မိုးကြိုးမြူတော
Vol. 2 Ch. 24
မိုဝူကျီသည် အနီရောင် ဝတ်စုံနှင့် မိန်းမပျိုက သူ့ကို စိုက်ကြည့်နေသည်ကို မြင်လိုက်၏။ သူမသည် ဝမ်မန်ကျူလောက် မလှပသော်လည်း ဤမိန်းမပျိုသည် လှပသည့် အင်္ဂါရပ်များရှိပြီး အချိုးအစား ပြေပြစ်လှပ၏။ သူမသည် အလွန် ပိန်ပါးပေမဲ့လည်း မိုဝူကျီသည် သူမထံမှ ထွက်ပေါ်နေသည့် စွမ်းအင်များကို ခံစားမိသည်။
ဤမိန်းမပျိုသည် ဟန်ချန်အန်း၏ အဖိုးတန် သမီးလေး ဟန်နင်ဖြစ်လိမ့်မည်။ ဟန်ချန်အန်းသည် အလွန်အိုနေပုံ ပေါ်သောကြောင့် မိုဝူကျီသည် သူ့သမီး ဖြစ်သူသည်လည်း ထိုမျှ ငယ်ရွယ်ပြီး လှပလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
“ကျွန်တော် မိုဝူကျီပါ ... တွေ့ရတာ ဝမ်းသာပါတယ်...”
မိုဝူကျီသည် ယဉ်ကျေးစွာ နှုတ်ဆက်လိုက်၏။
“ရှင်က ဟန်စံအိမ်ကို ရောက်နေပြီလေ ... မနက်ခေါင်းလောင်း မြည်တာနဲ့ ဘာကြောင့် ရောက်မလာတာလဲ ... ”
ဟန်နင်၏ စကားသံသည် ရုတ်ခြည်း လေးနက်သွားသည်။
မိုဝူကျီသည် မလည်မဝယ် ကြည့်လိုက်ပြီး ပြန်ဖြေလိုက်သည်။
“မမလေး ... အစက ကျွန်တော်ထင်တာက ခေါင်းလောင်းက မနက်စာအတွက်လို့ ထင်ပြီး ... အသစ်ဝင်လာတဲ့ တစ်ယောက် အနေနဲ့ ကျန်တဲ့သူတွေနဲ့အတူ တန်းစီရဲမှာလဲ ... အားလုံးက အစားအစာ ယူပြီးသွားမှ စားဖို့ စဉ်းစားထားတာ ... ဒါက မနက်ခင်း အစုအဝေး ခေါင်းလောင်းဆိုတာသာ သိခဲ့ရင် လေ့ကျင့်ရေးကွင်းကို ပထမဆုံး ရောက်တဲ့သူက ကျွန်တော် ဖြစ်လိမ့်မယ် ... ”
သူ့အား လာနှိုးသည့် ချန်းစုန်းချိုင်သည် မိမိဘာသာ စိတ်ထဲမှ ရေရွတ်လိုက်၏။
“မင်းကို နိုးရင်း တံခါးတောင် ပျက်တော့မလို့ကို ... ဒီလိုမျိုးတွေ ပြောရဲသေးတယ်လား ... တစ်စက်လေးမှ မရှက်ဘူးလား ... ”
သို့သော်လည်း ချန်းစုန်းချိုင်သည် ဟန်နင်ရှေ့တွင် မိုဝူကျီ မကျေနပ်မှုအား မဖော်ပြရဲချေ။ အရင်က သူသည် ဟန်နင်သည် အစောင့်၏ နံရိုးလေးရိုးအာ ချိုးပစ်ကာ လမ်းမပေါ်သို့ ခွေးစားရန် ပစ်ထားသည်ကို တွေ့ဖူး၏။ ဟန်နင်သည် မိုဝူကျီကို မေးခွန်းထပ်၍ မထုတ်သရွေ့ သူသည် သူ့ဘာသာ ဝင်ပါမည် မဟုတ်ချေ။
ဟန်နင်သည် ခေါင်းညိတ်ကာ ပြောလိုက်ပြီး
“ရှင်က ဆေးဖော်စပ်တဲ့ အကြောင်း သိတယ်လို့ ကြားလို့ ရှင့်ကို မိုးကြိုးမြူတောဆီ ခေါ်သွားဖို့ လုပ်ထားတယ် ... မိုးကြိုးမြူတောက အရမ်းကို အန္တရာယ်များတဲ့ နေရာဆိုတာ ရှင့်ကို သတိပေးရဦးမယ် ... ချင်ယွီပြည်နယ်ရဲ့ မင်းသား(၁၁)က သူ့လူတွေခေါ်ပြီး မိုးကြိုးမြူတောဆီ ဝင်သွားခဲ့တယ် ... ပြီးတော့ တစ်ယောက်မှ အသက်ရှင်လျက် ပြန်မလာခဲ့ဘူး ... ကျွန်မနောက်ကို လိုက်ရဲလား ... ”
သူမသည် မိုဝူကျီက အသစ်ရောက်ရှိလာသူ ဖြစ်၍ လိမ်ညာမနေကြောင်း ယုံကြည်၏။ ထို့အပြင် သူသည် တော်ဝင်မျိုးနွယ်မှ ဖြစ်သောကြောင့် မနက်စာအတွက် အားလုံးနှင့် လုယက်၍ မယှဉ်လိုခြင်းမှာလည်း ဖြစ်နိုင်၏။ ဟန်စံအိမ်တွင် မနက်စာ စောစော မကျွေးကြောင်းကို မိုဝူကျီအနေနှင့် မသိရှိလောက်ခြင်း ဖြစ်မည်ကို သူမနားလည်၏။ အကြောင်းရင်းမှာ သူတို့ စတင်၍ မစားခင် သူတို့ပြီးမြောက်ရမည့် အရာများရှိ၏။
မိုဝူကျီ၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားပြီး ပြောလိုက်သည်။
“ကျွန်တော် မိုဝူကျီက သေခြင်းကို ကြောက်ရွံ့ကောင်း ကြောက်ရွံ့လိမ့်မယ် ... ဒါပေမဲ့လည်း မမလေးအတွက် အလုပ်လုပ်ဖို့ အခွင့်အရေး ရမယ်ဆိုရင် မိုကြိုးမြူတောကို မဆိုထားနဲ့ဦး ... ဆူးတောင်ပင် ဖြစ်စေ မီးပင်လယ်ပင် ဖြစ်စေ ဖြတ်ကျော်ရဲပါတယ်...”
မိုဝူကျီသည် သူမသွားချင်လျှင်ပင် သွားကိုသွားရမည် ဆိုတာကို ရှင်းရှင်းလင်းလင်း သိ၏။ သူသည် နွေဦး နတ်ဘုရားဂိတ် ညီလာခံသို့ သွားရောက်လိုလျှင် ဟန်နင်အား အမြင်ကောင်း စေရန် လိုအပ်ကြောင်း သိရှိ၏။ ထိုမှသာ အခွင့်အရေး အနည်းငယ် ရရှိနိုင်မည် ဖြစ်သည်။ တစ်ချိန်တည်းတွင် ဟန်နင်၏ ရည်ရွယ်ချက်သည် သူ့ဆေးဖော်စပ်သည့် အသိပညာကို ပြောမည် မဟုတ်ကြောင်း ခံစားမိ၏။ သူသည် ဟန်ချန်အန်းအား ဆေးဖော်စပ်ခြင်း အကြောင်း နကန်းတစ်လုံးမှ မသိကြောင်း ပြောထားသည်မှာ လုံးဝသေချာသည်။
ဟန်နင်သည် သူ့အား ဖိတ်ခေါ်ခဲ့သည်မှာ သူမဖခင်သည် မိုဝူကျီက သူမအတွက် အသုံးဝင်နိုင်ကြောင်း ပြောထား၍ ဖြစ်သည်။ ယခု မိုဝူကျီသည် သူမဖိတ်ခေါ်မှုကို လက်ခံလိုက်၍ ဟန်နင်သည် အလွန် ကျေနပ်သွားပြီး ပြောလိုက်သည်။
“အဲဒီလိုဆိုရင် ဘေးမှာ ရပ်ပေးပါ...”
ဟန်နင်မျက်လုံးသည် အစောင့်အုပ်စုမှ အင်အားပြည့်နေသည့် လူငယ်အပေါ် ရောက်သွားခဲ့ပြီး
“အစောင့်ခေါင်းဆောင် ဖန် ... နောက်ထပ် ရှစ်ယောက် ထပ်ရွေးပေးပါဦး ... မိုဝူကျီနှင့် ရှင်အပါအဝင် ဆယ်ယောက်ရတာနဲ့ ချက်ချင်း ထွက်ကြမယ် ... ”
ဤအင်အား ပြည့်နေသည့် လူငယ်သည် ဟန်စံအိမ်၏ အစောင့်ခေါင်းဆောင် ဖန်မုန်ဟွာဖြစ်၏။ သူသည် ဟန်နင်စကားများ ကြားသည်နှင့် မတ်တတ်ရပ် လိုက်ပြီး
“မမလေး ... မိုးကြိုးမြူတောကို အစောင့်ဆယ်ယောက်ပဲ ခေါ်သွားမှာ သေချာရဲ့လား...”
ဟန်နင်သည် ပြန်ဖြေလိုက်သည်။
“ဒီတစ်ခါ ... မိုးကြိုးမြူ တောစပ်နားမှာပဲ ရက်အနည်းငယ် လေ့ကျင့်ရုံပဲ ... တချိန်တည်းမှာ ဆေးပင်အချို့လည်း ရှာရမယ် ... တောအနက်ထဲ အထိမသွားဘူး...”
“ဟုတ်ကဲ့ ... ကျွန်တော် နားလည်ပါပြီ...”
ဖန်မုန်ဟွာသည် ဖြေလိုက်ပြီးနောက် ချက်ချင်း အစောင့်များကို ကြည့်လိုက်ကာ
“ယုကျီ ... ချန်ဟောင်ချိုင် ... တင်းဘူအာ ... ချိုင်ကျူ ... ”
အစောင့် ရှစ်ယောက်သည် အမြန်အဆန် ရွေးပြီးသွား၏။ သို့သော် မိုဝူကျီသည် တင်းဘူအာ ပါလာခြင်းအပေါ် အလွန် အံ့အားသင့်သွားသည်။
တင်းဘူအာသည် မိုဝူကျီဆီ လျှောက်လှမ်းလာကာ နားနားကပ်၍ ပြောလိုက်သည်။
“ညီလေးမို ... ငါအရွေးခံရတာ မင်းကြောင့် ဖြစ်ရမယ် ... ”
မိုဝူကျီသည် တင်းဘူအာ ပါလာခြင်းအပေါ် ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်မိ၏။ တင်းဘူအာသည် ရွေးချယ်ခံရန် အရည်အချင်း မပြည့်မီပေ။ သူသည် ဖန်မုန်ဟွာကို ကြည့်လိုက်သည့် အခါ သူ့အားပြန်ကြည့် လာသည့်နှင့် ဆုံပြီး ဖန်မုန်ဟွာသည် ခေါင်းညိတ်ပြ လိုက်သည်ကို တွေ့လိုက်ရ၏။
မိုဝူကျီသည် သူ့ဆိုလိုရင်းကို နားလည် သဘောပေါက်သွား၏။ ဖန်မုန်ဟွာသည် မိုဝူကျီသည် ဟန်နင်အတွက် အရေးကြီးမည်ဟု မှန်းဆကာ သူ့အား ကျေနပ်စေရန် တင်းဘူအာအား အသုံးချခြင်း ဖြစ်၏။
“ဘူအာ ... ငါ့ကို ဝူကျီလို့ပဲ ခေါ်ပါ ... မင်းက ငါ့ထက်လည်း အသက်ကြီးတယ်လေ...” မိုဝူကျီသည် ရေရွတ်ပြောလိုက်၏။
တင်းဘူအာသည် ခေါင်းညိတ်လိုက်ပြီး
“အင်း ... ဝူကျီ... အခုကစပြီး မင်းက ငါ့ရဲ့ အကောင်းဆုံး သူငယ်ချင်းပဲ...”
ဖန်မုန်ဟွာသည် အစောင့် ရှစ်ယောက်ကို ရွေးချယ်ပြီးနောက် ဟန်နင်နောက်မှ အဝါရောင်မြင်းကို စီးထားသည့် အပြာရောင် ဝတ်စုံနှင် မိန်းမပျိုသည် ကြော်ငြာလိုက်သည်။
“အားလုံး မြင်းတစ်ကောင်စီ ယူပြီး အဆင်သင့် ပြင်ထားပါ ... ခဏနေရင် ငါတို့ ထွက်ကြမယ်...”
“သူက မမလေးရဲ့ ကိုယ်ပိုင်အစေခံ ရှောက်လန်တဲ့ ... သူမက ဟန်နင် သဘောအကျဆုံးလေ ... သူမကို သွားပြီး ရန်မစမိတာ ကောင်းတယ် ... ” တင်းဘူအာသည် မိုဝူကျီနား ကပ်ကာ ပြောလိုက်သည်။
“အရင်ဆုံး ပစ္စည်းတချို့ သွားပြင်ဆင်လိုက်ဦးမယ်...” မိုဝူကျီသည် ခေါင်းညိတ်လိုက်၏။ သူသည် ဟန်နင် ပတ်ဝန်းကျင်မှ လူများကို ရန်စလောက်တဲ့ အထိ ဦးနှောက် ပျက်မနေချေ။
မိုဝူကျီသည် မိုးကြိုးမြူတောတွင် မည်မျှ ကြာမြင့်မည်ကို မသိသောကြောင့် သူ့နှင့်အတူ သွေးကြောဖွင့်ဆေးများကို ယူလာခဲ့သည်။အကယ်၍ တစ်ယောက်ယောက်ကသာ ထိုဆေးများသည် လမ်းကြောင်းများကို တစ်ဝက်တစ်ပျက် ဖွင့်ပေးနိုင်ကြောင်း သိရှိသွားမည့် အရေးကို စိတ်မအေးချေ။
မိုဝူကျီသည် မြင့်မားသည့် အနက်ရောင်မြင်းကို ရွေးလိုက်ပြီး မြင်းနှင့် ရင်းနှီးမှု တိုးမြင့်ရန် အလို့ငှာ လေ့ကျင့်ရေးကွင်းဆီ စီးလာလိုက်သည်။
စုစုပေါင်း ဆယ်နှယောက် ယောင်ကျိုးမြို့မှ ထွက်လာသည့် အချိန်တွင် ကောင်းကင်သည် လင်းနေလေပြီ ...
ထိုမြင်းများကို သေချာစွာ လေ့ကျင့် ပေးထားသောကြောင့် အလွန် မြန်ဆန်စွာ ပြေးနိုင်၏။ ထိုမျှ အရှိန်ဖြင့် မိုဝူကျီသည် စီးရသည်မှာ သက်သောင့်သက်သာ ဖြစ်ခြင်း မရှိတော့ချေ။
“ဘူအာ ... ငါတို့ ဘာလို့ ကားစီး မလာတာလဲ...”
မိုဝူကျီသည် ဤနေရာတွင်လည်း ကားများရှိပြီး သူတို့သည် စက်စွမ်းအားဖြင့် အလုပ်လုပ်ကြ၏။ သဘောတရားအရ ဆိုလျှင် ကားသည် ပို၍ သက်သောင့်သက်သာ ဖြစ်ပြီး အပင်ပန်းခံရမည့် ဒဏ်လည်း နည်းလိမ့်မည်။
ဘူအာက ပြန်ဖြေလိုက်၏။
“မကြာခင် မင်းသဘောပေါက် လာလိမ့်မယ်...”
မိုဝူကျီ တွေ့ရှိသည်အထိ အချိန်အကြာကြီး စောင့်ဆိုင်းရန် မလိုအပ်ပေ။ လမ်းသည် ပို၍ ကျဉ်းမြောင်းလာပြီး မညီမညာတွေ ဖြစ်လာသည်။ သူတို့သည် တောင်စွန်းတွင်ပင် သွားနေကြတာ ဖြစ်သည်။ လမ်း၏ အကျယ်သည် တစ်မီတာလောက်သာ ကျယ်ဝန်းပြီး မိုဝူကျီအား စိုးရိမ်လာစေ၏။ အကယ်၍ မြင်းသာ ခြေလှမ်း မှားချမိလျှင် သူသည် တောင်စွန်းမှ ပြုတ်ကျသွားနိုင်သည်။
ကံကောင်းစွာပင် ဤသည်က သိပ်မကြာရှည်ခဲ့ပေ။ နာရီဝက်လောက် ကြာပြီးသည့် နောက်တွင် သူတို့သည် နက်ရှိုင်းသည့် ချောက်ထဲသို့ ရောက်ရှိလာပြီး မိုဝူကျီသည် သူ တောင်စွန်းမှ ပြုတ်ကျ မသွားခြင်းကို ပျော်ရွှင်နေမိပြီး ချွေးအေးများပင် ထွက်နေလေသည်။
ကောင်းကင် မှောင်စပြု လာသည့်အခါ ဟန်နင်သည် အားလုံးကို ရပ်ရန် အမိန့်ပေးလိုက်၏။
မိုဝူကျီသည် မြင်းပေါ်မှ ဆင်းသည့်အခါ သူ့ပေါင်တွင် သွေးများပင် ပန်းထွက်လာသည်ဟု ထင်ရသည့် နာကျင်မှုကို ခံစားလိုက်ရသည်။
“ငါတို့ ရောက်ပြီလား...” မိုဝူကျီသည် နာကျင်မှုကို အန်တုကာ မေးလိုက်သည်။
“မိုးကြိုးမြူ တောစပ်ဆီတော့ မရောက်သေးဘူး ... ပြီးတော့ မင်းက အရင်က မြင်းမစီးဖူးဘူးလား...”
တင်းဘူအာသည် ဘေးတွင် ရပ်နေသောကြောင့် မိုဝူကျီ၏ ဒဏ်ရာကို သတိပြုမိပြီး မေးလိုက်သည်။
“နောက်ဆုံး စီးတာက ကြာလှပြီ ... သွားကူညီကြစို့...” မိုဝူကျီသည် ကျန်သူများ အားလုံးက တဲများ ပြင်ဆင်နေကြ သည်ကို မြင်လျှင် ပြောလိုက်သည်။
တင်းဘူအာသည် မိုဝူကျီ၏ ဆန္ဒကို နားလည်၏။ အကြောင်းမှာ သူသာ မြင်းမစီးနိုင်လျှင် ဟန်နင်သာ သိသွားခဲ့ပါက သူမနောက်လိုက်ရန် အခွင့်အရေး ရတော့မည် မဟုတ်ချေ။
တစ်နာရီလောက် အလုပ်လုပ်ပြီးသည့် နောက်တွင် မိုဝူကျီသည် တဲသို့ ဝင်ပြီး အနားမယူခင် ကျန်သောသူ အားလုံးနှင့်အတူ ဘီစကစ် စားရန် လိုက်ပါသွားသည်။ တဲတစ်ခုစီတွင် လူနှစ်ယောက် ဆံ့၏။ ထို့ကြောင့် ဟန်နင်တို့ တဲကို အလယ်ထားကာ ဝန်းရံထားသည့် တဲငါးခုရှိ၏။
မိုဝူကျီနှင့် တင်းဘူအာတို့သည် တစ်ယောက်နှင့် တစ်ယောက် ရင်းနှီးသောကြောင့် တဲကို ဝေမျှသုံးကြသည်။
“အဆင်ပြေလား ... ငါ့မှာ ဆေးနည်းနည်း ကျန်သေးတယ် ... ”
တင်းဘူအာသည် မိုဝူကျီထံ ဆေးပုလင်းကို လှမ်းပေးလိုက်သည်။
မိုဝူကျီသည် လက်ဝှေ့ယမ်းကာ ပြောလိုက်၏။
“ငါ အဆင်ပြေပါတယ် ... မိုးကြိုးမြူ တောထဲမှာ ဘယ်လို အန္တရာယ်တွေနဲ့ တွေ့နိုင်လဲ ... မနက်ဖြန်ဆိုရင် ရောက်လောက်ပြီလား ... ”
တင်းဘူအာသည် ပြန်ဖြေလိုက်သည်။
“စိုးရိမ်စရာ မလိုပါဘူး ... ငါတို့က မိုးကြိုးမြူ တောစပ်မှာပဲ နေမဲ့ဟာ ... အန္တရာယ် မများပါဘူး ... မိုးကြိုးမြူ တောထဲကိုတော့ ခြေတစ်လှမ်းမှ မချမိဖို့ မှတ်ထားဦး ... ”
“ဘာလို့လဲ ... ” မိုဝူကျီသည် ဆက်တိုက် မေးခွန်းထုတ်လိုက်၏။
တင်းဘူအာ၏ မျက်နှာသည် တည်ကြည် လေးနက်လာပြီး
“ဘာကြောင့်လဲ ဆိုတာ မမေးနဲ့ ... မိုးကြိုးမြူတောကို အသက်စတေးပြီး ဝင်သွားတဲ့ ၉၀ ရာခိုင်နှုန်းလောက်က ပြန်ထွက် မလာနိုင်ကြဘူး ... ”
***