ကြီးမားသော ဆုံးရှုံးမှုများ
Vol. 2 Ch. 27
“ဘမ်း….”
နောက်ထပ် လျှပ်စီးအား တစ်ခုသည် ကန်မှထွက်ပေါ် လာ၍ မိုဝူကျီသည် ခန္ဓာကိုယ်ကို လှိမ့်ကာ ထိုလျှပ်စီးအားကို ရှောင်တိမ်း နိုင်လိုက်သည်။
မိုဝူကျီသည် ထိုလျှပ်စီးအားကို အောင်အောင်မြင်မြင် ရှောင်နိုင်မည် ထင်မထားသောကြောင့် အံ့အားသင့်သွား၏။
ကျင့်ကြံသူများသည် စွမ်းအားကြီး ကြသည်ဟု ဆိုခြင်းမှာ ယုံမှားဖွယ် မရှိချေ။ မိုဝူကျီသည် ချီသွေးကြော တစ်ခုသာ ဖွင့်နိုင်သေးသော်လည်း သူ့ခန္ဓာ တစ်ကိုယ်လုံးသည် ပေါ့ပါးနေသည်။ ထိုသည်က ဒဏ္ဏာရီထဲမှာ ဆိုသည့်အတိုင်း ယင်နှင့်ယန် သွေးကြောများကို ဖွင့်နိုင်လျင် ဖြစ်၏။ သို့သော် ချီသွေးကြော ဆယ်ခုအထိ ဖွင့်ထားပြီး နှစ်များစွာ ကျင့်ကြံလာသူများသည် မည်မျှပင် စွမ်းအားကြီး နေမည်နည်း။
နောက်ထပ် အနည်းငယ်သော လျှပ်စီးအားများသည် မိုဝူကျီ အပေါ် ကျရောက်လာသည်။ ထိုအချိန်တွင် အားလုံးကို မရှောင်ရှားနိုင်ပေ။ မိုဝူကျီသည် စတင်၍ လှုပ်ရှားလိုက်သည်။ အမွှေးတိုင် တစ်ဝက်ခန့် ကြာချိန်နောက်တွင် လျှပ်စီးအား တချို့ ထိရိုက်ခံရင်း ရေကန်မှ အောင်မြင်စွာ ထွက်လာနိုင်လေသည်၊
မိုဝူကျီသည် ရေကန်ဘေးတွင် မတ်တတ်ရပ်နေကာ အသက်ဘေးမှ လွတ်မြောက်လာခြင်းကို ပြန်လည်သုံးသပ်ပြီး သက်ပြင်း ချလိုက်မိသည်။ ရှင်သန်မှုနှင့် ကံကောင်းမှုတွင် မည်သူက နောက်ဘာဖြစ်မည် ဆိုတာ ပြောနိုင်မည်နည်း။ အကယ်၍ သူသာ မကြုံတွေ့ဖူးပါက သူ့ဖြေဆေးနှင့် လျှပ်စီးအား ပေါင်း၍ ချီသွေးကြော ဖွင့်နိုင်သည့်ကိစ္စကို ဘယ်တော့မှ သိရှိမည် မဟုတ်။
သူသည် ဆေးပုလင်း ရှစ်ပုလင်းကို အသုံးပြုခဲ့သော်လည်း ချီသွေးကြော တစ်ခုကို ဖွင့်ရန် ကြိုးစားရင်း အသက်ပျောက်မတတ် ဖြစ်ခဲ့သည်။ ထိုသည်က ပေးဆပ်ရန် ကြီးမားသည့် အဖိုးအခ ဖြစ်၏။ မိုဝူကျီတွင် နှစ်ပုလင်း ကျန်ရှိသော်လည်း ဒုတိယ ချီသွေးကြောကို လျှပ်စီးအားများကို ဆက်တိုက်သုံး၍ ဖွင့်ရန် မစဉ်းစားထားချေ။
မိုဝူကျီသည် ဒုတိယသွေးကြောကို တူညီသော နည်းလမ်းဖြင့် ဖွင့်ရန် မဖြစ်နိုင်ကြောင်း သိ၏။ အကယ်၍ သူသာ ပေါ့ဆမိလျှင် အလွယ်တကူ သေဆုံးသွားနိုင်သည်။
သို့သော်လည်း မိုဝူကျီသည် စိတ်ပျက် မသွားခဲ့ချေ။ အကြောင်းမှာ ချီသွေးကြော တစ်ခု ဖွင့်နိုင်သည်ကိုက အလွန် အံ့အားသင့်ဖွယ် ဖြစ်နေလေပြီ။ ပို၍ အရေးကြီးသည်က သူသည် ချီသွေးကြောများကို ဖွင့်နိုင်သည့် နည်းလမ်းကို သိရှိခဲ့သည်။ အကယ်၍ ချီသွေးကြောများသည် ဝိညာဉ် လမ်းကြောင်းများ ဖြစ်ခဲ့လျှင် ကျင့်ကြံသူ ဂျီးနီးယပ်တစ်ယောက် ဖြစ်လာရေး သူ့အိပ်မက်သည်လည်း ပို၍ လက်တွေ့ ဆန်လာလိမ့်မည်။
မိုဝူကျီသည် နောက်ထပ် သားရဲတစ်ကောင်၏ မာန်ဖီသံကို ကြားလိုက်၍ သူသည် မိုးကြိုးမြူတောထဲ ရှိနေသည့် အကြောင်းကို ပြန်အမှတ်ရလိုက်သည်။ သူလျှပ်စီးကန်သို့ ရောက်မသွားခင် မနီးမဝေးတွင် သားရဲနှစ်ကောင် အချင်းချင်း တိုက်ခိုက် နေကြလေသည်။
ယခုတွင် ထိုနေရာသည် ရှုပ်ပွပျက်စီးနေပြီး သားရဲနှစ်ကောင် ကိုလည်း မမြင်ရတော့ချေ။ မိုဝူကျီသည် ညတွင် ထွက်ပြေး လွတ်မြောက်ရန် ကြိုးစားမည့် စွန့်စားမှုကို မလုပ်ဆောင်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။ ထိုသည်က သူ့အား သတိမထားမိစေဘဲ သွားနိုင်သည့် အခွင့်အရေး ဖြစ်သော်ငြား မသိမသာ တောနက်ထဲသို့ ရောက်သွားနိုင်မည့် ဖြစ်နိုင်ချေလည်း များပြား၏။
မိုဝူကျီသည် အနီးအနားရှိ သစ်ပင်ကြီး တစ်ပင်ကို ရှာ၍ တက်လိုက်သည်။ သူသည် ထူတုတ်သည့် သစ်ကိုင်းများကြားတွင် နေစရာ နေရာတွေ့သွား၏။ ပို၍ စိတ်ချရစေရန် အဝတ်ကို သူ့နှင့် သစ်ကိုင်းကြား ချည်ထုံး ထားလိုက်သည်။
သူသည် မိုးကြိုးမြူ တောထဲတွင် တစ်ညတာလုံး မြေပြင်ပေါ်တွင် မကုန်ဆုံးရဲချေ။
သစ်ကိုင်းများကို မှီ၍ မိုဝူကျီသည် မြန်မြန် အိပ်ပျော် သွားလေသည်။ သူနိုးလာသည့် အခါ အလင်းရောင်သည် သစ်ကိုင်းဖျားမှ ထွက်ပေါ်နေပြီး သူ့ခန္ဓာကိုယ်မှ မြူများကို ဖြတ်၍ ဖြာကျနေသည်။
မိုဝူကျီသည် သစ်ပင်ပေါ်မှ ဆင်းရန်အင်္ကျီအထုံးကို မဖြေခင် ဘေးပတ်ဝန်းကျင်သို့ အန္တရာယ်ရှိ၊ မရှိ သေချာအောင် ကြည့်ရှုလိုက်သည်။ သူသည် တောအုပ်မှ ဖြစ်နိုင်သမျှ မြန်မြန် ထွက်သွားရန် လိုအပ်ပြီး ပထမဆုံးအကြိမ် အောင်မြင်ရန် လိုအပ်လှသည်။ ထိုသို့ မဟုတ်လျှင် သူသည် ဤနေရာတွင် အမြဲကပ်ငြိ နေလိမ့်မည်။
ယမန့်နေ့ညက သူ့ဘက်တွင် ကံကောင်းမှု ရှိနေသောကြောင့် အမြဲတမ်း ကံကောင်းနေမည်ဟု မဆိုလိုပေ။
မိုဝူကျီသည် နောက်ထပ် ပြန်မလာသော်လည်း ရေကန်၏ တည်နေရာနှင့် ပတ်ဝန်းကျင်ကို ဂရုတစိုက် လေ့လာလိုက်သည်။ ထို့နောက် အကယ်၍ သူသည် ဒုတိယ ချီသွေးကြောကို ဖွင့်ရန် လျှပ်စီးအားများ လိုအပ်သည် ဆိုလျှင် အသက်ကို စတေးကာ ထပ်လာရမည် ဖြစ်သည်။
မိုးကြိုးမြူတောတွင် လျှပ်စီးရေကန်များ အမြောက်အမြား ရှိသော်လည်း သူ့ချီသွေးကြောကို ဖွင့်ပေးနိုင်သည့် ရေကန်ကို ရှာတွေ့ရန် မလွယ်ကူပေ။ အကယ်၍ သူသည် အခြား ရေကန်မှ ပိုအားပြင်းသော လျှပ်စီးနှင့် တွေ့ခဲ့လျှင် သူ့ခန္ဓာ တစ်ကိုယ်လုံးကို မမှတ်မိနိုင် တောသည့်အထိ မီးကျွမ်းနေလောက်ပြီ ဖြစ်၏။
ရုတ်တရက် မိုဝူကျီသည် သူ့မျက်လုံးထဲ ရောက်လာသည့် တစ်ခုခုကို တွေ့မြင်လိုက်ရသည်။ နှစ်လွှာမီးမြက် မဟုတ်ဘူးလား ... မိုဝူကျီသည် နှစ်လွှာမီးမြက် ဖြစ်ကြောင်းကို ခွဲခြား နိုင်လိုက်သည်။ ယမန်နေ့ညက မှောင်မည်း နေသောကြောင့် ရေကန် အနီးတွင် နှစ်လွှာမီးမြက် သုံးပင်ကို သတိမထားမိချေ။
အလွှာနှစ်ခုသည် မီးတောက် သဏ္ဌာန် မြက်အူတိုင်နှင့် ပိုင်းခြားထား၏။ ထိုအပင်သည် အလွယ်တကူ ခွဲခြားနိုင်သည်။
မိုဝူကျီသည် ထိုမြက်များကို ခူးယူရန် အလျင်မလို။ သူ့အတွက် အရေးမပါလှပေ။ သူ့ဦးစားပေး ကိစ္စသည် တောထဲမှ ထွက်နိုင်မည့် လမ်းကို ရှာနိုင်ရန် ဖြစ်၏။
သူတောထဲသို့ ဝင်လာသည့် နေဝင်ဖျိုးဖျ ဖြစ်သောကြောင့် မိုဝူကျီသည် သူ့ဝင်လာသည့် ဦးတည်ရာကို ရှင်းရှင်းလင်းလင်း မှတ်မိသေးသည်။ သူသည် မိုးကြိုးတောစပ်နှင့် အကွာအဝေးကို အကြမ်းဖျင်း မှန်းဆကြည့်ပြီးနောက် စိတ်အေးသွားလေသည်။
မိုဝူကျီသည် နှစ်လွှာမီးမြက် သုံးပင်ကို မြန်မြန် ခူးယူလိုက်ပြီး သူမှတ်မိသည့် ဦးတည်ရာအတိုင်း ပြေးသွားလိုက်သည်။ သူသည် နှလုံးဖောက် မြွေသည် တစ်နေရာတည်းတွင် ကြာရှည်စွာ နေလိမ့်မည် မဟုတ်ကြောင်း ယုံကြည်သည်။ သူတို့သည် အကောင်ရေ အများပြားနှင့် ရွှေ့ပြောင်းရမည့် အကြောင်းရင်းလည်း ရှိပေလိမ့်မည်။ သို့သော် မည်သို့ အကြောင်းရင်းပင် ဖြစ်စေကာမူ သူသည် ထိုမြွေများနှင့် ထပ်၍ မတွေ့ရန် ဆုတောင်းမိ၏။
နာရီဝက် ကြာပြီးသည့် နောက်တွင် မိုဝူကျီသည် တဖြည်းဖြည်းချင်း လမ်းပျောက်လာပြီး စတင်၍ စိုးရိမ်လာသည်။ အကယ်၍ သူသာ ထွက်ပေါက်ကို ဆယ်မိနစ်အတွင်း မရှာနိုင်ခဲ့ပါက လမ်းပျောက်သွားခြင်း ဖြစ်ပြီး လမ်းရှာရန် ကြိုးစားနေခြင်းကိုပါ ရပ်တန့်ရလိမ့်မည်။
“မိုဝူကျီ ... ”
တစ်ယောက်ယောက်သည် မနီးမဝေးမှ အော်ခေါ်နေသည်။
မိုဝူကျီသည် အစက ကြားယောင်နေသည်ဟု တွေးထင်ခဲ့ပေမဲ့ တူညီသည့် အော်ခေါ်သံကို ထပ်၍ ကြားလိုက်ရသည်။ သူသည် တစ်ယောက်ယောက်က သူ့အား ရှာနေကြောင်း သေချာသည်။ သူသည် အော်သံကို သတိပြုမိပြီး တင်းဘူအာ အသံဖြစ်ကြောင်း သိရှိလိုက်ရသည်။
မိုဝူကျီသည် တင်းဘူအာက မြွေအကိုက် မခံလိုက်ရပဲ သူ့အားလိုက်ရှာ နေသည်ကို မြင်ကာ စိတ်အေးသွားလေသည်။
မိုဝူကျီသည် အော်သံနောက် လိုက်လာပြီး ထိုအရာဆီ ခြေလှမ်းကျဲဖြင့် အမြန်သွားလိုက်သည်။ မိနစ်အနည်းငယ် အတွင်း မိုဝူကျီသည် မြူများရှင်းလင်း သွားသောကြောင့် အရာအားလုံးကို ရှင်းလင်းစွာ မြင်လိုက်ရသည်။
မိုဝူကျီသည် မြက်တောကို မြင်လိုက်ပြီး စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။
“ဘူအာ ... ငါ ဒီမှာ…”
နောက်ဆုံးတွင် သူသည် လုပ်နိုင်ခဲ့ပြီ ...
ခဏကြာသည့် နောက်တွင် တောင်ကုန်းအနိမ့်လေး နောက်ခံထားကာ လူအရိပ် ငါးရိပ် ပေါ်လာသည်။
“ဝူကျီ ... မင်း အဆင်ပြေတာ ငါဝမ်းသာတယ် ... ဒါပေမဲ့ အခြေအနေက ဘယ်လိုလုပ် ဒီလို ဖြစ်နေရတာလဲ ... ”
တင်းဘူအာသည် မိုဝူကျီသည် တောထဲတွင် တစ်ညတာ ကုန်ရင်းရင်း အသက်ရှင်လိမ့်မည်ဟု တွေးမထားခဲ့ချေ။ မိုဝူကျီ ဆံပင်များသည် လောင်ကျွမ်းနေပြီး ခန္ဓာကိုယ်သည်လည်း အနက်ရောင် ဒဏ်ရာများနှင့် ပြည့်နှက်နေကာ ပခုံးတစ်ဖက်မှ အင်္ကျီစသည်လည်း စုတ်ပြဲနေလေသည်။
“ဘူအာ ... ကျေးဇူးအများကြီး တင်တယ် ... ငါ လမ်းပျောက်ပြီး လက်လျှော့ခါနီးမှာ မင်းအသံကို ကြားလိုက်ရတာ ... ”
မိုဝူကျီသည် ဘူအာအား သူမီးကျွမ်းထားသည့် အကြောင်းရင်းကို ရှင်းမပြဘဲ ကျေးဇူးတင်စကား ဆိုလိုက်သည်။
တင်းဘူအာသည် အလျင်အမြန် ရှင်းပြလိုက်သည်။
“ငါလည်း မမလေးနဲ့အတူ မင်းနာမည်ခေါ်ရင်း ကံစမ်းကြည့်တာ ... မင်းကို တွေ့လိမ့်မယ်လို့ ထင်မထားဘူး ... အခုလာတဲ့ ဆယ့်နှစ်ယောက်ထဲက ခြောက်ယောက်ပဲ ကျန်တော့တယ် ... ”
မိုဝူကျီသည် သူတို့အား မြန်ဆန်စွာ ကျေးဇူးထပ်တင် လိုက်ပြီး
“မမလေးရဲ့ ဂရုစိုက်မှု အတွက် ကျေးဇူးတင်ပါတယ် ... မဟုတ်ရင် ကျွန်တော်တော့ အသက်ရှင်ရက် ထွက်သွားနိုင်မယ် မထင်ဘူး ... ”
ဟန်နင်သည် နွမ်းလျ နေပုံပေါ်ပြီး သူမ၏ အနီရောင် ဝတ်စုံသည်လည်း စုတ်ဖွာ၍ ကြေမွနေလေသည်။ သူမသည် မိုဝူကျီ၏ ကျေးဇူးတင်မှုကို လက်ခါကာ
“ညမှာ အသက်ရှင် နိုင်ခဲ့တာက တကယ်ကို ထူးဆန်းတဲ့ ကိစ္စပဲ ... မနေ့က လူစုကွဲသွားတဲ့ လူခြောက်ယောက် အလောင်းကို တွေ့ခဲ့တယ် ... အဲဒါကြောင့် တင်းဘူအာက မင်းကို ဆက်တိုက် ရှာနေတာ….ကံကောင်းလို့ ရှင့်ကို ရှာတွေ့ခဲ့တာ ... ”
မိုဝူကျီသည် ဟန်နင်၊ သူမ၏ အစေခံ ရှောက်လန်၊ ဖန်မုန်ဟွာနှင့် မြင်းတွေ စောင့်ရှောက်ရန် ကျန်ခဲ့သည့် ချိုင်ကျူသာ မြင်တွေ့၏။ တင်းဘူအာနှင့်သူ အပါအဝင် စုစုပေါင်း ခြောက်ယောက်သာ ကျန်ရှိလေသည်။
ထိုအခိုက်အတန့်တွင် အားလုံးသည် ဟန်နင်ကို ကြည့်နေကြ၏။ သူမသည် ဟန်စံအိမ်၏ သခင်မလေး ဖြစ်လေသည်။ ထို့ကြောင့် သူမသည် ဆုံးဖြတ်ချက် ချရမည့်သူ ဖြစ်၏။
ဟန်နင်သည် တောင်းတောင်းပန်ပန် ပြောလိုက်ပြီး
“ကျွန်မက တောစပ်မှာ နှလုံးဖောက်မြွေနဲ့ တွေ့လိမ့်မယ်လို့ မထင်ထားခဲ့မိဘူး ... ကံဆိုးမှုက ကျွန်မက နှစ်လွှာမီးမြက် ရှာဖို့ မဖြစ်နိုင်ဘူးလို့ မီးမောင်းထိုးပြ နေသလိုပဲ ... ”
ဖန်မုန်ဟွာသည် အကြံပေးလိုက်သည်။
“မမလေး ... ကျွန်တော်တို့ ပြန်သွားသင့်ပြီလား…”
ဟန်နင်၏ မျက်လုံးသည် ဖန်မုန်ဟွာအပေါ် ရောက်လာပြီး သက်ပြင်းချကာ ပြောလိုက်သည်။
“နှစ်လွှာမီးမြက်ကို ဘယ်လိုဖြစ်ဖြစ် ရှာရမယ်….ပြီးတော့ ဒီနေရာမှာပဲ တွေ့နိုင်တာ ... ဒီလောက်အန္တရာယ် များလိမ့်မယ်လို့ ထင်မထားမိဘူး ... အခုအားလုံးကို ရွေးချယ်စရာ ပေးမယ် ... ကျွန်မနဲ့အတူ နှစ်လွှာမီးမြက် ရှာဖို့ လိုက်ချင်တဲ့သူ ကျန်နေခဲ့ ... မလိုက်ချင်တဲ့သူက အရင်ပြန်နှင့်လို့ ရတယ် ... အကုန်လုံး ကိုယ့်အပေါ်မှာ မူတည်တယ်…”
***