အနန္တစကြဝဠာတစ်ခွင် ခရီးနှင်ဖို့ အရည်အချင်းပြည့်မှီခြင်း
Vol. 113 Ch. 1574
အာကာပြင်ကျယ်ကျောင်းတော်မှ ကျင့်ကြံသူစစ်တပ်ကြီးမှာ ဖြစ်ပျက်နေသောအရာကို မြင်လျှင် ပါးစပ်အဟောင်းသားဖြစ်သွားကြပြီး စိတ်လှုပ်ရှားမှုများ ကြီးထွားလာကြသည်။ ပုတ်သင်ဘုရင်ကြီးမှာလည်း မန်ဟို၏ တန်ခိုးအနန္တကြီးမားမှုကို တွေးရင်း မျက်လုံးများပြူးကျယ်နေသည်။
“ဒါက တန်ခိုးရှင်တဲ့လား.... ဘယ်လောက်အနှိုင်းမဲ့လိုက်သလဲ” ဂိုဏ်းချုပ်၏မျက်လုံးများသည် မျှော်လင့်ချက်တို့ဖြင့် လင်းလက်လာ၏။ ကျင်ယွင်ရှန်းမှာတော့ အသက်မနည်းရှူနေရသည်။
မန်ဟိုသည် နဂါးကြီးကို ငုံ့ကြည့်လိုက်ပြီး မျက်လုံးများ နက်နဲသိမ်မွေ့စွာ တောက်ပသွား၏။ ထို့နောက် သူက နတ်ဆိုးကုန်းမြေဘက် လှည့်သည်။
ထိုကုန်းမြေမှ ကျင့်ကြံသူများကား အာကာပြင်ကျယ်ကျောင်းတော်နှင့် တိုက်ခိုက်နေပြီးဖြစ်သည်။ မန်ဟို့အတွက်တော့ နတ်ဆိုးကုန်းမြေသည် အင်မော်တယ်နတ်ဘုရားကုန်းမြေနှင့် တူညီသော ကံကြမ္မာကို ကြုံတွေ့ခဲ့ပုံပေါ်၏။
သူက နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ရာ မကြာခင် မျိုးနွယ်စုတစ်စုကို သတိထားမိသွားသည်။ ၎င်းကား ... တောင်ပင်လယ်စစ်ပွဲတုန်းက ခန္ဓာမဖောက်ခွဲနိုင်ခဲ့သော လီမျိုးနွယ်စုပင်။
ဝမ်မျိုးနွယ်စုနည်းတူ သူတို့သည် တိုက်ပွဲ၌မပါဝင်။ သူတို့ကိုယ်သူတို့ ချိတ်ပိတ်လျက် တိတ်ဆိတ်စွာ ထိုင်နေကြ၏။ ထိုနေရာရှိ လူများထဲတွင် လီမျိုးနွယ်ဝင်မဟုတ်သူတစ်ယောက် ရှိသည်။ သူကား သတ္တမတောင်ပင်လယ်မှ အက်ရှလွန်ကျင့်ကြံသူ ယွီဝမ်ကျန်းပင်။ သူသည် တာအိုကောင်းကင်ကဲ့သို့ အင်အားစုကြီးနှစ်စုကို ထောက်လှမ်းဖို့ အလွှတ်ခံခဲ့ရသူဖြစ်၏။
နတ်ဆိုးကုန်းမြေတွင် မည်သည့်ရုပ်တုမှမရှိပေ။ ဧရာမအခေါင်းကြီးတစ်ခေါင်းသာ ရှိသည်။ ထိုမျှသာမက ၎င်း၏ကျင့်ကြံသူများတွင် လောကပါလနတ်မင်း၏စိတ်ဆန္ဒမှ ဝိညာဉ်အမျှင်များ ကင်းမဲ့နေသူဟူ၍ မရှိပေ။ အကုန်လုံး ကူးစက်ခံထားရလေသည်။
မြေထုတစ်ခုလုံးမှာ စည်ကားသိုက်ဝန်းသောနေရာတစ်နေရာနှင့် တူသော်လည်း ပျက်စီးဆွေးမြည့်မှုများအား ဖုံးကွယ်ထားသည့် ဟန်ပြအတုအယောင်မျှသာ ဖြစ်ပေသည်။
မန်ဟိုသည် နတ်ဘုရားအာရုံကို ပြန်ရုတ်တော့မည့်အချိန်မှာပဲ အခေါင်းကြီး၏ဘေး၌ တင်ပျဉ်ခွေထိုင်နေသည့် လူတစ်ယောက်ကို သတိထားမိလိုက်သဖြင့် မျက်လုံးများဝိုင်းစက်သွား၏။
ထိုလူ့ကို မန်ဟို မှတ်မိသည်။
“ချုံမန်းတိုင်” သူက ခပ်တိုးတိုး ရေရွတ်ရင်း ခြေတစ်လှမ်းလှမ်းကာ ပျောက်ကွယ်သွားပြီး ချုံမန်းတိုင်ဘေးရှိ အခေါင်းကြီး၏အနားတွင် ပြန်ပေါ်လာသည်။
ချုံမန်းတိုင်မှာ ယခင်ကထက် များစွာပို၍ အိုမင်းသွားခဲ့ပြီး မန်ဟို့ကို မြင်ရသည့်အတွက် အံ့အားသင့်ပုံမပေါ်ပေ။ သူက ခေါင်းမော့၍ ပြုံးပြသည်။ “ရောက်လာပြီပေါ့....”
မန်ဟိုက အမှတ်တရများ ဖြတ်ပြေးနေသော မျက်လုံးများဖြင့် ချုံမန်းတိုင်အား ကြည့်သည်။ နောက်ဆုံးတော့ ခေါင်းညိတ်လိုက်၏။ “ခင်ဗျား စောင့်နေတဲ့ ခင်ဗျားဆရာဆိုတဲ့လူက နတ်ဆိုးကမ္ဘာရဲ့ အနန္တတန်ခိုးရှင်လား”
“တကယ်တော့ တောင်ပင်လယ်လောက ဖျက်စီးခံလိုက်ရတဲ့ အချိန်တစ်ဝိုက်မှာ မန္တန်ဝင်္ကပါဟာ အပြည့်အဝအသက်ဝင်သွားခဲ့တယ်။ ငါ့ဆရာလည်း အဲဒီအချိန်မှာ ပြန်ရောက်လာတယ်လေ။ အဲဒီကတည်းက ငါ စောင့်နေခဲ့တဲ့လူကတော့ ... မင်းပဲ” ချုံမန်းတိုင်က ပြုံးရင်း ထရပ်ကာ ခေါင်းတလားအား လှမ်းထိလိုက်သည်။
တဂျုန်းဂျုန်းမြည်သံများ ထွက်ပေါ်လာကာ အခေါင်းကြီးသည် တုန်ခါလာ၏။ မန်ဟို့မျက်စိရှေ့မှောက်မှာတင် အခေါင်းကြီးကား ခြောက်ကပ်ကာ ပြာကျသွား၏။ မကြာမီ အခေါင်း၏နေရာတွင် ကွက်လပ်ကြီးသာ ကျန်ခဲ့တော့သည်။
ပြာများသည် မြေထုတစ်ခုလုံးအပြည့် ဖုံးလွှမ်းပျံ့နှံ့သွားပြီးနောက် မြေထုအပေါ် တဖြည်းဖြည်း ကျလာ၏။
နေရာတိုင်းလိုလိုတွင် မြေပြင်အရောင်သည် သွေးရောင်ဖြစ်လာ၏။ သို့သော် ၎င်းက လတ်ဆတ်သောသွေး၏ အရောင်မဟုတ်၊ ပုပ်သိုးဆွေးမြည့်နေသကဲ့သို့ ခရမ်းပုပ်ရောင်ပင်။ မှန်သည်၊ မြေပြင်များ၏ အရောင်အစစ်အမှန် ပေါ်လာနေခြင်း ဖြစ်၏။
ရုပ်ဖျက်ပေးထားသော စွမ်းအားမရှိတော့သဖြင့် တောင်တန်းများမှာ တောင်ကတုံးများ ဖြစ်လာကြသည်။ သစ်ပင်များသည် ငုတ်တိုများသာ ရှိတော့၏။ အဆောက်အအုံများလည်း အပျက်အစီးများထက် မပိုတော့ပေ။
မြစ်များသည် ရေများခမ်းခြောက်၍ ပက်ကြားအက်နေကြချေပြီ။ ပင်လယ်များလည်း ချိုင့်ခွက်ကြီးများထက်မပို၊ မရေတွက်နိုင်သော သက်ရှိများလည်း သွေးမည်းသွေးညစ်တို့အဖြစ် အရည်ပျော်ကျသွားသည်။ ကုန်းမြေထဲရှိ အရာအားလုံး၏ အစစ်အမှန်သဘာဝဖြစ်သော .... ပုပ်သိုးဆွေးမြည့်ခြင်းကား ဖော်ထုတ်ခံလိုက်ရချေပြီ။
နတ်ဆိုးကုန်းမြေသည် အချိန်ကို ဖြတ်သန်းသွားလိုက်ရသကဲ့သို့၊ ၎င်းကို လွှမ်းခြုံထားသော ကန့်လန့်ကာအား ဖယ်လိုက်သကဲ့သို့.... လွန်ခဲ့သည့်အတိတ်နှစ်ပေါင်းများစွာမှ အမှန်တရားမှာ ပေါ်လွင်လာတော့သည်။
ချုံမန်းတိုင်က မန်ဟို့ကို ပြန်ကြည့်သည်။ “ငါ နေရစ်ခဲ့တဲ့ အကြောင်းရင်းက ငါ့ဆရာဆီက စကားကို မင်းဆီ ပါးပေးဖို့ပဲ။ ငါ မင်းကို ပြောစရာလိုတဲ့ အကြောင်းနှစ်ကြောင်းရှိတယ်
“ပထမအကြောင်းက” သူက အေးအေးဆေးဆေး ပြောသည်။ “တောင်ပင်လယ်လောကရဲ့ ပျက်သုဉ်းမှုက နတ်ဆိုးလောကအစစ်နဲ့ရော၊ အင်မော်တယ်နတ်ဘုရားကမ္ဘာအစစ်နဲ့ရော ဘာမှမသက်ဆိုင်ဘူးဆိုတာပဲ
“သူတို့တွေဟာ ဟိုးအရင်တုန်းက ပျက်သုဉ်းခဲ့ရပြီးသားတွေ။ အဲဒီတုန်းက ကျင့်ကြံသူအများစု သေကြေခဲ့ကြတယ်။ အသက်ရှင်ကျန်ခဲ့တဲ့လူတွေကတော့ ငါ့ဆရာနဲ့အတူ ထွက်ပြေးလွတ်မြောက်သွားတယ်။ ဟော့ဒီအာကာပြင်ကျယ်စကြဝဠာရဲ့ ကြယ်တာရာကောင်းကင်အပြင်ကို ထွက်ပြီး အနန္တစကြဝဠာရဲ့အနက်ပိုင်းထဲကို ခရီးနှင်သွားခဲ့ကြတာပဲ
“ဒီမှာ မင်းမြင်သမျှအကုန်လုံးက လောကပါလနတ်မင်းရဲ့စိတ်ဆန္ဒတွေ။ မရှိတဲ့အရာကနေ ဖန်ဆင်းထားတာတွေချည်းပဲ။ အလောင်းတွေဟာ အချိန်စီးကြောင်းထဲကနေ ယူထားတဲ့ မှတ်ဉာဏ်တွေ ထည့်သွင်းခံထားရပြီး ကြိုးဆွဲရာအတိုင်း လှုပ်ရှားနေကြတာ
“ဒီကြယ်တာရာကောင်းကင်အတွင်းမှာ မွေးဖွားလာတဲ့ ဘယ်သူ့ကိုမဆို လောကပါလနတ်မင်းရဲ့စိတ်ဆန္ဒက မှတ်ထားတယ်။ ပြီးရင် လောကပါလနတ်မင်းရဲ့စိတ်ဆန္ဒဟာ အဲဒီလူရဲ့မှတ်ဉာဏ်တွေကို သုံးရင်း အဲဒီလူပုံစံပြန်ဖန်ဆင်းတယ်
“ပြောရရင် ဒီမြေထုအပေါ်က လူတိုင်းဟာ သူတို့ကိုယ်သူတို့ ဘာတွေမှန်းမသိဘူး။ သူတို့ တကယ်တည်ရှိနေတာလို့ပဲ ထင်ကြတာ။ တကယ်တော့ သူတို့ဟာ အလောင်းတွေ ဒါမှမဟုတ် မှတ်ဉာဏ်တွေရဲ့ ပုံရိပ်တွေသက်သက်ပဲ
“တကယ်တမ်း ငါလည်း အဲဒီလိုမျိုး ဖြစ်ခဲ့ဖူးတယ်။ ဒါကြောင့် ငါ့ဆရာကို အသက်ပြန်သွင်းဖို့ တစ်ခါမှ လက်မလျှော့ခဲ့တာပဲ။ တောင်ပင်လယ်လောက ဖျက်စီးခံလိုက်ရမှနောက်ဆုံး အကုန်လုံးကို ငါ သဘောပေါက်ခဲ့တာ”
ဤအခြင်းအရာအားလုံးသည် မန်ဟို့အတွက် အံ့ဩစရာမဟုတ်ပေ။ အာကာပြင်ကျယ်စကြဝဠာအပြင်ရှိ တိုင်ငါးတိုင်ကို မြင်လိုက်ရသော အခိုက်အတန့်မှစ၍ အမှန်တရားကို သူ ရိပ်စားမိခဲ့လေသည်။
ထိုအကြောင်းများကြောင့်သာ နတ်ဆိုးနှင့် နတ်ဘုရားသည် တန်ခိုးရှင်အဆင့်တက်လျှင်ချင်း လောကပါလနတ်မင်း၏ လက်ချောင်းနှစ်ချောင်းအား ဖျက်စီးခဲ့ပြီးနောက် အနန္တစကြဝဠာကြီးကို စူးစမ်းလေ့လာဖို့ အာကာပြင်ကျယ်မှ ထွက်သွားခဲ့ကြခြင်းဖြစ်၏။
အဆိုပါအနန္တစကြဝဠာကြီးတွင် ... အဆုံးမရှိသော မျိုးစေ့များ ပြည့်နှက်နေသည်။ ထိုမျိုးစေ့များတွင် ကိုယ်ပိုင်ကြယ်တာရာကောင်းကင်နှင့် ကမ္ဘာတစ်ကမ္ဘာစီ ရှိကြလေသည်။
ချုံမန်းတိုင်က အသက်ပြင်းပြင်းရှူပြီးနောက် ပြောသည်။ “ဒါကြောင့် မင်း တောင်ပင်လယ်လောကကို ထပ်မပျက်သုဉ်းစေချင်ရင် လောကပါလနတ်မင်းကို အပြတ်ရှင်းရလိမ့်မယ်”
“ဒါက ငါ့ဆရာမှာခဲ့တဲ့ ဒုတိယအပိုင်းပဲ
“လောကပါလနတ်မင်းအစစ်ဟာ အာကာပြင်ကျယ်ရဲ့အပြင်မှာ ရှိတယ်။ မင်း သူ့ကို သတ်ချင်ရင်တော့ အခွင့်အရေးတစ်ကြိမ်ပဲ ရလိမ့်မယ်။ တစ္ဆေလည်း ကြိုးစားခဲ့ဖူးတယ်။ ငါ့ဆရာရောပဲ။ နောက်ပိုင်း နတ်ဘုရားလည်း ကြိုးစားခဲ့သေးတယ်။ ဒါပေမဲ့ တစ်ယောက်မှ လောကပါလနတ်မင်းအတွက် ပြိုင်ဘက်မဟုတ်ခဲ့ဘူး။ သူတို့အများဆုံး တတ်နိုင်ခဲ့တာက သူ့လက်ချောင်းတစ်ချောင်းကို ဖြတ်ပစ်တာပဲ။ အဲဒီနောက်ပိုင်း ဒီကြယ်တာရာကောင်းကင်ကနေ မဖြစ်မနေ ထွက်သွားခဲ့ရတယ်
“ပထမဆုံး တစ္ဆေ၊ နောက်တော့ နတ်ဆိုး၊ နောက် နတ်ဘုရား။ တစ်ယောက်ကို ရင်ဆိုင်ရတိုင်း လောကပါလနတ်မင်းဟာ အားနည်းသထက် အားနည်းလာခဲ့တယ်။ ဒါပေမဲ့ အဲဒီအတိုင်းအတာအထိ အားနည်းသွားခဲ့တာတောင်မှ အနန္တတန်ခိုးရှင်အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ ဖျက်စီးသတ်ဖြတ်တာခံရဖို့ အစွမ်းထက်လွန်းနေသေးတုန်းပဲ။ သူ့ကို ဖျက်စီးနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းက ... သူ့ရဲ့ နောက်ဆုံးအတိုင်းအတာအထိ အားနည်းသွားအောင် လုပ်ပြီး သူ့ကို သတ်ဖို့ တန်ခိုးရှင်နောက်တစ်ယောက်လွှတ်လိုက်တာပဲ
“မင်းက လောကပါလနတ်မင်းကို ဖျက်စီးနိုင်မယ့် နောက်ဆုံးမျှော်လင့်ချက်ဖြစ်တယ် မန်ဟို
“လောကပါလနတ်မင်း အားအနည်းဆုံးဖြစ်နေတဲ့အချိန်မှာ သူ့ကို သတ်နိုင်မယ့် အခွင့်အရေးတစ်ခု မင်း ရမယ်။ မင်း မအောင်မြင်ရင်တော့ ငါ့ဆရာနဲ့ ကျန်တဲ့တန်ခိုးရှင်နှစ်ယောက်လိုပဲ ဖြစ်လာလိမ့်မယ်။ မင်းရဲ့ကိုယ်အစစ်ဟာ ဟော့ဒီကြယ်တာရာကောင်းကင်အတွင်းမှာ ဆက်လက်တည်ရှိပိုင်ခွင့် မရှိတော့လို့၊ နှင်ထုတ်ခံရမယ်။ ကိုယ်ပွားတစ်ကိုယ်တော့ ချန်ခဲ့နိုင်ကောင်း ချန်ခဲ့နိုင်ပေမယ့် အဲဒီကိုယ်ပွားဟာလည်း လောကပါလနတ်မင်းကို ဘယ်တော့မှ သတ်နိုင်မှာမဟုတ်ဘူး။ အရည်အချင်းမပြည့်မှီတော့လို့”
“ဘယ်သူက အဲဒီအရည်အချင်းတွေကို သတ်မှတ်ထားတာလဲ” မန်ဟိုက မျက်လုံးများတောက်ပနေလျက် မေးသည်။
“ဘိုးဘေးနယ်ပယ်အပေါ်မှာ တည်ရှိတဲ့ ဥသျှောင်မှော်ဥပဒေ။ အနန္တစကြဝဠာရဲ့ သဘာဝဥပဒေကိုယ်တိုင်ပဲ”
“လောကပါလနတ်မင်းက ဘယ်လိုဖြစ်တည်လာတာလဲ ခင်ဗျားသိလား” သူတို့စကားပြောလေလေ၊ မန်ဟို၏မျက်လုံးများသည် တောက်ပလာလေလေဖြစ်ရာ နောက်ဆုံးတော့ လျှမ်းလျှမ်းတောက်နေသည့် နေများသဖွယ် ဖြစ်လာ၏။ ချုံမန်းတိုင်ပင် တုန်လှုပ်မိသွားသည်။ “ခင်ဗျားသိရင် ကျေးဇူးပြုပြီး ရှင်းပြပေးပါ”
ထို့နောက် မန်ဟိုသည် လက်ယှက်၍ ချုံမန်းတိုင်အား အရိုအသေပေးလိုက်၏။