ယောင်ကျိုးမြို့မှ ထွက်ခွာခြင်း
Vol. 3 Ch. 30
ဟန်စံအိမ် ဂိတ်ပေါက် ဖွင့်လိုက်ပြီး လူတစ်ရာကျော် လောက်သည် ဟန်နင်အား လိုက်ပို့ရန် ထွက်လာကြသည်။ ဟန်ဇနီးမောင်နှံသည် ဟန်နင်ဘေးတွင် ရပ်နေပြီး သူမအား မှာကြားနေလေသည်။ ဤခရီးရှည်သည်ကား သူ့သမီး ဖြစ်သူအတွက် စိတ်ပူပင်ရသော ကိစ္စတစ်ခု ဖြစ်လေသည်။
လွန်ခဲ့သည့် နှစ်လတာ ကာလအတွင်းတွင် မိုဝူကျီသည် အသတ်ခံရမလားဟု တွေး၍ ဆက်တိုက် စိုးရိမ်နေခဲ့သည်။ ထို့ကြောင့် သူသည် သူ၏ခြံဝင်း အတွင်းတွင်သာ ပုန်းနေလေ၏။ ရလဒ်အနေနှင့် သူသည် ဟန်နင်နှင့်အတူ တော်ဝင်မြို့တော်သို့ လိုက်ပါမည့် လူအရေအတွက်ကို မသိရှိချေ။ လူရာကျော် ထွက်လာသည်ကို မြင်ပြီး သူသည် အံ့အားသင့်ကာ တင်းဘူအာအား ချက်ချင်း မေးလိုက်သည်။
“ဘူအာ ... ချန်လောင် သွားဖို့ မမလေး ဟန်နင် နောက်လိုက်မဲ့သူ များလှချည်လား ... ”
ဘူအာသည် ရယ်မောလိုက်ကာ မိုဝူကျီနား ကပ်၍ ပြောလိုက်သည်
“မမလေး အပြင် ... ငါတို့ လေးယောက်ပဲ ချင်လောင် မြို့တော်ကို သွားရမှာ ... မင်းကြောင့် ငါလည်း ဒီခရီးမှာ ကပ်လိုက်ခွင့် ရတာ ... နောက်ထပ် နှစ်ယောက်က ဖန်မုန်ဟွာနဲ့ ရှောက်လန်ပဲ ... ”
“လူနည်းနည်း လေးလား ... ”
မိုဝူကျီသည် မသက်သာသလို ခံစားလိုက်ရသည်။ လူနည်းလွန်းလျှင် အန္တရာယ်ကင်းရန် ခက်ခဲလှ၏။
“ငါကြားတာက မြို့စားကြီးက မမလေး နောက်လိုက်ဖို့ လူနှစ်ဆယ် လွတ်ခဲ့ပေမဲ့ တော်ဝင်စည်းမျဉ်း အရ နွေဦးနတ်ဘုရားဂိတ် ညီလာခံကို တက်ရောက်သူ တစ်ယောက်စီက နောက်လိုက် လေးယောက် အများဆုံးပဲ ခေါ်ခွင့်ပြု ထားတယ်တဲ့ ... ” တင်းဘူအာသည် ရှင်းပြလိုက်သည်။
လူအုပ်ကြီးသည် ယောင်ကျိုး ဂိတ်ပေါက်သို့ ရောက်လာသောအခါ မိုဝူကျီသည် လူအရေအတွက် ကန့်သတ်ထားခြင်း အကြောင်းရင်းကို နားလည်သဘောပေါက် သွားလေသည်။ ယောင်ကျိုးမြို့ ထွက်ပေါက်တွင် လူအများသည် နှုတ်ဆက်စကား ပြောရန် ရောက်ရှိနေကြပြီး ကြီးမားသော လူထုကြီး ဖြစ်နေသည်။ ယောင်ကျိုးမှ နွေဦးနတ်ဘုရားဂိတ် ညီလာခံတွင် ပါဝင် တက်ရောက်မည့်သူက ဟန်နင် တစ်ယောက်တည်း မဟုတ်ချေ။ မိုဝူကျီ မြင်သလောက် အားလုံးပေါင်း နှစ်ဆယ်မှ သုံးဆယ် ကြားရှိ၏။
နောက်လိုက်များကိုပါ ထည့်တွက်လျှင် တစ်ရာကျော် သွားလေချေပြီ။ ထို့အပြင် ထိုသည်က ပြည်နယ် တစ်ခုစာမျှသာ ဖြစ်၏။ ရှင်းဟန် အင်ပါယာတွင် အခြားသော ပြည်နယ်များလည်း ကျန်ရှိသေးသည်။ သူတို့အားလုံးကို ပေါင်းလိုက်လျှင် လူမည်မျှ ဖြစ်မည်နည်း။ မူလက ဟန်ချန်အန်းသည် ချင်ယွီပြည်နယ်မှ တက်ရောက်သူ ဆယ်ယောက် လွှတ်မည်ဟု ပြောခဲ့ဖူးသည်။ ထိုသည်တွင် စီရင်စုများမှ တက်ရောက်သူများ ပါဝင်ဟန် မရသေးချေ။
တချို့သော လူများသည် စတင်၍ အဖွဲ့များ ဖွဲ့ကုန်ကြလေသည်။ မိသားစုဝင်များကို နှုတ်ဆက်စကား ပြောဆိုပြီးနောက် သူတို့သည် သူတို့၏ သားရဲလှည်းများဖြင့် ထွက်ခွာ သွားကြသည်။ မိုဝူကျီသည် နောက်ဘက်တွင် ဟန်ချန်အန်းအား လူအချို့နှင့် ညှိနှိုင်းပြောဆို နေသည်ကို မြင်လိုက်ရ၏။ တစ်ခဏ အကြာတွင် ဖန်မုန်ဟွာသည် မိုဝူကျီနှင့် တင်းဘူအာထံ ရောက်လာပြီး ပြောလိုက်သည်။
“ငါတို့ ဟန်စံအိမ်က ဝူရှုးစီရင်စု မင်းသား ချောင်ဟောင်နဲ့ အတူ ခရီးဆက်ရလိမ့်မယ် ... ပြီးတော့ မှူးမတ်ကြီး ဂျီရဲ့ မြေးဖြစ်သူ ဂျီချန်းဟယ် အပြင် ဝမ်ဘူ အဖွဲ့အစည်းခွဲရဲ့ အုပ်ချုပ်သူ ယန်ဂျွန်ဆောင်လည်း ပါလိမ့်မယ် ... အဲဒီလူတွေ တစ်ယောက်ကိုမှ စော်ကားလို့ မဖြစ်ဘူးဆိုတာ မှတ်ထား ... သူတို့အပေါ် မဆင်မခြင် မလုပ်နဲ့ ... ”
တင်းဘူအာသည် ကိုယ့်ရင်ဘတ်ကို ပုတ်လိုက်ပြီး
“စိတ်မပူပါနဲ့ အစောင့် ခေါင်းဆောင်ဖန် ... ကျွန်တော်က ပြဿနာ ရှာတတ်တဲ့သူ မဟုတ်ပါဘူး ... တစ်ဖွဲ့တည်း သွားကြမှာတော့ အကုန်လုံးက ရဲဘော်ရဲဘက် တွေပဲပေါ့ ... ပြီးတော့ ကျွန်တော်တို့ အားလုံးအတူတူ အလုပ် လုပ်ရမှာပဲလေ ... ”
ဖန်မုန်ဟွာသည် ခေါင်းညိတ်လိုက်သည်။ သူသည် သူတို့အား သတိပေးချင်ရုံ သက်သက် ဖြစ်၏။ တင်းဘူအာသည် မည်သို့ ဆက်ဆံ ပြုမူရမည် ဆိုတာကို သိ၍ ပြဿနာရှာမည် မဟုတ်ပေ။ မိုဝူကျီသည်လည်း လူအများ ပြောသကဲ့သို့ မဆင်မခြင် လုပ်တတ်သူ မဟုတ်ချေ။ စုဝေးပွဲ နောက်ကျပြီးသည့် နောက်တွင် သူသည် ထပ်၍ ပြဿနာ မရှာတော့ချေ။ သူသည် သူ့ခြံဝင်းအတွင်း တိတ်တဆိတ် နေနေလေသည်။ မည်ကဲ့သို့ သူသည် ပြဿနာရှာသူ ဖြစ်နိုင်မည်နည်း ...
ထိုအချိန်တွင် ဟန်နင်သည် သူမ နှုတ်ဆက်စကား ပြောပြီး၍ မိုဝူကျီနှင့် အပေါင်းအပါများကို ခေါ်လိုက်သည်။ မိုဝူကျီအား သံသယမကင်း ဖြစ်စေသည်က ဟန်ချန်အန်းသည် သူ့အား လုံးလုံးခေါ် မပြောခြင်း ဖြစ်၏။
“လာ.. လှည်းပေါ် တက်ကြစို့ ... သွားမယ်လေ ...” တင်းဘူအာသည် မိုဝူကျီအား ဆွဲခေါ်လိုက်လေသည်။
ထိုအခိုက်အတန့်တွင် မိုဝူကျီသည် တစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်း ထသွား၏။ သူသည် ဘေးပတ်လည်ကို ကြည့်လိုက်သောအခါ တစ်ယောက်ယောက်က လူအုပ်ထဲမှ ရုတ်တရက် ပျောက်ကွယ် သွားသည်ဟု ခံစားမိလိုက်သည်။
သူသည် တစ်ယောက်ယောက်က သူနှင့် ဖြေရှင်းရန် ရောက်လာခြင်း ဟုတ်သည်၊ မဟုတ်သည်ကို မသိရှိချေ။ အဘယ်ကြောင့် သက်သောင့်သက်သာ မဖြစ်တာလဲ ... မိုဝူကျီသည် ဆက်လက်၍ မနေရဲတော့ချေ။ ထို့ကြောင့် ဟန်မျိုးနွယ်စု၏ သားရဲလှည်းပေါ် အပြေးအလွှား တက်လိုက်သည်။
လှည်းတွင် အကန့်နှစ်ကန့် ပါရှိပြီး ဟန်နင်နှင့် ရှောက်လန်သည် အတွင်းအကန့်တွင် ရှိကာ ကျန်သူများသည် အပြင်ဘက် အကန့်တွင် ရှိ၏။ ထိုအကန့် နှစ်ခုသည်ကား သေးငယ်သည်ဟု ယူဆ၍ မရချေ။ လူငါးယောက်ပင် ကျပ်သိပ်နေမည် မဟုတ်လှ။
လှည်းမောင်းသူက “ရား ...” ဟု အော်လိုက်သည့်အခါ သားရဲလှည်းသည် စတင်၍ ရွေ့လျား လာလေသည်။ အခြား မိသားစုသုံးခုမှ လှည်းများသည်လည်း လိုက်ပါလာကြသည်။
မိုဝူကျီသည် ထိုသားရဲ လှည်းများအကြောင်း အနည်းငယ် နားလည်၏။ ထိုသည်က မြင်းလှည်းနှင့် တူပြီး မြင်းအစား ထိုသားရဲများသည် ပို၍ သက်လုံကောင်းကာ အင်အားကြီးမား၏။
သို့သော်ငြား သားရဲလှည်းများသည် ကားအမြန်နှုန်းဖြင့် ယှဉ်၍မရသေးချေ။ ချင်ယွီပြည်နယ်ရှိ လမ်းမများထက်တွင် ကားများ၊ အများသုံးယာဉ်များ ရှိသော်လည်း ကံမကောင်းစွာ ထိုအရာများသည် ချင်ယွီပြည်နယ် အတွင်းသာ အသုံးပြုနိုင်လေသည်။ ချင်ယွီပြည်နယ် အပြင်ဘက်တွင် မောင်းနှင်ရင် လမ်းများ မရှိချေ။
ထိုသည်က ဤကမ္ဘာရှိ လူများသည် နည်းပညာကို တန်ဖိုးမထားသည့် အဓိက အကြောင်းရင်း ဖြစ်၏။ နိုင်ငံများကြားရှိ ဆက်ဆံရေး ဆိုးရွားခြင်းများလည်း ပါဝင်ပေသည်။
ပြည်နယ်များ ကြားတွင် ဆက်တိုက် စစ်ပွဲများ ဖြစ်ပေါ်နေပြီး ပြည်နယ်များ အနေနှင့် လမ်းပြုလုပ်ရန် ဆွေးနွေး ညှိုနှိုင်းမည့်လူကို လွှတ်ဖို့ပင် ခက်ခဲလှပေမည်။
တစ်ဖက်တွင်လည်း လူများသည် ဆေးပင်များနှင့် တွင်းထွက် ပစ္စည်းများကို တန်ဖိုးထားသော်ကြောင့် ထိုနယ်ပင်များတွင် နည်းပညာများသည် အဆင့်အတန်း တစ်ခုသို့ ရောက်နေပြီ ဖြစ်၏။
ယောင်ကျိုး အပြင်ဘက်ရှိ လမ်းများသည် နေရာကျယ်ဝန်း၍ ချောမွတ်သေး၏။ သို့သော် ခရီးနှင်တာ ကြာလှသည်နှင့် အမျှ လမ်းများသည်လည်း မညီမညာနှင့် ချိုင့်ကွက်များ ရှိလာလေသည်။ အနည်းဆုံး သားရဲလှည်း၏ စွမ်းဆောင်ရည်သည် တုန်ခါမှုကို လျော့နည်းစေ သဖြင့် မဆိုးလှချေ။
လမ်းတစ်လျှောက်တွင် သူတို့သည် တော်ဝင်မြို့တော်သို့ ဦးတည်နေသော အခြား သားရဲလှည်းများလည်း တွေ့ရ၏။ မိုဝူကျီသည် သူတို့သည် ရင်းနှီးကျွမ်းဝင်မှု မရှိသရွေ့ အများစုသည် သူတို့၏ ခရီးကိုသာ အာရုံစိုက်ထားကြသည်။ မိုဝူကျီတို့ အဖွဲ့ရှိ မိသားစု လေးခုတွင်လည်း အဓိက တက်ရောက်သူ လေးယောက်သည် အစာစားချိန်မှသာ ဆက်ဆံမှု ရှိ၏။ အချိန်အများစု သည်ကား တစ်ယောက်နှင့် တစ်ယောက် စကားပြောဆိုခြင်း မရှိချေ။
တစ်လကြာပြီး နောက်တွင် အဖွဲ့သည် အဆုံးမရှိသော ပင်လယ်မှ တားဆီးခြင်း ခံလိုက်ရ၏။ မိုဝူကျီနှင့် အပေါင်းအပါများ ရောက်လာသည့်အခါ ထိုနေရာတွင် ကျန်လူများ သည်လည်း တောင်ပုံရာပုံ ရောက်ရှိနေပြီ ဖြစ်သည်။ မိုဝူကျီသည် ဘေးပတ်လည်ကို ကြည့်လိုက်သည့် အခါ စုစုပေါင်း လူဦးရေသည် တစ်သောင်းဝန်းကျင် ရှိ၏။ အမျိုးမျိုးသော သားရဲလှည်းများသည် ဤနေရာတွင် ရပ်ထားကြသည်။ တချို့ သားရဲပျံများပင် တွေ့ရလေသည်။
မိုဝူကျီသည် ထိုသားရဲပျံများ သည်လည်း လှည်းဆွဲရန် အတွက်လားဟု မေးမည့်ဆဲဆဲတွင် အဝေးမှ ကြီးမားလှသည့် သားရဲပျံ တစ်ကောင်သည် ပျံသန်းလာပြီး နေရာလွတ်တွင် နားလိုက်၏။ မိုဝူကျီသည် ဆယ်မီတာမျှ ကွာဝေးသော်လည်း သူသည် သားရဲ တောင်ပံခတ်မှုမှ လေများကို ခံစားမိ၏။
သားရဲပျံ ကျောတွင် ကြီးမားသော စက်ဝိုင်းပုံ သဏ္ဌာန် အဆောက်အဦ ပါရှိ၏။ သားရဲ မြေပြင်ပေါ် ဆင်းသက်သည့် အခါ အဆောက်အဦသည် ပွင့်လာကာ လူအချို့ ထွက်ပေါ်လာ၏။
သားရဲပျံများသည် လူများသယ်ဆောင် သွားရန် ဖြစ်သည်က အမှန်ဖြစ်ကာ ကုန်းမြေပေါ် သွားသည့် သားရဲများထက် ပို၍ သက်သောင့်သက်သာ ရှိလှ၏။ လေယာဉ်ပျံများပင် ထိုသားရဲပျံလောက် သက်သောင့်သက်သာ ဖြစ်မည် မထင်အံ့။ ဤနေရာရှိ လူများသည် စက်ပစ္စည်းများကို အလေးမထားသည်မှာ အံ့သြစရာ မဟုတ်တော့။ ထိုသားရဲပျံများ ရှိနေလျက်သားနှင့် မည်သူက အပင်ပန်းခံ၍ လေယာဉ် တည်ဆောက် နေမည်နည်း ...
“သေစမ်းကွာ ... ဘယ်အချိန်မှ ချင်ယွီပြည်နည်လည်း သားရဲပျံတွေ ရှိမှာလဲ ... ငါတို့မှာသာ ရှိရင် ဒီကိုလာဖို့ အချိန်အကြာကြီး ကုန်စရာ မလိုဘူး ... ” မိုဝူကျီသည် မနီးမဝေးမှ တစ်ယောက်၏ ကျိန်ဆဲသံကို ကြားလိုက်ရ၏။
သူသည် ထိုသူက မည်သူမှန်း သိရှိရန် လှည့်ကြည့်ရန် မလိုချေ။ ထိုသည်က ဝူရှုးစီရင်စု မင်းသား ချောင်ဟောင် ဖြစ်၏။ ထိုလူတွင် ဆိုးရွားလှသည့် ဒေါသစိတ် ရှိသည်။ သူ မကျေနပ်သည့် အခါတိုင်း သူသည် စတင်၍ ကျယ်ကျယ်လောင်လောင် အော်လေ့ရှိသည်။ သူသည် အခြား စီရင်စုမင်းသားနှင့် လှည်းလုသည့် အခါမှ ဥပမာကို ကြည့်ကာ သိနိုင်၏။
“ဘူအာ ... သားရဲပျံတွေက ဈေးကြီးလား ... ချင်ယွီပြည်နယ်မှာ ဘာလို့ တစ်ကောင်မှ မရှိတာလဲ ... ” မိုဝူကျီသည် တင်းဘူအာ အနားကပ်ကာ မေးလိုက်သည်။
ထိုသားရဲပျံများသည် မည်မျှပင် ဈေးကြီးစေကာမူ ချင်ယွီပြည်နယ် အနေဖြင့် တတ်နိုင်လိမ့်မည်ဟု တွေးထား၍ မေးလိုက်၏။
တင်းဘူအာသည် ရယ်မောလိုက်ပြီး
“ဒါက ဈေးနှုန်းကြောင့် မဟုတ်ဘူး ... အဆင့်အတန်းကြောင့်ပဲ ... သားရဲလှည်းတွေကို ဝယ်ဖို့တောင် မလွယ်ဘူး ... ပိုက်ဆံရှိရုံနဲ့ ဝယ်လို့ မရဘူးကွ ... ငါကြားသလောက် အဲဒီသားရဲပျံတွေကို စောင့်ရှောက်နေတဲ့ ဂိုဏ်းရှိတယ်တဲ့ ... နာမည်က ဘာပါ့လိမ့် ... ”
“အများကြီး မပြောနဲ့တော့ ... အထဲဝင်ပြီး နားရအောင် ... သင်္ဘောစောင့်ရင်း ဒီမှာနေရမယ် ... ” ဟန်နင်သည် တင်းဘူအာ စကားဖြတ်ပြောလိုက်သည်။
ချောင်ဟောင်သည် မိုဝူကျီအား ကြည့်လိုက်ကာ အဖက် မတန်သလို ပြောလိုက်သည်။
“ညီမလေး နင် ... မင်းကျင့်ကြံစွမ်းက မဆိုးပေမဲ့ လူအကဲခတ်နိုင် စွမ်းတော့ မရှိဘူးပဲ ... ဘာမှမသိတဲ့ အမှိုက်ကို ခေါ်လာရတာလဲ ... ဟားဟား ... ”
သူသည် မိုဝူကျီ၏ မေးခွန်းများကို ကြားလိုက်သည်။ ထိုအချိန်တွင် ခရီးတစ်လျှောက်လုံး မိုဝူကျီသည် သူ့အား အလေးမထားခြင်းက သူ့အား စိတ်အခြေအနေ ဆိုးရွားစေလေသည်။ သူ့အဆင့်အတန်းနှင့် မိုဝူကျီသည် သူ့ကို တွေ့တိုင်း ဒူးထောက်၍ ဖိနပ်ပင် လျက်ရမည် ဖြစ်၏။
ဟန်နင်သည် မျက်နှာ ပျက်သွားပေမဲ့ သူ့အား မငြင်းဆန်ချေ။ ဟန်နင် မငြင်းဆန်သည်ကို မြင်သည့်အခါ သူက ပိုရောင့်တက်လာ၏။
“ညီမလေး နင် ... ငါတို့မိဘတွေက အဖွဲ့တစ်ခုတည်း ရှိနေဖို့ စီစဉ်ပေး လိုက်တယ် ... ငါတို့က ငါတို့အဖွဲ့မှာ အားနည်းတဲ့ သူတွေ ပါမနေစေချင်ဘူး ... ရှင်းရှင်း ပြောရရင် ဒီနှစ်လတာ ကာလက ငါ့ဘဝမှာ အန္တရာယ် အများဆုံး အချိန်ဖြစ်နေမှာကိုပဲ ငါ့ဘာသာ စိုးရိမ်မိတယ် ... ”
သူသည် ထိုနောက်လိုက်ကို ဘာမှ မလုပ်ဘဲနှင့် သူ့အား အမှိုက်ဟု ခေါ်တယ်လား ... မိုဝူကျီသည် မကျေနပ်ပေ။ စီရင်စု မင်းသားသည် လေလည် သလောက်သာ ရှိ၏။ ကမ္ဘာမြေပေါ်တွင် မိုဝူကျီသည် ကမ္ဘာနှင့်ယှဉ် ကျော်ကြားသည့် ဇီဝဗေဒနှင့် ရုက္ခဗေဒပညာရှင် တစ်ယောက် ဖြစ်၏။ အာဏာနှင့် လူများသည် သူ့အလေးပေးမှု မလိုချင်သည့်သူ ဟူ၍ မရှိချေ။
မိုဝူကျီသည် ရင်းရင်းနှီးနှီး ရယ်မောလိုက်ကာ ချောင်ဟောင်အား ပြောလိုက်သည်။
“ခင်ဗျား သိပ်ပြီး မစိုးရိမ်သင့်ဘူး ထင်တယ် ... ချေးတောင် ချေးစားပိုးနဲ့ တွေ့သေးတာပဲ ... အရမ်း စိတ်ပူဖို့ မလိုပါဘူး ... ခင်ဗျား နွေဦးနတ်ဘုရားဂိတ် ညီလာခံမှာ ဂိုဏ်းတစ်ဂိုဏ်းကို ဝင်ခွင့် မရရင်တောင် ခင်ဗျားကို လက်ခံမဲ့သူ တစ်ယောက်ယောက်တော့ ရှိမှာပါ ... ”
***