← Chapters

ရှင်သန်ခြင်းနှင့် သေဆုံးခြင်း

Vol. 2 Ch. 20

ရှင်သန်ခြင်းနှင့် သေဆုံးခြင်း

Vol. 2 Ch. 20

“သခင် ... သူ့ကို သတ်မဲ့အစား ဆုလာဘ် အမြောက်အမြား ချီးမြှင့်သင့်တယ်လို့ ကျွန်တော် ထင်တယ် ... ”

စီရင်စုနယ်စားကြီး ဟန်ချန်အန်းသည် မတ်တတ်ရပ်ကာ ချက်ချင်း တုံ့ပြန်လိုက်၏။

“ဘာကြောင့်လဲ ... ”

စစ်ထူချင်သည် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

ဟိုးအရင်ကတည်းက သူသည် မြောက်ဘက်ပိုင်း ချင်စီရင်စု သခင်ဖြစ်သည့် မိုထင်းချန်အား လုံးဝ မနှစ်သက်ခဲ့ချေ။ မိုမျိုးနွယ်စု၏ မျိုးဆက်သည် ချင်ယွီပြည်နယ်ကို သူတို့ ပိုင်ဆိုင်သည့် ဆေးကို မဆက်သရုံ သာမက ဆေးနည်းကိုလည်း အားလုံးသိရှိရန် ဝေမျှပေးသေး၏။ စစ်ထူချင်သည် မိုဝူကျီ၏ ရည်ရွယ်ချက်ကို ဂရုမစိုက်ချေ။ သူအား သေရန်သာ အလိုရှိ၏။

“သခင် ... မိုဝူကျီရဲ့ ကိုးဘဝ ပျောက်ကင်းဆေးကြောင့် နိုင်ငံနှင် လူမျိုး အတွက် ကောင်းကျိုး အများကြီး ပေးစွမ်း နိုင်ခဲ့ပါတယ် ... ဆေးမထုတ်ခင် သူ့ကို ကွပ်မျက်လို့ ရနိုင်ပေမဲ့ အခုအခြေအနေမှာ ဘာမှလုပ်လို့ မရတော့ပါဘူး ... သူက အံ့ဖွယ်ဆေး ထုတ်လုပ်ထားတောင် ကွပ်မျက် ခံလိုက်ရတဲ့ သတင်းသာ ပျံ့နှံ့သွားရင် သခင်ရဲ့ ဂုဏ်သတင်းကို ညှိုးနွမ်း စေပါလိမ့်မယ် ... ချင်ယွီပြည်နယ် အတွက်လည်း မသင့်လျော်ပါဘူး ... တစ်ဖက်မှာလည်း အကယ်၍ လူတွေက သခင်သာ သူ့ကို အသက်ချမ်းသာ ပေးလိုက်ပြီး သာမန် လူတန်းစားများ အသက်ကို ကယ်တင်ခဲ့တဲ့ အတွက် ဆုလာဘ်ချီးမြှင့် လိုက်တယ်ဆိုတာ သိသွားရင် ချင်ယွီပြည်နယ်လည်း ပိုတောင့်တင်းလာပြီး လူအများလည်း ပို၍ စည်းလုံး လာပါလိမ့်မည်...”

စီရင်စု နယ်စားကြီး ဟန်ချန်အန်းသည် သူ့အပိုင်းကို ပြောပြီးသည်နှင့် ဘေးသို့ ပြန်ဆုတ်လိုက်၏။

သူ့စကားလုံးများသည် အရမ်းမရှင်းလင်း နေသော်လည်း စစ်ထူချင်သည် ကောင်းစွာ သဘောပေါက်၏။ မိုဝူကျီသည် သူ့အား စိတ်အနှောင့်ယှက် ပေးခဲ့သော်ငြား စစ်ထူချင်သည် ဗွေမယူဘဲ သူ့အား ဆုလာဘ် အမြောက်အမြား ပေးသင့်၏။ ထိုအပြုအမူသည် သူ့အား သခင်ရာထူး အဆင့်အတန်းကို တည်မြဲစေပြီး လူအများလည်း သူ့ကို ပို၍ နှစ်သက်စေလိမ့်မည်။

မိုဝူကျီကဲ့သို့ သာမန်လူသား တစ်ယောက်၏ ဘဝကို ဂရုမစိုက်ချေ။ သို့သော်လည်း သူသည် သူ့ရာထူး တည်မြဲရေးကို တွေး၍ ဂရုစိုက်ရန် လိုအပ်သည်။ ထို့အပြင် ကိစ္စများသည် ဖြစ်ပျက်ပြီးသွားပြီ ဖြစ်၍ သူ့ဂုဏ်သတင်း ညှိုးနွမ်းစေခြင်း သို့မဟုတ် မြင့်တက် စေခြင်းသည် သူ့အပေါ်တွင်သာ မူတည်လေ၏။ အဖြေသည် အရူးတစ်ယောက် အတွက်တောင် အလွန် ရှင်းလင်းလှသည်။ ထို့အပြင် သူသည် စန်းကုန်ဆုံး သွားသည့်အခါ အားလုံးက မိုဝူကျီအား မေ့သွားသည့် အချိန်မှ အလွယ်တကူ သတ်ပစ်နိုင်၏။

“နယ်စားကြီးရဲ့ စကားတွေက အဓိပ္ပာယ်ရှိတယ် ... မိုဝူကျီကို အခု ရှေ့မှောက်ခေါ်ခဲ့စမ်း...”

စစ်ထူချင်သည် ဤကိစ္စရပ်၏ အဓိကသော့ချက်ကို ချက်ချင်း နားလည်လိုက်သည်။

ခဏကြာပြီးသည့် နောက်တွင် ရှုပ်ပွနေသော ဆံပင်နှင့် ဖြူဖပ်ဖြူရော် အမျိုးသားအား ခန်းမအတွင်းသို့ ခေါ်ဆောင်လာ၏။

ဖြစ်နိုင်တာ ကိုးဘဝ ပျောက်ကင်းဆေးကို ဖော်စပ်ခဲ့တဲ့ သူများလား ...

အားလုံးသည် မိုဝူကျီ၏ အဝတ်အစားနှင့် သွင်ပြင်ကို မြင်ပြီး အံ့သြသွားကြ၏။ မှန်၏ ... ပုံမှန်ဆေးဖော်စပ် သူသည် သူ့သွင်ပြင်ကို ဂရုစိုက်လေ့ မရှိသော်ငြားလည်း စမ်းသပ်ခန်းအတွင်း အလုပ်လုပ်နေစဉ်သာ ဖြစ်၏။ အများအားဖြင့် ဆေးဖော်စပ်သူသည် အလုပ်အပြင်တွင် တင့်တယ်စွာ ဝတ်ဆင်ကြလေ့ရှိသည်။ အလုပ်မှာ ဖြစ်နေလျှင်ပင် မိုဝူကျီလောက် သနားစရာ ကောင်းမည့်ပုံ မပေါ်လောက်ချေ။

“ဒူးထောက်စမ်း ... ”

မိုဝူကျီအား ခေါ်ဆောင်လာသည့် အစောင့်သည် မိုဝူကျီက ခန်းမအတွင်း အကဲခတ် နေသည်ကို မြင်ပြီး အော်လိုက်၏။

မိုဝူကျီသည် သူပြောသည်ကို မကြားသကဲ့သို့ ဆက်၍ ကြည့်နေ၏။ သူသည် သခင်ထံ လာရောက် နေရသည့်ကို စိတ်ကူးပင် ရှိပုံမပေါ်ပေ။

“မင်း ပြန်သွားလို့ ရပြီ ... ဆေးဖော်စပ်သူ အဖြစ် အောင်မြင်ပြီး နိုင်ငံကောင်းကျိုး သယ်ပိုးနိုင်ခဲ့တယ် ... သူ့ကို ရပ်ပြီး စကားပြောခွင့် ပေးသင့်တယ်...”

စစ်ထူချင်သည် အစောင့်အား လက်ပြ၍ ပြေပြစ်စွာ ပြောလိုက်သည်။

အစောင့် နောက်ဆုတ် သွားပြီးနောက်တွင် စစ်ထူချင်သည် မိုဝူကျီအား ကြည့်ကာ မေးလိုက်၏။

“ဒါဆို ... မင်းက မိုဝူကျီပေါ့ ... ”

မိုဝူကျီသည် အခုမှ အခြေအနေကို သဘောပေါက်ဟန် ရပြီး စစ်ထူချင်အား တုန်လှုပ်စွာ ကြည့်လိုက်ပြီး ပြောလိုက်၏။

“ဟုတ်ပါတယ် ... ကျွန်တော်က မိုဝူကျီပါ ... ခင်ဗျားက သခင်လား ... ”

ဘေးမှာရှိနေသည့် ဝန်ကြီး တစ်ယောက်သည် ရုတ်တရက် ရပ်ကာ မိုဝူကျီကို မေးခွန်း ထုတ်ခါနီးတွင် စစ်ထူချင်၏ တားဆီးမှုကို ခံလိုက်ရ၏။

“မင်းက ကိုးဘဝ ပျောက်ကင်းဆေး လိုမျိုး ထိပ်တန်းဆေးကို ထုတ်လုပ် နိုင်ခဲ့တယ်လို့ ကြားတယ် ... ဘယ်လို လုပ်ခဲ့တာလဲ ဆိုတာ ပြောပြနိုင်မလား...”

သူသည် မိုဝူကျီ ရူးသွပ်သွားသည့် မတော်တဆမှုကို ကြားဖူးလေ၏။ ထို့အပြင် မိုဝူကျီသည် မြောက်ဘက်ပိုင်း ချင်စီရင်စု သခင်၏ မျိုးဆက်ဖြစ်နေဆဲ ဖြစ်၍ သူ့သတင်းများကို လက်ခံရရှိ၏။ စစ်ထူချင်သည် သူ့ကို ဂရုမစိုက်မိ၍သာ ဖြစ်သည်။ တခြားစကားဖြင့် ဆိုရလျှင် မိုဝူကျီသည် ကိုးဘဝ ပျောက်ကင်းဆေးကို မဖော်လုပ်ခဲ့ပါက သခင်ဖြစ်သည့် သူ့ကိုယ်တိုင်ပင် မိုဝူကျီသည် လမ်းမတွင် သေသည်ဖြစ်စေ ဂရုစိုက်လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း သူသည် မိုဝူကျီသာ အရည်အချင်းရှိသည့် ဆေးဖော်စပ်သူ ဖြစ်လျှင် သူ့အရည်အသွေးများကို အပြည့်အဝ အသုံးချနိုင်၏။

မိုဝူကျီသည် ပြည်နယ်သခင်သည် သူ့ကို သတ်မည့် ငရဲတံခါးမှ လွတ်မြောက်လာပြီ သတိပြုမိ၍ စိတ်သက်သာစွာ သက်ပြင်းချမိလိုက်၏။ သွေးကြောဖွင့် ဆေးကြောင့် သေလုနီးပါး ခံစားခဲ့ရပြီး ပင်နီဆီလင်သည် သူ့အား ကံဆိုးမှုများ ဆောင်ယူလာနိုင်သည့် အကြောင်းကို ဆက်တိုက် စိုးရိမ်နေမိ၍ တစ်စက်လေးမှ စိတ်အေးလက်အေး မနေနိုင်ချေ။ မည်သို့ သူစိတ်ဓာတ် မကျဘဲ နေနိုင်မည်နည်း ...

အရူးကဲ့သို့ ခန်းမအတွင်းသို့ ဝင်လာခြင်းသည် သူ့အကြံစည် တစ်ခုဖြစ်၏။ သူသည် ရူးသွပ်သည့်သူ ဖြစ်၍ သူ့တုံ့ပြန်မှုများသည် အနည်းငယ် နှေးကွေးသည်မှာ ပုံမှန်ဖြစ်လေ၏။

“သခင် ... ဒီထုတ်ကုန်က ကျွန်တော့်ဖခင် ကျွန်တော်အား လက်ဆင့်ကမ်းခဲ့တဲ့ အရာပါ ... သူက ကျွန်‌တော် အသက်ရှင်ရဖို့ ရုန်းကန်နေရရင် ကယ်တင်ဖို့ရန် ထားခဲ့ခြင်း ဖြစ်ပါတယ် ... အရင်က ကျွန်တော်က ရောဂါခံစားနေပြီး ရူးသွပ်မှုကို ခံစားခဲ့ရတယ် ... အခု ပြန်နေကောင်းလို့ ဖခင် ချန်ရစ်ခဲ့တဲ့ ထုတ်ကုန်ကို တွေးမိပြီး ဒန်းဟန် ဆေးလုပ်ငန်းနဲ့ အလုပ်အတူတူ လုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ ... ဆေးကို ဘယ်လို ဖော်စပ်ရမယ်ဆိုတာ သဲလွန်စလေးတောင် မသိပါဘူး...” မိုဝူကျီသည် ရှင်းပြလိုက်၏။

စစ်ထူချင်သည် မိုဝူကျီ ရှင်းပြပြီးသည့် နောက်တွင် မိုဝူကျီဘဝကို အာရုံမစိုက်မိခဲ့သည့် အတွက် အနည်းငယ် နောင်တရမိလာ၏။ သူသည် မိုဝူကျီစကားများကို သံသယ မဖြစ်ချေ။ သူသည်လည်း မိုထင်းချန်က ဆေးဖော်စပ်သူ ဖြစ်ကြောင်း သိရှိ၏။ သူ ပျောက်ကွယ်သွားသည့် အချိန်တွင် မိုဝူကျီသည် မမွေးဖွားသေးပေ။ ထို့ကြောင့် မိုဝူကျီသည် သူ့ဖခင်ဆီမှ ဆေးဖော်စပ်ခြင်း မသင်ယူနိုင်ခဲ့ကြောင်း ပိုသေချာသွားလေ၏။ ထို့အပြင် ဆေးဖော်စပ်ခြင်းသည် အားလုံးက အလွယ်တကူ သင်ယူနိုင်သည့် ကိစ္စရပ်မဟုတ်ချေ။

“အဲဒါဆို ဘာကြောင့် ဆေးနည်းကို ဖြန့်ဖြူးပစ်တာလဲ ... ”

စစ်ထူချင်သည် ဆက်၍ မေးခွန်းထုတ်လိုက်၏။

မိုဝူကျီသည် စိတ်လှုပ်ရှား ချင်ယောင်ဆောင်ကာ ပြောလိုက်၏။

“ဒီဆေးနည်းက ကျွန်တော့်အဘိုးက ဖခင်ကို ပေးခဲ့တာပါ ... သူအရိုက်အရာ ဆက်ခံနိုင်တဲ့အခါ ပြည်သူတွေကို လက်ဆောင်ပေးနိုင်ရန် လက်ဆင့် ကမ်းခဲ့တာပါ ... ဒါပေမဲ့လည်း သူက အရိုက်အရာ မဆက်ခံနိုင်ခင် သေဆုံးသွားခဲ့တယ် ... အရင်က ကျွန်တော်လည်း သခင်ဖြစ်ရန် စိတ်လောနေပြီး အလုံးစုံကို မျက်စိပိတ် နားပိတ် ဖြစ်နေခဲ့ပါတယ် ... အခု ကျွန်တော် ပြန်ကောင်းလာတဲ့အခါ မိုမိသားစုက မြောက်ဘက်ပိုင်း ချင်စီရင်စု အရိုက်အရာ မဆက်ခံနိုင်ကြောင်းကို သိရှိလိုက်ရတယ် ... ဒီအခွင့်အရေးကို အသုံးချပြီး ပြည်သူတွေအတွက် တစ်ခုခု လုပ်ပေးချင်တာပါ ... ကိုးဘဝ ပျောက်ကင်းဆေးက လူအများအသက်ကို ကယ်တင်နိုင်ပြီး မိုမိသားစုကို ချီးကျူးမှုနှင့် အသိမှတ်ပြုမှုလေးများ ရရှိနိုင်မလားလို့ပါ ... ”

စစ်ထူချင်သည် ခေါင်းညိတ် လိုက်သည်။ မြောက်ဘက်ပိုင်း ချင်စီရင်စု သခင်သည် အမြဲတမ်း မိုမျိုးနွယ်သာ ဖြစ်ခဲ့၏။ ဤသည်က သူ့လက်ထက်တွင် ဂုဏ်သတင်းနှင့် ထောက်ပံ့မှု ရရှိနိုင်မည့် အကောင်းဆုံး နည်းလမ်းဖြစ်၏။ အထူးသဖြင့် သူ့ကဲ့သို့ သခင်အသစ်အတွက် ဖြစ်၏။ အခုအချိန်ထိ သူသည် မိုဝူကျီ စကားများကို ၉၀ ရာခိုင်နှုန်းအထိ ယုံကြည်၏။

“အကယ်၍ ဒီလိုသာဆိုရင် ... ဘာကြောင့် ဈေးအမြင့်နဲ့ ရောင်းချတဲ့ ဒန်းဟန် ဆေးလုပ်ငန်းနဲ့ တွဲလုပ်တာလဲ ... ဆေးနည်းနည်း ထုတ်လုပ်ပြီး ဆေးနည်းကို ပေးလိုက်လို့ မရဘူးလား ... ”

စစ်ထူချင်သည် သူ့ကို တည့်တည့်ကြည့်ရင်း မေးခွန်းထုတ်လိုက်၏။

မိုဝူကျီသည် ကြောက်ရွံ့စွာ ပြောလိုက်သည်။

“အရင်က ကျွန်တော့် ဝမ်းစာဖြည့်ဖို့တောင် လုံလောက်တဲ့ ငွေကြေးမရှိပါဘူး ... ဆေးကို ကြော်ငြာရန် ပိုက်ဆံကို ဘယ်နေရာမှ ရှာရမှာလဲ ... ဒန်းဟန် ဆေးလုပ်ငန်း ပိုင်ရှင်က ကျွန်တော့်ကို ကောင်းကောင်း ဆက်ဆံပေးတယ် ... အဲဒါကြောင့် ဒီလိုလုပ်ရတဲ့ အဓိက အချက်သုံးချက် ရှိပါတယ် ... ပထမဦးဆုံးက ဒါကို ကြော်ငြာဖို့ ပိုက်ဆံရှာဖို့ ... ဒုတိယအချက်က သူဌေးလုရဲ့ ကြင်နာမှုကို ပြန်ပေးဆပ် နိုင်ဖို့နဲ့ တတိယအချက်က အားလုံးကို ကိုးဘဝ ပျောက်ကင်းဆေးက ကျွန်တော် အပိုလျှောက်လုပ် ထားတာ မဟုတ်ဘဲ ထိပ်တန်းဆေး ဖြစ်ကြောင်း သိရှိစေချင်တယ် ... ”

စစ်ထူချင်သည် မိုဝူကျီ အဖြေကို ကြားပြီးနောက်တွင် ပို၍ပင် နောင်တ ရလာလေ၏။ သူသည် ဤနေ့က စောစီးစွာ ရောက်ရှိလာကြောင်း သိခဲ့လျှင် ဆေးနည်းအကြောင်း ပေါက်ကြားသွားခြင်းကို တားဆီးနိုင်လိမ့်မည်။

စစ်ထူချင်သည် စိတ်မချမ်းမြေ့မှုအား ဘေးချိတ်ကာ မိုဝူကျီအား ခဏ စူးစမ်းလိုက်ပြီး ပြောလိုက်သည်။

“မိုဝူကျီ ... မင်းကိုယ်တိုင် ကိုးဘဝ ပျောက်ကင်းဆေးကို ထုတ်လုပ်တာ မဟုတ်ဘူး ဆိုရင်တောင် ချင်ယွီပြည်နယ်ဆီ မိုမျိုးနွယ်စုရဲ့ ထောက်ပံ့မှု အဖြစ် ရှိနေဆဲပဲ ... သခင်တစ်ယောက် အနေနဲ့ မင်းကို ဆုလာဘ် ချီးမြှင့်ဖို့ ဆုံးဖြတ်လိုက်တယ် ... အကယ်၍ မင်းသာ အရိုက်အရာ ဆက်ခံနိုင်မည့် အကြောင်းကို အလိုရှိနေဆဲ ဆိုရင် ဒါက လုံးဝ မဖြစ်နိုင်တာတော့ မဟုတ်ဘူး ... ”

မိုဝူကျီ အတိတ်အကြောင်း သိနေသူများသည် ထိုစကားများကို ကြားသည့်အခါ သူ့ကံကောင်းမှုအား တသသ ဖြစ်နေကြ၏။ ထို့သို့ ပြောနေသကဲ့သို့ “စောင့်မျှော်နေသည့် အရာသည် ဖြစ်မလာတတ်ပဲ မမျှော်လင့် ထားသည်များသည် ဖြစ်ပျက် လာတတ်၏”

မိုမျိုးနွယ်စုသည် အရိုက်အရာကို တမ်းတမ်းစွဲ လိုချင်သောကြောင့် မိုဂေါင်ယွမ်သည် သေဆုံးသွားပြီး မိုရှင်းဟယ် သည်လည်း ရူးသွပ်သွားခဲ့သည်။ ယခုတွင် မိုဝူကျီသည် ဤဆေးကို ဖော်စပ်နိုင်ခဲ့ သောကြောင့် အရိုက်အရာကို ရရှိမည့် မျှော်လင့်ချက်ကို ပြန်လည် ရရှိလိုက်၏။

အားလုံးသည် မိုဝူကျီသည် မြောက်ဘက်ပိုင်း ချင်စီရင်စု အရိုက်အရာကို လိုချင်တပ်မက် နေသည်ဟုသာ တွေးထင်နေကြ၏။ အထူးသဖြင့် သူထိုသို့ ကြံစည်ထားပြီး နောက်တွင် ရူးသွပ် သွားခြင်းကြောင့် ဖြစ်၏။ သူ နေပြန်ကောင်းလျှင်ပင် ထိုအရာကို အိပ်မက် မက်နေဆဲ ဖြစ်မည်ဟု အများက ယုံကြည် ထားကြသည်။

မိုဝူကျီသည် နှာခေါင်းရှုံ့လိုက်၏။ စစ်ထူချင်သည် မိုမျိုးနွယ်စုထံ အရိုက်အရာကို အလွယ်တကူ ပေးအပ်လျှင်ပင် သူ့ဖခင်သည် ယောင်ကျိုးမြို့တွင် အသက်သေဆုံး ခဲ့ရလိမ့်မည် မဟုတ်ပေ။ များများ တွေးကြည့်ပြီး အကယ်၍ သူသည် အရိုက်အရာကို ဆက်ခံဖို့ရန် သဘောတူခဲ့လျှင် သေခြင်းမှ အလှမ်းဝေးတော့မည် မဟုတ်ချေ။

ယောင်ကျိုးမြို့မှ မြောက်ဘက်ပိုင်း ချင်စီရင်စုသို့ ဘေးကင်းကင်း ပြန်မရောက်သရွေ့ မဆိုထားနှင့်ဦး ... သူသည် မြောက်ဘက်ပိုင်း ချင်စီရင်စုသို့ သခင် စစ်ထူချင်၏ တံဆိပ်ဖြင့် သခင်ဖြစ်ကြောင်း ထောက်ခံလျှင်ပင် သူအသက်အန္တရာယ် ဘေးကင်းနိုင်မည်လား ... မနေ့ကပင် အဆိပ်ခတ် ခံထားရလုနီးပါး ဖြစ်ခဲ့သည့် ကိစ္စအား မည်သို့ မေ့ပစ်နိုင်မည်နည်း ...

သူ့ကို အဆိပ်ခတ်သည့် သူက မည်သူပင် ဖြစ်နေပါစေ ... မိုဝူကျီသည် မနေ့က သူသေဆုံးသွားလျှင်ပင် ဤချင်ယွီပြည်နယ် သခင်သည် သေချာပေါက် ဘာမှ ပြောခြင်း မရှိမည်ကို သေချာသိရှိ၏။

***

All Chapters