထိုစကားများကို ကြားသည့်အခါ ဂုဏ်သိက္ခာကြောင့် ခေါင်းညိတ်ရုံ အပြင် မတတ်နိုင်ခဲ့ချေ။
မူလက မိုဝူကျီသည် ပိုက်ဆံအများကြီး ရှာပြီး ထွက်သွားချင်ခဲ့၏။ သို့သော်လည်း ထိုစကားများကို ကြားသောအခါ သူ့နှလုံးသည် တစ်ချက် အခုန်မြန်သွားခဲ့သည်။ သူသည် အဘယ်ကြောင့် မလွယ်ကူမှု ခံစားနေရမှန်း ရုတ်တရက် နားလည်သွားလေသည်။ အကြောင်းရင်းမှာ သူ့လက်ဖက်ရည်တွင် အဆိပ်ခတ်သည့် လုပ်ကြံသူကြောင့် မဟုတ်ဘဲ ချင်ယွီပြည်နယ် ကြောင့်သာ ဖြစ်၏။
ပင်နီဆီလင် ထုတ်လုပ်သည်နှင့် ပြည်နယ်က ထိန်းချုပ်သွားလိမ့်မည်။ မည်သူကမှ သူ့အား လာမရှာရခြင်း အကြောင်းရင်းမှာ ပင်နီဆီလင်သည် ဈေးကွက်အတွင်း အချိန်တိုတိုဖြင့် အနည်းငယ်သာ ဖြန့်ဖြူးသောကြောင့်သာ ဖြစ်၏။ အများစုသည် ပင်နီဆီလင်ကို ဈေးများသည့် ဆေးအဖြစ်သာ မြင်ကြသည်။
သို့သော်လည်း ပင်နီဆီလင်ကို စစ်တပ်အတွင်း ပမာဏများစွာ အသုံးပြုသည့်အခါ သူ့လွတ်လပ်မှုအတွက် အခွင့်အရေးများကို ဆုံးရှုံးသွားလိမ့်မည်။ သူသည် နိုင်ငံအတွက် ဆေးကို သီးသန့်ထုတ်လုပ် ပေးလိမ့်မည် သို့မဟုတ် အသတ်မခံရခင် ပင်နီဆီလင် ဖော်မြူလာအား ပေးခဲ့ရလိမ့်မည် ဖြစ်သည်။ အာဏာရှိသူများသည် နိုင်ငံရတနာအား အလွယ်တကူ ပေါက်ကြားခွင့်ပြုမည် မဟုတ်ပေ။
ထိုအရာကို တွေးမိပြီး မိုဝူကျီသည် ဆက်လက်၍ ထိုင်မနေတော့ချေ။ သူသည် ရုတ်တရက် ထရပ်လိုက်ပြီး မေးရှုအား ပြောလိုက်သည်။
“သူဌေးလုရဲ့ လေးစားမှုအတွက် ကျေးဇူးတင်ပါတယ် ... တကယ်တော့ ကျွန်တော် ကိုးဘဝ ပျောက်ကင်းဆေး ဖော်စပ်ခဲ့တာက အရမ်းကို ရိုးရှင်းတယ် ... ဘာလို့ဆို ကျွန်တော်လိုမျိုး သာမန်သေမျိုးတွေ အတွက် တစ်ခုခု လုပ်ပေးချင်လို့ပါ.. ... အရင်က ကျွန်တော် မရှင်းလင်းခဲ့ပေမဲ့ သူဌေးလုနဲ့ အကြီးအကဲဝူ စကားများက ကျွန်တော့်ကို မျက်စိပွင့် နားပွင့် ဖြစ်စေခဲ့တယ် ... ကျွန်တော့်ကို တစ်ရက်လောက် ထပ်ပေးရင် ဘယ်လိုလဲ ... တစ်ရက်ပြီးတာနဲ့ ချန်လင်း ဆေးလုပ်ငန်း အလိုရှိတာ ရရစေမယ်. ... ပထမဆုံး ... ကျွန်တော်ကို ပြင်ဆင်ခွင့် ပေးကြပါ ... အားလုံးပဲ နှုတ်ဆက်ပါတယ်...”
သူ့စကားများ ဆုံးသည်နှင့် မိုဝူကျီသည် မေးရှုနှင့် အခြားလူများ လောကဝတ်စကား မပြောခင် အလျင်အမြန် ထထွက်သွားခဲ့သည်။ သူသည် ချန်လင်း ဆေးလုပ်ငန်းမှ ပိုက်ဆံအများကြီး လိုချင်သော်လည်း စွန့်စားမှု မပြုလုပ်ရဲချေ။ ဤအန္တရာယ်သည် သူမရင်ဆိုင်ချင်သည့် အရာမျိုးဖြစ်၏။
ကံကောင်းစွာပင် မေးရှုနှင့် အခြားလူများသည် စီးပွားရေးသမားများ ဖြစ်သည့်အတွက် သုတေသီများ၏ အများနှင့်အတူ တစ်မူ ထူးဆန်းကြောင်း နားလည်လေသည်။ ထို့ကြောင့် သူတို့သည် မိုဝူကျီ၏ အပြုအမူများကို အာရုံမထားချေ။ အချုပ်အားဖြင့် မေးရှုသည် မိုဝူကျီက တစ်ရက်ကျော်သည်နှင့် သူမအလိုရှိသည့် အရာ ရမည်ဖြစ်ကြောင်း ပြောစဉ်က အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။
လုကျိုးကျွင်းသည် စိုးရိမ်နေပေမဲ့ သူသည် မိုဝူကျီကဲ့သို့ ထွက်သွားချင်တိုင်း ထွက်သွားမည့်သူ မဟုတ်ပေ။
စစ်ထူချင်သည် ချင်ယွီပြည်နယ်၏ သခင်ဖြစ်၏။ ချင်ယွီပြည်နယ်သည် ရှင်းဟန် အင်ပါယာတွင် သိပ်အရေးမပါ သော်လည်း ကျန်ရှိနေသည်များတွင် အဆင့်တော့ ဝင်သေး၏။ စစ်ထူချင်သည် ချင်ယွီပြည်နယ် သခင်အဖြစ် သာလွန်သည့် တည်ရှိမှု ဖြစ်နေဆဲ ဖြစ်၏။
ထိုအခိုက်အတန့်တွင် စစ်ထူချင်သည် သူ့၏ ရွှေရောင်ပလ္လင်ပေါ်တွင် ထိုင်နေပြီး မျက်လုံးများကို ကျဉ်းကာ စိတ်မရှည်ဟန် ဖြစ်နေ၏။ ဘေးတစ်ဖက် တစ်ချက်စီမှ လူများသည်လည်း ဖိအား သက်ရောက်လျက် ရှိသည်။
“အရာရှိ အပေါင်းတို့ ... ကိစ္စတချို့ကြောင့် သခင်က အခုပဲ ထွက်ခွာပါတော့မယ်....”
မိန်းမစိုးသည် စစ်ထူချင်၏ ရည်ရွယ်ချက်ကို နားလည်စွာဖြင့် မြန်မြန်ဆန်ဆန် ပြောလိုက်သည်။
“အရာရှိ ဟူဖေးက သခင်ဆီ အရေးတကြီး တင်ပြစရာ ရှိပါတယ်...”
အဆောင်ခန်းမ၏ ညာဘက်မှ တောင့်တင်းသော လူတစ်ယောက် ထွက်လာပြီး ဦးညွှတ်ကာ ပြောလိုက်သည်။
အရေးတကြီး တင်ပြချက်လား.....
စစ်ထူချင်သည် ရုတ်တရက် ခေါင်းမော့လာသည်။ သူ့၏ မူလက မျက်လွှာချထားသည့် မျက်လုံးများသည် စတင်၍ အရောင်လက်လာခဲ့သည်။ သူ့၏ ဖြူဖျော့ဖျော့ မျက်နှာတွင်ပင် ယခုအခါ ဖိနှိပ်ခြင်းနှင့် ခန့်ညားထည်ဝါသည့် အရှိန်အဝါများ ထွက်ပေါ်နေသည်။
စစ်ထူချင်၏ အပြုအမူ ပြောင်းလဲ၍ ဖြစ်စေ သို့မဟုတ် “အရေးတကြီး စစ်ဘက် တင်ပြချက်” ဆိုသည့် စကားသုံးလုံးကြောင့် ဖြစ်စေ ... အဆောင်ခန်းမထဲရှိ လူများသည် ပို၍ သိက္ခာရှိရှိ ပြုမူလာကြသည်။
“ဗိုလ်ချုပ် ဟူဖေး ... ချင်ယွီပြည်နယ်မှာ စစ်ပွဲအခြေအနေ အပြောင်းအလဲ ဖြစ်တယ်လို့တော့ လာမပြောနဲ့...” စစ်ထူချင်သည် အနည်းငယ်နိမ့်သည့် အသံဖြင့် ပြောလိုက်သည်။
ဗိုလ်ချုပ် ဟူဖေးသည် အလျင်အမြန် ပြောလိုက်သည်။
“မဟုတ်ပါဘူး ... ချင်ယွီပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတစ်ခုပါ ... ကြီးမားတဲ့ ဖြစ်ပျက်မှု တစ်ခုပါ ... သေချာ အသုံးပြုနိုင်ရင် ချန်ယန်ပြည်နယ်ကို မျိုးဆက် ဖြုတ်နိုင်ရုံသာမက ကျွန်တော်တို့ ပိုင်နက် ချဲ့ထွင်ရန်လည်း မဖြစ်နိုင်တဲ့ ကိစ္စမဟုတ်တော့ပါဘူး...”
ဘယ်ဘက်တွင် မတ်တတ်ရပ် နေသည့် အကြီးအကဲ တစ်ယောက်သည် အသံသြသြဖြင့် ပြောလိုက်သည်။
“ကျောင်ဟူဖေး ... မင်း ဘယ်အချိန်ကစပြီး လေကြောရှည်လာပြီး တစ်ပိုင်းတစ်စတွေ ပြောနေရတာလဲ...”
ကျောင်ဟူဖေးသည် ထိုလူကြီးကို လျစ်လျူရှုကာ ဆက်၍ ပြောလိုက်သည်။
“အရှင်သခင် ... စစ်တပ်က လတ်တလော ကုသဆေးကို ရှာတွေ့ထားတယ် ... အဲဒီဆေးက အရမ်း အံ့အားသင့်ဖို့ ကောင်းတယ် ... ပြီးတော့ ရှုပ်ထွေးလှတဲ့ ရောဂါပိုး အမျိုးမျိုးဝင်တာကိုလည်း ကုသနိုင်တယ် ... သံစကား အခွဲမှ ကြားထားတဲ့ သတင်းများအရ ဒဏ်ရာရ စစ်သားပေါင်း ၁၀၀၀ မှာ တစ်ယောက်သာ သေဆုံးခဲ့တယ်.....သူ့သေဆုံးမှုကလည်း ပိုးဝင်ခြင်းကြောင့် မဟုတ်ဘဲ သွေးထွက်လွန်ပြီး သေဆုံးခဲ့တာ ဖြစ်တယ်. ... ပြောရရင် ဆေးကို အသုံးပြုပြီး သေဆုံးခဲ့သူ မရှိခဲ့ဘူး ... တစ်ဖက်မှာ ဒီဆေးသာ မရှိရင် ကျွန်တော်တို့ စစ်တပ်ရဲ့ သေဆုံးနှုန်းက ၃၀ မှ ၄၀ ရာခိုင်နှုန်းအကြား ဖြစ်တယ် ... ဒီဆေးအသစ်ရဲ့ အာနိသင်က ကျွန်တော်တို့ရဲ့ အကောင်းဆုံး ဆေးတွေထက် ဆယ်ဆမက ပိုကောင်းတယ်...”
“ဘာ....”
စစ်ထူချင်သည် စိတ်လှုပ်ရှားမှုဖြင့် ထရပ်လိုက်ပြီး သူ့လက်ထဲမှ ကျောက်စိမ်း အဆောင်အယောင် တောင်ဝှေးသည် မြေပြင်သို့ ကျသွားသည်ကိုပင် သတိမပြုမိပေ။
စစ်ထူချင်သာလျှင် မဟုတ်ပေ။ ကျန်ရှိသည့် အခြားသော အရာရှိများ သည်လည်း ဗိုလ်ချုပ်ဟူဖေးကို ကြည့်ပြီး အားလုံး စိတ်လှုပ်ရှား နေကြသည်၊
ဖြစ်ခဲ့သမျှ စစ်ပွဲတိုင်းတွင် ပိုးဝင်မှုကြောင့် ဒဏ်ရာရ စစ်သားများ သေဆုံးမှုသည် အမြဲ မီလီယံနှင့်ချီလေ့ရှိသည်။ အကယ်၍ ဤဆေးသာ သေဆုံးမှုကို ကာကွယ်ပေးနိုင်လျှင် သေချာပေါက် လုံးဝ ပြောင်းလဲနိုင်လိမ့်မည်။
စစ်ပွဲတွင် အဖိုးတန်ဆုံး အရာသည် ဘာများလဲ ... စစ်သားများသာ ဖြစ်၏။ မဟုတ်သေးဘူး....တိုက်ခိုက်မှု အတွေ့ကြုံများသည့် စစ်သားများ ဖြစ်သင့်၏။ စစ်ပွဲအတွင်း အသက်ရှင်သည့် စစ်သားသည် အတွေ့ကြုံ မရှိသည့် လူသစ်များထက် များစွာ အဖိုးတန်၏။
အကယ်၍ သူပြောသည့် အတိုင်းသာ ဆေးသည် အံ့အားသင့်ဖွယ် ကောင်းလျှင် ချန်ယန်ပြည်နယ်ကို မျိုးဖြုတ်ရန်က မဖြစ်နိုင်သည့် ကိစ္စမဟုတ်တော့ချေ။ ချင်ယွီပြည်နယ်၏ ပိုင်နက်ကိုပင် ချဲ့ထွင်လာနိုင်ရန် ကူညီပေးနိုင်မည် ဖြစ်၏။
“ဗိုလ်ချုပ် ဖေးဟူ ... ခင်ဗျားဆိုလိုတာ ကိုးဘဝ ပျောက်ကင်းဆေးများလား...”
အရင်က ကျောင်ဖေးဟူအား ရယ်မောခဲ့သည့် အကြီးအကဲ တစ်ယောက်သည် အံ့အားသင့်စွာ မေးလိုက်၏။
***