မိုးကြိုးမြူတောသို့ အတင်းဝင်ရောက်ခြင်း
Vol. 2 Ch. 25
မိုဝူကျီသည် မျက်မှောင်ကြုတ် လိုက်ပြီး
“ဘူအာ ... အဲဒါဆို ဘာကြောင့် မိုးကြိုးမြူတောကို ဝင်ဖို့ တားမြစ်ထားတာလဲ ... တစ်ခုခုများ သိသေးလား ...”
တင်းဘူအာသည် သက်ပြင်းချကာ ပြောလိုက်သည်။
“နည်းနည်းတော့ သိတယ် ... ဒီမိုးကြိုး တောနက်ထဲမှာ အလွန် အားကြီးတဲ့ နတ်ဆိုးသားရဲ တချို့ ရှိတယ်လို့ ကြားဖူးတယ် ... သူတို့က ကျင့်ကြံသူတွေနဲ့တောင် ယှဉ်နိုင်ကြတယ် ... ချင်ယွီပြည်နယ်ရဲ့ ကာကွယ်သူတောင် မိုးကြိုးမြူတောကို တစ်ခေါက် ဝင်ဖူးတယ် ဒါပေမဲ့ လက်မတင်လေး အသက်ဘေးက လွတ်လာခဲ့တာ ... ငါတို့ရဲ့ မမလေးကလည်း မင်းသား(၁၁) စစ်ထူယွဲ့ အကြောင်း ပြောပြဖူးတယ် ... သူလည်း တောထဲကို ဝင်သွားပြီး နောက်ဘယ်တော့မှ ပြန်မတွေ့ရတော့ဘူး...”
ထိုအခိုက်အတန့်တွင် ဘူအာသည် အသံကို နိမ့်လိုက်ပြီး
“မင်းသားယွဲ့က ငါတို့ ချင်ယွီပြည်နယ်ရဲ့ အတော်ဆုံးပဲ ... မိုးကြိုးမြူ တောထဲ သူပျောက်သွားတဲ့ နောက်မှာ ပြည်နယ်သခင်က ပြည်နယ် ကာကွယ်သူကို သူ့ကို လိုက်ရှာဖို့ လွှတ်လိုက်တယ် ... နောက်ဆုံးမှာ ကာကွယ်သူလည်း တောထဲကနေ ဒဏ်ရာ အမြောက်အမြားနဲ့ ထွက်လာခဲ့တာ ... သူလည်း မင်းသားယွဲ့ကို မကယ်တင်နိုင်ခဲ့ဘူး ...”
မိုဝူကျီသည် တိတ်ဆိတ်သွား၏။ မိုးကြိုးမြူတောသည် ပြည်နယ်ကာကွယ်သူ ကဲ့သို့ စွမ်းအားကြီးသည့် သူအတွက်ပင် အလွန် အန္တရာယ်များလှသည်။ သူသည် ဟူဖေးကိုပင် မနိုင်နိုင်ချေ။ အကယ်၍များ သူသည် မိုးကြိုးမြူတောထဲ ရောက်သွားခဲ့လျှင် အရိုးတောင် ကျန်မည် မဟုတ်ချေ။
မိုဝူကျီ တိတ်ဆိတ် သွားသည်ကို မြင်ပြီး တင်းဘူအာသည် ဆက်၍ ပြောလိုက်သည်။
“အားကြီးတဲ့ နတ်ဆိုးသားရဲတွေ အပြင် မိုးကြိုးမြူ တောထဲမှာ မရေတွက်နိုင်အောင် များပြားတဲ့ လျှပ်စီးရေကန်တွေ ရှိသေးတယ် ... အဲဒီရေကန်ထဲမှာ ထောင်ကနေ မီလီယံချီနေတဲ့ လျှပ်စီးအားတွေ ရှိတယ် ... လျှပ်စီးကန်မှာသာ ကျသွားခဲ့ရင် ချက်ချင်း သေသွားလိမ့်မယ်...”
သူ့စကား ပြီးသွားသည်နှင့် ဘူအာသည် မိုဝူကျီပခုံးကို ပုတ်ကာ
“စောစောအိပ်တော့ ... ငါတို့ နက်ဖြန် နေ့လယ်ခင်းလောက် မိုးကြိုးမြူ တောစပ်ကို ရောက်လိမ့်မယ်...”
မိုဝူကျီသည် မမလေးက ထူးခြားစွာ ရွေးချယ်ထား၍လား သို့မဟုတ် အားလုံးက သူ့အား အသုံးမကျဟု ထင်၍လားတော့ မည်သူမျှ မပြောတတ်ချေ၊ မိုဝူကျီသည် တစ်ညတာလုံး မည်သည့် တာဝန်မှ ချမှတ်ခြင်း မခံရ။
နောက်နေ့ မနက်ခင်း ကောင်းကင်သည် မှိန်ပျပျဖြစ်နေဆဲတွင် မိုဝူကျီအား တင်းဘူအာမှ နှိုးခြင်း ခံလိုက်ရသည်။ သူသည် မြန်မြန်ဆန်ဆန် ဆေးကြောလိုက်ပြီး ခရီးကို ရှေ့ဆက်ခဲ့သည်။
တင်းဘူအာ ပြောသည်က မှန်ကန်ပေ၏။ သူတို့သည် မိုးကြိုးမြူ တောစပ်သို့ နေ့လယ်ဘက်တွင် အမှန်တကယ် ရောက်ရှိလာသည်။ မည်သူမျှ မပြောလျှင်ပင် မိုဝူကျီသည် သူတို့သည် မိုးကြိုးမြူတောသို့ ရောက်နေပြီ ဖြစ်ကြောင်း မှန်းဆနိုင်၏။
တောအုပ်သည် မြူများဖြင့် လွှမ်းခြုံထား သော်လည်း မိုဝူကျီသည် ရံဖန်ရံခါ လျှပ်စီး တလက်လက် ဖြစ်နေခြင်းကို မြင်တွေ့နိုင်သေး၏။ အကြောက်တရားကို ဖြစ်ပေါ်စေသည့် အမည်မသိ ဟိန်းဟောက်သံ အချို့ကိုပင် ကြားနေရလေသည်။
အားလုံးသည် မြေနိမ့်ချုံပုတ်လေးများ ပြည့်နေသည့် နေရာတွင် စုစည်းလိုက်ကြသည်။ ချုံပင်များကြားတွင် တချို့သော လမ်းကြောင်းများကို မြင်တွေ့နိုင်သည်။ တစ်ခါတစ်ရံ အချို့သော အဆိပ်ရှိ မြွေများနှင့် ကြီးမားသည့် ကြွက်များသည် ချုံပုတ်များကို ဖြတ်သန်းသွားကြသည်။
“အစောင့်ခေါင်းဆောင် ဖန် ... မြင်းတွေကို ထိန်းကျောင်းဖို့ လူတစ်ယောက် ရှာထားလိုက် ... အဲဒီနောက် သူ့ကို မြေကို ရှင်းလင်းခိုင်းပြီးတော့ ယာယီနေစရာတွေ ဆောက်ခိုင်းလိုက် ... ကျန်တဲ့သူ အားလုံးက ကျွန်မနဲ့အတူ နှစ်လွှာမီးမြက်ကို ရှာဖို့ သွားကြမယ်...” ဟန်နင်သည် ဖန်မုန်ဟွာအား ညွှန်ကြားလိုက်သည်။
ဟန်နင်စကားလုံးများ ကြားသောအခါ ဖန်မုန်ဟွာသည် အံ့သြတကြီး မေးလိုက်၏။
“မမလေး ... နှစ်လွှာမီးမြက်က ဝိညာဉ် ဆေးပင်လေ...”
ဟန်နင်သည် ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည်။
“ဝိညာဉ် ဆေးပင်ကြောင့်သာ မဟုတ်ရင် ကျွန်မကိုယ်တိုင် မိုးကြိုးမြူတောထဲ လာဖို့ လိုလို့လား ...”
“ဒါပေမဲ့ ... ဒါပေမဲ့လည်း ...”
ဖန်မုန်ဟွာသည် မဝံ့မရဲ ပြောလိုက်သည်။ မိုးကြိုးမြူ တောစပ်တွင် ဝိညာဉ်ဆေးပင်အချို့ ရှိတတ်သော်လည်း ခူးယူပြီးလောက်ပြီ ဖြစ်သည်။ မိုးကြိုးမြူ တောစပ်တွင် ဝိညာဉ်ဆေးပင်များ ရှာရန်က အလွန်ခ က်ခဲလှ၏။ နှစ်လွှာမီးမြက် ကဲ့သို့ ရှားပါးသည့် ဝိညာဉ်ဆေးပင်ကို ရှာရမည်ဆိုလျှင် ကောင်းကင်သို့ တက်လှမ်းသကဲ့သို့ ခက်ခဲသည့် ကိစ္စဖြစ်၏။
မမလေးသည် သူတို့ကို မိုးကြိုးမြူ တောထဲသို့ ဝင်စေလိုခြင်း ဖြစ်လိမ့်မည်။ သူသည် မမလေးနှင့်အတူ နွေဦး နတ်ဘုရားဂိတ် ညီလာခံ ကျင်းပရာ တော်ဝင်မြို့တော်သို့ လိုက်ပါလိုသော်ငြား အဖိုးခသည် မိုးကြိုးမြူ တောထဲသို့ ဝင်ရမည့် ကိစ္စဖြစ်နေလျှင် သူသည် တော်ဝင် မြို့တော်သို့ မလိုက်ပါလိုတော့ချေ။
“ဘယ်လို ထင်လဲ...” ဟန်နင်သည် အေးစက်စွာ ပြောလိုက်သည်။
ဖန်မုန်ဟွာသည် အသက်ဝအောင် ရှူထုတ်လိုက်ပြီး ရိုသေစွာ ပြောလိုက်သည်။
“ပြည်နယ် ကာကွယ်သူတောင် မိုးကြိုးမြူတောကို ဝင်ပြီး လက်မတင်လေး လွတ်မြောက်လာတာ ... ကျွန်တော်တို့သာ ဝင်သွာခဲ့ရင် ...”
စိုးရိမ်ပူပင်နေသည့် အမူအရာသည် ထင်ရှားနေလေသည်။
ဟန်နင်သည် ပြုံး၍
“အစောင့် ခေါင်းဆောင်ဖန် ... ရှင် အတွေးလွန် နေပါပြီ ... ဘယ်လိုလုပ် ကျွန်မက မိုးကြိုးမြူတောထဲ ဝင်ရဲမှာလဲ ... အများဆုံး တောအုပ်ထဲ ဆယ်မီတာလောက်ပဲ ဝင်ကြည့်မှာပါ ... အဲဒီအထိ မြက်ကို ရှာမတွေ့ခဲ့ရင် လက်လျှော့ လိုက်မယ် ... ရှင့်အသက်က အဖိုးတန်ပါတယ် ... ကျွန်မအသက်လည်း အသုံးမကျတာ မဟုတ်ပါဘူး ...”
ဟန်နင်စကားများ ကြားပြီးနောက် ဖန်မုန်ဟွာသည် စိတ်အေးစွာ သက်ပြင်း ချလိုက်သည်။ မမလေး ပြောသည်က မှန်၏။ သူမသည် ကိုယ့်ဘာသာ အန္တရာယ်ထဲ ဆွဲသွင်းမည့်သူ မဟုတ်ပေ။ ဆယ်မီတာ လောက်သည် ပြဿနာ သိပ်မရှိချေ။
ထိုအရာကို တွေးမိပြီး ဖန်မုန်ဟွာသည် အားနည်းဟန် ရှိသည့် လူငယ် တစ်ယောက်ကို ပြောလိုက်သည်။
“ချိုင်ကျူ ... မင်းဒီမှာနေပြီး မြင်းတွေ စောင့်ရှောက်ထားလိုက် ... ပြီးတော့ ဒီနေရာကိုလည်း ရှင်းထား ...”
ဖန်မုန်ဟွာ ထပ်၍ မငြင်းတော့သည်ကို မြင်ပြီး ဟန်နင်သည် ခေါင်းညိတ်လိုက်သည်။
“ကျန်တဲ့သူ အားလုံး ငါ့နောက်လိုက်ခဲ့ ...”
ဖန်မုန်ဟွာသည် မိုဝူကျီနှင့် အခြားလူများကို ရှေ့မှ လမ်းရှင်းရန် ခေါ်ဆောင်လာ၏။ ဟန်နင်နှင့် သူမအစေခံ ရှောက်လန်သည် သူတို့နောက်မှ လိုက်ပါလာသည်။
နှစ်နာရီ ကြာပြီးနောက်တွင် မိုဝူကျီသည် ရှေ့မှ သစ်ပင်များက ပို၍ ပို၍ မြင့်မားလာကြောင်း သတိပြုမိလိုက်သည်။ လမ်းကြောင်းသည် အရင်လာကြသူများမှ ပြုလုပ်ခဲ့ခြင်း ဖြစ်၍ ထပ်၍ မမြင်ရတော့ချေ။ သို့သော်လည်း မြက်များသည်လည်း နည်းပါး လာသောကြောင့် လမ်းရှင်း ခုတ်ထွင်ရန် မလိုတော့။
“မမလေး ... နည်းနည်းလောက် နေရင် မိုးကြိုးမြူတောထဲ ရောက်တော့မယ်...”
ဖန်မုန်ဟွာသည် စိတ်တုန်လှုပ်စွာ ပြောလိုက်သည်။
ဟန်နင်သည် လည်ချောင်းရှင်း လိုက်ပြီး
“ညလည်း မှောင်လာပြီ ... ဒီနေ့တော့ မဝင်တော့ဘူး ... ဒါပေမဲ့ နည်းနည်းတော့ ထပ်ရှာကြည့်ကြမယ် ... အားလုံး လူသားတံတိုင်း ပြုလုပ်မယ် ... နှစ်လွှာမီးမြက်ပင်က ရှားပါးပေမဲ့ လူအများကြီးက လိုချင်နေတာ မဟုတ်ဘူး ... အဲဒီမြက်ကို အကောင်းဆုံး တွေ့နိုင်တာက ညနေခင်းမှာပဲ ... မြက်ပေါ်မှာ အနီရောင် တောက်ပနေလိမ့်မယ် ... မှတ်ထားကြဦး...”
“ဟုတ်ကဲ့...”
ဖန်မုန်ဟွာသည် ပြန်ဖြေလိုက်သည်။ မိုဝူကျီသည် ဖန်မုန်ဟွာ၏ စိတ်အခြေအနေ သိသာစွာ ပြောင်းလဲသွားမှုကို ခံစားမိ၏။
မိုဝူကျီသည် ထိုနှစ်လွှာ မီးမြက်နှင့် ရင်းနှီး ကျွမ်းဝင်သည်။ သူသည် ဒန်းဟန် ဆေးလုပ်ငန်းတွင် ရှိစဉ်က စာအုပ်ထဲတွင် မြင်ဖူး၏။ နှစ်လွှာသည် အမြစ်မှ ကြီးထွားလာတာ ဖြစ်သည်။ ထိုအရွက် နှစ်လွှာကြားတွင် ပုတိုသည့် မြက်အူတိုင် ပါရှိ၏။ မြက်အူတိုင်သည် အနည်းငယ် အနီရောင် သန်းနေပြီး မီးတောက်သဏ္ဌာန် ဆင်လှ၏။
“အာ...”
ဖန်မုန်ဟွာသည် အားလုံး၏ တိတ်ဆိတ်မှုကို ချိုးဖျက်ပြီး လူစုကွဲ သွားစေသည်။
“ချန်ဟောင်ချိုင် ဘာဖြစ်တာလဲ ...”
ဖန်မုန်ဟွာသည် အလေးအနက် မေးလိုက်သည်။
“ကျွန်တော် ... နှလုံးဖောက်မြွေ ... အကိုက်ခံ လိုက်ရပြီ ...”
ချန်ဟောင်ချိုင်သည် နာကျင်မှုကြောင့် ထစ်အ ထစ်အ ပြောလိုက်သည်။
ဟန်နင်သည် ဆေးလုံးကို ထုတ်ကာ ချန်ဟောင်ချိုင်အား ပေးလိုက်ပြီး
“ဒါကို မြန်မြန် မျိုချလိုက် ... နှလုံးဖောက်မြွေ ကိုက်ပြီးသွားရင် အဆိပ်က နှလုံးထိ ထိုးဖောက် သွားလိမ့်မယ် ... ဖြေဆေးမယူရင် သေလိမ့်မယ် ...”
“ကျေးဇူး...”
ချန်ဟောင်ချိုင်သည် မိုဝူကျီက ဘူအာ၏ အော်ဟစ်မှုကို မကြားခင်အထိ စကားတစ်လုံးသာ ပြောနိုင်လိုက်၏။
“အများကြီး ...”
“ရှပ်ရှပ် ...” မြက်ပင်များသည် တရှဲရှဲ မြည်လာသည်။ တင်းဘူအာ သည်လျှင် မဟုတ်ပေ။ အားလုံးသည်လည်း မည်သို့ ဖြစ်ပျက်နေကြောင်း မြင်နိုင်၏။
နှလုံးဖောက်မြွေ အကောင် တစ်ရာလောက်သည် ချန်ဟောင်ချိုင် နောက်မှ ထွက်လာကြသည်။ အကွာအဝေး တစ်ခုအထိ အသံများ ကြားနေရသေး၏။ ထိုအကောင် တစ်ရာ အပြင် နောက်ထပ်များစွာ ကျန်နေသေးမှာ ထင်ရှားလှသည်။
“အားလုံး ပြေးတော့ ...” ဟန်နင်သည် သူမအစေခံကို ဆွဲခေါ်ကာ မြန်မြန် နောက်ဆုတ်လိုက်သည်။
အားလုံးသည်လည်း ချက်ချင်း မြန်မြန် ထွက်ပြေးကြသည်။ မိုဝူကျီသည်လည်း ထွက်ပြေးရန် မတွန့်ဆုတ်နေချေ။
သူ့နောက်တွင် မိုဝူကျီသည် နှလုံးဖောက်မြွေ ဆယ်ကောင်မက ဝန်းရံထားသည့် ချန်ဟောင်ချိုင်အား မြင်လိုက်၏။ သူသည်ကား မကယ်တင် နိုင်တော့ချေ။
မိုဝူကျီသည် ခေါင်းကျိန်းသည့် အထိ မြန်မြန် ထွက်ပြေးလာသည်။ တစ်ချိန်တည်းမှာ သူ့ဓားကို ထုတ်ယူ ထားလိုက်သည်။ ထိုသို့သော မြွေအမျိုးအစားသည် အလွန် ကြောက်စရာ ကောင်းသည်။ အကယ်၍ ဝန်းရံခံရပါက ချန်ဟောင်ချိုင်ကဲ့သို့ အဆုံးသတ် သွားလိမ့်မည်။
ဆယ်မီတာလောက် ပြေးပြီးသည့် နောက်တွင် မိုဝူကျီသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားမိလိုက်သည်။ အကယ်၍ သူသာ ရှေ့ဆက်ပြေးလျှင် မိုးကြိုးမြူ တောထဲသို့ ရောက်သွားမည် ဖြစ်၏။ သူသည် ဘေးပတ်လည် ကြည့်လိုက်သည့်အခါ အားလုံးသည်လည်း ထိုတည်နေရာသို့ ဦးတည်၍ ပြေးနေကြသည်။ ထိုအခိုက်အတန့်တွင် အမည်းရောင်လိုင်း ပျံသန်း လာသည်ကို မြင်လိုက်ရ၏။ ဘာကိုမှ မစဉ်းစားပဲ မိုဝူကျီသည် ထိုအမည်းရောင် လိုင်းအား ဓားဖြင့် ထိုးချလိုက်သည်။
သွေးအနံ့သည် သူ့အား အော့အန်အောင် ပြုလုပ်နေ၏။ မိုဝူကျီသည် ချက်ချင်း မည်သို့ ဖြစ်ပျက်သွားကြောင်း သိလိုက်သည်။ နှလုံးဖောက်မြွေသည် အမှန်တကယ် ပျံသန်းနိုင်သည်လား ...
သူ့နောက်မှ တရှဲရှဲမြည်သံကို ကြားပြီး မိုဝူကျီသည် သူ့ရှေ့မှ ရှိနေသော မိုးကြိုးမြူတောကို ဆက်၍ ဂရုမစိုက်နေပေ။ ခြေလှမ်းတိုင်းသည် သေမင်းနှင့် နီးကပ်ဖို့ရန် လှမ်းမိခြင်း မဟုတ်ချေ။ ခြေလှမ်းကျဲဖြင့် မိုဝူကျီသည် မိုးကြိုးမြူ တောထဲသို့ တွေဝေခြင်းမရှိ ဝင်ရောက် သွားလိုက်သည်။
***