နတ်ဆိုး လာပြီ
Vol. 113 Ch. 1572
အာကာပြင်ကျယ်ကျောင်းတော်၏ ထိုးစစ်ဆင်နေမှုအောက်တွင် အင်မော်တယ်နတ်ဘုရားကုန်းမြေမှာ အဆက်မပြတ် တဝုန်းဝုန်း လှုပ်ခတ်နေသည်။ မိုးကောင်းကင်မှာ မီးဟုန်းဟုန်းတောက်နေပြီး မြေပြင်များလည်း ပြိုကျနေသည်။ နဂါးများ မြေကြီးအောက်တွင် ငုပ်လျှိုးသွားလာနေသကဲ့သို့ အက်ကွဲကြောင်းများ မြွေလိမ်မြွေကောက် ဖြာထွက်ပျံ့နှံ့လျက်ရှိ၏။ တောင်များလည်း ပြိုကျနေကြသည်။
ဤကမ္ဘာ၏ နောက်ဆုံးနေ့ရက်များအတိုင်းပင်။
သို့ထိတိုင် အင်မော်တယ်နတ်ဘုရားကမ္ဘာသားများကား ဂရုစိုက်ဟန်မတူ။ သူတို့သည် တိုက်ခိုက်နေကြသော်လည်း ခံစားချက်ပင်မရှိကြသည့်အလား ဖြစ်ပျက်နေသောအရာနှင့်ပတ်သက်၍ ထုံနေကြပုံပေါ်၏။
မန်ဟိုဟာ သူ၏ကျင့်ကြံအဆင့်ကို အနှစ်သာရ ၉ ခုအဆင့်သို့ လျှော့ချလိုက်ပါက သတိထားမိဖို့ ခဲယဉ်းလိမ့်မည်။ ခံစားချက်များမဲ့၍ ထုံနေဟန်တူသော ဤကျင့်ကြံသူများက ခံစားချက်အပြည့်ဖြင့် နာကျင်နေပုံပေါ်လိမ့်မည်။
မန်ဟိုသည် နတ်ဘုရားအာရုံကို ပြန်ရုတ်ကာ သေမျိုးနိုင်ငံတော်ထဲတွင် မင်းညီမင်းသားဝတ်ရုံနှင့် ဗလတောင့်တောင့်လူအား ကြည့်၏။ ထို့နောက် ထိုလူ့ဆီ လျှောက်သွားပြီး သူ့အရှေ့၌ ထိုင်လိုက်လေသည်။
သူက ခေါင်းညိတ်ကာ ဖြေသည်။ “ဟုတ်တယ် သိပ်ထူးဆန်းနေတယ်”
ဗလတောင့်တောင့်လူက ပြုံး၍ အရက်အား ခပ်ကြာကြာမော့သောက်နေသည်။ သူ့မျက်လုံးများတွင် အတိတ်၏အမှတ်တရများ ဖြတ်ပြေးနေသယောင်ပင်။ “ဒီကုန်းမြေရဲ့ နာမည်က အရင်တုန်းက ဒီနာမည်မဟုတ်ဘူး ... အင်မော်တယ်ကောင်းကင်ဘုံကုန်းမြေတဲ့လေ
“မင်းရဲ့ကျင့်ကြံအဆင့်အရဆို နည်းနည်းပါးပါး ရိပ်စားမိလောက်ရောပေါ့။ ငါ့မှာ အာကာပြင်ကျယ်စိတ်ဆန္ဒရဲ့ အဲဒီသောက်ဝိညာဉ်အမျှင်တွေ ရှိမနေတဲ့ အကြောင်းရင်းက ... အဲဒီစိတ်ဆန္ဒဟာ ငါတည်ရှိနေတဲ့အရိပ်အယောင်ကို ရှာမတွေ့ခဲ့လို့ပဲ
“ဒါ့ကြောင့် အဲဒီသောက်စိတ်ဆန္ဒ အချိန်စီးကြောင်းကို နှောင့်ယှက်ပြီး သူ့မှတ်ဉာဏ်အတွင်းထဲက ဒီကျင့်ကြံသူတွေကို ပြန်ဖန်ဆင်းနေတာတောင်မှ ငါ့ကို ဘာမှမလုပ်နိုင်တာ။ ငါနဲ့ ငါ့လိုတခြားသူတွေက ဒီနေရာနဲ့ မခွဲနိုင်တာလေးကြောင့် နတ်ဘုရားအာရုံတချို့ ချန်ခဲ့ဖို့ ရွေးချယ်ခဲ့တာပေါ့ကွာ” သူသည် အရက်အိုးကို ဘေးသို့ လွှင့်ပစ်၍ ထရပ်လိုက်သည်။ ထိုအခါ အင်အားကြီးမားသောတန်ခိုးက သူ၏ကိုယ်အတွင်း၌ ထကြွစပြုလာတော့သည်။
၎င်းသည် အရပ်လေးမျက်နှာသို့ ဖြာထွက်သွားသော လေဆင်နှာမောင်းအသွင် ပြောင်းသွား၏။မှန်သည်၊ မန်ဟို ဤလူ၏အရှေ့တည့်တည့်၌ ထိုင်နေလျှင်တောင်မှ လေဆင်နှာမောင်းကား သူ့ဆံစလေးတစ်မျှင်ကိုပင် မြောက်တက်သွားအောင် မလုပ်နိုင်ပေ။
တစ်ချိန်တည်းမှာပင် မြေထုအပေါ်ရှိ မတူညီသောနေရာခုနစ်နေရာမှ လေဆင်နှာမောင်းခုနစ်လုံး မြောက်တက်လာသည်။ မိုးကောင်းကင်ထက်၌ အရောင်အဝါများ ပြိုးပြိုးပြက်ပြက်လက်လာကာ အရာအားလုံး တဝုန်းဝုန်း တုန်ခါနေတော့သည်။
မန်ဟို၏နတ်ဘုရားအာရုံသည် ကျန်လေဆင်းနှာမောင်းများကို အကဲခတ်ရန် ဖြာထွက်သွား၏။ သူ့အရှေ့ရှိ ဗလတောင့်တောင့်လူအပါအဝင် စုစုပေါင်းရှစ်ယောက် ရှိလေသည်။ တချို့က ယောက်ျားများ၊ တချို့က မိန်းမများ ဖြစ်သည်။ အားလုံးက လွမ်းဆွတ်ကြေကွဲနေသောအမူအရာများဖြင့် လေပေါ်ပျံတက်လာကြသည်။ သူတို့မှာ သူတို့ချစ်သော ဤနေရာနှင့် မခွဲခွာချင်ကြောင်း ထင်ရှားပေသည်။
“ဒီကုန်းမြေဟာ တစ်ခါတုန်းက ဖျက်စီးခံခဲ့ရတယ်။ လူပေါင်းများစွာ သေကြေပျက်စီးခဲ့တယ်.... အသက်ရှင်ကျန်ခဲ့တဲ့လူတွေက အာကာပြင်ကျယ်စကြဝဠာရဲ့ ဒီကြယ်တာရာကောင်းကင်ကနေ ထွက်သွားကြတယ်... ကျန်ခဲ့တဲ့လူတွေကတော့ ..... အစစ်မဟုတ်ဘူး
“ငါတို့တွေကတော့ ဒီနေရာကို သန့်ရှင်းပေးမယ့်လူ.... ငါတို့ကို တွယ်တာနေတဲ့ အမှတ်တရသံယောဇဉ်တွေကို ဖယ်ရှားပေးမယ့်လူကို စောင့်နေခဲ့တာပဲ
“ကျေးဇူးတင်ပါတယ်။ တစ်နေ့ ငါတို့ ပြန်တွေ့ကောင်းတွေ့ရလိမ့်မှာပါ။ ထွက်မသွားခင် ငါ မင်းကို လက်ဆောင်တစ်ခု ပေးခဲ့ပါရစေ။ အနည်းဆုံးတော့ အဲဒါက သတ်ရဖြတ်ရတာကို နည်းပါးစေပြီး သေကြေပျက်စီးမှုတွေကိုလည်း နည်းပါးစေလောက်မှာပေါ့လေ” ဗလတောင့်တောင့်လူသည် မန်ဟို့ကို တခဏ လေးနက်စွာ ကြည့်ပြီးနောက် ကျန်ခုနစ်ယောက်နှင့်အတူ လေပေါ်ပျံတက်သွား၏။ သူတို့ရှစ်ယောက်သည် မိုးကောင်းကင်၏အမြင့်ဆုံးအမှတ်အထိ ပျံတက်သွားကြပြီး ထိုနေရာရောက်သည့်အခါ သူတို့၏ခန္ဓာကိုယ်များက ဝဲတစ်ဝဲအသွင်ပြောင်းလျက် တွန့်လိမ်လာတော့သည်။ တစ်ချိန်တည်းမှာပင် ဝမ်မျိုးနွယ်စု၏ မန္တန်ဝင်္ကပါသည် ရာနှုန်းပြည့်အသက်ဝင်သွား၏။ ဝမ်မျိုးနွယ်စုကား ဝဲထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။ ကြည့်ရသရွေ့ ဤရှစ်ယောက်က ဝမ်မျိုးနွယ်စု သွားလိုသောနေရာသို့ ခေါ်သွားပေးနေပုံပေါ်သည်။
ဝဲ မှေးမှိန်ပျောက်ကွယ်နေစဉ် လူရှစ်ယောက်ကို ဖွဲ့စည်းထားသော ချီနှင့်သွေးများသည် ပင်လယ်ကြီးတစ်စင်းအသွင်ဖြင့် ပြန့်ကားလာ၏။ ထို့နောက် အဆိုပါသွေးပင်လယ်က အောက်ရှိမြေပြင်အပေါ် ရွာကျလာတော့သည်။
သွေးမိုးတို့ တဖြောက်ဖြောက် ကျလာသည့်အခါ အင်မော်တယ်နတ်ဘုရားကုန်းမြေ၏ ကျင့်ကြံသူများမှာ ခန္ဓာကိုယ်များ အရည်ပျော်ကုန်သဖြင့် သွေးပျက်စွာ အော်ဟစ်ကြလေသည်။ တစ်ချိန်တည်းမှာပင် အဆောက်အဦးများလည်း အိုမင်းလာသည့်အလား ဗြန်းစားကြီး ပျက်စီးဆွေးမြည့်ကုန်သည်။
သွေးမိုးကြောင့် သက်ရှိအားလုံး အရည်ပျော်ကျကာ ....ပျော်ကျသွားသော အရည်တို့သည် အင်မော်တယ်နတ်ဘုရားကုန်းမြေအပြည့် စီးဆင်းကြကုန်၏။ အသက်ရှူချိန်အနည်းငယ်လေးအတွင်း အရာအားလုံး အပ်ကျသံမကြားရအောင် တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
အဖြစ်အပျက်အားလုံး ဆိုင်းမဆင့်ဗုံမဆင့် ဖြစ်ပျက်သွားခဲ့သည်။ အာကာပြင်ကျယ်ကျောင်းတော်၏ ကျင့်ကြံသူများ တိုက်ခိုက်နေဆဲခုလတ်မှာပင် သူတို့၏ရန်သူအားလုံး သွေးများအဖြစ် အရည်ပျော်ကျသွားခဲ့လေပြီ။ သွေးအကျိအချွဲတို့သည် မြေပြင်များတစ်လျှောက် အကျည်းတန်စွာ စီးဆင်းနေ၏။
မန်ဟိုက အဖြစ်အပျက်အားလုံးကို ကြည့်ရင်း ရပ်နေသည်။ သူကြည့်နေစဉ် အသေကောင်များမှ အနက်ရောင်များ အလိပ်လိပ်ထွက်လာပြီး ရုပ်တုကိုးရုပ်ထဲ ဝင်ရောက်သွားသည်။
မကြာမီ ရုပ်တုအားလုံး မည်းနက်လာကာ အက်ကွဲသံများ ထွက်လာ၏။ ထို့နောက် ၎င်းတို့ကား ပြိုစပြုလာတော့သည်။ တစ်ရုပ်ပြီးတစ်ရုပ် ပြိုကျနေသည်နှင့်အမျှ ကျန်အရုပ်များမှာ ပို၍မည်းနက်လာလေသည်။
နောက်ဆုံးတော့ ရုပ်တုရှစ်ရုပ် ပြိုကျသွားပြီး အားလုံးအထဲ အကြီးမားဆုံးရုပ်တုမှာ လုံးဝမည်းနက်သွားတော့သည်။ တခဏကြာသော် အနက်ရောင်မြူများ ဝုန်းခနဲ ပေါက်ကွဲထွက်လာကာ ကြယ်တာရာကောင်းကင်အပြည့် ဖုံးသွား၏။
အံမခန်းလိလိစိတ်ဆန္ဒတစ်ခုလည်း ရုပ်တုအတွင်းမှ ထွက်လာသည်။
ရုပ်တုသည် ပြောင်းလဲသွား၏။ ရက်စက်ကြမ်းကြုတ်ပုံမပေါ်တော့လို၊ ၎င်း၏မျက်နှာသွင်ပြင်ကိုလည်း ကွဲကွဲပြားပြားပြား မမြင်ရတော့ပေ။ ဤရုပ်တုကား ရှေးခေတ်မှ အနန္တတန်ခိုးရှင်မဟုတ်ဘဲ လောကပါလနတ်မင်း၏စိတ်ဆန္ဒမှ ပို့လွှတ်ထားသော ပုံရိပ်တစ်ခုမျှသာ ဖြစ်ချေသည်။
ထိုအခိုက်အတန့်မှာပင် ရုပ်တု၏မျက်လုံးများ ပွင့်သွားသည်။ ကြောက်ခမန်းလိလိအရှိန်အဝါတစ်ခုနှင့်အတူ အရာအားလုံး တုန်ရီလာပြီး အနက်ရောင်မြူခိုးများ တထောင်းထောင်းလာ၏။
ရုတ်တရက် မြူများအတွင်း၌ အရုပ်ဆိုးဆိုးခေါင်းပေါင်းများစွာ ပေါ်လာသည်။ ၎င်းတို့သည် ကောက်ကျစ်ယုတ်မာစွာ ပြုံးလျက် အာကာပြင်ကျယ်ကျောင်းတော်မှ ကျင့်ကြံသူများဆီ ပြေးဝင်လာကြ၏။ မန်ဟိုက ချက်ချင်း ရှေ့တစ်လှမ်းတက်ကာ ရုပ်တုကြီး၏အရှေ့တည့်တည့်၌ ရပ်လိုက်သည်။ ထိုနေရာတွင် သူသည် ညာလက်ကို ဆန့်တန်းပြီးနောက် အင်္ကျီလက်စခါလိုက်ရာ တန်ခိုးရှင်အားလှိုင်း လိမ့်ထွက်သွား၏။ ၎င်းက သဘာဝနိယာမကို ပြောင်းလဲ၍ အရုပ်ဆိုးဆိုးခေါင်းများကို ချက်ချင်း ဖြိုခွင်းလိုက်သော သုတ်သင်ခြင်းစွမ်းအားဖြစ်လာသည်။ ခေါင်းများမှာ တစ်ချိန်လုံး စူးစူးဝါးဝါးအော်ဟစ်ရင်း ပျောက်ကွယ်သွားတော့သည်။
ဤအခိုက်အတန့်၌ အဝေးရှိ ကြယ်ာရာကောင်းကင်မှာ ပုံပျက်လှိုင်းများ ထလာကာ .... ကြီးကျယ်ခမ်းနားသောမြေထုကြီးတစ်ခု ပေါ်လာလေသည်။ ၎င်းကား ..... နတ်ဆိုးကုန်းမြေမှတစ်ပါး အခြားမဟုတ်။
“ငါ ဒီကောင်တွေကို ကိုင်တွယ်လိုက်မယ်” မန်ဟိုက အေးစက်စက် ပြောသည်။ ဂိုဏ်းချုပ်က အသက်ပြင်းပြင်းတစ်ချက်ရှူပြီးနောက် မြေပြင်တစ်ခွင်အပေါ်ရှိ အပျက်အစီးများကို ကြည့်လိုက်သည်။ ထို့နောက် သူသည် အနက်ရောင်မြူများနှင့် ရုပ်တုကြီးကို ကြည့်ရင်း ခေါင်းညိတ်၍ နောက်ဆုတ်သွား၏။
မကြာမီ အာကာပြင်ကျယ်ကျောင်းတော်၏ စစ်တပ်ကြီးသည် နတ်ဆိုးကုန်းမြေ၏ ကျင့်ကြံသူများဆီ ချီတက်သွားကြ၏။
လူသတ်ပွဲကြီးကား မပြီးပြတ်သေးပေ။ ရန်သူပြောင်းသွားသော်လည်း တိုက်ပွဲက စောစောကအတိုင်းပင်။ စစ်မြေပြင်မတူညီတော့ခြင်းသာ ရှိသည်။
အင်မော်တယ်နတ်ဘုရားကုန်းမြေအပေါ်တွင် မန်ဟိုသည် အနက်ရောင်မျက်လုံးများဖြင့် သူ့ကို ငုံ့ကြည့်နေသော ရုပ်တုကြီး၏အရှေ့၌ ရပ်နေ၏။ ရုတ်တရက် ရုပ်တုကြီးက ရှေ့တစ်လှမ်းလှမ်းသည်။ ကျောနောက်ပစ်ထားသော ၎င်း၏လက်သည် ဆန့်တန်းလာပြီး လက်ညှိုးထိုးလိုက်၏။
ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ အနက်ရောင်မြူများကား ထိုလက်ညှိုးဆီ စီးဆင်းသွားကြတော့သည်။