ပင်လယ်မှ ရွှေ့ပြောင်းဈေး
Vol. 3 Ch. 34
မိုဝူကျီ နိုးလာသည့်အခါ ယွန်ကျန်းရီနှင့် ဒေါ်လေးဆယ့်တစ်တို့သည် ဤနေရာတွင် မရှိတော့ချေ။ တင်းဘူအာသည်သာ တဲထဲ ကျန်ရှိနေသည်။
တစ်ညတာလုံး သေရည် သောက်ပြီးသည့် နောက်တွင် မိုဝူကျီသည် မအီမသာ ဖြစ်ခြင်းကို မခံစားပေ။ ထို့အစား သူ့ခန္ဓာ တစ်ကိုယ်လုံးသည် ပေါ့ပါး သွက်လက်နေ၏။ ယွန်ကျန်းရီသည် အမှန်တကယ် သေရည်ကောင်းကို ယူလာခဲ့ခြင်း ဖြစ်သည်။
သူသည် သိမ်းဆည်းထား သမျှ ဖိအားများနှင့် မကျေနပ်ချက် များကို ဖွင့်ဟခဲ့ဟန် ပေါ်သည်။ မိုဝူကျီသည် ယွန်ကျန်းရီနှင့် ဒေါ်လေးဆယ့်တစ် တို့အား ကျေးဇူးတင်မိ၏။ သူတို့နှစ်ဦးသည် မိတ်ဆွေ ဖြစ်နိုင်သော လူစားများ ဖြစ်ကြ၏။
သူသည် အိတ်ကို ဖွင့်ကြည့် လိုက်သည့်အခါ သွေးကြောဖွင့် ဖြေဆေးကို တွေ့လိုက်ရသည်။
လုံးဝ စိတ်အေးလက်အေး ဖြစ်နေသည့် မိုဝူကျီသည် မတ်တတ်ရပ်ကာ ပုလင်း တစ်ပုလင်းကို ဆွဲယူ၍ သောက်သုံးလိုက်၏။ ပထမဆုံး ချီသွေးကြောကို ဖွင့်ပြီးသည့်နောက်တွင် သူ၏ အားနည်းလှသည့် ရုပ်ပိုင်းဆိုင်ရာ အခြေအနေကြောင့် ဒုတိယမြောက် တစ်ခုကို မဖွင့်နိုင်ခဲ့ချေ။ သို့သော် ယခုတွင် သူအခြေအနေသည် လုံးဝ ကောင်းမွန်နေကာ လက်ရှိ အခြေအနေသည် အကောင်းမွန်ဆုံး ဖြစ်၏။ ဤသည်က သွေးကြောဖွင့်ဆေး သောက်ရန် အကောင်းဆုံး အချိန် ဖြစ်သည်။
မီးလိုင်းကြောင်းသည် သူ့ခန္ဓာထဲတွင် ပေါ်ပေါက်လာ၏။ မိုဝူကျီသည် ဒုတိယ ချီသွေးကြော နိုးထလာသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိသည်။
မိုဝူကျီသည် လက်သီးဆုပ် လိုက်ပြီး စိတ်ကို လျှော့ထားလိုက်သည်။ အကယ်၍ ဖြေဆေး အာနိသင်သာ သက်ရောက်မှု ရှိပါက သူသည် ကျင့်ကြံရာတွင် လူတော်တစ်ယောက် မဖြစ်နိုင်ဘူးလား ...
ကံဆိုးစွာပင် အာနိသင်သည် နှစ်နာရီ ကြာပြီးနောက်တွင် ပျောက်ကွယ် သွားလေသည်။ သူ၏ ပထမ ချီသွေးကြောကဲ့သို့ ဒုတိယ တစ်ခုသည်လည်း တစ်နေရာတွင် ပိတ်ဆို့ သွားလေသည်။
အတွေ့ကြုံ ရှိသည့် မိုဝူကျီသည် တည်ငြိမ်ဆဲ တည်ငြိမ်နေလေသည်။ သူသည် ချီသွေးကြော ဖွင့်ရန် သွေးကြောဖွင့်ဆေး တစ်ခုတည်းဖြင့် မလုံလောက်ကြောင်း သေသေချာချာ သိ၏။ ယခု သူ ဘာလုပ်နိုင်မည်နည်း ... ရေကန်ကို ရှာရမည်လား ... ချီသွေးကြောကို ဖွင့်ရန် လျှပ်စစ်ကို အသုံးပြုရမလား ...
ထိုနည်းလမ်းသည်ကား သူ့အတွက် ရက်စက် လွန်းသော်ငြား အလုပ်ဖြစ်လေသည်။
မိုဝူကျီသည် ကောင်းကင်မှ လျှပ်စီးမိုးကြိုး ထိရန် ကြိုးစားဖို့ မရည်ရွယ်ထားချေ။ ထိုကဲ့သို့ လျှပ်စီး မိုးကြိုးသည်ကား သူ့အား သေခြင်းတရားနှင့် တိုက်ရိုက် တွေ့စေလိမ့်မည်။
အကယ်၍ သူ့တွင် ကျင့်ကြံစဉ် သို့မဟုတ် နည်းလမ်းသာ ရှိလျှင် သူသည် ချီသွေးကြော ဖွင့်ရန် ခန္ဓာကိုယ်အား ထိုမျှ စတေးခံရန် လိုအပ်မည် မဟုတ်ပေ။
“ဝူကျီ ... နိုးနေပြီပဲ ... မြန်မြန် ဆေးကြောတော့ ... ရွှေ့ပြောင်းဈေး သွားကြည့်ရအောင် ... ” တင်းဘူအာသည် သူ့အား စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ရွှေ့ပြောင်းဈေးလား ... ” မိုဝူကျီသည် နားမလည်စွာ မေးလိုက်သည်။
တင်းဘူအာသည် ရယ်မောလိုက်ပြီး
“ဟားဟား ... မင်း မသိလောက်သေးဘူး ... ငါတောင် အစ်ကိုကျန်းရီ ခေါ်ပြလို့ တွေ့လိုက်တာကွ ... ရွှေ့ပြောင်းဈေးက အလျင်စလို ပစ္စည်းတွေ ရောင်းပြီး အချိန်မရွေး သိမ်းနိုင်တယ် ... ဒီတစ်ခါတော့ လူတွေအများကြီးက ချန်လောင်ကို သွားဖို့ ဒီမှာ လာစုနေကြတာ ဆိုတော့ ... တော်တော်များများက ပစ္စည်းတွေ ဝယ်ချင်ကြတယ် တချို့ကလည်း ပြန်ရောင်းချင်ကြတယ် ... အဲဒါကြောင့် ဒီယာယီဈေးကို လုပ်လိုက်ကြတာ ... သင်္ဘော ရောက်လာတာနဲ့ ဈေးသိမ်းပြီပဲ ... ”
“ငါ သေချာပေါက် တွေ့ချင်တယ် ... ငါ ဘယ်မှာ သွားဆေးကြောရမှာလဲ ... ” မိုဝူကျီသည် ကတိုက်ကရိုက် ပြောလိုက်သည်။ ဤရွှေ့ပြောင်း ဈေးသည် သူ့အား မျက်စိပွင့် နားပွင့် ဖြစ်စေ၏။ တော်ဝင်မြို့တော်သို့ ဦးတည်သွားသည့် သူအများစုသည် ကျင့်ကြံသူများ ဖြစ်ကြပြီး ထိုဈေးကို သွားကြည့်ခြင်းက ကျင့်ကြံခြင်း အကြောင်း ပိုမို နားလည်စေရန် ကူညီပေးလိမ့်မည်။
တင်းဘူအာသည် ပင်လယ်ကို ညွှန်ပြလိုက်ပြီး
“အဲဒီမှာ မဟုတ်ဘူးလား ... ”
မိုဝူကျီသည် တင်းဘူအာအား စိုက်ကြည့်ကာ
“ပင်လယ်ရေက ငန်တယ်လေကွာ ... ငါ့ကို ဒီမှာ မျက်နှာသစ်စေ ချင်တာလား ... ”
တင်းဘူအာသည် ရယ်မောလိုက်ပြီး
“ပင်လယ်ရေက အမြဲတမ်း ငန်ရမယ်လို့ ဘယ်သူက ပြောလဲ ... ဒါက ရေချိုပင်လယ်ကွ ... လူအများကြီး ရေချိုးနေတာ မမြင်ဘူးလား ... ”
ရေချိုပင်လယ်လား ... ကမ္ဘာမြေပေါ်တွင် ထိုသို့ ရေချိုပင်လယ် မရှိခဲ့ချေ။ အနည်းဆုံးတော့ မိုဝူကျီသည် ထိုသို့မျိုး တစ်ခုမျှပင် မသိခဲ့ပေ။ သို့သော် စကြဝဠာကြီးသည် ကြီးမား ကျယ်ပြန့်လွန်းပြီး ဂြိုဟ်များသည်လည်း အများအပြား ရှိ၏။ သူမသိသော အရာများလည်း သေချာပေါက် ရှိနေလိမ့်မည် ...
နာရီဝက် ကြာပြီးသည့်နောက်တွင် မိုဝူကျီနှင့် တင်းဘူအာတို့သည် ရွှေ့ပြောင်းဈေးသို့ ရောက်ရှိလာခဲ့သည်။
ဘေးပတ်လည် ကြည့်လိုက်သည့် အခါ လူအများ လှုပ်ရှားသွားလာ နေသည်ကို မြင်လိုက်ရ၏။ အော်ဟစ်သံများနှင့် ဈေးရောင်းချသံ များပါ ကြားနိုင်လေသည်။ ထိုသည်က တကယ်ကို အသက်ဝင်လှသည့် မြင်ကွင်း ဖြစ်၏။
“ဝူကျီ ... မင်းမြင်လား ... ငါတို့ မမြင်ဖူးတဲ့ သက်စောင့်ဆေး တွေတောင် ဒီမှာ အလျှံအပယ် ရှိတယ်ကွ ... ဒါပေါ့ ဈေးကလည်း အဆမတန် မြင့်မှာပဲ ... ဈေးအချိုဆုံးတောင် ရွှေပြားရာကျော် ကျလိမ့်မယ် ... အလယ်အလတ်ဆိုရင် အနည်းဆုံး ရွှေပြားထောင်ချီပြီး ကျလိမ့်မယ် ... ငါတောင် ကြည်လင်စက္ခုအသီးကို ရွှေပြားငါးထောင်နဲ့ ရောင်းနေတာ မြင်လိုက်သေးတယ် ... ဟိုးမှာ ... အားလုံး ဝိုင်းနေကြတာ ... ကြည့်ရတာ ရောင်းမထွက်သေးဘူး ထင်တယ် ... ” တင်းဘူအာသည် မနီးမဝေးမှ လူအုပ်ကြီးကို ညွှန်ပြကာ ပြောလိုက်သည်။
“သွားကြည့်ကြတာပေါ့ ... ” မိုဝူကျီသည် အလောတကြီး လုပ်လိုက်သည်။
မိုဝူကျီနှင့် တင်းဘူအာတို့သည် လူထုထဲ ရောက်သွားပြီး အလွန်အမင်း ပျူငှာပုံရသည့် လူကို မြင်လိုက်ရ၏။ သူ့ရှေ့တွင် ကြီးမားသော ကျောက်တုံးကြီး ရှိ၏။ ထိုကျောက်တုံးပေါ်တွင် ရှင်းလင်း ကြည်လင်နေသည့် ဖန်ပုလင်းရှိသည်။ ထိုပုလင်းတွင် ကလေး လက်သီးဆုပ်လောက် ရှိသည့် အသီးရှိနေလေသည်။
အသီးသည် ကြည်လင်နေပြီး မိုဝူကျီသည် ထိုအရာတွင် သစ်ရွက်များသာ မပါလျှင် ပုံဆောင်ခဲဟု တွေးမိမည် ဖြစ်၏။
“ဒီက မိတ်ဆွေ ... ခင်ဗျားရဲ့ ဆိုဈေး ရွှေပြား ငါးထောင်က အလွန် ဈေးကြီးလွန်းတယ် ... ခင်ဗျားကို ရွှေပြား ၂၀၀၀အထိ ပေးဖို့ ဆန္ဒရှိတယ် ... ဒါက အမြင့်ဆုံး ပေးနိုင်တာပဲ ... ” ခါးကုန်းကုန်း အမျိုးသားက ပြောလိုက်သည်။
ထိုကြည်လင်လှသည့် အသီးပိုင်ရှင်က ညှိနှိုင်းချက်ကို မကြားသကဲ့သို့ ဘာမှ မပြောချေ။
“ဘာလို့ ဘာမှ မပြောတာလဲ ... ” ခါးကုန်းကုန်း အမျိုးသားသည် ခက်ထန်စွာ ပြောလိုက်သည်။
ပျူငှာဟန် ရှိသည့် အမျိုးသားသည် ခါးကုန်းကုန်း အမျိုးသားကို ကြည့်လိုက်ပြီး
“ခင်ဗျားက ရွှေပြား ထောင်ငါးရာကနေ နှစ်ထောင်ထိ တိုးပေးဖို့ တစ်နာရီလောက် အချိန်ယူတယ် ... ခင်ဗျားဘာသာ ဖြည်းဖြည်းချင်း ဈေးနှုန်း တိုးပေးလို့ရတယ် ... ကျွန်တော့်ကို ဘာမှ မမေးနဲ့ ... ကျွန်တော်က ရွှေပြား ငါးထောင်အောက် နည်းသရွေ့ လက်မခံနိုင်ဘူး ... ”
ဒန်းဟန် ဆေးလုပ်ငန်းတွင် ရှိစဉ်က မိုဝူကျီသည် ဗဟုသုတရရန် အလို့ငှာ စာအုပ်တော်တော်များများ ဖတ်ခဲ့သည်။ သို့သော်လည်း သူသည် ထိုမျှ ကြည်လင်စက္ခု အသီးကိုတော့ မမြင်ဖူးချေ။ ခါးကုန်းကုန်း အမျိုးသားသည် နှာခေါင်းရှုံ့ လိုက်ပြီး
“ကြည်လင်မြင်ကွင်း အသီးက မြင်ကွင်း ကောင်းစေတဲ့ ဆေးကို ဖော်စပ်လို့ရတယ် ... ဆေးဆို ရွှေပြားငါးထောင် တန်တယ် ... အသီးချည်းစားရင် မင်းအမြင်အာရုံကို ပိုကောင်း လာစေပေမဲ့ အာနိသင်က ဆေးထက် နှေးကွေးတယ် ... မိတ်ဆွေ မင်းဘယ်လို တင်းတိမ် ရောင့်ရဲတတ်ဖို့ သင်ယူဖို့ လိုသေးတယ် ... ”
“ငါကြားဖူးတာက ဒီအသီးကို စားရင် လရောင်မရှိတဲ့ ညအမှောင် ထဲမှာတောင် မီတာ တစ်ရာလောက် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်တဲ့ ... ” တင်းဘူအာသည် မိုဝူကျီနား ကပ်၍ ပြောလိုက်သည်။
မိုဝူကျီသည် အသက်ဝအောင် ရှူလိုက်ပြီး ထိုအသီး၏ အာနိသင်သည် ထိုမျှ အားကောင်းသည်လား ... ထို့သို့ဆိုလျှင် ဤအသီးသည် ရွှေပြားငါးထောင်ထက် တန်လိမ့်မည်။ အကယ်၍ သူ့မှာ ရွှေပြားငါးထောင် ရှိပါက သူသည် စဉ်းစားမနေဘဲ ထိုအသီးကို ဝယ်လိမ့်မည်။
မိုဝူကျီသည် သူ့တွင် ဝိညာဉ်ဆေးပင် ဖြစ်သည့် နှစ်လွှာမီးမြက် ရှိသေးကြောင်း ရုတ်ခြည်း အမှတ်ရလိုက်၏။ အရင်က သူသည် ဟန်နင်အာ နှစ်ပင်သာ ပေးခဲ့သောကြောင့် သူ့တွင် တစ်ပင် ကျန်ရှိသေး၏။
သို့သော်လည်း သူသည် နှစ်လွှာမီးမြက်၏ အသုံးဝင်ပုံအား မသိရှိပေ။ ထိုအရာသည် ကြည်လင်စက္ခု အသီးလောက် အဖိုးများချင်မှ များလိမ့်မည်။
တစ်ခုခုသည် မှားယွင်း နေလေသည် ... ထိုအသီးသည် အဖိုးတန်လွန်းသော် ထိုပျူငှာဟန် ရှိသော အမျိုးသားသည် ရောင်းရန် ဆန္ဒရှိမည်နည်း။ သူသည် တော်ဝင်မြို့တော်သို့ မရောက်ခင်ပင် ရောင်းချနေလေသည်။ ဟိုတွင် ရောင်းသည်က ပို၍ ဈေးကောင်း မရချေဘူးလား ... ဤနေရာရှိ လူအများစုသည် ရိုးရိုးတန်းတန်း အိမ်တော် နောက်လိုက်များ ဖြစ်ကြ၍ သူ့ဆီမှ အသီးကို ဝယ်ယူနိုင်မည့် လူရှာတွေ့ရန် ခက်ခဲလှ၏။
“ငါ ဒီအသီးကို သေချာပေါက် လိုချင်တယ် ... . ဒါပေမဲ့ ငါ့ဆီမှာ ရွှေပြားအများကြီး ပါမလာဘူး ... ..” အဝေးမှ အသံသည် လွင့်လာ၏။
မမြင်ရသည့် အင်အား တစ်ခုသည် မိုဝူကျီနှင့် တင်းဘူအာတို့အား ဘေးသို့ တွန်းပို့လိုက်သည်။ လူအုပ်ကြားတွင် လမ်းပေါ် လာသည့်အခါ သူ့ကျောတွင် ဓားသယ်ဆောင် ထားသော အမျိုးသားသည် ထွက်ပေါ်လာ၏။
သူ့ဝတ်ရုံ အဖျားတွင် ဓားအသေးလေး တစ်ချောင်းကို ရွှေဖြင့် ချုပ်လုပ်ထိုးထား၏။
“ဆရာအင်မော်တယ် ... ဆရာက ဓားတံခါးကလား မသိဘူး ... ” ပျူငှာဟန် ရှိသည့် အမျိုးသားသည် စိတ်လှုပ်ရှားသော အသံဖြင့် မေးလိုက်သည်။
သူ့ကျောတွင် ဓားသယ်ဆောင် ထားသည့် အမျိုးသားသည် ခေါင်းညိတ်ပြ လိုက်၏။
“ဟုတ်တယ် ... . ငါက ရှေးဟောင်း ဓားတံခါးဂိုဏ်းက ဖေးကိုင်ချန်ပဲ ... ”
ထိုစကားကို ကြားပြီးနောက်တွင် ပျူငှာဟန် ရှိသော အမျိုးသားသည် အလျင်အမြန် ပုလင်းကို ထိုသူ့အား လှမ်းပေးလိုက်သည်။ သူ့အသံသည် တုန်ခါနေပြီး
“ဂျူနီယာ နာမည်က ယန်အန်းပါ ... ကျွန်တော်က ရှေးဟောင်း ဓားတံခါးကို လေးစားလာတာ ကြာပါပြီ ... ကျွန်တော် စီနီယာ ဖေးကို ဒီကြည်လင်စက္ခု အသီး လက်ဆောင် ပေးချင်ပါတယ် ... ကျွန်တော် မျှော်လင့်တာက ... ”
ဖေးကိုင်ချန်သည် လက်ကို မြှောက်ကာ ယန်အန်းစကားများကို တားဆီးလိုက်၏။
“ငါတို့ ချန်လောင် ရောက်တဲ့အခါ မင်းကို ရွှေပြားတွေ ပေးမယ် ... မင်းကို ရှေးဟောင်း ဓားတံခါးဂိုဏ်းကို သွင်းပေးဖို့ ငါ့မှာ အခွင့် အာဏာမရှိဘူး ... .”
သိသာလှစွာ သူသည် ယန်အန်း၏ ရည်ရွယ်ချက်ကို သိ၍ ကြိုတင် တားဆီးလိုက်ခြင်း ဖြစ်၏။
ယန်အန်းသည် အလောတကြီး ပြန်ပြောလိုက်သည်။
“ဂျူနီယာက အသိမှတ်ပြု တပည့်ဖြစ်ဖို့ မလိုပါဘူး ... ကျွန်တော်က ရှေးဟောင်းဓားတံခါး ဂိုဏ်းရဲ့ အပြင်စည်း တပည့်အဖြစ် ဒါမှမဟုတ် အစေခံ တပည့်သား အနေနဲ့ ဆိုရင်လည်း ကျေနပ်ပါတယ် ... ”
မိုဝူကျီသည် နောက်ဆုံးတွင် နားလည်သွားလေ၏။ ထိုအမျိုးသားသည် ကြည်လင်စက္ခု အသီးကို ရောင်းရန် ရည်ရွယ်ထားခြင်း မဟုတ်။ သူသည် ထိုအခွင့်အရေးကို အသုံးချကာ ဂိုဏ်းသို့ ဝင်ရောက်ချင်လေသည်။ သူ့ဝိညာဉ်ကြောသည် သူ့အား နွေဦးနတ်ဘုရားဂိတ် ညီလာခံတွင် ဂိုဏ်းတစ်ဂိုဏ်း အတွင်း ဝင်ရောက်နိုင် လောက်အောင် မကောင်းသည်ကို သိ၍ ဖြစ်နိုင်၏။ ဘယ်လိုတောင် အမြော်အမြင် ရှိလိုက်တဲ့လူလဲ ... အကယ်၍ ထိုသူသည် ရှေးဟောင်းဓား တံခါးဂိုဏ်းမှ မဟုတ်လျှင်ပင် သူသည် တူညီစွာ ပြောလိမ့်မည် ဖြစ်၏။
မဟုတ်သေးပါဘူး ... အကယ်၍ သူ့အား ရွှေပြားငါးထောင် ပေး၍ တိုက်ရိုက် ဝယ်သွားလျှင် ဘယ်လို လုပ်မည်နည်း ... .
ဖေးကိုင်ချန်သည် ခေါင်းညိတ် လိုက်ပြီး ယန်အန်းအား သစ်သားပြား ကမ်းပေးလိုက်သည်။
“ဒါက ငါ့ရဲ့ ကိုယ်ပိုင် နာမည်ပြားပဲ ... မင်း ချန်လောင်ကို ရောက်တာနဲ့ ရှေးဟောင်းဓား တံခါးဂိုဏ်းရဲ့ အစေခံ ဌာနကို တိုက်ရိုက် သတင်းပို့လိုက် ... ”
“ဟုတ်ကဲ့ပါ ... အင်မော်တယ် ဆရာသခင် ... ” လူထု၏ အားကျအကြည့်များ အောက်တွင် ယန်အန်းသည် သစ်သားပြားကို သိမ်းဆည်း ထားလိုက်သည်။
***