← Chapters

မတူညီသည့် ခံယူချက်များ

Vol. 3 Ch. 32

မတူညီသည့် ခံယူချက်များ

Vol. 3 Ch. 32

ဝမ်မန်ကျူဘေးတွင် ခန့်ညားသော အမျိုးသားတစ်ဦး ပါရှိ၏။ သူတို့နှစ်ယောက် ဘေးချင်းယှဉ် ရပ်နေသည်ကပင် ကောင်းကင် နတ်ဖက်ထားသည့် စုံတွဲအလား တင့်တယ်လှသည်။ သူအမြင်အရ ပြောရလျှင် ထိုသူသည် ဝမ်မန်ကျူ၏ နောက်လိုက်တစ်ယောက် မဟုတ်နိုင်။

ဝမ်မန်ကျူသည် တည်ငြိမ် အေးဆေးစွာ ပြောလိုက်သည်။

“ဒါက ချင်ယွီပြည်နယ်ရဲ့ မင်းသားကိုး စစ်ထူပေါင်လေ ... ငါတို့က တစ်ဖွဲ့တည်းသားတွေ ... ”

ထိုသို့ဆိုလျှင် ထိုလူအိုကြီး စစ်ထူချင်၏ သားဖြစ်ရမည်။ စစ်ထူချင်နှင့် သူ့ကြားရှိ ဆက်ဆံရေးကြောင့် သူသည် စစ်ထူပေါင် အပေါ်တွင် အကောင်းမမြင်ပေ။

စစ်ထူပေါင်သည် လက်နှစ်ဖက်ဖြင့် အရိုအသေပေးကာ မိုဝူကျီအား နှုတ်ဆက်လိုက်၏။

“ဆေးဖော်စပ်သူ မိုရဲ့ နာမည်သတင်းတွေ ကြားဖူးနေတာ ကြာလှပါပြီ ... အခုမှ လူချင်း တွေ့ရတော့တယ် ... ခင်ဗျားက လူတွေကြားက တကယ့်ကိုနဂါး ဒါမှမဟုတ် ဇာမဏီပဲဆိုတာ ကျွန်တော် ပြောနိုင်တယ် ... ”

မိုဝူကျီသည် ရယ်မောလိုက်ပြီး

“မင်းသားကိုး ... ကျွန်တော်တော့ ခင်ဗျားက စကားလုံးတွေ သုံးတာ မှားနေတယ်လို့ ထင်တယ် ... ”

စစ်ထူပေါင်သည် အနည်းငယ် လန့်သွားလေသည်။ ပုံမှန်အရ သူကဲ့သို့ မင်းသားမျိုးက မိုဝူကျီအား လေးစားစွာ နှုတ်ဆက်လျှင် မိုဝူကျီသည်လည်း ပြန်လည်၍ လေးလေးစားစား ဆက်ဆံသင့်ပေသည်။ အနည်းဆုံးတော့ မိုဝူကျီသည် ထိုသို့သော အမူအရာမျိုးနှင့် မပြောသင့်ချေ။

“အို ... ဆေးဆရာမိုကပဲ ကျွန်တော် အမှားကို ထောက်ပြပေးပါဦး ... ”

စစ်ထူပေါင်သည် မူလအတိုင်း ပြုံးကာ မိုဝူကျီအား ပြောလိုက်သည်။

ဝမ်မန်ကျူသည်လည်း မိုဝူကျီ၏ စကားများကို အံ့အားသင့်သွား၏။ သူမသည် မိုဝူကျီက အဘယ်ကြောင့် မင်းသားကိုးအား အကြောင်းပြချက်မရှိ ရန်စမှန်း နားမလည်နိုင်ချေ။

မိုဝူကျီသည် စိတ်ထဲမှ ရယ်မောလိုက်သည်။ အခြားသော သူများသည် စစ်ထူမျိုးနွယ်စုအား အလိုလိုက် အကြိုက်ဆောင် ကြလိမ့်မည်။ သို့သော် မိုဝူကျီ မျက်လုံးထဲတွင် စစ်ထူမျိုးနွယ်စုသည် သူနှင့်သက်ဆိုင် နေသည့် ရန်သူ ဖြစ်၏။ မိုဝူကျီသည် စစ်ထူချင်က မိုမျိုးနွယ်စု ကျရှုံးသည့် ကိစ္စတွင် တစ်စိတ်တစ်နေရာ ပါဝင် ပတ်သက်နေကြောင်း သေချာ၏။

သူတို့သည် ရန်သူများ ဖြစ်သောကြောင့် ယဉ်ကျေး သိမ်မွေ့နေစရာ မလိုအပ်ပေ။ ထို့အပြင် ဝမ်မန်ကျူအား စစ်ထူပေါင်နှင့် ရိုမီယိုနှင့် ဂျူးလိယက်ကဲ့သို့ ယှဉ်တွဲ မြင်ရသည်ကပင် မိုဝူကျီအား စိတ်အခြေအနေ ပိုဆိုးစေသည်။ ထိုသည်က မိုဝူကျီသည် မိန်းကလေးက စစ်ထူမျိုးနွယ်စုမှ အမျိုးသား တစ်ယောက်၏ ဘေးတွင် ရှိုးတိုးရှန့်တန့် မြင်ရ၍ ဖြစ်သည်။

“မင်းသားကိုး ... အရင်ဆုံး ကျွန်တော်က ဆေးဆရာ မဟုတ်ပါဘူး ... အားလုံးလည်း ကိုးဘဝ ပျောက်ကင်းဆေးက ကျွန်တော် ဘိုးဘေးတွေဆီက လက်ဆင့်ကမ်း လာတယ်ဆိုတာ သိကြပါတယ် ... ကျွန်တော့်ကို ချီးမွမ်းနေပေမဲ့ လှောင်နေခြင်းနှင့် ပိုတူပါတယ် ... ဒုတိယတစ်ခုက ကျွန်တော်က ယောက်ျားသားပါ အဲဒါကြောင့် ဇာမဏီလို့ မခေါ်ဝေါ်သင့်ဘူး ... တတိယက သခင်တွေနှင့် ဘုရင်သာလျှင် နဂါးအဖြစ် တင်စားနိုင်ပါတယ် ... ကျွန်တော်သာ နဂါးဖြစ်ရမယ် ဆိုလျှင် ကျွန်တော်က ချင်ယွီပြည်နယ် သခင်ဖြစ်လာမှာပေါ့ ... ခင်ဗျားရဲ့ စကားတွေက အန္တရာယ် မများလှဘူးလား ... ကျွန်တော်တော့ မင်းသားက ကျွန်တော့်ကို ချင်ယွီပြည်နယ် သခင် ဖြစ်စေချင်မယ်လို့ မထင်ဘူး ... ”

မိုဝူကျီသည် သူပြောချင်တာ ပွင့်ပွင့်လင်းလင်း ပြောချလိုက်ကာ ဇာမဏီသည် အမှန်တကယ် အထီးဆိုတာကို လုံးဝ မေ့လျော့သွားသည်။

ဝမ်မန်ကျူသည် နှုတ်ခမ်းစူကာ ဘာမှ မပြောပေ။ သူမသည် မိုဝူကျီ စကားများတွင် အမှားရှာ၍ မတွေ့ချေ။ စစ်ထူပေါင်၏ မျက်နှာသည်လည်း ပျက်ယွင်းလာပြီး သူ့ဖခင်သည် အဘယ်ကြောင့် ထိုအကောင်စုတ်ကို မသတ်သေးတာလဲ ဟူ၍ တွေးမိသွားသည်။ ကံဆိုးစွာ သူသည်လည်း စိတ်ထဲတွင်သာ တွေးနိုင်ကာ လက်တွေ့တွင် မိုဝူကျီအား သတ်နိုင်မည့် အနေအထား မဟုတ်သေးချေ။

“ဒါနဲ့ ဟုတ်သား ... မင်းသားကိုး ... ခင်ဗျားက ကျွန်တော်သိတဲ့ လူတစ်ယောက်နဲ့ တော်တော်တူတယ် ... ” မိုဝူကျီသည် စစ်ထူပေါင် မျက်နှာပျက် သွားသည်ကို မြင်၍ စိတ်ထဲတွင် ပျော်ရွှင်ကာ ပေါ့ပေါ့ပါးပါး ရယ်သွမ်းသွေးကာ ပြောလိုက်သည်။

စစ်ထူပေါင်သည် မိုဝူကျီက ကောင်းသည့်အရာ ပြောမည်ဟု မထင်သောကြောင့် မျက်မှောင်ကြုတ် လိုက်သည်။ ဝမ်မန်ကျူသည်လည်း မျက်မှောင် ကြုတ်မိလိုက်၏။ မိုဝူကျီသည် သူမထံ ပို၍ ပို၍ မသက်ဆိုင်သည့် လူသားတစ်ယောက်ဟု ခံစားရစေသည်။

မိုဝူကျီသည် ရယ်မောကာ ပြောလိုက်သည်။

“သူ့မှာ “လှည့်ဖြားတတ်သူ” ဆိုတဲ့ နာမည်ပြောင်ရှိတယ် ... အဲဒီနာမည်က လူကြီးလူကောင်းလို နေရင်း လှည့်စားတဲ့ နေရာမှာ ထူးချွန်လွန်းလို့ ရလာတဲ့ အမည်ပဲ ... တကယ်တမ်း သူက ရှေးကျတဲ့ ကျီရှား လျှို့ဝှက်ပညာတွေ လေ့ကျင့်တဲ့ ဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်”

မင်းသားကိုးသည် လှည့်ထွက်သွားဖို့ ကြံလိုက်သော်ငြား မိုဝူကျီ၏ စကားများသည် သူ့အား ရပ်တန့်စေလိုက်သည်။ သူသည် သိချင်စွာ မေးလိုက်ကာ

“ဆေးဆရာမို ... ဒီလို ကျီရှားလျှို့ဝှက် ပညာက ဘယ်လို အင်မော်တယ် လမ်းစဉ်လဲ ... အဆင့်မဲ့ ဓားပညာလား ... ”

မင်းသားကိုးသည် နွေဦးနတ်ဘုရားဂိတ် ညီလာခံတွင် တက်ရောက်သူ တစ်ဦး ဖြစ်သည့်အတွက် သူသည် မိုဝူကျီသည် ထိုသို့သော သိုင်းပညာရှင်နှင့် သိသည်ဟု ဆိုသောအခါ စိတ်လှုပ်ရှားခြင်းက ပုံမှန်ပင် ဖြစ်၏။ သူသည် အရင်က စိတ်မကြည်မှုများပင် မေ့ပျောက်သွားသည်။ မိုဝူကျီ၏ အဘိုးဖြစ်သူ မိုထင်းချန်သည်လည်း အင်အားကြီးသည့် ကျင့်ကြံသူ ဖြစ်သောကြောင့် သူသည် မိုဝူကျီစကားများကို သံသယမရှိပေ။ မိုဝူကျီအတွက် ထိုသို့သော အင်အားကြီး လူပုဂ္ဂိုလ်များနှင့် တွေ့သည်မှာ ပုံမှန်ကိစ္စဖြစ်၏။

မိုဝူကျီသည် သက်ပြင်းချကာ ပြောလိုက်၏။

“လှည့်စားတတ်သူကြီးက ယူးဘူခွန်လို့ ခေါ်တယ် ... မင်းသားကိုးကို မြင်လိုက်တဲ့ အခိုက်အတန့်မှာ ခင်ဗျားတို့ နှစ်ယောက်ကြားမှာ မမြင်ရတဲ့ ဆက်နွှယ်မှုမျိုး ရှိနေတယ်လို့ ခံစားမိတယ် ... ကျွန်တော်က ကျီရှားလျှို့ဝှက်ပညာ အကြောင်း သိပ်မသိပေမဲ့ အဲဒီလူက အလွန် အင်အားကြီးတဲ့ ကျင့်ကြံသူပဲ ... ကျီရှားလျှို့ဝှက် ပညာမှာ အောင်မြင်ပြီးနောက် သူက သူ့အခြေတည် အဆင့်ကိုပင် ချိုးဖျက်ရဲတဲ့ အထိ ဖြစ်သွားတာ ... ကံဆိုးတာက ကျွန်တော်က သူ့လိုမျိုး ကြိုးစားနိုင်ပြီး သတ္တိမရှိဘူးလေ ... ”

စစ်ထူပေါင်သည် မိုဝူကျီထံ ဦးညွှတ်လိုက်ပြီး

“အဲဒီ လမ်းစဉ်ရဲ့ နာမည်ကို သိခွင့်များ ရှိမလား ... ”

မိုဝူကျီသည် စစ်ထူပေါင်အား အံ့အားသင့်စွာ ကြည့်လိုက်သည်။

“မင်းသားကိုးက တကယ်ကို အံ့သြဖို့ ကောင်းတာပဲ ... ကျွန်တော် ဘာမှ မပြောပေမဲ့ အဲဒီလူရဲ့ လမ်းစဉ်ကို ကောက်ချက် ချနိုင်တာပဲ ... ဟုတ်တယ် ... အဲဒါကို နေကြာလမ်းစဉ်လို့ ခေါ်တယ် ... နှမြောဖို့ ကောင်းတာက ထိုလူသာ အသက်ရှင်လျက် ရှိနေသေးရင် သူက မင်းသားကိုးကို သေချာပေါက် လက်ဆင့်ကမ်း ပေးလိမ့်မယ် ... ဘာလို့လဲဆိုတော့ ... ”

ထိုစဉ်တွင် မိုဝူကျီသည် ရပ်တန့်လိုက်၏။

မင်းသားကိုး သာလျှင် မဟုတ်ပေ။ ဝမ်မန်ကျူပင် အသက်အောင့်ထားကာ မိုဝူကျီမှ နောက်ပြောမည့် စကားသံကို မျှော်လင့် စောင့်စားနေသည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင် မိုဝူကျီသည် ဆက်၍ ပြောလိုက်၏။

“ဘာလို့လဲဆိုတော့ ခင်ဗျားတို့ နှစ်ယောက်က တူညီတယ် ... နှမြောဖို့ ကောင်းလိုက်တာ ... ကံမကောင်းတာက ကျွန်တော်က အဲဒီလို လမ်းစဉ်တွေ သင်ယူဖို့ စိတ်မဝင်စားဘူး ... သူ့လမ်းစဉ် စာအုပ်မှာ စာလုံးရှစ်လုံး ရှိတယ် ... ဒါပေမဲ့ ကျွန်တော်က ခြောက်လုံးပဲ မှတ်မိတယ် ... ဒါပေမဲ့လည်း ကျွန်တော်က သေမျိုး ဝိညာဉ်ကြောနဲ့ လူဆိုတော့ နောင်တတော့ မရပါဘူး ... ဒီလမ်းစဉ်က ကျွန်တော်လို သေမျိုးနဲ့ မကိုက်ညီဘူးလေ ... ကျွန်တော့်မှာ ခံစားချက်တွေ လိုလားချက်တွေ အများကြီး ရှိပေမဲ့ သေမျိုးလူသား ဘဝကနေ ကျင့်ကြံသူ ဘယ်လိုလုပ် ပြောင်းလို့ ရနိုင်မှာလဲ ... ”

“စကား ခြောက်လုံးက ဘာများလဲ ... ”စစ်ထူပေါင်သည် ရှေ့နောက် မစဉ်းစားပဲ မေးလိုက်သည်။

မိုဝူကျီသည် စစ်ထူပေါင်အား အလေးအနက် ကြည့်လိုက်ပြီး ပြောလိုက်၏။

“ကျင့်ကြံနေတုန်း ပထမဆုံး ... ဒီခြောက်လုံးပဲ မှတ်မိတယ် ... ဒါပဲ ... ကျွန်တော့်ကို သွားခွင့်ပြုပါဦး ... ”

မိုဝူကျီသည် ဝမ်မန်ကျူအား ကြည့်လိုက်ပြီး

“မမလေးဝမ် ... ကျွန်တော် မင်းနဲ့စကား ပြောချင်စိတ် ပျောက်သွားပြီ ... မင်း ဘေးမှာ ရပ်နေရာတာ အရမ်းကို ဖိအားများလွန်းတယ် ... နှုတ်ဆက်ပါတယ် ... ”

မိုဝူကျီ ထွက်သွားသည်ကို မြင်ပြီး စစ်ထူချင်မျက်နှာသည် စိတ်ခံစားချက် မျိုးစုံ ရောပြွမ်းကာ ကျန်နေခဲ့သည်။ ခဏကြာပြီး နောက်တွင် သူသည် ဝမ်မန်ကျူအား ပြောလိုက်သည်။

“မန်ကျူ ... ညီလေးမိုက တကယ်ကို ပူပင်ကြောင့်ကြမဲ့စွာ နေတတ်တဲ့သူပဲ ... သူ့မှာ သေမျိုးဝိညာဉ်ကြော ရှိပေမဲ့ စိတ်ဓာတ်ကျခြင်း မရှိဘူး ... ငါဆို စိတ်ဝိညာဉ် စမ်းသပ်တုန်းက အဆင့်မမြင့်တာ သိပြီး အရမ်းကို ပေါက်ကွဲခဲ့တာ ... မင်း သူနဲ့ စကားပြောကြည့် သင့်တယ် ... ပြီးတော့ မင်းတို့က သူငယ်ချင်းဟောင်း တွေပဲလေ ... ငါအရင် အထဲဝင်နှင့်မယ် ... ”

“ဝူကျီ ... ဘာလို့ မြန်မြန် ပြန်လာတာလဲ ... ”

မိုဝူကျီ ပြန်ရောက်လာသည်ကို မြင်ကာ တင်းဘူအာသည် မေးခွန်း ထုတ်လိုက်၏။

“မတူညီတဲ့ ခံယူချက်တွေရှိတဲ့ လူတွေကြားက နားလည်နိုင်စွမ်းက အလွန် နည်းတယ်ကွာ ... ” မိုဝူကျီသည် ပြန်ဖြေလိုက်ပြီး တဲဆောက်ရန် ကူညီပေးလိုက်သည်။

ချန်လောင်သို့ သွားမည့်လူသည် များပြားလွန်း လှသည်။ များပြားသော နောက်လိုက်များ သည်လည်း ကမ်းခြေတွင် တဲများဆောက်ကာ နေကြရ၏။

“အစ်ကို ... မင်းစကားတွေကို သဘောကျတယ်ကွာ ... ”

ပျူငှာသော အသံသည် ထွက်ပေါ်လာသည်။ ထိုသည်က ကြီးမား၍ မျက်နှာတွင် မုတ်ဆိတ်မွေးများ ဖုံးလွှမ်းနေသည့် လူတစ်ဦး၏ အသံဖြစ်၏။ သူ့ဘေးတွင် ဆွဲဆောင်မှုရှိသည့် မိန်းမပျို တစ်ယောက် ပါရှိသည်။

အကယ်၍ ဝမ်မန်ကျူသည် မရင့်မှည့်သေးသည့် ပန်းသီးစိမ်း တစ်လုံးဖြစ်လျှင် ထိုမိန်းမပျိုသည် ဆွဲဆောင်မှုရှိစွာ မှည့်နေသော ပန်းသီးနီ တစ်လုံးဖြစ်၏။ သူမအဝတ်အစားမှ ဖုန်များကြောင့်သာ မဟုတ်လျှင် သူမသည် တော်ဝင်မျိုးနွယ်မှ ဖြစ်ဟန် ပေါ်လိမ့်မည်။

မုတ်ဆိတ်မွေး လူသားသည် လက်နှစ်ဖက်ဖြင့် မိုဝူကျီအား နှုတ်ဆက်ကာ

“ကျွန်တော် နာမည်က ယွန်ကျန်းရီပါ ... ဒါက ကျွန်တော့် အဖော် ဒေါ်လေးဆယ့်တစ်ပါ ... မင်းစကားတွေက တကယ်ကို လေးနက်လှတယ် ... ငါ့မှာ အရက်ကောင်းကောင်း ရှိတယ် ... စိတ်မရှိရင် တစ်ခွက်လောက် အတူတူ သောက်ရအောင်လေ ... ”

မိုဝူကျီသည် ရယ်မောလိုက်ပြီး

“ဒါပေါ့ ကိစ္စမရှိပါဘူး ... ကျွန်တော့် နာမည်က မိုဝူကျီပါ ... သူက တင်းဘူအာပါ ... ကျွန်တော်တို့လည်း အခုမှ တဲဆောက်ပြီးတာ ... ဝင်လာခဲ့လေ ... ”

Note--- လှည့်စားခြင်းသည် တရုတ်အသံတွင် ဓားပညာနှင့် အသံထွက်ချင်း ဆင်တူ၏။

***

All Chapters