ကယ်ဆယ်ခြင်း
Vol. 3 Ch. 38
နံပါတ် ၁၇က အနားယူရာ ဟင်းလင်းပြင်နောက်တွင် အမှန်တကယ်ရှိ၏။ ဒုတိယအထပ်တွင် လူနည်းသည့် နေရာတွင် တည်ရှိ၏။
မိုဝူကျီသည် သူ့ဘောင်းဘီ အိတ်ကပ်မှ ဓားကို စမ်းလိုက်သည်။ သူသည် ထောင်ပချီအား ကျင်းလန်ပေးကို မထိခင် အရင်တိုက်ခိုက်ကာ သတိမေ့အောင် ပြုလုပ်ရမည်။ သူသည် ထောင်ပချီအား မသတ်သရွေ့ အမျိုးသမီးကျွန် တစ်ယောက် ပျောက်ဆုံးသွားခြင်း အပေါ် အင်မော်တယ် သခင်များသည် စစ်ဆေးမှု ပြုလုပ်လိမ်မည် မဟုတ်ကြောင်း ယုံကြည်၏။ ထောင်ပချသည် သင်္ဘောပေါ် တက်ခါနီးပြီ ဖြစ်သောကြောင့် သူသည် သူမအား ရှာရန်အတွက် လူများလွှတ်၍ စုံစမ်းစစ်ဆေးရန် အချိန်မရှိတော့ချေ။
မိုဝူကျီက အရင်က ဟူဖေးနှင့် တွေ့ခဲ့သည့် အခိုက်အတန့်မျိုး အတွက် နောက်အစီအစဉ် တစ်ခု ချမှတ်ထားသေး၏။ ထောင်ပချီသည် အင်အားကြီး၍ မိုဝူကျီက သူ့အား မေ့အောင် မပြုလုပ်နိုင်သော ဖြစ်ရပ် ဖြစ်လာလျှင် သူ့အားသတ်ပစ်ကာ အလျင်အမြန် ထွက်ပြေးရမည် ဖြစ်၏။ သူက ထောင်ပချီအား သတ်ခြင်း မသတ်ခြင်း ကိစ္စနှစ်ရပ်သည် အလွန် ခြားနားသော ရလဒ်များ ဖြစ်နိုင်သည်။ အကယ်၍ သူသာ ထောင်ပချီအား သတ်ခဲ့ပါက မိုဝူကျီသည် ချက်ချင်း ထွက်သွားရန် လိုပေလိမ့်မည်။
“မင်းသားလေး ... ဟိုလူက ထွက်သွားဖို့ အသင့် ဖြစ်နေပြီ ... ကျွန်တော်တို့တွေ ဟိုခွေးကောင်နဲ့ ပြိုင်မိလို့ သူယူလာတဲ့ တခြား ကျွန်တွေအားလုံး နာမည်ကြီးလာပြီး အားလုံးကို မြန်မြန် ရောင်းထွက် သွားခဲ့တယ် ... ကျွန်တော် သွားတဲ့အခါ သူက အထုပ်တောင် သိမ်းပြီးသွားပြီ ... မကြာခင် ထွက်သွားတော့မယ် ထင်တယ် ... ” မိုဝူကျီသည် ထောင့်နားရှိ ပြတင်းပေါက် အောက်တွင် ပုန်းနေရင်း ထိုစကားဝိုင်းကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။
မိုဝူကျီသည် ထောင်ပချီအခန်းတွင် တစ်ယောက်ယောက် ရှိနေမည်ဟု မမျှော်လင့်ထားခဲ့ချေ။ သူသည် မူလက စိတ်ကြီးသော မင်းသား ထောင်ပချီကဲ့သို့ လူမျိုးသည် ကိုယ်ပိုင်အခန်း ရှိလိမ့်မည်ဟု ထင်ခဲ့၏။ အကယ်၍ တစ်ခန်းတွင် လူနှစ်ယောက်ရှိနေလျှင် သူ့အစီအစဉ်အား အနှောင့်အယှက် ဖြစ်လာလိမ့်မည်။
ထောင်ပချီသည် နှာခေါင်းရှုံ့ကာ
“သူက ငါ့ပိုက်ဆံတွေယူပြီး ဘေးကင်းပြီများ အောက်မေ့နေလား ... ကျားကျင်း မင်းနဲ့အတူ နှစ်ယောက်ကို ခေါ်သွားပြီး ရွှေပြားတွေ ပြန်ယူရင်း သူ့ကို လက်စတုံးခဲ့ ... ဒီနေရာက ဝေးမှ လုပ်လိုက် ... သပ်သပ်ရပ်ရပ်လုပ် ... ဘာလက်ရာခြေရာမှ မကျန်စေခဲ့နဲ့ ... ”
မိုဝူကျီသည် ထောင်ပချီသည်လည်း သူကဲ့သို့ စဉ်းထားထားမည်မှန်း မထင်ထားခဲ့ပေ။ သူသည် ထိုဖက်တီးအား သူ့နေရာက ထွက်သည်နှင့် သတ်ပစ်ရန် ကြံရွယ်ထားလေသည်။ မိုဝူကျီသည် ဤနေရာတွင် မပုန်းနေရပါက ထိုဖက်တီးသည် အလျင်အမြန် ထွက်သွားလိမ့်မည် ဖြစ်ကြောင်း သတိမပြုမိလောက်ချေ။
“သခင်လေး ... အဲဒါဆို ကျွန်တော် သွားလိုက်ပါဦးမယ် ... မစိုးရိမ်ပါနဲ့ ... ကျွန်တော် ရွှေပြားတွေ ပြန်ယူခဲ့ပါ့မယ် ... ” ကျားကျင်းဟု ခေါ်သော အမျိုးသားသည် ပြောလိုက်ပြီးနောက် မိုဝူကျီက တံခါးပိတ်သံကို ကြားလိုက်ရသည်။
မိုဝူကျီသည် ခြေသံများ လုံးဝပျောက်ကွယ် သွားသည့်အခါ တံခါးခေါက်လိုက်၏။
“ဘယ်သူလဲ ... ”ထောင်ပချီသည် မေးလိုက်လေသည်။
မိုဝူကျီသည် ကျားကျင်းအသံကို တုကာ ညင်သာစွာ ပြောလိုက်သည်။
“သခင်လေး ... ကျွန်တော့်မှာ ပိုကောင်းတဲ့ အစီအစဉ် တစ်ခုရှိတယ် ... ဝင်လာပြီး ဆွေးနွေးလို့ ရမလား ... ”
မိုဝူကျီသည် အစက ပြတင်းပေါက်မှ ကျော်ဝင်ရန် ကြံစည်ထားသော်ငြား ကျားကျင်းအသံ ကြားပြီးနောက်တွင် အစီအစဉ် ပြောင်းလိုက်သည်။
“ကျွီ ... ” တံခါးသည် နောက်တစ်ခါ ထပ်ပွင့်လာသည်။
မိုဝူကျီသည် အခန်းထဲသို့ အလျင်အမြန် ဝင်လိုက်ပြီး ထောင်ပချီ၏ နားထင်ကို အားနဲ့ ရိုက်ချလိုက်သည်။
ထောင်ပချီသည် ကျားကျင်းသည် သူ့အား ရိုက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ မိုဝူကျီမှန်း မသိခင်တွင်ပင် ခေါင်းနောက်မှ အသံကြားလိုက်ရပြီး မေ့သွားလေသည်။
မိုဝူကျီသည် သူတံခါးခေါက်သည့် အတွက် စိတ်အေးသွားလေသည်။ ထို့နောက် ဆေးပုလင်းကို ဖွင့်ကာ ထောင်ပချီ ပါးစပ်ထဲ လောင်းချလိုက်လေသည်။ သူသည် ထိုဆေးက ထောင်ပချီအား တစ်နေကုန် မေ့နေစေလိမ့်မည်ဟု သေချာသည်။
သူလုပ်သင့်တာ လုပ်ပြီးသည်နှင့် မိုဝူကျီသည် ဘေးမှာ ထိုင်နေသော အမျိုးသမီးကို ကြည့်လိုက်လေသည်။ ဖက်တီးသည် သူမအလှတရားအား အပိုပြောခြင်း မဟုတ်ကြောင်း သတိပြုမိလိုက်၏။
ထိုမိန်းကလေးသည် မိုရှင်းထောင်ထက် အမှန်ပင် လှပ၏။ သူမတွင် ဖြောင့်စင်းနေသော ဆံပင်များရှိပြီး ဘဲဥသဏ္ဌာန် မျက်နှာပေါက်လည်း ပါရှိကာ အသားရေသည်လည်း ချောမွေ့လှ၏။ သူမသည် ကြောင်နေသော်လည်း မိုဝူကျီအား အံ့အားသင့်စွာ ကြည့်နေလေသည်။
“မင်းက ကျင်းလင်းပေးလား ... ” မိုဝူကျီသည် သူ့အိတ်မှ အနက်ရောင် ပဝါကို ထုတ်ယူရင်း ပြောလိုက်သည်။
မိန်းကလေးသည် ထရပ်ကာ မိုဝူကျီအား ပို၍ အံ့အားသင့်စွာ ကြည့်လိုက်ပြီး
“ဘယ်လိုလုပ် ကျွန်မနာမည် သိနေတာလဲ ... ကျွန်မကို ရောင်းချခံရပြီး ကတည်းက နာမည်ကို တစ်ခါမှ မပြောဖူးဘူး ... ဘယ်သူမှ ကျွန်မနာမည်ကို မသိကြဘူး ... အကုန်သိကြတာက နံပါတ်တစ်ခုပဲ ... ”
“အချိန် မဖြုန်းနဲ့တော့ ... ငါ့ကို မိုရှင်းထောင်က မင်းကို ကယ်ခိုင်းထားတာ ... ဒီပဝါကိုခြုံပြီး ငါနဲ့လိုက်ခဲ့ ... မင်း တည်းခိုခန်းက ထွက်တုန်း အောက်ထပ်က တံခါးစောင့်တွေကို မျက်စိ လွှဲထားလိုက်မယ် ... အပြင်က ငါ့ကို စောင့်နေလိုက် ... ” မိုဝူကျီသည် သူမအား ပဝါကို လှမ်းပေးရင်း ပြောလိုက်သည်။
“အာ ... ရှင်းထောင် ... ”ကျင်းလင်းပေးသည် အခြေအနေကို လျင်မြန်စွာ သဘောပေါက် သွားလေသည်။ သူမသည် မိုမျိုးနွယ်စုမှ လူများနှင့် တီးမိခေါက်မိ ရှိခြင်း ဖြစ်နိုင်၏။ သူမသည် ထပ်၍ မမေးတော့ပဲ မိုဝူကျီပေးသည့် ပဝါကို ခြုံလိုက်သည်။
မိုဝူကျီသည် သူမအား အသံနိမ့်ဖြင့် ပြောပြပေးသောကြောင့် သူမအတွက် မခက်ခဲချေ။
“ငါ့နောက်ကို လိုက်ခဲ့ ဒါပေမဲ့ အရမ်း မကပ်လိုက်နဲ့ အကွာအဝေး တစ်ခု ခြားပြီးလိုက် ... ငါ တံခါးစောင့်တွေကို စကားပြောတာ မြင်ရင် အဲဒါက မင်းကို အချက်ပြတာပဲ ... ”
“နားလည်ပါပြီ ... ”ကျင်းလင်းပေးသည် အသံတုန်ယင် နေသော်လည်း ခေါင်းညိတ်ပြ လိုက်သည်။ သူမသည် ကြောက်ရွံ့ခြင်းလား စိုးရိမ်ခြင်းလား မသိပေ။
မိုဝူကျီသည် ထောင်ပချီ အခန်းတံခါးကို ပိတ်ပေးလိုက်သည်။ အကယ်၍ အင်မော်တယ် သခင်များကြောင့်သာ မဟုတ်လျှင် သူသည် ထောင်ပချီ လည်ပင်းအား လှီးခဲ့မှာ သေချာ၏။ ဤနေရာတွင် သူ့အား သတ်လိုက်ပါက အင်မော်တယ် သခင်များသည် သူ့အား အချိန်မီ ရှာဖွေကာ စစ်ဆေးကြလိမ့်မည်။
ကျင်းလင်းပေးသည် အကွာအဝေး တစ်ခုမှ မိုဝူကျီနောက်သို့ လိုက်လာသည်။ သူသည် အပေါက်တွင် တံခါးစောင့်အား ပခုံးပုတ် စကားပြောပြီး ကျေကျေနပ်နပ် ရယ်မော နေကြသည်ကို ကျင်းလင်းပေးက တွေ့လိုက်၏။
သူမသည် မိုဝူကျီ မည်သို့ ပြုလုပ်မှန်း မသိပေ။ သို့သော် သူမသည် ခေါင်းကို ငုံ့ကာ တည်းခိုခန်းမှ အလျင်အမြန် ထွက်လာလိုက်သည်။
“မမလေးက အိပ်ပျော်နေလို့ တွေ့ခွင့် မရဘူးလို့ ထင်မထားဘူးကွာ ... စိတ်မပူနဲ့ နောက်တစ်ခါကျ ဒီလာရင် တိုက်ရိုက် ဝင်တွေ့လိုက်ပေါ့ ... ” တည်းခိုခန်း အစောင့်က မိုဝူကျီဆီမှ ရွှေပြားကို လက်ခံထားသော်လည်း သူသည် မမလေးနှင့် မတွေ့ခဲ့ရခြင်း အပေါ် မျက်နှာ ပူနေလေသည်။
မိုဝူကျီသည် ကျင်းလင်းပေး ထွက်သွားသည်ကို မြင်၍ ပြုံးလိုက်ပြီး ကျေးဇူးစကား ဆိုလိုက်သည်။
“ကောင်းပြီ ... အဲဒါဆို ကျွန်တော်လည်း အရင် သွားလိုက်ဦးမယ် ... ဒီမှာ တစ်ယောက်ယောက်က ကျွန်တော့်ကို မကြည်ဖြူဘူးလေ ... ”
တံခါးစောင့်များသည် မိုဝူကျီ၏ ဟာသဉာဏ်ကြောင့် ရယ်မောနေပြီး ထွက်ပေါက်အထိ လိုက်ပို့ပေးကြ၏။
မိုဝူကျီသည် နှစ်ယောက်လုံး တည်းခိုခန်းမှ ထွက်လာပြီးမှ သက်ပြင်း ချလိုက်နိုင်၏။ ကံကောင်းစွာပင် သူသည် ထောင်ပချီအား သတ်သည့် အားကိုးမလိုပေ။ မိုဝူကျီသည် ကျင်းလင်းပေး သူ့အား စောင့်နေသည်ကို မြင်သောအခါ သူမဘေးသို့ သွားလိုက်ပြီး
“ငါ့နောက်လိုက်ခဲ့ ... ”
ဤနေရာတွင် လူများစွာ ရှိသောကြောင့် သူတို့ လျှောက်သွားသည့်အခါ ဘယ်သူမှ သံသယ မဖြစ်ကြချေ။
ဆယ့်ငါးမိနစ်လောက် ကြာပြီးနောက် မိုဝူကျီသည် ကျင်းလင်းပေးအား တဲဆီ ခေါ်ဆောင်လာလေသည်။ တင်းဘူအာသည် သူမှာထားသည့် အတိုင်း နောက်ထပ် တဲတစ်လုံးကို ထပ်ဆောက်နေလေသည်။
“ရှင်းထောင် ... တကယ်ပဲ နင်လား ... ” ကျင်းလင်းပေးသည် မိုရှင်းထောင်ကို မြင်လိုက်သည့် အခိုက်အတန့်တွင် စိတ်သက်သာရာ ရသွားခဲ့သည်။ မိုဝူကျီသည် သူမအား မလိမ်ညာခဲ့ပေ။
“အစ်မပေး ... အစ်မ အဆင်ပြေလို့ တော်သေးတယ် ... ” မိုရှင်းထောင် မျက်လုံးများသည် နီရဲနေဆဲ ဖြစ်၏။ ကြည့်ရသည်မှာ သူမသည် မိုဝူကျီ ထွက်သွားပြီး နောက်တွင်လည်း ထပ်ငိုထားပုံ ရ၏။
သူမသည် မိုဝူကျီက ကျင်းလင်းပေးအား ကယ်ဆယ် နိုင်ခဲ့သည်ကို အမှတ်ရပြီး
“ဝူကျီ ... အစ်မပေးကို ဘယ်လို ကယ်ထုတ် နိုင်ခဲ့တာလဲ ... တစ်ယောက်ယောက်ကို မသတ်ခဲ့ဘူး မလားဟင် ... ”
ဤနေရာတွင် လူသတ်သည့် ကိစ္စသည် ရှောင်ရှားရန် ခက်ခဲသည့်အရာမှန်း သိသောကြောင့် အကယ်၍ သူသာ သတ်ခဲ့လျှင် သူတို့သည် အလျင်အမြန် ထွက်သွားရန် လိုအပ်ကြောင်း သိ၏။
“ငါတို့ အခုထွက်သွားမယ် ... အသေးစိတ်ကို နောက်မှ ပြောကြတာပေါ့ ... ” မိုဝူကျီသည် အလောတကြီး ပြောလိုက်သည်။
သူတွင် မိုရှင်းထောင်နှင့် ကျင်းလင်းပေး နှစ်ဦးလုံးအား တော်ဝင်မြို့တော်သို့ ခေါ်သွားရန် မစွမ်းနိုင်ချေ။ သူ့နေရာပင် အလွယ်တကူ ရရှိထားခြင်း မဟုတ်။
“ညီလေးမို ... တင်းဘူအာဆီက ကြားပြီး မင်းဘာလုပ်မယ်ဆိုတာ ငါသိတယ် ... ဒီလို ပြစ်မှုမျိုး ဘာလို့ ကျူးလွန်မှာလဲကွာ ... မင်း ထောင်ပချီကို တကယ် သတ်ပစ်ခဲ့တာလား ... ” ယွန်ကျန်းရီသည် သူ့အားမေးရင်း ဒေါ်လေးဆယ့်တစ်နှင့် တင်းဘူအာသည်လည်း အလျှိုလျှို တဲအပေါက်ဝသို့ ရောက်လာကြသည်။
***