ခွဲခွာခြင်း
Vol. 3 Ch. 40
နောက်ထပ် မိနစ်နှစ်ဆယ် ကြာပြီးနောက်တွင် ယွန်ကျန်းရီ ဦးဆောင်၍ အားလုံးသည် တောင်ကုန်းနောက်တွင် ဝပ်ကာ တွားသွားလာကြသည်။ လရောင်သည် သူတို့အား တိုက်ပွဲကို ကောင်းကောင်း မြင်စေနိုင်ရန် ထောက်ပံ့ပေးနေသည်။
တိုက်ပွဲကို သုံးသပ်ကြည့်ရ သလောက် မိုဝူကျီသည် ထိုဖက်တီးအား တစ်ယောက်တည်း သတ်ရန် အကြံစည်က မည်မျှ မိုက်မဲကြောင်း သိရှိသွားလေသည်။ အောက်တွင် ခုနစ်ယောက်၊ ရှစ်ယောက်လောက် လဲကျနေပေမဲ့လည်း ဖက်တီးတွင် အားကောင်းသည့် အစောင့်တစ်ယောက် ကျန်ရှိသေး၏။ ထိုသူသည် နှစ်ယောက်နှင့် တိုက်ခိုက်နေပြီး တစ်ယောက်ကား ကျားကျင်း ဖြစ်လေသည်။
ကျားကျင်းသည် မူလက နှစ်ယောက် ခေါ်လာခဲ့သော်လည်း တစ်ယောက်သည် အသတ်ခံလိုက်ရပြီ ဖြစ်၏။
“ကျွန်တော် တော်တော် မိုက်မဲခဲ့တာပဲ ... တစ်ယောက်တည်းသာ လာမိခဲ့ရင် သူ့ကို သတ်ဖို့ အောင်မြင်မှာ မဟုတ်ဘူး ... ” မိုဝူကျီသည် သက်ပြင်းချကာ ညည်းတွားလိုက်သည်။
ယွန်ကျန်းရီသည် ပြန်တုံ့ပြန်လိုက်၏။
“အဲဒီအတွက် ကိုယ့်ဘာသာ အပြစ်မတင်နဲ့ ... ဒီလူက ဖြေရှင်းဖို့ လွယ်ကူတဲ့ ကိစ္စမဟုတ်ဘူး ... ပုံမှန် အရောင်းသမားတွေက ဒီလို အားကောင်းတဲ့ အစောင့်တွေ မခန့်ကြဘူး ... ”
မိနစ်အနည်းငယ် ကြာပြီးနောက်တွင် ကျားကျင်းသည် ထိုကျန်ရှိနေသော အစောင့်၏ ပခုံးကို ဓားဖြင့် ထိုးနိုင်လိုက်၏။ ထိုအခိုက်အတန့်တွင် ကျားကျင်း၏ အပေါင်းအပါအား ထိုလူ ဓားချက်က ထိုးဖောက် သွားလေသည်။
ကျားကျင်းနှင့် သူ့အဖော်တို့သည် ပြင်းထန်စွာ ဒဏ်ရာ ရနေကြလေသည်။ ကျားကျင်းသည် နောက်ကလိုက်ပြီး ဖက်တီး၏ တစ်ဦးတည်း ကျန်သော အစောင့်ခေါင်းကို ဖြတ်နိုင်လိုက်သည်။
ဒဏ်ရာ ရရှိနေသည့် ဖက်တီးသည် မြင်းလှည်းပေါ်တွင် ထိုင်ရင်း အကူအညီတောင်းကာ မအော်ဟစ်ရဲချေ။ သူသည် အကူအညီ တောင်းသည်က အကျိုးမရှိမှန်း သဘောပေါက်၏။
“ငါတို့ အလှည့်ပဲ ... ” ယွန်ကျန်းရီသည် လေးနက်စွာ ပြောလိုက်ရင်း ဗိုလ်ချုပ်တစ်ယောက် ကဲ့သို့ တောင်ကုန်းပေါ်မှ လျှောဆင်းချလိုက်သည်။
သူ၏ ရန်သူကို ခေါင်းဖြတ်နိုင်လိုက်သည့် ကျားကျင်းသည် ယွန်ကျန်းရီ ချဉ်းကပ်လာသည်ကို မြင်သည့်အခါ အလွန် တုန်လှုပ်သွားလေသည်။
“ဘမ်း ... ” အော်လိုက်ပြီးနောက် ကျားကျင်းသည် နောက်ဆုတ်ကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
“ဘယ်သူလဲ ... ဘယ်လိုလုပ် ငါ့ကို တိုက်ရဲတာလဲ ... ငါက ရွှမ်လင်း စီရင်စုသခင် အတွက် အလုပ်လုပ်ပေးတာ ... ငါ့ကို လွှတ်ပေးသရွေ့ ... ”
ကျားကျင်း စကားလုံးများသည် တောင်ကုန်းမှ ဆင်းလာသည့် မိုဝူကျီကို မြင်သောအခါ ရပ်တန့်သွားလေသည်။
သူသည် မိုဝူကျီနှင့် သူ့နောက်မှ မိန်းကလေးနှစ်ယောက် ဖြစ်သော မိုရှင်းထောင်နှင့် ကျင်းလင်းပေးကိုလည်း မှတ်မိလေသည်။ ထိုအခိုက်အတန့်တွင် သူ့ဘဝသည် ပြီးဆုံးသွားပြီဟု သိရှိလိုက်၏။ ကျင်းလင်းပေး၏ တည်ရှိမှုကပင် သူတို့သည် သခင်တောင် တိုက်ခိုက်ရဲသည်ဟု သက်သေထူခြင်း ဖြစ်ပြီး အဘယ်ကြောင့် သူတို့က သူ့အား ချမ်းသာပေးမည်နည်း။
“ရွပ် ... ” ကျားကျင်း အတွေး ရပ်လိုက်သည့်အခါ ယွန်ကျန်းရီသည် သူ့ပုဆိန်အား လွှဲကာ ခေါင်းအား ပိုင်းဖြတ်လိုက်သည်။
ယွန်ကျန်းရီသည် ဒဏ်ရာ ပြင်းထန်စွာ ရနေသော ကျားကျင်း အပေါင်းအပါကိုလည်း အဆုံးသတ်ပေးလိုက်၏။
ဒေါ်လေးဆယ့်တစ်သည် မိုဝူကျီအား ရယ်မောကာ ပြောလိုက်သည်။
“ဝူကျီရေ ... သူ့ကို ငါတို့ကူဖို့ မလိုတော့ဘူး ထင်တယ် ... ကျန်းရီ စွမ်းရည်နဲ့ဆိုရင် ဟိုနှစ်ကောင်က မလုံလောက်သေးဘူး ... ”
မိုဝူကျီသည် မိုးကြိုးမြူတောထဲတွင် ရှင်ခြင်း၊ သေခြင်း ကြုံတွေ့ခဲ့ရသော်ငြား ထိုသို့သော သွေးသံရဲရဲ မြင်ကွင်းကို မမြင်ခဲ့ဖူးချေ။ ခဏတာလောက် သူမြင်ကွင်းအား နေသေား မကျသေးပေ။
“ကျေးဇူးရှင်တို့ကို ကျေးဇူးအများကြီး တင်ပါတယ် ... ခင်ဗျားတို့သာ အချိန်ကိုက် ရောက်မလာခဲ့ရင် ကျွန်တော့် အသက် ပျောက်တော့မလို့ ... အသက် ကယ်ပေးတာ ကျေးဇူးဆပ်တဲ့ အနေနဲ့ ပါသမျှ အကုန် ပေးပါ့မယ် ... ” မိုဝူကျီသည် ထိုဖက်တီးက သူတို့အား အသက်ကယ်သည့် အတွက် ကျေးဇူး တင်လိမ့်မည်ဟု မမျှော်လင့်ထားချေ။
မိုဝူကျီသည် ထိုဖက်တီးက သူ့ကို ကယ်တင်ပေးသည်ဟု တွေးထင်နေခြင်းကို မယုံနိုင်ပေ။ မိုဝူကျီသည် ဖက်တီး၏ မသိနားမလည်မှု အပေါ် မလေးစားပဲ မနေနိုင်ပေ။
“ဖက်တီး ... ခင်ဗျားက အကောင်းမြင်လွန်း နေတာပဲ ... မေးပါ့ရစေဦး ... ဒီမိန်းကလေး နှစ်ယောက်ကို ဘယ်က ရှာတွေ့လာတာလဲ ... ဆင်ခြေဆင်လက် ရှာပြီး အခြေအနေတွေ ရှင်းပြမယ် စိတ်မကူးနဲ့ ... တကယ်လို့ ခင်ဗျား အဖြေကို ကျွန်တော် သဘောကျရင်တော့ ခင်ဗျားကို အချိန်ကောင်းလေးတွေ ပေးရင်ပေးမှာပေါ့ ... မဟုတ်ရင် ခင်ဗျားကို မသတ်ဘဲ ရှင်လျက်နဲ့ အရေပြားခွာပြီး အရွတ်တွေ ဖြတ်တောက်ပစ်မယ် ... ”
“ဟိုင်ဝေဖန်းဆိုတဲ့ မြင်းသူခိုး တစ်ယောက်ဆီက ဝူရှုးပြည်နယ်ထဲမှာ ... ”
“အဲဒါဆို ဟိုင်ဝေဖန်းက ကျင်းမျိုးနွယ်ကို ဖျက်ဆီးခဲ့တဲ့ သူလား ... ” မိုဝူကျီသည် ဘေးမှ ကျင်းလင်းပေး တုန်ယင်နေသည်ကို မြင်၍ သူမ အစား မေးပေးလိုက်သည်။
“အဲဒါတော့ မသိဘူး ... ကျွန်တော် တကယ်ကို မသိတာပါ ... ” ဖက်တီး ယုံယုံသည် ထပ်ခါ ထပ်ခါ ပြောလိုက်သည်။
မိုဝူကျီသည် ကျင်းလင်းပေးအား ကြည့်ကာ ပြောလိုက်သည်။
“ကျွန်တော် ခန့်မှန်းရသလောက် ဒါက ဟိုင်ဝေဖန်း လုပ်တာပဲ ဖြစ်ရမယ် ... ထပ်မေးလို့ အကျိုးမရှိတော့ဘူး ... ”
ကျင်းလင်းပေးသည် မျက်ရည် စက်လက်ဖြင့် မြေကြီးပေါ်သို့ လဲသွားလေသည်။ သူမသည် သတင်းဆိုးဖြင့် ကျော်ကြားလှသော ဟိုင်ဝေဖန်း၏ နာမည်ကို ကြားဖူးကာ သူ၏ယုတ်မာမှု များကိုလည်း ကြားဖူးနားဝရှိ၏။
မိုဝူကျီသည် သူ့လက်မှ ဓားကို သုံးကာ ယုံယုံ၏ ဦးခေါင်းကို ပိုင်းခြားလိုက်သည်။ သွေးသံရဲရဲ မြင်ကွင်းက သူ့အား အဆင်မပြေအောင် ပြုလုပ်နေသော်ငြား သူသည် ထိုအရာသည် လုပ်ဆောင်ရန် လိုအပ်သည့်အရာ ဖြစ်ကြောင်း သိ၏။ ထိုဖက်တီးသည် မိန်းကလေးများကို ကုန်ကူးသည့် အချက်ကိုနှင့် ထိုသည်အထဲမှ တစ်ယောက်က မိုရှင်းထောင် ဖြစ်နေခြင်းက မိုဝူကျီအား ဒေါသ အလွန်အမင်း ထွက်စေ၏။
ယွန်ကျန်းရီသည် သူ့ခန္ဓာကိုယ်မှ ရွှေပြားနှင့် ငွေပြားများကို ထုတ်ယူလိုက်သည်။ ရွှေချလန်များအပြင် ရွှေပြား ၁၆၀၀၀နှင့် ငွေပြား ထောင်ကျော်ကို တွေ့လိုက်သည်။
ယွန်ကျန်းရီသည် ရွှေပြားအားလုံးကို မိုဝူကျီထံ ပေးလိုက်၏။ ထိုသည်က မိုဝူကျီ၏ အကြံစည်သာ ဖြစ်လေ၏။
မိုဝူကျီသည် ရွှေပြားများကို သိမ်းဆည်း မထားချေ။ ထို့အစား သူသည် အပို ရွှေချလန် ၂၀၀၀၀ကို ထုတ်ယူကာ သုံးပိုင်း အညီအမျှ ခွဲလိုက်ပြီး ဒေါ်လေးဆယ့်တစ်၊ မိုရှင်းထောင်နှင့် ကျင်းလင်းပေး တို့အား ခွဲပေးလိုက်သည်။
“ဒေါ်လေးဆယ့်တစ် သူတို့ကို ဒီနေရာနဲ့ ဝေးရာကို မြန်မြန် ခေါ်သွားပေးဗျာ ... ”
“ငါ သိပြီ ... ” ဒေါ်လေးဆယ့်တစ်သည် အချိန် ထပ်မဖြုန်းတော့ပဲ ရွှေချလန်များကို သိမ်းဆည်းလိုက်သည်။
မိုရှင်းထောင်သည် မိုဝူကျီက တော်ဝင်မြို့တော်သို့ သွားချင်မှန်း သိကာ သူမအား တစ်ပါတည်း ခေါ်ဆောင် မသွားနိုင်ကြောင်းလည်း သိရှိ၏။ ထိုအချက်များအပြင် မိုဝူကျီသည်လည်း မိုမျိုးနွယ်စုမှ ဖြစ်သောကြောင့် ဘာမှ ထပ်မဆိုဘဲ ရွှေပြားများကို သိမ်းထားလိုက်သည်။ တွေဝေနေသော ကျင်းလင်းပေးသည် ပိုက်ဆံများကို ငြင်းလိုက်ပါက ဒေါ်လေးဆယ့်တစ်ကို စိတ်မကြည်စေအောင် ပြုလုပ်မိသလို ဖြစ်မှာစိုးကာ ရွှေပြားများ သိမ်းထားလိုက်ရ၏။
“ဝူကျီ ... နောင်ကျ ... ” မိုရှင်းထောင်သည် မိုဝူကျီအား တွေဝေစွာ ကြည့်လိုက်၏။
မိုဝူကျီသည် အလေးအနက် ပြောလိုက်သည်။
“နောင်ကျ ကျွန်တော့်မှာ စွမ်းဆောင်ရည်ရှိရင် မိုမျိုးနွယ်အစား လက်တုံ့ပြန်ပါ့မယ် ... ”
သို့ပေမဲ့လည်း မိုဝူကျီသည် လုံလောက်သည့် အထိ မစွမ်းဆောင်နိုင်လျှင် လက်လျှော့မည် အကြောင်း မပြောလိုက်ချေ။
“သွားရအောင် ... ”ဒေါ်လေးဆယ့်တစ်သည် ပြောရင်း မြင်းပေါ် တက်လိုက်သည်။ သူမသည် တဲ့တိုးလုပ်တတ်သည့် သူဖြစ်၏။
ကျင်းလင်းပေးက မိုဝူကျီနှင့် ယွန်ကျန်းရီဆီ သွားကာ ဘာမှ မဆိုဘဲ ရိုသေစွာ ဦးညွှတ် လိုက်လေသည်။
“ဒီကျင်းလင်းပေး ကိုတော့ ငါတော့ တကယ် လေးစားတယ် ... တစ်ခါတစ်ရံကျ စကားလုံးတွေက မလိုအပ်ဘူးကွ ... ” ယွန်ကျန်းရီသည် သုံးယောက်သား အကွာအဝေးတစ်ခု ရောက်သွားသည့် အထိ ကြည့်ကာ လေးစားစွာ ပြောလိုက်သည်။
လရောင်အောက်တွင် သုံးယောက်သား အသံပျောက် သွားသည့်အခါ ယွန်ကျင်းရီက ပြောလိုက်၏။
“သွားရအောင် ... ဒီမှာ ဒီအတိုင်း ထားခဲ့မှာမလား ... ”
မိုဝူကျီသည် ကျားကျင်းကို ကြည့်ကာ
“ကျန်တာတွေ ဒီအတိုင်းထားခဲ့မယ် ... ဒါပေမဲ့ ကျားကျင်းကိုတော့ ဝှက်ဖို့ လိုလိမ့်မယ် ... ”
ယွန်ကျန်းရီသည် ချက်ချင်း အကြောင်းရင်းကို သဘောပေါက်လိုက်၏။
“ဝူကျီ ... မင်းက တကယ်ကို ဂရုစိုက်ပြီး တွေးတတ်တာပဲ ... ငါ ဘယ်လိုလုပ် မတွေးမိပါ့လိမ့် ... ”
ညသည် တရွေ့ရွေ့ ကုန်ဆုံးသွားပြီး ပင်လယ်ဘေးရှိ မနက်ခင်းသည် ငြိမ်းချမ်းလွန်းလှ၏။
“အား ... ” ယူးဟိုင် တည်းခိုခန်းမှ အော်ဟစ်သံက ထွက်ပေါ်လာလေသည်။ တံခါးစောင့်သည် ဘာဖြစ်နေမှန်း သိရန် အပြေးအလွှား သွားကြည့်လေ၏။
တံခါးစောင့်သည် အခန်း နံပါတ် ၁၇ ကို ခေါက်ကာ မေးလိုက်သည်။
“ဆရာ ... ဘာများ ကူညီပေးရမလဲ ... ”
ထိုအချိန်တွင် အားလုံးသည် ယူးဟိုင် တည်းခိုခန်းတွင် နေထိုင်ကြသည်။ ထိုအခန်းများတွင် သခင် သို့မဟုတ် မင်းသား တစ်ယောက်ယောက် ဖြစ်နိုင်၏။ ထို့ကြောင့် ရာထူးငယ်သည့် သခင် သို့မဟုတ် မင်းသားပင် ဖြစ်နေလျှင်ပင် သိပ်ကိစ္စမရှိပေ။
ထောင်ပချီသည် ဒေါသထွက်စွာ ပြောလိုက်သည်။
“မနေ့က တစ်ယောက်ယောက်က ငါ့ကို မေ့အောင် လုပ်ခဲ့တယ် ... မဟုတ်သေးဘူး ... ငါ့ကျွန်ကို ခေါ်သွားခဲ့တယ် ... ခဏနေပါဦး ... ကျားကျင်းက ဘယ်မှာလဲ ... ဘာလို့ ကျားကျင်းက ပြန်မရောက်သေးတာလဲ ... ”
သူ့စကား ဆုံးသည့်နောက်တွင် ထောင်ပချီသည် သူ့မမေ့ခင် ခိုင်းလိုက်သည့် ကိစ္စကို အမှတ်ရကာ တည်ငြိမ်သွားလေ၏။ သူသည် ရာထူးငယ်သည့် စီရင်စုသခင် ဖြစ်နေလျှင်ပင် တစ်ယောက်ယောက်က သူက သူ့နောက်လိုက်များကို ဖက်တီးအား သတ်ခိုင်းသည့်ကိစ္စ သိလျှင် လွတ်လမ်းမရှိချေ။
“ရပြီ ... မင်းထွက်သွားလို့ ရပြီ ... ငါ အိပ်မက်ဆိုး မက်နေလို့ ... ” ထောင်ပချီသည် လက်ပြတားကာ တံခါးစောင့်အား ထွက်သွားရန် အမိန့်ပေးလိုက်သည်။
တံခါးစောင့်သည် ထိုတစ်ဖက်စွန်း စီရင်စု သခင်ကို ထပ်မပြောတော့ပဲ မထီမဲ့မြင် ကြည့်ကာ လှည့်ထွက်သွားလေသည်။
***