ပုံအောရမည့်အခြေအနေ
Vol. 50 Ch. 706
အခန်း (၇၀၆) ပုံအောရမည့်အခြေအနေ
အစပိုင်းတွင် တောက်ပသည့်အလင်းတန်းငယ်တစ်ခုမျှသာ ဖြစ်သော်လည်း အဆုံးသတ်မှာတော့ ထိုအရာက ဗလာနယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ထိုအလင်းတန်းက အမှေင်ထုကို လွှမ်းခြုံရန် အဝေးတစ်နေရာမှာ ချဲ့ထွင်လာသော အလင်းစွမ်းအားမဟုတ်ပေ။ အမှောင်ထုအတွင်းမှ မွေးဖွားဖြာထွက်လာသော အလင်းစွမ်းအား ဖြစ်ဟန်ရှိသည်။
သူတို့မျက်စိရှေ့မှာ အမှောင်ကမ္ဘာက ချက်ချင်းပင် အလင်းကမ္ဘာအဖြစ် ပြောင်းလဲသွားသည်။
ထိုအလင်းတန်းကိုကြည့်ရင်းရန်ကျောက်ကဲ မျက်ဝန်းများတောက်ပသွားပြီး...
‘ဒါက ယိုးမင်ဂူဗိမာန်ရဲ့ တုံ့ပြန်မှုပဲ”
ပတ်ဝန်းကျင်တစ်ခုလံး လွှမ်းခြုံထားသော အလင်းတန်းများက မီးတောက်မီးလျှံများကို သုတ်သင်ဖယ်ရှားပြီး ကြယ်စင်ကိုဆွတ်ခြူ ၊ လမင်းကို ဖမ်းဆုပ်နိုင်ဟန်ရှိသော ကြီးမားသည့်လက်ဖဝါးကြီးကို ရိုက်ထုတ်လိုက်သည်။
ထို့နောက် သိမ်မွေ့သောအလင်းရောင်တစ်ခု ဗလာနယ်ထဲတွင်လှည့်ပတ်လာပြီး များပြားလှစွာသော အစိမ်းရောင်ချီစွမ်းအား လှိုင်းလုံးကြီးများ ရုတ်တရက် ထွက်ပေါ်လာကာ ကောင်းကင်ယံသို့ ထိုးဖောက်သွားပြီး ဧရာမ နတ်သစ်ပင်ကြီးအဖြစ် ပေါင်စည်းရစ်နွယ်သွားသည်။
အလင်းရောင်များကြားမှ ထွက်ပေါ်လာသော နတ်သစ်ပင်သည် မိုးမြေတစ်ခွင် ထွင်းဖောက်သွားဟန်ရှိသည်။ ဤ နတ်သစ်ပင်၏ စွမ်းအားရောင်ဝါက မီးတောက်နှင့် ကြီးမားသော လက်ဖဝါးကြီးထက် များစွာပိုမိုစွမ်းအားမြင့်မားသည်။
သို့သော် တောက်ပသည့်အလင်းတန်းက ထိုနတ်သစ်ပင်ကြိးကို လျှင်မြန်စွာ ဖျက်ဆီးပစ်လိုက်သဖြင့် ထပ်မံထိုးဖောက်တိုက်ခိုက်နိုင်ခြင်း မရှိတော့ပေ။
ထိုအချိန်...
ရေလှိုင်းပမာလှိုင်းလုံးများက ဗလာနယ်ထဲတွင် သဏ္ဌန်မဲ့တုန်ခါသွားပြီး အလုံးစုံလွှမ်းခြုံထားသော အလင်းတန်းများအောက်တွင် သဏ္ဌန်မဲ့တည်ရှိမှုတစ်ခု ထွက်ပေါ်လာသည်။
ယခုကိစ္စမတိုင်ခင်အထိ ထိုသူရှိနေကြောင်း မည်သူမှ မသိခဲ့ရပေ။
ကျိုးဟောက်ရှန်းက မြက်ခင်းကိုတုတ်ဖြင့်ရိုက်ပြီး မြွေကိုခြောက်လှန့်သည့်တိုင် ဤပုဂ္ဂိုလ်ကတော့ ထွက်ပေါ်လာခြင်း မရှိခဲ့ပေ။
သို့သော် ယခု တောက်ပသောအလင်းတန်း ထွက်ပေါ်လာသည့်အခါ ထိုသူက ကိုယ်ထင်ပြလာခဲ့သည်။
သူထွက်ပေါ်လာသည်နှင့် သူ့ကိုယ်သူ ဖုံးကွယ်မထားဘဲ ရန်ကျောက်ကဲနှင့် ကျိုးဟောက်ရှန်းတို့အုပ်စု ရှိရာသို့ ချဉ်းကပ်လာသည်။
ထိုသူ၏ရုပ်ခန္ဓာ သူတို့ရှေ့တွင်ပေါ်လာသည်နှင့် အချိန်နှင့်နေရာ ကန့်သတ်ချက်များက ထိုသူ့အပေါ်တွင် သက်ရောက်မှုမရှိ ၊ လုံးဝ လျစ်လျူရှုထားဟန် ရှိသည်။ တောက်ပသောအလင်းရောင်အောက်မှာပင် သူ၏ ပျော့ပျောင်းသောခန္ဓာကိုယ်အသွင်အပြင်ကိုသာ တွေ့မြင်နိုင်ပြီး ရုပ်သွင်ကို ထင်ထင်ရှားရှား တွေ့မြင်ရခြင်း မရှိပေ။
ရန်ကျောက်ကဲမျက်ဝန်းများ တည်ကြည်လေးနက်သွားပြီး...
“ဗလာနယ်ကောင်းကင်ကျမ်းစာ...”
တောက်ပနေသော အလင်းတန်းက ပိုမိုပြင်းထန်လာပြီး သူတို့ဆီသို့ ချဉ်းကပ်လာသူကို ကာကွယ်တွန်းလှန်ရန် အပြင်းအထန် ကြိုးစားနေသည်။
“ဟွန်း...”
ထိုသူက ခပ်တိုးတိုး နှာမှုတ်သံတစ်ချက် ပြုလုပ်လိုက်၏။
အစောပိုင်းက ယောင်ဝါးဝါး မသိမသာထွက်ပေါ်နေသော သူ၏စွမ်းအားရောင်ဝါက ယခုတော့ ပြင်းထန်စွာပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင်လေထုတစ်ခလုံး တုန်ခါသွားစေသည်။
သို့သော် ထိုသူ၏ ကြီးမားပြင်းထန်သော တန်ခိုးစွမ်းအားသည်ပင် အလင်းတန်းတံတိုင်းကို မဆန့်ကျင်နိုင်ဘဲ ပိတ်ဆို့ခံရကာ ရှေ့ဆက်မတိုးနိုင်တော့ပေ။
အလင်းတန်းက ရန်ကျောက်ကဲနှင့် ကျိုးဟောက်ရှန်းတို့အုပ်စုကို ရစ်ပတ်သိမ်းယူသွားပြီး ချက်ချင်းပင် အဝေးသို့ ခေါ်ဆောက်ပျောက်ကွယ်သွားသည်။
စောစောက မိုးသောက်နေခြည်ပမာ လင်းလက်လာသောနေရာက ချက်ချင်းပင် မှေးမှိန်သွားပြီး အမှောင်ထု ပြန်လည်ဖုံးလွှမ်းသွား၏။
ဗလာနယ်ထဲတွင် ရှည်လျားသော သက်ပြင်းချသံကြီးတစ်သံ ထွက်ပေါ်လာသည်။
ထို့နောက်မှာတော့ ကောင်းကင်ထိတိုင် ထိုးဖောက်နေသော အစိမ်းရောင်သစ်ပင်ကြီးပျောက်ကွယ်သွားပြီး မီးတောက်မီးလျှံသည်လည်း ပြန့်ကျဲပျောက်ကွယ်သွားကာ ကြီးမားသော လက်ဖဝါးကြီးသည်လည်း ပြန်လည်ဆုတ်ခွာသွားသည်။
ဗလာနယ်ထဲတွင် အသွင်သဏ္ဌန်အစစ်အမှန် တွေ့မြင်ရခြင်းမရှိသော ပုံရိပ်သည်လည်း တစ်ခါမှ မရှိခဲ့သည့်အလား ပျောက်ကွယ်သွားလေ၏။
ရန်ကျောက်ကဲက အလင်းတန်းများအလယ်တွင် ပြုံးလိုက်ရင်း...
“ယိုးမင်ဧကရာဇ်က တကယ့်ကို နာမည်ကျော်ကြားထိုက်ပါပေတယ် ၊ သူ သေဆုံးသွားတာတောင်မှ သူ့ရဲ့ ဂူဗိမာန်ကို ဖောက်ထွင်းဝင်ရောက်နိုင်တဲ့သူ နည်းနည်းပဲ ရှိတယ်”
တူညီသောတန်ခိုးစွမ်းအားရှိသူများအနေဖြင့် အကြောင်းပြချက်မရှိဘဲ ယင်ထျန်းရှ၏ ထာဝရအနားယူခြင်းကို နှောက်ယှက်ကြမည် မဟုတ်ပေ။ ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသူများသည်လည်း ယိုးမင်ဂူဗိမာန်၏ ကန့်သတ်ချက်များကို အလွယ်တကူ ကျော်ဖြတ်နိုင်မည် မဟုတ်ပေ။
ကျိုးဟောက်ရှန်းက သက်ပြင်းချရင်း...
“ယိုးမင်ဂူဗိမာန်အတွက်သာမဟုတ်ရင် ဒီအဘိုးကြီးလည်း ဒီလောက်ကြောက်စရာကောင်းတဲ့အလုပ်မျိုး မလုပ်ရဲပါဘူး”
သူ့ဘေးမှ ယိုးမင်ဂိုဏ်းအကြီးအကဲတစ်ယောက်က မချိပြုံးပြုံးရင်း...
“ဗလာနယ်ထဲမှာဘယ်သူမှန်းမသိအောင် ဖုံးကွယ်ထားတဲ့သူက အနောက်ပိုင်းထိပ်တန်းအရှင်သခင် ဖြစ်နိုင်တယ် ၊ အစိမ်းရောင်နတ်သစ်ပင်ကိုဖန်ဆင်းတဲ့သူကတော့ အရှေ့ပိုင်းထိပ်တန်းအရှင်သခင် ဖြစ်ရမယ် ၊ အခု ငါတို့က သူတို့နှစ်ယောက်ကို ဆိုးဆိုးရွားရွား စော်ကားလိုက်မိပြီ”
သူက ဆက်ပြောသည်။
“မီးတောက်မီးလျှံကိုဖန်ဆင်းတဲ့သူကတော့ တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ်ရဲ့ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်တွေထဲကတစ်ယောက် ဖြစ်နိုင်တယ်”
ထိုစကားများကိုကြားတော့ ရန်ကျောက်ကဲမျက်ဝန်းများ လက်ခနဲ တောက်ပသွားသည်။
“အနောက်ပိုင်းထိပ်တန်းအရှင်သခင် ဟုတ်လား”
အခြားသောကိစ္စများကို အသာထား ၊ ထိုသူကျင့်ကြံခဲ့သော သိုင်းပညာက ဗလာနယ်ထဲတွင် ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားနိုင်စွမ်းရှိသော ‘ဗလာနယ်ကောင်းကင်ကျမ်းစာ’ ဖြစ်သည်။ ထိုကျမ်းစာက မူလကောင်းကင်ကျမ်းစာ နှောင်းပိုင်း (၆)စောင်တွင် တစ်ခုအပါအဝင်ဖြစ်ပြီး ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာ ၊ ထာဝရအလင်းကောင်းကင်ကျမ်းစာ ၊ ယင်ယန်ကောင်းကင်ကျမ်းစာတို့နှင့် တန်းတူရပ်တည်သည်။
ကျိုးဟောက်ရှန်းက...
“ဧကရာဇ်မင်းရဲ့ ဂူဗိမာန်ကို အဆုံးမရှိဗလာနယ်ထဲမှာ ရှာဖွေတာအဆင်ပြေပေမယ့် သူတို့ (၃)ယောက်လုံး အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်ထဲကိုတော့ ကျူးကျော်လာကြမှာ မဟုတ်ဘူး ၊ ဒီတော့ ငါတို့တွေ သူတို့ကြားမှာ ပိတ်မိမနေဘဲ ဂူဗိမာန်ကိုရှာတွေ့ရင် အဆင်ပြေသွားမှာပါ”
သူက ခေါင်းတစ်ချက်ခါယမ်းရင်း...
“စိုးရိမ်စရာကောင်းတာက ကြယ်တာရာချီစွမ်းအားအနှစ်သာရကို ကြီးမားတဲ့ကြယ်ခြွေလက်ဝါးအဖြစ် ပြောင်းလဲထားတဲ့သူပဲ ၊ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က အရှင်သခင် (၂)ပါးထက်နိမ့်ကျပေမယ့် ဒီလူက အရှေ့တောင် နေဝန်းကောင်းကင်နယ်မြေကလူ ဖြစ်နိုင်တယ်”
ယိုးမင်ဂိုဏ်းမှ အကြီးအကဲများအားလုံးက မချိပြုံးပြုံးလိုက်ကြသည်။
ကြယ်ခြွေလက်ဝါးသခင် ‘ကွမ်းလီတဲ့’ က အရှေ့တောင်နေဝန်းပြည်နယ်မှ သိုင်းသမားတစ်ယောက်ဖြစ်ပြိး အရှေ့တောင်ထိပ်တန်းအရှင်သခင်အောက် အနည်းငယ်သာနိမ့်ကျသော ကျင့်ကြံသူအနည်းငယ်များထဲမှတစ်ယောက် ဖြစ်သည်။
ရန်ကျောက်ကဲက ကျိုးဟောက်ရှန်းကို အကဲခတ်ရင်း သူ့မျက်ဝန်းထဲ အပြုံးရိပ်အနည်းငယ် ထင်ဟပ်လာသည်။
ဤ ယိုးမင်ဂိုဏ်းချုပ် အဘိုးအိုသည် အမှန်တကယ်ပင် ပေါ့သေးသေး မဟုတ်ပေ။
သူက မြက်ခင်းကို ရည်ရွယ်ချက်ရှိရှိရိုက်နှက်ပြီး မြွေကိုခြောက်လှန့်ခဲ့သည်။ ရလဒ်အနေဖြင့် ကွမ်းလီတဲ့နှင့် အခြားတန်ခိုးစွမ်းအားရှင်များ တုံ့ပြန်မှုဖြင့် ထွက်ပေါ်လာခဲ့ကြသည်။
မြွေကိုခြောက်လှန့်ရန် မြက်ခင်းကိုတုတ်နှင့်ရိုက်သဖြင့် အခြားကိစ္စတစ်ခုလည်း ဖြစ်ပွားခဲ့သည်။
ထိုသူများ ထိပ်တိုက်တွေ့သဖြင့် တန်ခိုးစွမ်းအားလှိုင်းလုံးများမြင့်တက်လာကာ ယိုးမင်ဂူဗိမာန်အား တုန်လှုပ်နိုးထသွားစေခဲ့သည် မဟုတ်ပါလား။
အစောပိုင်းက ကျိုးဟောက်ရှန်းနှင့် ရန်ကျောက်ကဲတို့ ဂူဗိမာန်သို့သွားရာလမ်းကို ရှာတွေ့ခဲ့ကြသော်လည်း ရေရေရာရာ ဆုံးဖြတ်နိုင်ခြင်းမရှိဘဲ လွဲချော်နေခဲ့သည်။
သို့သော် ကွမ်းလင်တဲ့နှင့် အခြားသူများ သူတို့နောက်သို့ နောင်ယောင်ခံလိုက်လာကြောင်း သိရသည့်အခါ ကျိုးဟောက်ရှန်းက သူတို့ကိုလှည့်စားရန် လက်ဝါးရိုက်ချက်တစ်ချက် ထုတ်ဖော်ခဲ့သည်။ ထိုလုပ်ဆောင်ချက်က ယိုးမင်ဂူဗိမာန်၏ ခံစစ်အစီအရင်ကို လှုံ့ဆော်ပေးလိုက်ပြိး ဂူဗိမာန်တည်နေရာကိုပါ ဆုံးဖြတ်နိုင်ခဲ့သည်။
ထို့နောက် ကျိုးဟောက်ရှန်းက ဂူဗိမာန် သက်ဝင်နိုးထာလာသော တန်ခိုးစွမ်းအားကို ချေးယူကာ နောက်ယောင်ခံလိုက်လာသူများကို တားဆီးခဲ့၏။
ယခုတော့ ယိုးမင်ဂူဗိမာန်က သူ၏တုံ့ပြန်မှုအလင်းတန်ကို ပြန်လည်ရုတ်သိမ်းလိုက်ပြီ ဖြစ်သည်။ ဤနည်းအားဖြင့် အနောက်ပိုင်းထိပ်တန်းအရှင်သခင် ၊ အရှေ့ပိုင်းထိပ်တန်းအရှင်သခင် ၊ ကွမ်းလင်တဲ့နှင့် အခြားသူများ သူတို့နောက် ခြေရာခံလိုက်နိုင်ခြင်း မရှိတော့ပေ။
ယိုးမင်ဂိုဏ်းချုပ်၏လုပ်ရပ်က အလွန်တရာ ထက်မြက်လွန်းသဖြင့် ရန်ကျောက်ကဲက လက်ခုပ်တီး၍ပင် အားပေးချင်စိတ် ပေါက်မိသည်။
ဟုတ်ပေ၏။
ဤလုပ်ရပ်က စွမ်းအားမြင့်မားသော အထွတ်ထိပ်တန်ခိုးစွမ်းအားရှင်အနည်းငယ်ကို စော်ကားသလို ဖြစ်သွားလေရာ နောက်ဆက်တွဲဆိုးကျိုးများ ရှိလာမည် ဖြစ်၏။
ကျိုးဟောက်ရှန်းအမူအရာက တည်ငြိမ်နေပြီး မျက်ဝန်းများကလည်း ပြတ်သားနေသည်။
သူက ...
“အရှေ့တောင်ထိပ်တန်းအရှင်သခင်က ပြတ်ပြတ်သားသား ထုတ်ဖော်မပြောပေမယ့် ဧကရာဇ်မင်းရဲ့ ဂူဗိမာန်ကို တခြားသူတွေနှောက်ယှက်တာကို ကျေနပ်မှာ မဟုတ်ဘူး ၊ ဒါကြောင့် ကြယ်ခြွေလက်ဝါးသခင်က ခိုးကြောင်ခိုးဝှက် လှုပ်ရျားနေတာပဲ ၊ ကိစ္စရပ်တွေက ထင်ထားသလိုတော့ မဖြစ်နိုင်ဘူးပေါ့”
သူက ဆက်ပြောသည်။
“ဒီလိုလုပ်လိုက်တာက ငါတို့အတွက် လျှို့ဝှက်အန္တရယ်တွေ များလာစေနိုင်ပေမယ့် ... ဒီလိုမှ မစွန့်စားရင် ငါတို့တွေ အတိတ်က ယိုးမင်ဂမ္ဘီရဂိုဏ်းရဲ့ ဘုန်းအသရေကို ပြန်လည်ရရှိနိုင်မှာ မဟုတ်ဘူး”
“ပြီးတော့ ဒီတစ်ခေါက် ယိုးမင်ဂူဗိမာန်ထဲကိုသာ အောင်အောင်မြင်မြင် ဝင်ရောက်နိုင်ခဲ့ရင် အကျိုးအမြတ်အနေနဲ့ ငါတို့ရဲ့ စွမ်းအားအရမ်းမြင့်တက်လာလိမ့်မယ် ၊ ကြယ်ခြွေလက်ဝါးသခင်တောင် ငါတို့ကို ပေါ့ပေါ့တန်တန် ရန်ပြုဝံ့မှာ မဟုတ်တော့ဘူး”
ဤအခြေအနေရောက်လာမှတော့ ယိုးမင်ဂိုဏ်းမှ အခြားသောအကြီးအကဲများမှာလည်း မည်သို့မှမတတ်နိုင်ဘဲ ခေါင်းညိတ်သဘောတူရုံသာ ရှိတော့သည်။
ရန်ကျောက်ကဲက မြင်ကွင်းကို စိတ်ဝင်တစားကြည့်နေရင်း ကျိုးဟောက်ရှန်း၏ ‘အားလုံးကိုပုံအောလိုက်သော’ ပြဿနာဖြေရှင်းနည်းကို ကောင်းစွာ ခံစားနိုင်ခဲ့သည်။ ကျိုးဟောက်ရှန်းပြောနေသည့်စကားများက သူ့ကိုယ်သူ အားပေးမှုသာဖြစ်ကြောင်း ရန်ကျောက်ကဲ ခံစားမိသည်။
ရန်ကျောက်ကဲက ပြုံးလိုက်ပြီးနောက် တခြားစကားမဆိုဘဲ သတိပေးစကားတစ်ခု ပြောလိုက်၏။
“’ကျိုး’ ဂိုဏ်းချုပ် ၊ ကျွန်တော့်အထင် မမှားဘူးဆိုရင်... ဂူဗိမာန်ရဲ့ အကန့်အသတ်တွေကတစ်ဆင့် တခြားတစ်ယောက်ကိုလည်း လမ်းပြပေးနေသလိုပဲ”
အစီအရင်ကို လှည့်ပတ်နေသူက ယိုးမင်ဂိုဏ်းဖြစ်သော်လည်း ရန်ကျောက်ကဲက ယိုးမင်ဂူဗိမာန်အပိုင်းအစများအလယ်တွင်ရှိနေသောသတ္တုအပိုင်းအစငယ်လေးနှင့် စိတ်ပိုင်းဆိုင်ရာဆက်သွယ်မှုကို ဆက်လက်ထိန်းသိမ်းထားခဲ့သည်။
ထို့ကြောင့် ယခု ရေထဲသို့အညစ်အကြေးများကျဆင်းသည့်အလား ထိုပစ္စည်းလေးက ကြည်လင်ခြင်းမရှိတော့ဘဲ တစ်စုံတစ်ခုကို အံဝင်ခွင်ကျ လမ်းပြနေကြောင်း အာရုံခံမိသည်။
တစ်ဖက်လူက ယိုးမင်ဂိုဏ်းဂူဗိမာန် အကန့်အသတ်များကို အတင်းအကျပ်ချိုးဖျက်နေခြင်းမရှိဘဲ သူတို့တွင် ပိုင်ဆိုင်ထားသော ဆက်စပ်ရတနာပစ္စည်းများကို အသုံးပြုကာ အခွင့်အရေးနှင့်ပေါင်းစည်းပြီး ဤနယ်မြေသို့ လမ်းညွှန်မှုရရှိစေရန် အသုံးပြုနေခြင်း ဖြစ်သည်။
ထိုသို့သောနည်းလမ်းများကို ပိုင်ဆိုင်ထားသူမှာ ကွမ်းမင်ဂိုဏ်း ဖြစ်ဖွယ်ရှိသည်။
ကျိုးဟောက်ရှန်းက ဖြည်းညှင်းစွာ ခေါင်းညိတ်ရင်း ...
“ဒီအဘိုးကြီးလည်း အာရုံခံမိတယ် ၊ ကွမ်းမင်ဂိုဏ်းပဲဖြစ်မယ်ဆိုတာ မေးခွန်းထုတ်စရာ မလိုပါဘူး”
သူက ဆက်ပြောသည်။
“ဘာပဲဖြစ်ဖြစ် ဘယ်လိုအခြေအနေပဲရှိပါစေ ... အဲဒီ ကွမ်းမင်ဂိုဏ်းက လူယုတ်မာတွေကက အပြင်ပိုင်းလောက်ကိုပဲ အများဆုံးရောက်နိုင်မှာပါ ၊ တကယ်တော့ ဂူဗိမာန်ရဲ့ အဓိကအကျဆုံးနယ်မြေကို တိုက်ရိုက်ဝင်ရောက်နိုင်မှ ပြင်ပကန့်သတ်ချက်တွေကို ကျော်ဖြတ်နိုင်လိမ့်မယ်”
သူ့စကားဆုံးသည်နှင့် အလင်းရောင်က တဖြည်းဖြည်း မှေးမှိန်သွားသည်။
အလင်းရောင်ပျောက်ကွယ်သွားသည်နှင့် သူ့အရှေ့မှ မြင်ကွင်းက ပိုမိုရှင်းလင်းလာပြီး ကြီးမားသော ဂူဗိမာန်ကြီးတစ်ခု ထွက်ပေါ်လာသည်ကို တွေ့မြင်လိုက်ရလေ၏။