မြွေကိုခြောက်လှန့်ရန် မြက်ခင်းကိုတုတ်နှင့်ရိုက်
Vol. 50 Ch. 705
အခန်း (၇၀၅) မြွေကိုခြောက်လှန့်ရန် မြက်ခင်းကိုတုတ်နှင့်ရိုက်
ယိုးမင်ဂိုဏ်း၏အဓိကပလ္လင်ကို တာ့ရွှမ်တိုင်းပြည်က ဖျက်ဆီးခဲ့ပြီး ဂိုဏ်းခွဲအများစုသည်လည်း ဖြိုခွဲခံခဲ့ရသည်။ ထို့ကြောင့် ကျိုးဟောက်ရှန်း ၊ အကြီးအကဲများနှင့် တပည့်ငယ်အများစုတို့မှာ မြောက်ပင်လယ်ဓားခန်မနှင့် ကြေးနီကျွန်းတို့တွင် ယာယီနေထိုင်ခဲ့ကြရသည်။
ယခု တာ့ရွှမ်တိုင်းပြည် ဆုတ်ခွာသွားသည့်အခါ ယိုးမင်ဂိုဏ်းက သူတို့ ဆုံးရှုံးသွားသော အရင်နယ်မြေများကို ပြန်လည်ရယူပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်း စတင်ခဲ့သည်။
ဟိုစဉ်အချိန်က ထူးခြားသောအခြေအနေတစ်ခုကြောင့် ယိုးမင်ဂိုဏ်း၏ အဓိကပလ္လင်ကို ဗလာနယ်ထဲတွင် ဖုံးကွယ်ထားခဲ့သည်။
ယခု ပျက်ဆီးသွားပြီဖြစ်ရာ ယခင်အချိန်လို ပြန်လည်ထူထောင်ရန် ခက်ခဲလှသည်။ သို့သော် ဂိုဏ်းခွဲများကိုတော့ ပြန်လည်တည်ဆောက်နိုင်ပေမည်။
ရန်ကျောက်ကဲ ၊ ကျိုးဟောက်ရှန်းနှင့် အခြားသူများက ကုဟုန်ကိုနှုတ်ဆက်စကားဆိုပြီး မြောက်ပင်လယ်ဓားခန်းမတည်ရှိရာ မော်လူဒေသမှ ထွက်ခွာလာကြသည်။ ကံကောင်းစွာပင် မနီးမဝေးရှိ ယိုးမင်ဂိုဏ်းခွဲတစ်ခုနှင့်ဆက်သွယ်မိကြပြီး ထိုနေရာသို့ ခရီးထွက်ခဲ့ကြသည်။
ဂိုဏ်းခွဲတွင်အခြေချပြီးနောက် ယိုးမင်ဂိုဏ်းသားများက တာ့ရွှမ်တိုင်းပြည်နှင့် ကွမ်းမင်ဂိုဏ်းအကြောင်း သတင်းရယူရန် ကင်းထောက်စေလွှတ် သတင်းထောက်လှမ်းကြသည်။
ထိုအချိန်အတွင်း ကျိုးဟောက်ရှန်းက ဂိုဏ်းခွဲပလ္လင်တစ်ခုတည်ဆောက်ပြီး ပြင်ဆင်မှုများ စတင်ပြုလုပ်၏။
မှိန်ဖျော့သော်လည်း လေးလံသောအလင်းတန်းများက ညကောင်းကင်ပမာ နက်မှောင်စွာ ကျယ်ပြန့်လာပြီး ဂိုဏ်းခွဲပလ္လင်ကို ဖုံးလွှမ်းထားသည်။ ထိုအရာက ခံစစ်အစီအရင်တစ်ခုနှင့် ဆင်တူ၏။
ရန်ကျောက်ကဲသည်လည်း အစီအရင်ထဲတွင်ရှိနေပြီး ဤအစီအရင်က ညကောင်းကင်အလားနက်မှောင်လျှက် အပြင်ဘက်မှ လုပ်ရပ်များနှင့် ဆူညံမှုများ ဝင်ရောက်နိုင်ခြင်းမရှိအောင် ပိတ်ဆို့ထားသည်။
ညကောင်းကင်အောက်တွင် ယိုးမင်ဂိုဏ်း၏ ထိပ်တန်းအကြီးအကဲများက ကျိုးဟောက်ရှန်းနှင့်အတူ ယိုးမင်ဂူဗိမာန် တည်ဆောက်ရာမှ ကျန်ရစ်ခဲ့သော အပိုင်းအစများကို ကြယ်တာရာချီစွမ်းအားအနှစ်သာရဖြင့် လှုံ့ဆော်ပေးနေသည်။
ရန်ကျောက်ကဲက အနက်ရောင်တစ်ဝက် အဖြူရောင်တစ်တက် သတ္တုအပိုင်းအစလေးကို ထိုပစ္စည်းများအလယ်တည့်တည့်တွင် ထားလိုက်၏။ ထိုအခါ နဂိုက သာမန်ဖြစ်ပြီး အပြစ်ကင်းစင်သော သတ္တုအပိုင်းအစငယ်သည် လေထဲသို့ ဖြည်းဖြည်းချင်း ပျံတက်လာသည်။
ထိုပစ္စည်းကိုဗဟိုချက်ပြုပြီး သိမ်မွေ့လေးနက်သောအလင်းတန်းများ တဖြည်းဖြည်း ထွက်ပေါ်လာသည်။
အစီအရင်ဗဟိုချက် အင်းသင်္ကေတမှထွက်ပေါ်လာသောအလင်းတန်းများက အမှောင်ထုထဲတွင် တောက်ပနေပြီး ထူးခြားသည့်ကာရန်ညီခြင်းနှင့်အတူ လက်ခနဲ လက်ခနဲ တောက်ပလျှက် ရှိသည်။
အဖြူရောင်နှင့် အနက်ရောင်သတ္တုအပိုင်းအစလေးတစ်ခုတည်းကိုကြည့်မည်ဆိုလျှင် အလင်းနှင့်အမှောင်ကြား ကွဲပြားခြင်း၏နက်နဲခြင်းတရားကို ပုံဖော်ထားပြီး အတွင်း၌တည်ရှိနေသော သဘောတရားတစ်ခုကို ခံစားနိုင်မည် ဖြစ်သည်။
ရန်ကျောက်ကဲ မြင်ကွင်းကို တိတ်ဆိတ်စွာကြည့်နေစဉ် လေထုထဲတွင် သေးငယ်သော်လည်း လေးလံဟန်ရှိသည့် အနက်ရောင်အစက်တစ်စက် ပေါ်ထွက်လာသည်ကို တွေ့မြင်လိုက်ရ၏။
အနီးပတ်ဝန်းကျင်နေရာများအားလုံး ပုံပျက်အက်ကွဲသွားပြီး တွင်းနက်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် အစီအရင်ဗဟိုချက် အင်းသင်္ကေတ၏သက်ရောက်မှုဖြင့် လမ်းကြောင်းတစ်ခု ယောင်ဝါးဝါး ထွက်ပေါ်လာသည်။
ထိုလမ်းကြောင်းက ပုံရိပ်ယောင်ပမာ သဏ္ဌန်မဲ့လွန်းသဖြင့် သာမန်မျက်လုံးဖြင့် မတွေ့မြင်နိုင်ပေ။
သို့သော် လမ်းကြောင်းတစ်ခုတည်ရှိနေသည်ဟု အာရုံခံနိုင်ပြီး လူတစ်ယောက်အနေဖြင့် ထိုလမ်းကြောင်းသို့တက်လှမ်းကာ နေရာတစ်ခုသို့ ဦးတည်သွားလာနိုင်မည် ဖြစ်သည်။
ကျိုးဟောက်ရှန်းက...
“ဂိုဏ်းတူညီလေး ‘ဝူ’ ၊ မင်းတို့တွေက အစီအရင်ကိုထိန်းချုပ်ပြီး ကွမ်းမင်ဂိုဏ်း ဒါမှမဟုတ် တခြားသူတွေ ခိုးဝင်မလာအောင် စောင့်ကြည့်ကြပါ”
ဝူကျိရှိုးနှင့် ယိုးမင်ဂိုဏ်းမှ အကြီးအကဲများ ခေါင်းညိတ်လိုက်ကြသည်။
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”
ထို့နောက် ကျိုးဟောက်ရှန်းက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး အခြားသော အကြီးအကဲများနှင့်အတူ ပုံပျက်အက်ကွဲနေသော ဗလာနယ်ရှိရာသို့ လမ်းလျှောက်သွားသည်။
ရန်ကျောက်ကဲသည်လည်း သူတို့နှင့်အတူ လိုက်ပါသွား၏။
ဗလာနယ်အတွင်း ဝင်ရောက်လိုက်သည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး ပရမ်းပတာလေထုများ စီးဆင်းနေကြောင်း အာရုံခံမိသည်။ သို့သော် သဏ္ဌန်မဲ့စွမ်းအားအချို့ကြောင့် သူတို့အားလုံးက ဤပတ်ဝန်းကျင်မှ ကွဲကွာနေဟန် ရှိသည်။
ပရမ်းပတာလေထုကြားတွင် အမြင်နိုင်သော သဏ္ဌန်မဲ့ လမ်းကြောင်းတစ်ခု ရှိနေသည်။
သူတို့ ရှေ့ဆက်လာသည်နှင့် အမှောင်ထုက ပိုမိုနက်ရှိုင်းလာပြီး အပေါ် အောက် ဘယ် ညာ ခွဲခြားသိရန် ခက်ခဲလာသည်။ ပတ်ဝန်းကျင်တစ်ခုလုံးအမှောင်ထုသာ လွှမ်းခြုံနေပြီး အလင်းရောင်တစ်ချက်ပင် မတွေ့ရပေ။ သူတို့ မည်သည့်နေရာသို့ဦးတည်နေကြောင်း မဖော်ထုတ်နိုင်သေးဘဲ တည်ရှိနေသော လမ်းကြောင်းအတိုင်းသာ ဆက်လက်လျှောက်လှမ်းနေကြရသည်။
အကယ်၍ အခြားသူများသာ စကားပြောဆိုနေခြင်းမရှိပါက ဤ အမှောင်ထုအလယ်တွင် ရန်ကျောက်ကဲအနေဖြင့် မည်သည့်အသံကိုမှ ကြားနိုင်မည် မဟုတ်ပေ။ တိတ်ဆိတ်လွန်းသောပတ်ဝန်းကျင်က လူ့စိတ်ကို နှိပ်စက်သော ပုံစံတစ်မျိုး ဖြစ်လေရာ အချိန်အတော်ကြာအောင် ဤသို့ ရင်ဆိုင်နေရလျှင် စိတ်ဓာခိုင်မာသူများပင်လျှင် တုန်လှုပ်လာနိုင်သည်။
သို့ပေသိ ကျိုးဟောက်ရှန်းတို့အုပ်စုကတော့ အေးအေးဆေးဆေး သက်သောင့်သက်သာ ရှိနေဟန်ပင်။ ယိုးမင်ဂိုဏ်းမှလူများလောက် မည်သူမှ ဤသို့သော အမှောင်ထုပတ်ဝန်းကျင်ဖြင့် လိုက်လျောညီထွေရှိနိုင်မည် မဟုတ်ပေ။
လမ်းလျှောက်လာရင်း ရန်ကျောက်ကဲ တွေးတောလျှက်ရှိသည်။
“ပကတိအမှောင်ထုက သက်ရှိသက်မဲ့အသင်္ချေကို ဖွံ့ဖြိုးကြီးထွားလာစေတယ် ၊ ပကတိအမှောင်ထုကနေ အလင်းကို မွေးဖွားပေးရင်တော့ ပြိုင်ဘက်ကင်းတောက်ပမှုကို ဖြစ်ပေါ်စေတယ် ၊ ဒီနေရာက အလင်းထွက်ပေါ်မလာခင် အမှောင်ထုကို ကိုယ်စားပြုတာပဲ”
ရန်ကျောက်ကဲ ယူဆောင်လာသည့် အသင်္ချေနဂါးနန်းတော်ထဲတွင် လိုက်ပါလာကြသော ဖန်းယွင်ရှန်းနှင့် အားဟူတို့အပေါ်မှာတော့ အမှောင်ထုက သက်ရောက်မှု မရှိပေ။
နန်းတော်ထဲတွင် ဖန်းယွင်ရှန်းသည်လည်း အတွေးနက်လျှက် ရှိ၏။
“ယိုးမင်ဧကရာဇ်နဲ့ ယိုးမင်ဂမ္ဘီရဂိုဏ်းကထိပ်တန်းအကြီးအကဲတွေ ပျောက်ဆုံးသွားပြီးတဲ့နောက် ဂိုဏ်းကို ဖြုတ်ချချင်တဲ့သူတွေက ဝိုင်းပြီး တိုက်ခိုက်ကြတယ် ၊ ရန်သူအဟောင်းတွေသာမကဘူး ... ဂိုဏ်းတွင်းရတနာပစ္စည်းတွေကို မျက်စိကျတဲ့သူတွေလည်း အများကြီး ရှိခဲ့တယ်”
“ယိုးမင်ဂမ္ဘီရဂိုဏ်းရဲ့ ရတနာပစ္စည်းအများစုဟာ လက်ကျန်မရှိသလောက် ခိုးယူခံရတယ် ၊ ဒါကြောင့် ယိုးမင်ဂိုဏ်းမှာ အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုတောင် မကျန်ခဲ့ဘူး ၊ ကွမ်းမင်ဂိုဏ်းမှာမှ ‘နေလစကြာ’ ရှိနေသေးတယ်”
“ပြီးတော့ ဒဏ္ဍာရီထဲက ယိုးမင်ဂူဗိမာန်က ဘယ်နေရာမှာလဲဆိုတာ အခုချိန်ထိ မသေချာသေးဘူး”
ဖန်းယွင်ရှန်းက မျက်ခုံးတစ်ချက်ပင့်ရင်း...
“အခု ဒီဂူဗိမာန်ကိုလည်း မျက်စိကျတဲ့သူတွေ အများကြီးရှိလာမှာ စိုးရိမ်ရတယ် ၊ ဂူဗိမာန်ကို ရှာမတွေ့နိုင်ရင်တောင်... သူတို့တွေက ကွမ်းမင်ဂိုဏ်းနဲ့ ယိုးမင်ဂိုဏ်းကိုတော့ စောင့်ကြည့်နေမှာပဲ”
ယိုးမင်ဂမ္ဘီရဂိုဏ်း ကျဆုံးပျက်ဆီးသွားသည်မှာ အချိန်အတော်ကြာပြီဖြစ်သလို ကွမ်းမင်ဂိုဏ်းနှင့် ယိုးမင်ဂိုဏ်းတို့သည်လည်း ဆက်ဆံရေး မကောင်းလှပေ။
သို့သော် ယိုးမင်ဂူဗိမာန်မှ ရတနာပစ္စည်းများကို ရယူချင်သူများက လက်လျှော့မည် မဟုတ်ဘဲ ထိုသိုင်းဂိုဏ်းနှစ်ခုလုံးကို စောင့်ကြည့်နေကြမည် ဖြစ်၏။ ဤသိုင်းဂိုဏ်းနှစ်ခုကသာ ယိုးမင်ဂမ္ဘီရဂိုဏ်း၏ ရှေးဟောင်းအမွေအနှစ်များကို ပိုင်ဆိုင်နိုင်ခြေရှိသည် မဟုတ်ပါလား။
ယုတ္တိကျကျတွေးမည်ဆိုပါက ကျိုးဟောက်ရှန်းတို့အုပ်စု ယိုးမင်ဂူဗိမာန်ရှာဖွေသည်ဆိုသောသတင်းက အပြင်သို့ သဲလွန်စ ပေါက်ကြားသွားမည်သာ ဖြစ်သည်။
ကျိုးဟောက်ရှန်းတို့အုပ်စု လက်ရှိလှုပ်ရှားမှုကလည်း ဤအချက်ကို ကောင်းစွာ သက်သေပြနေသည်။
ကျိုးဟောက်ရှန်း၏ နောက်ကျောကိုကြည့်ရင်း ရန်ကျောက်ကဲ တွေးလိုက်သည်။
“ကျိုးဟောက်ရှန်းတို့အုပ်စုကတော့ ယိုးမင်ဂူဗိမာန် သက်ဝင်နိုးထာလာမယ့်အချိန်ကို စောင့်ဆိုင်းနေတဲ့သူတွေ ရှိတယ်ဆိုတာကို သတိထားမိပါ့မလား မသိဘူး ၊ ဘာပဲဖြစ်ဖြစ် ရတနာပစ္စည်းတွေရမှသာ သူတို့အိပ်မက်တွေ တကယ်ဖြစ်လာနိုင်မှာ ၊ စိတ်တွေသလ္လာဖုံး ရှုတ်ထွေးကုန်ပြီး ခြေလှမ်းတွေမမှားဖို့တော့ လိုအပ်တယ်”
“အင်း... ငါ့အထင် မမှားဘူးဆိုရင်တော့ သူတို့စိတ်ထဲ တခြားအစီအစဉ်တွေ ရှိနေနိုင်တယ်”
ထိုစဉ် ကျိုးဟောက်ရှန်းက အားလုံးရှေ့တွင် မတ်တတ်ရပ်ရင်း လက်တစ်ဖက်ကို ရင်ဘတ်ပေါ်သို့တင်ကာ ကျန်လက်တစ်ဖက်ဖြင့် အရှေ့ဆီသို့ ရေပြင်ညီအတိုင်း လက်ဝါးရိုက်ချက်ထုတ်ဖော် ရိုက်ချလိုက်သည်။
သူတို့အရှေ့ အမှောင်ထုပတ်ဝန်းကျင်တွင် ရုတ်ချည်းပင် အလင်းတန်းတစ်ခု လင်းလက်သွား၏။
ရန်ကျောက်ကဲ၏မျက်အိမ်များ ကျဉ်းမြောင်းသွားပြီး...
“လက်ရှိ ငါတို့လက်ထဲရှိနေတဲ့အရာနဲ့ ယိုးမင်ဂူဗိမာန်ရှိနေတဲ့နေရာအတိအကျကို ဆုံးဖြတ်နိုင်ဖို့ နောက်ဆုံးခြေလှမ်းလှမ်းနိုင်မယ် မထင်ဘူး”
ထိုသို့တွေးမိတော့ ရန်ကျာက်ကဲစိတ်ထဲ ဆတ်ခနဲ တုန်လှုပ်သွားပြီး ကျိုးဟောက်ရှန်းဘာလုပ်ရန် ရည်ရွယ်သည်ကို ယောင်ဝါးဝါး မှန်းဆမိသွားသည်။
ထိုအခိုက်အတန့်မှာပင် အမှောင်ထုက အနည်းငယ် တုန်ခါသွား၏။
ညအမှောင်ထုသည် ရုတ်တရက် ဓားဖြင့်ခုတ်ပိုင်းခံလိုက်ရသလို ပွင့်ဟသွားပြီး မီးတောက်မီးလျှံတစ်ခု ထွက်ပေါ်လာသည်။ ထိုမီးတောက်မီးလျှံမှ အလင်းတန်းများထွက်ပေါ်လာပီး အမှောင်ထုတစ်ခုလုံးအား လင်းလက်တောက်ပသွားစေသည်။
ထိုအချိန် ပတ်ဝန်းကျင် ဗလာနယ်လေထု တုန်လှုပ်သွားပြီး အမှောင်ထုအတွင်းမှ အလွန်တရာကြီးမားသော လက်ဖဝါးကြီးတစ်ဖက် ထွက်ပေါ်လာသည်။
ထိုလက်ဖဝါးကြီးက နှိုင်းယှဉ်မရအောင်ကြီးမားပြီး လက်ချောင်းများက ဂြိုဟ်ကြီးတစ်လုံးကို ဆုပ်ကိုင်ချေမွှပစ်နိုင်စွမ်းရှိသည်။ ထိုလက်ဖဝါးကြီးက ချက်ချင်းပင် မီးတောက်ကိုပိတ်ဆို့ထားပြီး အလင်းတန်းများကို ဆုပ်ကိုင်ထားလိုက်၏။
ယိုးမင်ဂိုဏ်းချုပ် ကျိုးဟောက်ရှန်းမှာ နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့် တန်ခိုးစွမ်းအားရှင်ဖြစ်သည့်တိုင် ထို မီးတောက်နှင့် လက်ဖဝါးကြီးရှေ့တွင် အလျင်စလို လှုပ်ရှားခြင်းမရှိဘဲ စူးစမ်းစိတ်ဖြင့် စောင့်ဆိုင်းနေခဲ့သည်။ ကျိုးဟောက်ရှန်းက စိတ်ရှုတ်ထွေးဟန်မရှိသလို ကြောက်ရွံ့မှုလည်းမရှိဘဲ ပတ်ဝန်းကျင်တစ်ခုလုံးကို ဂရုတစိုက် အကဲခတ်နေသည်။
သူ့ပုံစံကိုကြည့်ရင်း ရန်ကျောက်ကဲ အပြည့်အဝ စိတ်သက်သာရာရသွားသည်။
“ငါတို့နောက်ကို ခြေရာခံလိုက်တာတဲ့သူတွေက ငါတို့တွေ ယိုးမင်ဂူဗိမာန်ကိုရျာတွေ့ဖို့ ဘယ်အခြေအနေရောက်နေလဲဆိုတာတောင် မသိဘူး ၊ ငါတို့တွေ ဂူဗိမာန်တည်နေရာအတိအကျကို မဆုံးဖြတ်နိုင်သေးဘူးဆိုတာ သူတို့ မသိကြဘူး”
ကျိုးဟောက်ရှန်းလက်ဝါးရိုက်ချက်ကြောင့် အမှောင်ထုထဲတွင် ရုတ်တရက်ထွက်ပေါ်လာသော အလင်းတန်းက ထိုအဘိုးအို၏ လျှို့ဝှက်ပညာတစ်ခု ဖြစ်သည်။
သူက မြွေကိုခြောက်လှန့်ရန် မြက်ခင်းကို ရည်ရွယ်ချက်ရှရှိ တုတ်ဖြင့်ရိုက်လိုက်ခြင်း ဖြစ်၏။
မီးတောက်မီးလျှံနှင့် ကြီးမားသောလက်ဖဝါးကြီးမှာ အကန့်အသတ်မရှိ ဗလာနယ်ထဲတွင် ပြင်းထန်စွာ ထိပ်တိုက်တွေ့မိကြပြီး နောက်ဆက်တွဲလှုပ်ခတ်မှုများက ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
အဆုံးမရှိသော အမှောင်ထုထဲတွင် ပြင်းထန်သော စွမ်းအားအတက်အကျများ ထွက်ပေါ်လာသည်။
ထို့နောက်မှာတော့...
ငိုက်မြည်းအိပ်ပျော်နေသည့် ပိုမိုကြောက်မက်ဖွယ်ရာ စွမ်းအားရောင်ဝတစ်ခု နှိုးဆွခံလိုက်ရသည့်အလား အလွန်တရာတောက်ပသောအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးအား လွှမ်းခြုံသွားလေတော့၏။
မီးတောက်မီးလျှံအလင်းတန်းများနှင့် အလွန်တရာကြီးမားသော လက်ဖဝါးကြီးများ ထိုအလင်းတန်းအောက်တွင် မှေးမှိန်ဖျော့တော့သွားလေသည်။