သူ့ကို ခေါ်သွားပြီး သတ်ပစ်လိုက်စမ်း
Vol. 2 Ch. 19
“စီရင်စုမှူးမတ် ဟန်….ကိုးဘဝ ပျောက်ကင်းဆေးက ဘာများလဲ ... ”
ချင်ယွီပြည်နယ်၏ အရှင်သခင် စစ်ထူချင်သည် ထိုကဲ့သို့ ဆေးမျိုး တစ်ခါမျှ မကြားဖူးချေ။
ဤအကြီးအကဲသည်ကား ချင်ယွီပြည်နယ်၏ နံပါတ်တစ် စီရင်စုခေါင်းဆောင် ဖြစ်သည့် ဟန်ချန်အန်း ဖြစ်၏။ ရှင်းဟန်အင်ပါယာ ဘုရင်မှလွဲ၍ ကျန်သော နိုဘယ်များကို အဆင့်ကိုးဆင့် ခွဲထားသည် ပြည်နယ် မြို့စားကြီး၊ ပြည်နယ် သခင်၊ ပြည်နယ် မှူးမတ်၊ ပြည်နယ် မြို့စား၊ စီရင်စု နယ်စားကြီး၊ စီရင်စု မှူးမတ်၊ နိုင်ငံမှူးမတ်နှင့် စီရင်စု နယ်စားတို့ ဖြစ်၏။
လင်းကျုပြည်နယ်၏ စီရင်စု မြို့စားကြီးသည် ယီဖန်စီရင်စု သခင်အောက်တွင် ရှိပုံရ၏။ သို့သော်တွင် လက်တွေ့၌ လင်းကျူပြည်နယ် အတွင်း စီရင်စု နယ်စားကြီး၏ အဆင့်အတန်းသည် စီရင်စုသခင်ထက် ပို၍ မြင့်မား၏။ ပြည်နယ်သခင် တစ်ယောက်ဖြစ်သည့် စစ်ထူချင်သည်လည်း ရှင်းဟန်အင်ပါယာတွင် ပြည်နယ် မြို့စားကြီးနောက်တွင် ရှိပုံပေါ်သော်ငြား အကယ်၍ သူသာ ရှင်းဟန်အင်ပါယာ၏ ဂျင်လူး ခန်းမထဲ တက်ရောက်ရပါက ပြည်နယ်သခင် တစ်ယောက်၏ အဆင့်အတန်းသည် ပြည်နယ် မြို့စားနှင့် ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။
မြို့စားကြီး၊ မှူးမတ်၊ မြို့စားများနှင့် တစ်ခုတည်းသော ခြားနားချက်သည် ပြည်နယ်နှင့် စီရင်စုသခင်များသည် ပို၍ အခွင့်ထူးရှိလေ၏။ သူတို့၏ ကိုယ်ပိုင် စစ်တပ်နှင့် ပြောဆိုခွင့်ပါ ရရှိလေသည်။ အင်ပါယာ၏ ဂျင်လူးခန်းမ အပြင်တွင် သူတို့ကိုင်ဆွဲ ထားသည့် အာဏာသည် မြို့စားကြီးနှင့် မှူးမတ်တို့နှင့် ယှဉ်ပြိုင်နိုင်မည့် အရာမဟုတ်ချေ။
ဟန်ချန်အန်းသည် မြန်မြန်ဆန်ဆန် မတ်တတ်ရပ် လိုက်ပြီး ပြန်ဖြေလိုက်၏။
“သခင် ... လွန်ခဲ့တဲ့ လအနည်းငယ်က ဒန်းဟန် ဆေးလုပ်ငန်းရဲ့ ဆေးကြော်ငြာ အသစ်က ယောင်ကျိုးတစ်လျှောက် ပျံ့နှံ့နေခဲ့ပါတယ် ... သူတို့က ကိုးဘဝ ပျောက်ကင်းဆေးလို့ အမည်ရတဲ့ ကုသဆေးအသစ်ကို ထုတ်လုပ်ထားပါတယ် ... ”
စစ်ထူချင်သည် ခေါင်းညိတ်လိုက်သည်။ သူသည် ဤအရာကို အရင်က ကြားမိသော်လည်း အလေးအနက် မထားခဲ့ချေ။ တချို့ကိစ္စများတွင် ဒန်းဟန် ဆေးလုပ်ငန်းသည် ချင်ယွီပြည်နယ်ကို ထောက်ပံ့ပေးခဲ့သည်။ ဆေးအမည်သည် အနည်းငယ် တင်စီးနေသော်ငြား တရားမဝင်ခြင်းတော့ မဟုတ်ချေ။
ဟန်ချန်အန်းသည် ဆက်၍ ပြောလိုက်သည်။
“ကိုးဘဝ ပျောက်ကင်းဆေးရဲ့ ကြော်ငြာမှာ တစ်စုံတစ်ယောက်က ဒဏ်ရာရပြီး အသက်တစ်မျှင် ကျန်နေရင်တောင် ကုသပျောက်ကင်း နိုင်တယ်ဆိုပြီး အပိုတွေ ပြောထားတယ် ... အရင်က ဒီခေါင်းစဉ်က အလွန်ခေတ်ထ ခဲ့သေးတယ် ... ဒီကောလာဟလတွေကို အမှားတွေ ဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်မိခဲ့တာ ... ဒါပေမဲ့လည်း ဗိုလ်ချုပ် ဟူဖေး ပြောပုံအရ ဆေးအာနိသင်က တကယ် အမှန်ဖြစ်ပုံပေါ်တယ်…”
“ဗိုလ်ချုပ် ဟူဖေး ... မင်းရော စီရင်စု နယ်စားကြီး ပြောသွားတာတွေ မှန်တယ်လို့ ထင်လား ... ” စစ်ထူချင်၏ မျက်လုံးများသည် လိုချင် တပ်မက်စိတ်ဖြင့် ပြောင်းလဲလာ၏။
ပြည်နယ်သခင် တစ်ယောက်ဖြစ်၍ သူ၏ အာရုံခံစားမှုသည် မိုဝူကျီ မယှဉ်နိုင်လောက်သည့် တစ်စုံတစ်ခု ဖြစ်၏။ သူသာ ချက်ချင်း ဤသို့သော ဆေးမျိုးကို ရွေးချယ်နိုင်လျှင် စစ်တပ်အတွက် ကြီးမားသည့် လက်နက်တစ်ခု ဖြစ်လာလိမ့်မည်။ သူသည် အင်ပါယာ ဝင်မစွက်ဖက်ခင်တွင် ဆေးမှ အကျိုးမြတ်များကို ချင်ယွီပြည်နယ် ရရှိစေရန် ပြုလုပ်ရမည်။ ပို၍ အရေးကြီးသည်က သူသည် ဤဆေးထုတ်လုပ်မှုကို ပိတ်သိမ်းပစ်ပြီး ဆေးဖော်စပ်ခဲ့သူကိုလည်း အကျဉ်းချထားရမည်။
“ပြည့်စုံလှတဲ့ အမှန်တရားပါ ... ဤကိစ္စက သံမဏိ အဖွဲ့ခွဲကြောင့် အမှန်အတိုင်း သိရှိခဲ့တာပါ ... ” ကျောင်ဟူဖေးသည် ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။
“အခုချက်ချင်း ဒန်းဟန် ဆေးလုပ်ငန်းမှာ ပါဝင်နေတဲ့ လူအားလုံးကို ထိန်းချုပ်လိုက်ပြီး ကိုးဘဝ ပျောက်ကင်းဆေး ဖော်စပ်သူကို ငါ့ရှေ့မှောက် ခေါ်လာခဲ့ ... ”
အမှန်ဖြစ်ကြောင်း အတည်ပြုပြီးသည်နှင့် စစ်ထူချင်သည် တွေဝေခြင်းမရှိ အမိန့်ပေးလိုက်သည်။
“ခဏစောင့်ပါဦး…သခင်…”
အဝလွန်နေသည့် လူကြီး တစ်ယောက်သည် ရုတ်တရက် လျှောက်လာပြီး ဦးညွှတ်ကာ ပြောလိုက်သည်။
စစ်ထူချင်၏ လက်သည် ခဏ ရပ်တန့်သွားပြီး သူ့အမိန့်အား ထမ်းဆောင်ရန် လုပ်နေသည့် အစောင့်များကို တားဆီးလိုက်သည်။ ဒေါသကို ချုပ်ထိန်းရင်း မေးလိုက်သည်။
“ဂျီအိုက်ချင်း ... ဒီလိုအချိန်မျိုးမှာ ဘာပြောချင်တာလဲ ... ”
လူဝကြီးသည် သူ့အိတ်ကပ်မှ စာလုံးများ ရေးမှတ်ထားသည့် စာရွက်အပိုင်းအစ တစ်ခု ထုတ်ယူကာ တုန်လှုပ်နေသည့် လက်ဖြင့် ကမ်းပေးလိုက်၏။
“သခင် ... ဒီမနက် အင်ပါယာခုံရုံးဆီ လာစဉ်က တစ်ယောက်ယောက်က ဒီဟာတွေက ကိုးဘဝ ပျောက်ကင်းဆေး၏ ဆေးနည်းဖြစ်ကြောင်း ပြောပြီး ဝေပေးနေတာ မြင်လိုက်တယ် ... ကိုးဘဝ ပျောက်ကင်းဆေးကို ဖော်စပ်ခဲ့တဲ့ မိုဝူကျီက သူ့မိဘများကို ရည်မှန်းပြီး လူဆင်းရဲများရဲ့ ဘဝကို ပိုကောင်းမွန် စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပေးနေတယ်လို့ ကြားခဲ့တယ် ... ”
“ဘာ…”
စစ်ထူချင်သည် စာရွက်ကို ကမန်းကတန်း ဖွင့်ကြည့်လိုက်၏။ ကြည့်လိုက်သည့် အခါတွင် ထိုအပေါ်တွင် စာကြောင်းရေ အများပြားနှင့် စာလုံးများ ရေးသားထားလေသည်။ ပါဝင်သည်က ကိုးဘဝ ပျောက်ကင်းဆေး အကြောင်း အသေးစိတ် ရေးသားထားသည့် ဖော်စပ်နည်း ဖြစ်ပြီး ဆေးနောက်ကွယ်မှ အယူအဆများကိုပင် ရှင်းပြထား၏။ သူပင် ဆေးထုတ်လုပ်သည့် အစနေရာကို သိလေသည်။
ဤစာရွက် အပိုင်းလေးတွင် ကိုးဘဝ ပျောက်ကင်းဆေးသည် အဘယ်ကြောင့် ဗက်တီးရီးယားများကို သတ်နိုင်ခြင်းနှင့် ပိုးဝင်ခြင်းကို တားဆီးနိုင်ခြင်း စသည့် အကြောင်းအရာ များကိုပင် ရှင်းပြထား၏။ ဤဆေးတွင် နောက်ထပ် နာမည်တစ်ခု ထပ်ရှိသေးသည်။ ထိုသည်မှာ ပင်နီဆီလင် ဟူသော အမည်ဖြစ်၏။
“ဘန်း ... ”
စစ်ထူချင်သည် စာရွက် ကိုင်ထားသည့် လက်ကို ရိုက်ချလိုက်ပြီး ဒေါသဖြင့် အမိန့် ချမှတ်လိုက်သည်။
“အစောင့်တွေ ... အခုချက်ချင်း မိုဝူကျီကို ဖမ်းဆီးပြီး ငါ့ဆီ ခေါ်လာခဲ့စမ်း ... တစ်ချိန်တည်း ဒီဆေးနည်းက ဘယ်လိုပြန့်သွားလဲ… ဘယ်သူ ဖြန့်လိုက်တာလဲ ဆိုတာပါ စုံစမ်းခဲ့ ... သူတို့ကိုသာ ထိန်းချုပ်နိုင်ရင် ဆေးနည်း ပိုင်ဆိုင်တဲ့သူ အားလုံးကို ထိန်းထားလိုက် ... ”
စစ်ထူချင် ထုတ်ပြောရန် တစ်ခုကျန်ခဲ့သည်က ဆေးနည်းအပေါ် မျက်စိကျနေသူ အားလုံးကို သတ်ပစ်ပြီး သတ်၍ မရနိုင်သော သူများအား ကိုးဘဝ ပျောက်ကင်းဆေး ထုတ်လုပ်ရန် ဆေးအလုပ်ရုံ အသစ်တွင် ခိုင်းရန် ဖြစ်၏။
တော်ဝင်ခုံရုံးတွင် လုံးဝတိတ်ဆိတ် သွားပြီး တစ်ယောက်မှ အသံမထွက်ရဲကြချေ။ ဆင်ခြင်နိုင်စွမ်း ရှိသူ အားလုံးသည် ပြည်နယ်သခင်၏ နည်းလမ်းသည် အလုပ်ဖြစ်လိမ့်မည် မဟုတ်ကြောင်း မြင်သာနိုင်၏။
သူတို့သည် မည်သည့်အချိန်က ခုံရုံး အစည်းအဝေးကို စတင်ခဲ့သနည်း ... ကောင်းကင် မှောင်မိုက်ဆဲအချိန် နေမထွက်ခင်ကပင် စတင်ခဲ့ရာ ယခုပင် နေ့လယ်စာ စားချိန်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။ တစ်မနက်တည်းဖြင့် ကိုးဘဝ ပျောက်ကင်းဆေးနည်း မိတ္တူအားလုံးကို စုစည်းနိုင်ရန် မဖြစ်နိုင်ချေ။
မျှော်လင့်ထားသည့် အတိုင်း အစောင့် ခေါင်းဆောင်သည် လာရောက် အကြောင်းကြား၏။
“သခင် ... ကျွန်တော် တင်ပြစရာ ရှိပါတယ် ... မိုဝူကျီက ပုံနှိပ်တိုက်များကို ငှားရမ်းခဲ့ပြီး ဆေးနည်းများ သောင်းချီ၍ ထုတ်ခဲ့ပါတယ် ... ပြီးတော့ ယောင်ကျိုးမြို့ဂိတ် လေးဖက်လေးတန်တွင် ဖြန့်ဝေရန် လူများပင် ခန့်အပ်ခဲ့ပါတယ် ... အဲဒီအပြင် သူက အခြား လူများလာရောက် လည်ပတ်သည့် နာမည်ကြီး နေရာများတွင် အလကား ဖြန့်ဝေရန်လည်း လူများစွာ ငှားရမ်းခဲ့ပါတယ် ... ကျွန်တော် စိုးရိမ်မိတာက ကုန်သည်များ အပါအဝင် မြို့အတွင်းအပြင် အားလုံး ဒီဆေးနည်းကို ရရှိပြီးသား ဖြစ်နေမှာကိုပါ ... ”
စစ်ထူချင်သည် လက်မှ အင်အားများ လျော့ကျသွားလေ၏။ ယောင်ကျိုးမြို့သို့ ရက်စဉ်ရက်တိုင်း ဖြတ်သန်းနေသည့် ကုန်သည်များသည် မည်မျှပင် များပြား လိမ့်မည်နည်း ... သူတို့အားလုံးကို ဖမ်းဆီး နိုင်မည်လား ... သူလုပ်နိုင်သည် ဆိုလျှင်ပင် အသုံးမဝင်တော့ချေ။
ယောင်ကျိုးတွင် အခြားနိုင်ငံများမှ သူလျှိုများ မရှိနိုင်ဘူးလား ... ပြောင်းလဲခြင်း ဖြစ်စေနိုင်သည့် ကိုးဘဝ ပျောက်ကင်းဆေး ကဲ့သို့ ဆေးမျိုးသည် သူတို့၏ သက်ဆိုင်ရာ နိုင်ငံကို သေချာပေါက် ပြန်ပို့ဆောင် ပြီးလိမ့်မည်။ ပို၍ အရေးကြီးသည်က မိုဝူကျီသည် လူများပင် ငှားရမ်း၍ ယောင်ကျိုးမြို့ အပြင်ကို ဆေးနည်း ဖြန့်ဖြူး၏။ နတ်ဘုရားပင် မိတ္တူများအားလုံးကို ပြန်၍ စုစည်းနိုင်မည် မဟုတ်ချေ။
“သခင် ... ဖြစ်နိုင်တာက မိုဝူကျီက တစ်ခုခု အာရုံခံမိပြီး ရည်ရွယ်ချက် ရှိရှိ လုပ်ခဲ့တာများ ဖြစ်နေမလား….” အသားရေ လတ်သည့် အမျိုးသားသည် မတ်တတ်ရပ်ကာ ပြောလိုက်သည်။
စစ်ထူချင်သည် အမျက်ဒေါသ ထွက်စွာ မျက်မှောင်ကြုတ် လိုက်ပြီး ထိုသည်က မဖြစ်နိုင်ခြင်း မဟုတ်ပေ။ သူသာ တစ်ခုခုကို အာရုံခံမိခဲ့လျှင် အဘယ်ကြောင့် ဆေးနည်း ဖြန့်ဖြူးသည့် အချိန်အထိ စောင့်နေမည်နည်း….
“မဖြစ်နိုင်ဘူး… ဟုတ်တယ်မလား ... မိုဝူကျီသာ ဒီလောက် အာရုံခံ မိတယ်ဆိုရင် ဒီလိုအရာမျိုး လုပ်ဖို့ စောင့်ဆိုင်းနေမှာ မဟုတ်ဘူး ... ကိုးဘဝ ပျောက်ကင်းဆေး ရောင်းချငွေများကို စတင်ရရှိမှသာ အဲဒီလိုလုပ်လိမ့်မယ် ... ကိုးဘဝပျောက်ကင်းဆေး နည်းအကြောင်း ထုတ်ပြောစရာ မရှိလောက်ဘူး ... ” ဟန်ချန်အန်းသည် တခြားသူများ၏ အမြင်ကို သဘောမတူခဲ့ချေ။
ပြည်နယ်သခင် စစ်ထူချင်သည် ငြိမ်သက်သွားပြီး တည်ကြည်လေးနက်စွာ ပြောလိုက်သည် “ဒန်းဟန်ဆေးလုပ်ငန်း ကို အချိန်တစ်ခုအထိ လွှတ်ထားလိုက်ဦး ... ကိုးဘဝပျောက်ကင်းဆေးကို ဖော်စပ်ခဲ့တဲ့ မိုဝူကျီ နောက်ကြောင်းက ဘာလဲ ... ငါတို့ရဲ့ ချန်လင်းပြည်နယ်မှာ ရှိတဲ့ ဆေးဖော်စပ်သူ အများစုမှာ အဲဒီလို နောက်ခံမျိုး ရှိတတ်ကြတယ် မလား…”
အစောင့် ခေါင်းဆောင်သည် အမြန်အဆန် ပြောလိုက်၏။
“မိုဝူကျီရဲ့ နာမည်အရင်းက မိုရှင်းဟယ်ပါ ... သူ့ဖခင်က မိုဂေါင်ယွမ်ဖြစ်ပြီး သူ့အဘိုးက မိုထင်းချန် ဖြစ်ပါတယ် ... ”
“မိုထင်းချန်လား ... မြောက်ဘက်ပိုင်း ချင်စီရင်စု သခင်လား….”
စစ်ထူချင်သည် နောက်ဆုံးတွင် မှတ်မိသွားလေ၏။ မိုထင်းချန် အမည်သည် သူနှင့် အလွန်ရင်းနှီး ကျွမ်းဝင်လှ၏။
အစောင့် ခေါင်းဆောင်သည် ပြန်ဖြေကြားလိုက်သည်။
“ဟုတ်ပါတယ် ... လွန်ခဲ့တဲ့ နှစ်၂၀က မိုထင်းချန်က ယောင်ကျိုး ရောက်လာပြီး ပျောက်ကွယ် သွားခဲ့တယ် ... နောက်ပိုင်းမှာ မိုဂေါင်ယွမ်က သူ့ဇနီးနဲ့ သားကို ယောင်ကျိုးသို့ ခေါ်ဆောင် လာခဲ့တယ် ... လွန်ခဲ့တဲ့ နှစ်များစွာက မိုဂေါင်ယွမ်က သေဆုံးသွားခဲ့ပြီး မိုရှင်းဟယ်သာ ကျန်ရှိခဲ့ပါတယ် ... မိုရှင်းဟယ်လည်း မြောက်ဘက်ပိုင်း ချင်စီရင်စုသခင် ဖြစ်လာရေးမှာ အစွဲအလမ်း ကြီးခဲ့ပြီးတော့ ရူးသွပ် သွားခဲ့ပါတယ် ... လွန်ခဲ့တဲ့ လအနည်းငယ်က မိုရှင်းဟယ်က အနည်းငယ် တိုးတက်လာတဲ့ လက္ခဏာပြခဲ့ပြီး ယောင်ကျိုးအလုပ် အဖွဲ့အစည်းဆီ အလုပ်ရှာရန် သွားရောက်ခဲ့တယ် ... သူ့နာမည်ကို မိုဝူကျီလို့ ပြောင်းလဲလိုက်ပြီး ဒန်းဟန် ဆေးလုပ်ငန်းမှာ ဝင်လိုက်ပြီး သူတို့ရဲ့ ဆေးဖော်စပ်ရေး အကြီးအကဲ ဖြစ်လာခဲ့တယ် ... ပြီးတော့ ကိုးဘဝ ပျောက်ကင်းဆေးကို ဖော်စပ်နိုင်ခဲ့တယ် ... ”
အစောင့် ခေါင်းဆောင်သည် ထိုအရာများကို ရင်သပ်ရှုမောဖွယ် ပြောလိုက်၏။ ခုံရုံးအတွင်းရှိ လူများသည် အကြောင်းရင်းကို သိကြသည်။ ယောင်ကျိုးသို့ ရောက်လာပြီးနောက်တွင် မိုဂေါင်ယွမ်ဆီမှ လက်ဆောင်ပဏ္ဍာသည် အဆက် မပြတ်ခဲ့ချေ။ ခုံရုံးမှ လူများတွင် မိုဂေါင်ယွမ်ထံမှ လက်ဆောင်ပဏ္ဍာ မရရှိဖူးသော သူသည် အနည်းငယ်သာ ကျန်ရှိလိမ့်မည်။ မိုဂေါင်ယွမ် သားဖြစ်သည့် မိုရှင်းဟယ်သည် ရူးသွပ် သွားခဲ့ကြောင်း အရင်က ကြားဖူးလေ၏။ တစ်ခုတည်းသော သူတို့ မမျှော်လင့်ထားသည်က ပြန်နေကောင်းလာပြီး နောက်တွင် မိုရှင်းဟယ်သည် အုတ်အော်သောင်းနင်း ဖြစ်စေသည့် အရာအား ပြုလုပ်ခဲ့ခြင်း ဖြစ်၏။
စစ်ထူချင်သည် စကားမပြောပေ။ သူသည် မြောက်ဘက်ပိုင်း ချင်စီရင်စု သခင်မိသားစုနှင့် အတွင်းရေး ရှုပ်ထွေးမှုများ အကြောင်း အရာအားလုံးသိ၏။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် မိုမိသားစု အရိုက်အရာ မဆက်ခံနိုင်သည့် ကိစ္စတွင် သူသည် တစ်ဖက်တစ်လမ်းမှ ပါဝင်ပတ်သက် နေသည်။ မိုထင်းချန်၏ မြေးဖြစ်သူ ရူးသွပ်သွားသည့် ကိစ္စကို ကြားဖူး၏။ အခုချိန်ထိ မိုရှင်းဟယ် အသက်ရှင်နေသည့် ကိစ္စကို မမျှော်လင့် ထားခဲ့ချေ။
ထိုအခိုက်အတန့်တွင် ခုံရုံးအပြင်ဘက်မှ ကြေညာသံ တစ်ခု ထိုးဖောက်လာ၏။
“မိုဝူကျီကို ခေါ်ဆောင်လာပါပြီ ... ”
“အထဲ ခေါ်လာဖို့ မလိုဘူး… ဆွဲခေါ်သွားပြီး သတ်ပစ်လိုက် ... ”
စစ်ထူချင်သည် အေးစက်စွာ အမိန့်ပေးလိုက်သည်။
***