အသေးအဖွဲလေးကအစ လစ်လျူရှုလို့မရဘူး
Vol. 50 Ch. 704
အခန်း (၇၀၄) အသေးအဖွဲလေးကအစ လစ်လျူရှုလို့မရဘူး
ကျိုးဟောက်ရှန်းက ရန်ကျောက်ကဲကိုကြည့်ရင်း စကားပြောရန် ဟန်ပြင်လိုက်သော်လည်း သူ၏မျက်ဝန်းများကျဉ်းမြောင်းသွားပြီး နောက်ဆုံးတော့ မည်သည့်စကားမှ မပြောတော့ပေ။
ယခုမှ သိုင်းသူတော်စင်အဆင့်သို့ စတင်ဝင်ရောက်သည့် လူငယ်လေးတစ်ယောက်က ယိုးမင်ဂိုဏ်းလို ထိပ်သီးသိုင်းဂိုဏ်းကြီးတစ်ခုဖြင့် ယိုးမင်ဂူဗိမာန်ကို မျှဝေရန် အရည်အချင်းပြည့်မီပါမည်လား။
ရန်ကျောက်ကဲသာ သာမန်လူတစ်ယောက်ဆိုလျှင် ယိုးမင်ဂိုဏ်းအနေဖြင့် အကြမ်းဖက်ရန်ပင်မလိုဘဲ သူ့ကိုဖယ်ရှားပစ်ရန် မရေမတွက်နိုင်သောနည်းလမ်းများစွာရှိသည် အမှန်ပင်။
သို့သော် ကျိုးဟောက်ရှန်းအနေဖြင့် ရန်ကျောက်ကဲအပေါ်မှာတော့ ထိုသို့ပြုလုပ်ရန် ယုံကြည်မှု မရှိခဲ့ပေ။
ရန်ကျောက်ကဲကိုလူအင်အားသုံးပြီး ဖယ်ရှားပစ်မည်ဆိုလျှင် လွယ်ကူပါမည်လား။
အနှီလူငယ်သည် အရှေ့တောင်ထိပ်တန်းမျိုးနွယ်များဖြင့် ဆက်ဆံရေးကောင်းမွန်သည်ကိုအသာထား ၊ ‘ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်’ ကို ချိုးဖျက်ပြီး တာ့ရွှမ်တိုင်းပြည်ကို ဒုက္ခပေးနိုင်ခဲ့သူ ဖြစ်သည်။ ရန်ကျောက်ကဲလိုလူတစ်ယောက်က ယိုးမင်ဂိုဏ်းကိုလည်း အခက်တွေ့အောင် လုပ်နိုင်မည်သာပင်။
ထို့ပြင် ရန်ကျောက်ကဲနှင့် ကွမ်းမင်ဂိုဏ်းကြားမှ ရန်ငြိုးဖွဲ့မှုကလည်း လျော့ပါးသွားမည် မဟုတ်လေရာ ထိုလူငယ်သည် အလိုလိုနေရင်း ယိုးမင်ဂိုဏ်းနှင့် မဟာမိတ်ဖြစ်နေပေမည်။
“ဒီ ကွမ်းမင်ဂိုဏ်းက...”
ကျိုးဟောက်ရှန်းစိတ်ထဲ အနည်းငယ် လှုပ်ရှားသွားသည်။
ယခု သူနှင့် ရန်ကျောက်ကဲတို့ ဗလာနယ်ကိုဖြတ်သန်းပြီး ယိုးမင်ဂူဗိမာန်သို့ သွားရာလမ်းကြောင်းကို ရှာဖွေနေစဉ် ကွမ်းမင်ဂိုဏ်းသည်လည်း ဂူဗိမာန်နှင့်ပတ်သက်သော သဲလွန်စများကို ပိုင်ဆိုင်သည်ဖြစ်ရာ ချက်ချင်း သတိပြုမိသွားနိုင်သည်။
သူတို့ဘက်မှ လက်ဦးမှုရယူထားသော်လည်း အောင်မြင်မှုရရှိမည်ဟု အပြည့်အဝ ယုံကြည်ရန် မဖြစ်နိုင်သေးပေ။
ရန်ကျောက်ကဲ ပါဝင်ပတ်သက်နေသဖြင့် ကွမ်းမင်ဂိုဏ်း၏ စိတ်အာရုံကို အကြီးအကျယ် ဆွဲဆောင်နိုင်ခဲ့လျှင် ယိုးမင်ဂိုဏ်းအတွက်လည်း မကောင်းနိုင်ပေ။
ကျိုးဟောက်ရှန်းက ရန်ကျောက်ကဲကို တစ်ချက်လှမ်းကြည့်ပြီး တွေးလိုက်သည်။
“ဒါက တကယ်ကြီး အန္တရယ်များတယ်ဆိုရင်... ငါ သူ့ကို ကူညီရမယ် ၊ ဒါပေမဲ့ သူ့အနေနဲ့ ယိုးမင်ဂူဗိမာန်က ရရှိမယ့် အကျိုးအမြတ်တွေကို မျှဝေရယူလိုတယ်ဆိုရင် ကြုံတွေ့လာမယ့်အန္တရယ်တွေကိုလည်း ခံနိုင်ရည်ရှိရမှာပေါ့”
ထိုသို့ဆုံးဖြတ်ချက်ချပြီးသည်နှင့် ကျိုးဟောက်ရှန်းက...
“ပြင်ဆင်မှုနည်းနည်းပါးပါးလုပ်ပြီးတာနဲ့ ငါတို့တွေမကြာခင် ထွက်ခွာကြတော့မယ် ၊ မိတ်ဆွေလေး’ရန်’ တခြား လုပ်စရာမရှိရင် ငါတို့နဲ့လိုက်ခဲ့ပါလား”
ရန်ကျောက်ကဲက ပြုံးရင်း...
“ဒီ ‘ရန်’ လည်း အားနေတာဆိုတာ့... အချိန်မရွေးပါပဲ”
***
တစ်ချိန်တည်းမှာပင်...
ကွမ်းမင်ဂိုဏ်း ဌာနချုပ်တည်ရှိရာ ကျူတောပင်လယ်ဒေသ ၊ ဝိညာဉ်နယ်မြေရှိ နေလတောင်ထွတ်တွင် ကွမ်းမင်ဂိုဏ်းမှ ထိပ်တန်းအဆင့် အကြီးအကဲများ အစည်းအဝေး ပြုလုပ်လျှက် ရှိကြသည်။
သူတို့အားလုံး၏ မျက်နှာအမူအရာများက မှောင်မဲသုံမှုန်လျှက် ရှိကြသည်။
“အဲဒီ ‘ရန်’ မျိုးနွယ်ကောင်လေးကို အမြန်ရှင်းပစ်မှဖြစ်တော့မယ် ၊ မဟုတ်ရင် သူက အနာဂတ်မှာကြီးမားတဲ့ခြိမ်းခြောက်မှု ဖြစ်လာနိုင်တယ်”
အကြီးအကဲတစ်ယောက်က အေးစက်စွာဖြင့်ဆိုသည်။
“အခုတောင် ဒီကောင်လေးက ငါတို့အတွက် အဓိကခြိမ်းခြောက်မှု ဖြစ်လာနေပြီ ၊ သူက အခုမှ သိုင်းသူတော်စင်အဆင့်ရောက်တာဆိုပေမယ့် ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်ကို ချိုးဖျက်နိုင်ပြီး ပဉ္စမအဆင့် သိုင်းသူတော်စင်နှစ်ယောက်လက်ကလည်း လွတ်အောင် ပြေးနိုင်ခဲ့တယ် ၊ ဒီလိုဆိုမှတော့ သူ့ကို သာမန် သိုင်းသူတော်စင် ပထမအဆင့်လို့ သတ်မှတ်လို့ မရတော့ဘူး”
“သူ ရုတ်တရက် ပြဿနာကြီးကြီးမားမားတစ်ခုကို အစဆွဲထုတ်မလားဆိုတာ ဘယ်သူသိမှာလဲ”
အခြားတစ်ယောက်က...
“အခု မြောက်ပင်လယ်ဓားခန်းမနဲ့ ယိုးမင်ဂိုဏ်းက သူ့ကိုကာကွယ်ပေးထားတယ် ၊ ကြေးနီကျွန်းကလည်း ငါတို့ကို ကူညီမှာ မဟုတ်ဘူး ၊ သူ့သဘောနဲ့သူ ငါတို့ဆီ အဖမ်းလာမခံရင် သူ့ကိုဖမ်းဖို့ ငါတို့အတွက် တော်တော်ခက်လိမ့်မယ်”
စောစောကစကားဆိုသည့် အကြီးအကဲက...
“ငါတို့ သူ့ကို လွယ်လွယ်နဲ့ မဖမ်းနိုင်ဘူးဆိုရင် သူလာခဲ့တဲ့ အစွန်းရောက်ရှစ်ပါးကမ္ဘာကိုဆင်းပြီး ဝါဒတောင်နဲ့ သူနဲ့သက်ဆိုင်တဲ့သူအားလုံးကို ရှင်းပစ်လိုက်ကြတာပေါ့”
သူက ဆက်ပြောသည်။
“တာ့ရွှမ်တိုင်းပြည်က အချိန်အတိုင်းအတာတစ်ခုအထိတော့ ဘာမှလှုပ်ရှားမှာမဟုတ်သေးဘူး ၊ အဲဒီအချိန် တခြားကိစ္စတွေမစဉ်းစားဘဲ အစွန်းရောက်ရှစ်ပါးကမ္ဘာကို နင်းချေပစ်လိုက်မယ်”
ထိုသူနှင့် မျက်နှာချင်းဆိုင်မှ အဘိုးအိုတစ်ယောက်က မျက်မှောင်ကြုံ့ရင်း...
“အဲဒါက သိပ်တော့ အမြတ်မထွက်နိုင်ဘူး ၊ ထူးကဲယန်စည်းတံဆိပ်ကလည်း အထက်ဘုံကမ္ဘာကိုရောက်နေပြီဆိုတော့ အစွန်းရောက်ရှစ်ပါးကမ္ဘာကို အမှုန့်ချေနိုင်လည်း ထင်သာမြင်သာ ဘာအကျိုးအမြတ်မှ ရမှာမဟုတ်ဘူး”
အဘိုးအိုနှင့်မျက်နှာချင်းဆိုင်မှ အကြီးအကဲက...
"ငါတို့ ဒေါသကို အရှင်ရှင်းလိုက်ကြရအောင် ၊ ငါတို့လို တန်ခိုးစွမ်းအားမြင့်မားတဲ့ ရှေးအဆက်အနွယ်တွေကို ဘာမဟုတ်တဲ့ အောက်ဘုံက ကောင်လေးတစ်ယောက်က ယုတ်မာတာ ခံနေရတာ ၊ ဒီကောင်လေးက ငါတို့ခေါင်းပေါ်တက်ခုန်နေတာ”
“ပထမဆုံး တိန့်စန်းတို့အုပ်စုအတွက် ၊ ပြီးရင်တော့ ယွိရွှမ်နဲ့ ဂိုဏ်းတူညီလေး’ချန်’ သူ့ကြောင့် သေဆုံးရတာအတွက် လက်စားချေရမယ် ၊ တကယ်ဆို ငါတို့တွေ တာ့ရွှမ်တိုင်းပြည်နဲ့တိုက်ခိုက်တာတောင် ဒီလောက်အထိ မဆုံးရှုံးခဲ့ရဘူး”
အိုးအိုက တစ်စုံတစ်ခု ပြောချင်ဟန်ရှိသော်လည်း သူ့ဘေးနားမှ ကွမ်းမင်ဂိုဏ်းမှ ဝါရင့်အကြီးအကဲက ရုတ်တရက် သတိထားသည့်လေသံဖြင့် ပြောလိုက်သည်။
“အစွန်းရောက်ရှစ်ပါးကမ္ဘာကိုတိုက်ခိုက်တာ မြင်သာထင်သာ အကျိုးအမြတ် ရှိနိုင်ပါတယ်”
လူတိုင်း အံ့အားသင့်သွားပြီး...
“ဟုတ်လား...”
ကွမ်းမင်ဂိုဏ်းမှ ဝါရင့်အကြီးအကဲက...
“အရင်တုန်းက အစွန်းရောက်ရှစ်ပါးကမ္ဘာကတက်လာတဲ့ ဆရာကျန်းချောင်နဲ့ စကားစမြည်ပြောရင်း အကြောင်းတစ်ခု သိလာရတယ်”
“အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ ပန်းချီဆရာသူတော်စင်လို့ခေါ်တဲ့ အဘိုးအို’မော့’ ဆိုသူ တစ်ယောက်ရှိတယ် ၊ သူက ကျန်းချောင်နဲ့ မျိုးဆက်အတူတူပဲ ၊ အတော်လေးလည်း ထူးဆန်းတယ် ၊ ကျန်းချောင်တောင်မှ သူ့အအကြောင်းကို သေသေချာချာမသိဘူး”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ ကျန်းချောင်ရဲ့စကားအရ... တစ်ခါတုန်းက တိုက်ဆိုင်စွာဘဲ အဘိုးအို’မော့’ က ‘ဝိညာဉ်ဓားချီ’ ဆိုတဲ့ သိုင်းပညာကိုအသုံးပြုတာ တွေ့ခဲ့ရတယ် ၊ တစ်ခါပဲအသုံးပြုတာဆိုပေမယ့်လည်း... သူ့ရဲ့ သိုင်းပညာက အရမ်းမြင့်မားပြီး နက်နဲလွန်းလို့ ဖောက်ထွင်းမမြင်နိုင်အောင်ပဲတဲ့”
ထိုစကားကိုကြားတော့ အားလုံး အတွေးနက်သွားကြသည်။
ကွမ်းမင်ဂိုဏ်းမှ ဝါရင့်အကြီးအကဲက ဆက်ပြောသည်။
“ကျန်းချောင်က အဲဒီလူရဲ့သိုင်းပညာတွေနဲ့ မရင်းနှီးဘူး ၊ ဒါပေမဲ့ သူ့စကားအရ ဒါပေမဲ့ ဒီအဘိုးအိုက ‘ဝိညာဉ်ဓားချီ’ အသုံးပြုတယ်ဆိုတာ ရှစ်ဆယ်ရာနှုန်းသေချာတယ်”
ကွမ်းမင်ဂိုဏ်းမှအကြီးအကဲများ အသီးသီး မျက်နှာပျက်သွားကြ၏။
“အဲဒါက တကယ်ပဲ ဝိညာဉ်ဓားချီဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ငါတို့တွေ အဆက်မပြတ်ရှာဖွေနေရင်း ပိုက်ကွန်ထဲက လွတ်သွားတဲ့သူဖြစ်နိုင်မလား ၊ သူက အစွန်းရောက်ရှစ်ပါးကမ္ဘာကို ရောက်သွားတာလား”
“သူ့မှာ ဧကရာဇ်မင်းရဲ့ ဂူဗိမာန်နဲ့ ဆက်စပ်နေတဲ့ ရတနာတစ်ခု ပိုင်ဆိုင်ထားတယ် မဟုတ်လား ၊ ဒါဆိုရင်တော့ အစွန်းရောက်ရှစ်ပါးကမ္ဘာကိုတိုက်မယ်ဆိုရင် တကယ့်ကို ကောင်းမွန်တဲ့အရာတစ်ခု ရလာမှာပဲ”
အားလုံးကသဘောတူလိုက်ကြသည်။
“ဟုတ်တယ် ၊ ဒီတစ်ခေါက် ငါတို့ အစွန်းရောက်ရှစ်ပါးကမ္ဘာကိုသွားရမယ်ထင်တယ်”
စောစောက မျက်နှာချင်းဆိုင်တွင်ထိုင်နေသော အဘိုးကြီးသည်ပင် ခဏမျှစဉ်းစားပြီး ဖြည်းဖြည်းချင်း ခေါင်းညိတ်သဘောတူလိုက်သည်။
အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသူ လော့ကျီးထောင်က နေရာမှာပင်ထိုင်နေပြီး အားလုံးကို တိတ်ဆိတ်စွာ ကြည့်နေသည်။ ထို့နောက် သူ့အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး စကားပြောရန် ဟန်ပြင်လိုက်သည်။
သို့သော်...
သူ နေရာမှ မတ်တတ်ရပ်လိုက်ပြီး ခန်းမအတွင်းမှ ရုတ်တရက် ပျောက်ကွယ်သွား၏။
ကွမ်းမင်ဂိုဏ်းမှ အကြီးအကဲများမှာ အဖြစ်အပျက်ကိုကြည့်ရင်း အံ့သြထိတ်လန့်စွာ အကြည့်ချင်းဖလှယ်လိုက်ကြသည်။
သို့သော်လည်း ခဏအကြာတွင် လော့ကျီးထောင် ခန်းမအတွင်း ပြန်ပေါ်လာပြီး သူ၏အမူအရာက အလွန်တရာ တည်ကြည်လေးနက်နေသည်။
“တစ်ယောက်ယောက်က ယိုးမင်ဂူဗိမာန်ရဲ့ တည်နေရာကို ရှာဖွေနေတယ်”
လော့ကျီးထောင်က လေးလံသောအသံဖြင့် ဆိုလာသည်။
“ရတနာပစ္စည်းရဲ့ ပဲ့တင်ထပ်သံက တစ်ခါမှ ဒီလောက် မပြင်းထန်ဖူးဘူး ၊ တစ်ဖက်လူက ယိုးမင်ဂူဗိမာန်တည်ရှိရာလမ်းကြောင်းကိုရောက်ဖို့ ခြေတစ်လှမ်းလောက်ပဲ လိုတော့မယ်”
သူ့စကားဆုံးသွားသည်နှင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ကွမ်းမင်ဂိုဏ်းမှအကြီးအကဲတစ်ယောက်က ပင့်သက်တစ်ချက်ရှိုက်ရင်း...
“ဒါ ယိုးမင်ဂိုဏ်းကလူတွေလက်ချက်ပဲ ဖြစ်ရမယ် ၊ သူတို့မဟုတ်ရင် ဘယ်သူရှိမလဲ”
အကြီးအကဲတစ်ယောက်က နားမလည်နိုင်စွာဖြင့်...
“သူတို့က ရုတ်တရက်ကြီးဘယ်လိုဖြစ်လို့ ဒီလောက်မြန်မြန် တိုးတက်သွားရတာလဲ”
အကြည့်ချင်းဖလှယ်လိုက်ပြီးနောက်လူတိုင်း တစ်စုံတစ်ခုကို ရုတ်တရက်နားလည်သွားပြီး ကြီးစွာတုန်လှုပ်သွားကြသည်။
ရန်ကျောက်ကဲက လက်ရှိတွင် ယိုးမင်ဂိုဏ်းနှင့် အလွန်ရင်းနှီးသည်။
တစ်ချိန်တည်းမှာပင် အနှီလူငယ်က အစွန်းရောက်ရှစ်ပါးကမ္ဘာမှ ရောက်လာသူဖြစ်ပြီး အဘိုးအို’မော့’ နှင့်လည်း မိတ်ဆွေများဖြစ်နေမည် ဆိုလျှင်...။
“ဒါက တိုက်ဆိုင်မှုလား ၊ ဒါမှမဟုတ်...”
ကွမ်းမင်ဂိုဏ်းမှအကြီးအကဲတစ်ယောက်က တုံ့ဆိုင်းစွာဖြင့် မေးသည်။
လော့ကျီးထော်ငက ဖြည်းညင်းစွာဖြင့်...
“တိုက်ဆိုင်မှုမဟုတ်မှာ စိုးရိမ်မိတယ်...”
“နုန်ယွိရွှမ်မသေခင်တုန်းက တစ်ခါပြောဖူးတာ အဲဒီရန်ကျောက်ကဲက နေမရှိလရိပ်ထုံးတမ်းပွဲတော်မှာ ပုံမှန်မဟုတ်တာတစ်ခုကို လုပ်ခဲ့တယ်တဲ့ ၊ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ နေမရှိလရိပ် ပြောင်းပြန်စွမ်းအား အမြောက်အမြားကို သန့်စင်ဖို့ဆိုတာ လွယ်လွယ်နဲ့မဖြစ်နိုင်ဘူး ၊ ကြည့်ရတာ ဒါက အကြောင်းမရှိဘဲဖြစ်လာတာ မဟုတ်လောက်ဘူး”
“ကြည့်ရတာ ရန်ကျောက်ကဲက ထူးကဲယန်စည်းဆံဆိပ်တင်မကဘူး ဒီနှစ်တစ်လျှောက်လုံး ငါတို့ရှာဖွေနေတဲ့ပစ္စည်းကို အထက်ဘုံကမ္ဘာကို ယူလာတဲ့ပုံပဲ”
ကွမ်းမင်ဂိုဏ်း အကြီးအကဲများအားလုံး မျက်နှာများ မှောင်မှိုင်းသွားကြသည်။
“ဒါဖြင့် အခု...”
လော့ကျီးထောင်က ခေါင်းခါယမ်းရင်း...
“ငါတို့အတွက်ပဲဖြစ်ဖြစ် ၊ ယိုးမင်ဂိုဏ်းအတွက်ပဲဖြစ်ဖြစ် ယိုးမင်ဂူဗိမာန်က ထူးကဲယန်စည်းတံဆိပ်ထက် အရေးကြီးတယ်”
“ဒါကြောင့် အသေးအဖွဲလေးကအစ လစ်လျူရှုလို့မရဘူး”
အားလုံးက တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြသည်။
“အမှန်ပဲ ၊ ငါတို့ဂိုဏ်း ဟိုးအရင်ကလို တန်ခိုးစွမ်းအားကြီးထွားလာဖို့ဆိုရင် ယိုးမင်ဂူဗိမာန်က အရမ်းအရေးကြီးတယ် ၊ အဲဒါက ဧကရာဇ်မင်း နောက်ဆုံးအနားယူတဲ့နေရာ ဖြစ်ရုံသာမက အရင် ယိုးမင်ဂမ္ဘီရဂိုဏ်းရဲ့ ရတနာပစ္စည်းများစွာကိုလည်း သိမ်းဆည်းထားနိုင်တယ် ၊ ဒီပစ္စည်းအမွေအနှစ်တွေကို ရရှိမှ ချုပ်နှောင်ခံထားရတဲ့သံကြိုးတွေက လွတ်မြောက်ပြီး ငါတို့ အခွင့်အာဏာကို ဒီ ကျူတောပင်လယ်ဒေသမှာပဲ ကန့်သတ်ထားစရာမလိုတော့ဘူး”
၎င်းသည် ယိုးမင်ဂိုဏ်းအတွက်လည်း အလားတူပင် ကြီးမားသော အဓိပ္ပါယ်ရှိသည်။ သူတို့၏ တန်ခိုးစွမ်းအားက သုညမှ ပမာဏတစ်ခုအထိ ပြောင်းလဲသွားနိုင်ပြီး သိုင်းဂိုဏ်းနှစ်ဂိုဏ်းကြား ကွာဟချက်မှာ ပြောမပြနိုင်လောက်အောင် ကွာခြားသွားပေမည်။
ယခု ယိုးမင်ဂိုဏ်းရှေ့တွ် ခေါင်းငုံ့ အရှက်ကွဲရခြင်းမတိုင်မီ သူတို့အားလုံး ရန်ကျောက်ကဲအား မည်မျှဒေါသထွက်နေမည်မျာ ပြောစရာပ် မလိုပေ။
လော့ကျီးထောင်က...
“ယိုးမင်ဂိုဏ်းရဲ့ လှုပ်ရှားမှုတွေကို အနီးကပ်စောင့်ကြည့်နေပါ ၊ အဲဒီ ရန်ကျောက်ကဲ... သူလည်း သေချာပေါက်လှုပ်ရှားလိမ့်မယ်”