← Chapters

စမ်းသပ်မှု

Vol. 113 Ch. 1573

စမ်းသပ်မှု

Vol. 113 Ch. 1573

နောက်ဆုံးကျန်ခဲ့သည့် ရုပ်တုကြီးသည် ကြောက်ခမန်းလိလိဆွဲအားကို ပိုင်ဆိုင်ထားသည့်အလား ထင်ရသည်။ အဆိုပါဆွဲအားက တွင်းနက်ကြီးသဖွယ် ဖြစ်လာရာ ပတ်ဝန်းကျင်ရှိ မြူအားလုံး တဝုန်းဝုန်း အုံကြွကုန်သည်။ မြူအပေါင်းသည် ကတော့အသွင်ဖြင့် ရုပ်တုကြီး၏လက်ညှိုးထဲ စုပ်ယူခံနေရ၏။ ထို့နောက် လက်ညှိုးက အလွန်လျင်မြန်သောအမြန်နှုန်းဖြင့် မန်ဟို့ဆီ ပြေးဝင်လာသည်။

ဤအရာအားလုံးကို ဖော်ပြရန် အချိန်အနည်းငယ်ကြာလိုက်သော်လည်း ရုပ်တုကြီး လက်မြှောက်သည့်အခိုက်အတန့်မှ မြူများကို စုပ်ယူသည့်အခိုက်အတန့်အထိ တဒင်္ဂလေးသာ ကြာလေသည်။

မြေပြင်များ လှုပ်ခတ်နေပြီး အဆောက်အုံများ ပြိုကျကုန်သည်။ အက်ကွဲကြောင်းကြီးများသည် မြေထုတစ်လျှောက် ဖြာထွက်ပျံ့နှံ့လျက်ရှိချေ၏။ ရုပ်တုကြီး၏လက်ချောင်းက အင်မော်တယ်နတ်ဘုရားကမ္ဘာ၏ စွမ်းအားအလုံးစုံကို တိုက်ကွက်တစ်ကွက်တည်းအဖြစ် စုစည်းကာ မန်ဟို့ကို ချိန်ရွယ်ထားသည်။

မန်ဟိုက သူ့မြင်ကွင်းအပြည့် လျင်မြန်စွာ စိုးမိုးလာနေသော လက်ချောင်းကြီးကို ကြည့်နေစဉ် မျက်နှာတစ်ချက်မပျက်ပေ။ တစ်ချိန်တည်းမှာပင် သူလည်း သူ၏လက်ချောင်းကို ဆန့်တန်းလိုက်သည်။

“လောကပါလနတ်မင်း မင်းဟာ အတိတ်တုန်းက ငါ့ကို စမ်းသပ်ခဲ့တယ်။ အခုလည်း ဒီနေရာမှာ အဲဒီအတိုင်းပဲ စမ်းသပ်နေပြန်ပြီပေါ့လေ” သူ့အသံ ပဲ့တင်ထပ်နေသည့်အချိန်မှာပင် သူ၏လက်ချောင်းသည် ရုပ်တုကြီး၏လက်ချောင်းနှင့် ထိတွေ့သွား၏။

လက်ချောင်းနှစ်ချောင်းအား ယှဉ်၍ပင်မရသယောင် ထင်ရသည်။ အရွယ်အစားအရာ၌ မန်ဟို့လက်ချောင်းမှာ ရုပ်တုကြီး၏လက်ချောင်းနှင့်ယှဉ်လျှင် ပုရွက်ဆိတ်လေးသဖွယ်သာ။ သို့ထိတိုင် လက်ချောင်းအချင်းချင်း ထိတိုက်သွားသောအခါ မန်ဟိုသည် ဆံပင်စများ အတန်ငယ်မြောက်တက်သွားရုံသာ၊ အဝတ်စများ လှုပ်ခတ်သွားရုံသာ ရှိ၏။ အခြားတစ်ဖက်တွင် ရုပ်တုကြီးမှာ တုန်ခါစပြုလာသည်။ ၎င်း၏လက်ချောင်းသည် ဝုန်းခနဲ ပေါက်ကွဲကာ ပြာများထက်မပိုတော့ပေ။

သက်ရောက်မှုက လက်ဖဝါးအထိ ပျံ့နှံ့ကာ လက်မောင်းတစ်ဖက်လုံးကို လွှမ်းခြုံသွားသည်။ ခန္ဓာကိုယ်အပေါ်ပိုင်း၊ ခေါင်းနှင့် ကျန်လက်မောင်းတစ်ဖက်တို့လည်း ဆက်တိုက်ပျက်စီးသွားသဖြင့် တဝုန်းဝုန်း ပေါက်ကွဲသံများ ပဲ့တင်ထပ်နေတော့သည်။ ရုပ်တုတစ်ရုပ်လုံးကား ရစရာမရှိတော့ပေ။

ဟိန်းထွက်နေသောပေါက်ကွဲသံများက အရာအားလုံးကို တုန်ခါနေစေသည်။ မန်ဟို၏လက်ချောင်းလေးတစ်ချောင်းက ဧရာမရုပ်တုကြီးတစ်ရုပ်လုံးကို ပြာကျသွားစေခဲ့လေပြီ။

“ဒါ မင်း ငါ့ကို သုံးကြိမ်မြောက် စမ်းသပ်တာပဲ” မန်ဟိုက ပြောသည်။ “ငါ ဘယ်လိုတိုက်ခိုက်တတ်လဲ မင်း မြင်ချင်နေတာ။ ဒါမှ ငါ့ကို သတ်နိုင်မယ့် နည်းလမ်းရှာနိုင်မှာမလို့လေ။ မင်းက .. ငါ့ရဲ့ကောင်းကင်ချုပ်နှောင်မန္တန်ကို ခွဲခြမ်းစိတ်ဖြာကြည့်ချင်နေတာမလား” ရုပ်တုကြီး၏ပြာများ ပျံ့လွင့်နေသည့်အချိန်မှာပင် မန်ဟိုက လှည့်၍ လက်သီးဆုပ်ပြီးနောက် သူ့အရှေ့ရှိ မြေကြီးအပေါ် ထိုးချလိုက်သည်။

လက်သီးချက် ကျရောက်သွားသည်နှင့် မြေလှိုင်းများ လိမ့်ဖြာသွားသည်။ တချို့ဧရိယာများ မြောက်ကြွလာကာ၊ တချို့ဧရိယာများ ကျွံကျသွားသည်။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် မျက်နှာကြီးတစ်ခု ပေါ်လာသည်။

မျက်နှာကြီးက ပါးစပ်ဟ၍ ဟိန်းလိုက်သည့်တိုင် မန်ဟို့လက်သီး ၎င်းကို မထိအောင် မဟန့်တားနိုင်ပေ။

ဝုန်းခနဲ မျက်နှာကြီးသည် လုံးလုံးလျားလျား ပျက်စီးသွားတော့သည်။ တစ်ဆက်တည်းမှာပင် အင်မော်တယ်နတ်ဘုရားကုန်းမြေအပေါ်ရှိ တခြားနေရာများမှ အက်ကွဲသံများ ပဲ့တင်ထပ်လာသည်။ မြေကြီးများ ပြိုကျသွားသော်လည်း ပြန်စုစည်းသွား၏။ မထင်မှတ်ဖွယ်ကောင်းစွာနှင့် မြေထုတစ်ခုလုံးကား ဘီလူးကြီးတစ်ကောင် ဖြစ်လာတော့သည်။

မြေကြီးများသည် ခေါင်း၊ လက်မောင်းနှစ်ဖက်၊ ခြေထောက်နှစ်ဖက် ဖြစ်နေစဉ် တောင်တန်းများက သွေးကြောများ ဖြစ်လာသည်။ မြစ်များက သွေးတို့ဖြစ်လာကာ နေနှင့်လသည် မျက်လုံးများအသွင် ပြောင်းသွား၏။ သမုဒ္ဒရာများက ပါးစပ်ဖြစ်လာသည်။ အတိုင်းအတာမဖော်ပြနိုင်လောက်အောင် ကြီးမားလှသော ဘီလူးကြီးသည် မန်ဟို့ကို လှမ်းကြည့်ပြီးနောက် အသည်းကလီစာများကျွမ်းပြန်ရလောက်သည်အထိ ကြောက်စရာကောင်းသော ဟိန်းသံကြီးကို ထုတ်လွှတ်လိုက်၏။

ထိုဟိန်းသံက မိုးနှင့်မြေကို ကိုင်လှုပ်နေသည့် လေဆင်နှာ‌မောင်းတစ်လုံး ဖြစ်လာရာ မန်ဟို့ဆံပင်များနှင့် အဝတ်စများမှာ အထိန်းအကွပ်မဲ့စွာ တဖတ်ဖတ်လွင့်နေတော့သည်။

မိုးကောင်းကင်လည်း မရှိတော့၊ မြေပြင်များလည်း မရှိတော့။

ကြယ်တာရာကောင်းကင်သာ ရှိတော့သည်။

နတ်ဆိုးကုန်းမြေ၏တပ်ဖွဲ့များနှင့် တိုက်ခိုက်နေသော အာကာပြင်ကျယ်ကျောင်းတော်၏ ကျင့်ကြံသူများထံမှ တအံ့တဩပင့်သက်ရှိုက်သံများ ထွက်လာကြသည်။ ဂိုဏ်းချုပ်နှင့် အနှစ်သာရ ၉ ခုအထွတ်အထိပ်အဆင့် ကျင့်ကြံသူများအပြင် ပုတ်သင်ဘုရင်ပင်လျှင် အင်မော်တယ်နတ်ဘုရားကုန်းမြေ ဘီလူးကြီးတစ်ကောင်အသွင် ပြောင်းသွားသော မြင်ကွင်းကြောင့် လုံးလုံးလျားလျား မှင်သက်လျက်ရှိကြ၏။

ဘီလူးကြီးနှင့် ယှဉ်လျှင် မန်ဟိုမှာ ဖုန်မှုန့်လေးတစ်မှုန့်လောက်သာ ရှိသည်။

ဘီလူးကြီးသည် တလက်လက်တောက်ပနေသော မျက်လုံးများဖြင့် မန်ဟို့ကို ငုံ့ကြည့်ရင်း ကြယ်တာရာကောင်းကင်ထဲ၌ ပျံဝဲနေ၏။ မန်ဟို မျက်မှောင်ကြုတ်သွားသည်။

“စမ်းသပ်နေတုန်းပေါ့လေ ဟမ်။ ကောင်းပြီလေ လုပ်စမ်း စမ်းသပ်လိုက်စမ်း” ထို့နောက် မန်ဟိုသည် ဖမ်းဆုပ်သည့်လက်ဟန်လုပ်လိုက်ရာ သူ့ပတ်ပတ်လည်ရှိ ကြယ်တာရာကောင်းကင်အား ကြေမွသွားစေပြီး ကြီးကျယ်ခမ်းနား‌သော အငွေ့မျှင်တန်းတစ်တန်းပမာ ဖြစ်လာစေ၏။ ဤအငွေ့မျှင်တန်းမှာ အမှန်တကယ် မတည်ရှိသယောင်ပင်။ မန်ဟိုက ၎င်းကို ရှေးခေတ်မှ ပစ္စုပ္ပန်ထဲသို့ ဆွဲယူလိုက်ဟန်တူ၏။

အနှစ်သာရ ၉ ခုအဆင့်ပညာရှင်တစ်ယောက်မှ ထိုသို့မလုပ်နိုင်ပေ။ မန်ဟို့အတွက်တော့ လက်ကလေးတစ်ချက် ဝှေ့ယမ်းလိုက်ရုံသာ လိုသည်။ အနန္တတန်ခိုးရှင်များအတွက် ... အချိန်၊ မိုးကောင်းကင်၊ မြေကြီးနှင့် ကြယ်တာရာကောင်းကင်ပင်လျှင် သူတို့၏စိတ်တိုင်းကျ ခြယ်လှယ်ထိန်းချုပ်နိုင်သော အရာဝတ္ထများ ဖြစ်ချေ၏။

မန်ဟို့လက်ထဲတွင် ပြိုကွဲသွားသောကြယ်တာရာကောင်းကင်မှ အငွေ့မျှင်တန်းသည် ကြာပွတ်ပမာ ဖြစ်လာလေသည်။ ဘီလူးကြီးကို ကြာပွတ်ဖြင့် ချလိုက်သည့်အခါ ကြာပွတ်သည် နဂါးတစ်ကောင်ပမာ လူးလွန့်ရွေ့လျားသွား၏။ ဘီလူးကြီးက ဟိန်းရင်း လက်နှစ်ဖက်လုံးကို ရှေ့ထုတ်ကာ ကြယ်တာရာကောင်းကင်၏စွမ်းအား,အား ထုတ်လွှတ်လိုက်သည်။

ကြာပွတ်မှာ ပြိုကွဲသွားသော်လည်း ဘီလူးကြီးလည်း တွန်းထုတ်ခံလိုက်ရသည်။ ဘီလူးကြီးထံမှ အရိုးကျိုးသံများ ထွက်လာကာ ၎င်း၏အရေပြားများ ကွဲထွက်စုတ်ပြတ်သွားသည်။ ဘီလူးကြီးက မျက်လုံးများလင်းလက်တောက်ပနေလျက် ညာလက်ကို ဆန့်ထုတ်၍ မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်ရာ မန်ဟို့ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်မှာ တဂျုန်းဂျုန်းမြည်လာတော့သည်။

မီးတောက်များ တဟုန်းဟုန်းတောက်လာကာ အနက်ရောင်လေတစ်ချက် ဝေါခနဲ တိုက်ခတ်သွားသည်။ ပင်လယ်ရေများ အုံကြွလာပြီး ဧရာမသစ်ပင်ကြီးတစ်ပင် ပေါ်လာလေသည်။

မန်ဟိုက သူ့ပတ်ပတ်လည်ရှိ အပျက်အစီးစွမ်းအားကို ကြည့်ကာ မျက်နှာတစ်ချက်ပင်မမဲ့ပေ။ သူသည် ညာလက်ကို လေပေါ်မြှောက်၍ ဖမ်းဆုပ်လိုက်၏။ ချက်ချင်းဆိုသလို ဝဲတစ်ဝဲ ဖြစ်တည်လာသည်။ အပျက်အစီးစွမ်းအားအလုံးစုံသည် သူ့လက်ထဲရှိ ဝဲအတွင်းသို့ ပြေးဝင်လာကြပြီးနောက် တဖျတ်ဖျတ်လက်နေသော စက်လုံးတစ်လုံးအသွင် ပြောင်းသွားတော့သည်။

ထို့နောက် မန်ဟိုက လက်သီးဆုပ်လိုက်ရာ စက်လုံးမှာ အလင်းမှုန်များအဖြစ် ပြိုကွဲကာ အရပ်လေးမျက်နှာတွင် လွင့်မျောသွားတော့သည်။

“မင်းမှာ ရှိတာ ဒါအကုန်ပဲလား” မန်ဟိုက မော့ကြည့်ရင်း မေးသည်။ ထို့နောက် ဘီလူးကြီး၏မျက်နှာဆီ ပျံတက်သွားသော ရောင်စုံအလင်းတန်းတစ်တန်းအသွင် ပြောင်း၍ ၎င်း၏နဖူးအား လှမ်းထိလိုက်သည်။

“ပျက်စီးစမ်း” သူ့နှုတ်မှ သွေးအေးသော စကားတစ်ခွန်းသာ ထွက်လာသည်။

ချက်ချင်းပင် အင်မော်တယ်နတ်ဘုရားကုန်းမြေဖြစ်သည့် ဘီလူးကြီးမှာ တဆတ်ဆတ် တုန်ရီလာ၏။ ၎င်းမျက်နှာပြင်တစ်လျှောက် အက်ကွဲကြောင်းများ ပျံ့နှံ့သွားပြီး တစတစ ပိုမိုသိပ်သည်းလာကာ .... နောက်ဆုံးတော့ ဘီလူးကြီးမှာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားတော့လေသည်။

ကျောက်တုံးကျောက်ခဲများ တဖွဲဖွဲရွာကျနေစဉ် မထီမဲ့မြင်နှာမှုတ်သံတစ်သံ ကြယ်တာရာကောင်းကင်ထဲတွင် ပဲ့တင်ထပ်သွား၏။ နှာမှုတ်သံကြောင့် ကျောက်တုံးကျောက်ခဲများသည် မနှိုင်းယှဉ်နိုင်လောက်အောင် ကြီးမားသည့် ရက်စက်သောနဂါးတစ်ကောင်ဖြစ်လာကာ မန်ဟို့ကို ဝါးမြိုတော့မည့်အလား ပါးစပ်ဟလိုက်သည်။

မန်ဟိုက အင်္ကျီလက်စခါပြီးနောက် လှမ်းဟပ်နေသောနဂါးဆီ ဘယ်လက်အား ဆန့်တန်းလိုက်သည်။

“ချိတ်ပိတ်လိုက်” ထပ်မံ၍ စကားတစ်ခွန်းတည်းသာ။ ချက်ချင်းပင် နဂါးကြီးမှာ တုန်ရီလျက် ရပ်သွားသည်။ တခဏကြာသော် ၎င်းတစ်ကိုယ်လုံး မီးခိုးရောင်ဖြစ်လာ၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းမှာ အသက်ဓာတ် ဖျက်စီးခံလိုက်၍ နဂါးကျောက်ရုပ်ကြီးထက် မပိုတော့ပေ။

နဂါးကြီး၏အသွင်သည် ကြောက်စရာကောင်းမြဲ ကြောက်စရာကောင်းဆဲဖြစ်ပြီး မန်ဟို့အရှေ့ အလောင်းကြီးပမာ မလှုပ်မယှက် ပျံဝဲနေတော့၏။

All Chapters