ဒါဆို ရှင်က မိုဝူကျီလား
Vol. 2 Ch. 23
တင်းဘူအာ၏ မျက်နှာသည် ချက်ချင်းပင် ရိုသေ လေးစားခြင်းတွေ တဖွားဖွား ပေါ်ပေါက်လာပြီး
“ဒါပေါ့ ... အဲဒီသူက မြို့စားကြီး သမီး ဟန်နင်လေ ... သူမက ချင်ယွီပြည်နယ် တစ်ခုလုံးမှာတောင် ဂျီးနီးယပ် တစ်ယောက်လို့ ယူဆလို့ရတယ် ... သူမ ဝိညာဉ်ကြော အရည်အသွေးက အရမ်းကောင်းတယ် ... လွန်ခဲ့တဲ့ သုံးနှစ်တုန်းက မြို့စားကြီးက သူ့သမီးကို မြို့တော် ချန်လောင်ဆီ ခေါ်ပြီး စိတ်ဝိညာဉ် ဖွင့်ပေးခဲ့တာ ... ချက်ချင်း ဝိညာဉ်လမ်းကြောင်း ခုနစ်ခုထိ ဖွင့်နိုင်ခဲ့တာ ... အခု မမလေးက လမ်းကြောင်းဖွင့်ခြင်း အဆင့်ငါး ရောက်နေပြီး လမ်းကြောင်း နှစ်ဆယ်ကျော် ဖွင့်ပြီးသွားပြီ ... နွေဦး နတ်ဘုရားဂိတ် ညီလာခံ အတွက်သာ မဟုတ်ရင် မမလေးက အရင်သုံးနှစ်ထဲက ဂိုဏ်းတစ်ဂိုဏ်းကို ဝင်ပြီးနေလောက်ပြီ ... ”
မိုဝူကျီသည် ဝိညာဉ် လမ်းကြောင်းကို အရင်ကကြားဖူး၍ စိတ်ဝိညာဉ် နိုးထတုန်း လမ်းကြောင်းများများ ဖွင့်နိုင်လေ ပို၍ အလားလာ ကောင်းလေဖြစ်၏။ အရည်အသွေး မြင့်သည့် ဝိညာဉ်ကြောသည် စိတ်ဝိညာဉ် နိုးထစဉ် လမ်းကြောင်းများများ ဖွင့်နိုင်စေသည်။ သို့သော် မိုဝူကျီတွင် သေမျိုး ဝိညာဉ်ကြောသာ ရှိပြီး ဝိညာဉ်ကြော မပါရှိချေ။ အရင်က သူစိတ်ဝိညာဉ် ဖွင့်ရန် ကြိုးစားဖူးသော်လည်း လမ်းကြောင်းတစ်ခုမျှ မဖွင့်နိုင်ပေ။
“ဘာလို့ မမလေးက နွေဦး နတ်ဘုရားဂိတ် ညီလာခံကို စောင့်နေတာလဲ ... အရင်သုံးနှစ်တည်းက ဂိုဏ်းကို ဝင်လိုက်တာ မမလေးအတွက် ပိုမကောင်းဘူးလား ...”
မိုဝူကျီသည် သဘောမပေါက်စွာ မေးလိုက်သည်။
သူ့အမြင်မှဆိုလျှင် ဂိုဏ်းမှာ ကျင့်ကြံခြင်းနှင့် အိမ်တွင် ကျင့်ကြံခြင်းများ၏ ခြားနားချက်သည် သိသာနေသည် မဟုတ်လော ... အကယ်၍ ဟန်နင်သည် ဂိုဏ်းကို ဝင်ခဲ့မယ် ဆိုလျှင် သူမ၏ ကျင့်ကြံခြင်း အဆင့်သည် လက်ရှိ စိတ်ဝိညာဉ်ဖွင့်ခြင်း အဆင့်ငါးထက် ပိုမြင့်မား နေလောက်၏။
တင်းဘူအာသည် ခွက်ထိုးခွက်လန် ရယ်မောလိုက်ပြီး နားလည်ရန် ခက်သည့် အမူအရာကို ဆောင်ထား၏။ ဆရာလေသံဖြင့် သူသည် မိုဝူကျီအား ပုတ်လိုက်ပြီး ပြောလိုက်သည်။
“ဒါက မင်းနားမလည်တဲ့ နေရာပဲ ... အမှန်က ဂိုဏ်းကြီးတွေက ဒီနွေဦး နတ်ဘုရားဂိတ် ညီလာခံမှာပင် တပည့်တွေကို လက်ခံလေ့ ရှိကြတယ် ... အကယ်၍ မမလေးသာ အရင်က ဂိုဏ်းကို ဝင်ခဲ့ရင် ဂိုဏ်းသေးသေးလေးပဲ ဝင်နိုင်လိမ့်မယ် ... အဲဒီ ဂိုဏ်းသေးသေး လေးတွေက ဂိုဏ်းကြီးတွေနဲ့ ထောက်ပံ့မှုတွေ ... နည်းပညာတွေ ယှဉ်နိုင်မယ်လို့ ထင်လား ... ”
ထိုသည်က အကြောင်းရင်းဖြစ်၏။ မိုဝူကျီသည် ဤကိစ္စနှင့် ပတ်သက်ပြီး သဘောတူ လက်ခံသည်။ ထောက်ပံ့မှုများကို ယှဉ်လျှင် ပီကင်း တက္ကသိုလ်နှင့် ဒီပလိုမာ ကောလိပ်တွင် တက္ကသိုလ်ကသာ သေချာပေါက် အောင်မြင်မှုများ ရရှိလိမ့်မည်။
“မြို့စားကြီးက ကျွန်တော်ကို ဒီလာဖို့ ခွင့်ပြုတာက မမလေးရဲ့ နောက်လိုက် လုပ်ပြီး နွေဦး နတ်ဘုရားဂိတ် ညီလာခံကို အဖော်ပြုပေးရဖို့ ဖြစ်နိုင်တယ် ... ဘူအာ... မမလေးကို ဘယ်မှာ တွေ့လို့ရမလဲ ... ” မိုဝူကျီသည် အရင်ဦးစွာ မေးလိုက်၏။
ဘူအာသည် ခေါင်းယမ်းလိုက်ပြီး
“ညီလေးမို ... မြို့စားကြီး ပြောတာက မင်းကို ချွေးသိပ်တဲ့ သဘောပဲ ... နွေဦး နတ်ဘုရားဂိတ် ညီလာခံဆီ ပါဝင်ဖို့ မမလေးကို အဖော်ပြုပေးဖို့က ငါတို့ထဲက အရွေးခံရမှာ မဟုတ်ဘူးကွ ... ”
“ဘာလို့လဲ ... ”
မိုဝူကျီသည် အံ့သြတကြီး မေးလိုက်၏။ ထိုသည်က သူ ဤနေရာသို့ ရောက်လာသည့် အကြောင်းပြချက် ဖြစ်သည်။ အကယ်၍ သူသာ ညီလာခံကို မသွားရလျှင် ဤနေရာသို့ ရောက်လာခြင်း အကြောင်းက ဘာများလဲ ...
ဘူအာသည် မိုဝူကျီနား ကပ်ကာ တိုးညင်းစွာ တီးတိုး ပြောလိုက်သည်။
“မမလေးက သူမ နောက်လိုက်တွေကို ကိုယ်တိုင် ရွေးချယ်မှာ ... သူမက ငါတို့ကို မသိဘူးလေ အဲဒါကြောင့် ငါတို့ကို သေချာပေါက် ရွေးမှာ မဟုတ်ဘူး ... အမှန်တိုင်း ပြောရရင် ငါ့ကို ရွေးနိုင်တဲ့ အလားအလာက မင်းထက်တော့ မြင့်တယ် ... ပြီးတော့ ငါက နောက်ဖေးကွက်လပ် ကိုလည်း စောင့်ရှောက် ပေးရတယ် ... တံခါးကိုလည်း စောင့်ကြပ်ပေးရတယ် ... အနည်းဆုံး မမလေးက ငါ့ကို သတိထားမိ ကောင်းပါရဲ့...”
မိုဝူကျီ စိတ်သည် လေးလံသွား၏။ အကယ်၍ ဟန်နင်သာ ဤကဲ့သို့ သူမနောက်လိုက်များ ရွေးချယ်သည်ဆိုလျှင် သူတွင် အလားအလာ တစ်စက်လေးမှ မရှိချေ။
တင်းဘူအာသည် မိုဝူကျီပခုံးကို ပုတ်ကာ အားပေးလိုက်ပြီး သူ၏ ကိုယ်ပိုင် နေထိုင်ရာဆီ အနည်းငယ် သနားမှုနှင့်အတူ ခေါ်ဆောင်သွားလိုက်သည်။
“မဟုတ်ဘူး ... ငါက ဒီကို တော်ဝင်မြို့တော်ဆီ သွားဖို့ ရောက်လာတာ ... တင်းဘူအာ ပြောတာသာ အမှန်ဆိုရင် ဟန်နင်နဲ့တွေ့ဖို့ နည်းလမ်း ရှာရမယ် ... အလျင်မလိုပါဘူး ... မနက်ဖြန်မှ စလို့ရတယ် ... ပထမဆုံး ဟန်စံအိမ်ထဲက လူတွေနဲ့ အဆက်အသွယ်ရှိဖို့ လုပ်ရမယ် ... ”
တင်းဘူအာကို ပြန်လည် ပို့ပြီးသည်နှင့် မိုဝူကျီသည် သူ့ခုတင်ပေါ် တက်လိုက်ပြီး အိပ်ပျော်သွားသည်။ သွေးကြောဖွင့်ဆေး သောက်ပြီးသည် မှစ၍ သူသည် ကောင်းကောင်း အနားမယူရသေးချေ။ သူသည် ယမန်နေ့ညက မအိပ်ခဲ့ရပေ။ ယခုအချိန်အထိ တောင့်ခံနိုင်သည်ကိုက အံ့သြစရာ ကောင်းနေပြီ ဖြစ်၏။
ကောင်းကင်သည် မှုန်ဝါးဝါးရှိနေဆဲ ဖြစ်သည်။ ဟန်စံအိမ်၏ နောက်ဖေးတွင် ခေါင်းလောင်းသာ ထမြည်လာ၏။ အားလုံးသည် အိပ်ရာထကာ မြန်မြန် ဆေးကြောပြီး သိုင်းလေ့ကျင့်ကွင်းဆီ အပြေးအလွှား ရောက်လာကြသည်။
မိုဝူကျီသည် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ နှစ်မျိုးလုံး ပင်ပန်းနွမ်းလျှနေသည်။ ခေါင်းလောင်းသံကို ကြားလျှင်ပင် မထနိုင်ချေ။
အမွှေးနံ့သာတိုင် တစ်ဝက်လောက် ကုန်စတွင် တစ်ရာထက်များသော အစောင့်များသည် သိုင်းလေ့ကျင့်ကွင်း အတွင်းသို့ စုစည်း ရောက်ရှိနေပြီဖြစ်သည်။
“ဒပ်ဒပ်...”
မြင်းတစ်ကောင်၏ ဖြည်းညင်းစွာ လျှောက်လှမ်းလာသည့် အသံကို ကြားလိုက်ရသည်။ အနီရောင် ဝတ်စုံနှင့် မိန်းကလေးသည် မြင့်မားပြီး နီရောင်သန်း နေသည့် မြင်းကို စီးလာလေ၏။ အဝေးမှပင် ဤအရာသည် တဖြည်းဖြည်း ချဉ်းကပ်လာသည့် မီးလုံးနှင့် တူလှ၏။ သူမနောက်တွင် အဝါရောင်မြင်းကို စီးလာသည့် အပြာရောင် ဝတ်စုံနှင့် မိန်းမပျိုလေး ပါရှိ၏။
“မမလေးနင်ကို နှုတ်ခွန်းဆက်ပါတယ်...”
အစောင့်များသည် ကျယ်လောင်စွာ နှုတ်ဆက်လိုက်၏။ အားလုံးသည် ဤပုဂ္ဂိုလ်သည် ဟန်စံအိမ်၏ အသည်းကျော်လေး ဟန်နင်သာ ဖြစ်ကြောင်း သိရှိကြသည်။
ဟန်နင်မျက်လုံးသည် လူရာကျော်ကို သိမ်းကျုံးကြည့် လိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်
“ဒီနေ့ ငါက မိုးကြိုးမြူတောဆီ သွားမယ် ... မင်းတို့ထဲက ဆယ်ယောက်ကို အစောင့်အဖြစ် လိုအပ်တယ် ... ဆယ်ယောက်ထဲက လုပ်ဆောင်ရည် အကောင်းဆုံး တစ်ယောက်က နွေဦး နတ်ဘုရားဂိတ် ညီလာခံမှာ ငါ့နောက်က လိုက်ခွင့်ရမယ်...”
သူတို့သည် မမလေးစကား ကြားသည်နှင့် ရာကျော် အစောင့်များသည် ချက်ချင်း စိတ်လှုပ်ရှားမှု နှင့်အတူ တက်ကြွလာကြသည်။ သူတို့အားလုံးသည် မမလေး မျက်လုံးထဲ သတိထားမိပြီး မိုးကြိုးမြူတောကို လိုက်ဖို့ ရွေးချယ်ရန် ဆုတောင်းနေကြသည်။ မိုးကြိုးမြူတောသည် မည်မျှပင် အန္တရာယ် ကြီးစေကာမူ တော်ဝင်မြို့တော်၏ ဆွဲဆောင်မှုကို မဟန့်တားနိုင်ပေ။
“မိုဝူကျီက ဘယ်သူလဲ ... ” ဟန်နင်သည် ရုတ်တရက် မေးလိုက်၏။
အစောင့်များသည် ချက်ချင်းပင် တိတ်ဆိတ် သွားကြသည်။ အချိန်ကြာမြင့် လာသော်လည်း တစ်ယောက်မျှ မဖြေကြ။ ဤနေရာမှ အများစုသည် မိုဝူကျီအား မည်သူမှန်းပင် မသိရှိကြပေ။
ဟန်နင်မျက်နှာသည် ချက်ချင်း မသာမယာ ဖြစ်လာပြီး ကျယ်လောင်စွာ အော်မေးလိုက်သည်။
“မိုဝူကျီ အခုထိ မလာသေးဘူးလား...”
တင်းဘူအားသည် အလောတကြီး ရှေ့ထွက်လာပြီး မဝံ့မရဲ ပြောလိုက်သည်။
“မမလေး ... မိုဝူကျီက မနေ့ကမှ စရောက်တာပါ ... ဖြစ်နိုင်တာက သူက သိပ်မရင်းနှီးသေးလို့ နေမှာပါ...”
တင်းဘူအာ စကားနှင့်အတူ ဟန်နင်မျက်နှာသည် ပို၍ပင် မသာမယာ ဖြစ်လာပြီး
“ဒီမှာရှိတဲ့ အားလုံး မိုဝူကျီ လာတဲ့အထိ လေ့ကျင့်ကွင်းကို ပတ်ပြေးရမယ် ... ကျဆုံးသူ အားလုံးကို လစာတစ်လစာ ဖြတ်မယ် ... ”
ရှေ့မှာရှိနေသည့် တောင့်တင်းသော အမျိုးသားသည် သူ့ဘေးမှ အစောင့်ကို စိတ်တိုစွာ ပြောလိုက်သည်။
“ချန်းစုန်းချိုင် ... ချက်ချင်း အဲဒီကောင်ကို ဒီဆွဲခေါ်ခဲ့ ... ”
“ဟုတ်ကဲ့...”
ကြမ်းကြုတ်ပုံ ရှိသည့် အမျိုးသားသည် တုံ့ပြန်လိုက်ပြီး လေ့ကျင့်ကွင်းမှ အလျင်အမြန် ထွက်သွားလိုက်သည်။
“ဘန်းဘန်း...” မိုဝူကျီသည် တံခါး ထုသံကြောင့် နိုးလာ၍ မျက်လုံးကို ဖွင့်ကြည့်လိုက်သည့် အခါ ကောင်းကင် တစ်ခွင်လုံး အလင်းရောင် မှိန်မျှမျှသာ ရှိသေး၏။
တံခါးသည် အတင်း အထုခံလိုက်ရသည်။ ထိုသည်က ရိုးရှင်းစွာ တံခါးခေါက်ခြင်း မဟုတ်တော့ချေ။
ကြက်ဖထက် အိမ်အစောင့်က စောနိုးနေရမယ် လို့တော့ လာမပြောနဲ့ ...
“ဘာများလဲ ... ” မိုဝူကျီသည် တံခါးကို စိတ်တိုစွာ ဖွင့်လိုက်၏။
“မင်းက အသစ်ဆိုပေမဲ့ မင်းကြောင့် ငါတို့အားလုံး မမလေးကနေ အပြစ်ပေးခံရတယ် ... မြန်မြန်လုပ်ပြီး လေ့ကျင့်ရေးကွင်းဆီ လာခဲ့ ... မြန်မြန်လုပ်...”
မျက်နှာရှည်၊ နှာခေါင်းမည်းနှင့် ကြမ်းကြုတ်ဟန် ရှိသည့် အမျိုးသားသည် တံခါးဝတွင် ရပ်နေလေသည်။
မိုဝူကျီသည် သူ့အား မှတ်မိ၏။ သူသည် တင်းဘူအာ မနေ့က လိုက်လံ မိတ်ဆက်ပေးစဉ်က ရှိနေခဲ့သူ ဖြစ်သည်။ သူ့အမည်သည် ချန်းစုန်းချိုင် ဖြစ်၏။
မိုဝူကျီသည် မျက်မှောင်ကြုတ် လိုက်ကာ မေးလိုက်သည်။
“အခုထိ ကောင်းကင်က လင်းတောင် မလင်းသေးဘူး ... ဘာတွေ ဖြစ်နေတာလဲ ... ”
အစောင့်က ရုတ်ခြည်း လာနှိုးခြင်းကို သူသည် စိတ်မကြည်သေးချေ။
“မမလေးက ဒီနေ့ မိုးကြိုးမြူတောကို သွားမှာ ... အခုသူမနောက် လိုက်ဖို့ လူရွေးချယ်နေတယ် ... ဒါပေမဲ့ မင်းက စုစည်းအမိန့်ကို သွေဖည်ပြီး ဒီမှာနေနေတယ် ... အားလုံးက မင်းကို စိတ်ကြီးဝင်နေတယ် ပြောတာ အံ့သြစရာ မရှိပါဘူး ... မင်းက တကယ်ကို စိတ်ကြီးဝင်နေတာပဲ ... ”
ချန်းစုန်းချိုင်သည် မိုဝူကျီအား စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။
အရင်က သူသည် ဟန်နင်ကို တွေ့ဖို့ရန် နည်းလမ်းရှာရန် ကြိုးစား၏။ ယခုတွင် ဟန်နင်သည် မိုးကြိုးမြူတောကို သွားရန် နောက်လိုက်များ ရွေးချယ်နေ၏။ ဤသည်က သူလိုချင်သည့်အရာ ကွက်တိ မဟုတ်ပေဘူးလား ...
မိုဝူကျီသည် နောက်ဆုံးတွင် တုံ့ပြန်လိုက်ကာ အလောတကြီး ပြောလိုက်သည်။
“ခဏလောက် စောင့်ပေးပါဦး ... မကြာခင် ပြီးတော့မှာ...”
သူ့စကားများ ဆုံးသည်နှင့် မိုဝူကျီသည် အလျင်အမြန် ဆေးကြောလိုက်ပြီး လေ့ကျင့်ကွင်းသို့ ချန်းစုန်းချိုင်နောက်မှ လိုက်ပါလာသည်။
“အစ်ကိုချန်း ... တစ်ယောက်ယောက်က ကျွန်တော့်ကို စိတ်ကြီးဝင်တယ်လို့ ပြောတယ်လား ... ဒါပေမဲ့ ကျွန်တော်က မနေ့ကမှ ရောက်လာတာလေ...”
မိုဝူကျီသည် ချန်းစုန်းချိုင်စကားများကို ပြန်သုံးကာ ပြောလိုက်၏။
ချန်းစုန်းချိုင်သည် မိုဝူကျီအကြောင်း ပြန်ပြောရန် အလွန် ပျင်းရိနေပြီး ခြေလှမ်းကျဲဖြင့် ကတိုက်တရိုက် ထွက်သွားလိုက်သည်။
“ဒါဆို ရှင်က ဝန်ကြီးယောင်ကန်ကို မျက်စိထဲမရှိတဲ့ မိုဝူကျီပေါ့ ... ”
မိုဝူကျီ လေ့ကျင့်ကွင်းထဲသို့ ရောက်လာသည်နှင့် ဒေါသအရိပ် သန်းနေသော အသံသည် ထွက်ပေါ်လာ၏။
***