နတ်ဆိုးကုန်းမြေ၏ ကံကြမ္မာ
Vol. 113 Ch. 1575
“အသေအချာပြောဖို့တော့ ခက်တယ်” ချုံမန်းတိုင်၏မျက်လုံးများတွင် အတိတ်၏အငွေ့အသက်များ ဖြတ်ပြေးသွားသည်။ “သူက အနန္တစကြဝဠာကြီးထဲက ငါတစ်ခါမှတောင် မကြားဖူးတဲ့ ကမ္ဘာတစ်ကမ္ဘာကနေ လာတာ ရှစ်ဆယ်ရာခိုင်နှုန်းသေချာတယ်....
“တကယ်တော့ ငါတို့ကြယ်တာရာကောင်းကင်ရဲ့ စိတ်ဆန္ဒဟာ အစတုန်းက လောကပါလနတ်မင်းရဲ့စိတ်ဆန္ဒမဟုတ်ဘူးလို့ ငါ့ဆရာကတော့ ယုံကြည်ထားတယ်
“တစ္ဆေနဲ့ နတ်ဘုရားလိုပဲ ငါ့ဆရာလည်း အခု အာကာပြင်ကျယ်စကြဝဠာရဲ့ ကြယ်တာရာကောင်းကင်ထဲမှာ ကိုယ်အစစ်နဲ့ မနေနိုင်တော့ဘူး။ ပြောရရင် ဒီနေရာနဲ့ သူတို့ရဲ့အဆက်အသွယ်တွေဟာ ပြတ်တောက်လုနီးပါးတောင် ဖြစ်နေပြီ။ အခု သူတို့တွေဟာ တန်ခိုးရှင်အဆင့်အလွန်မှာ တည်ရှိတဲ့ လမ်းစဉ်ကို လျှောက်ရင်း အနန္တစကြဝဠာကြီးထဲမှာ လှည့်လည်သွားလာနေကြတယ်
“မင်းလည်း... အဲဒီလမ်းကို လျှောက်ရမယ့် ကံကြမ္မာပါတယ် မန်ဟို။ သူတို့တွေ .... မင်းကို အနန္တစကြဝဠာထဲမှာ စောင့်နေကြတယ်”
ချုံမန်းတိုင်၏ခန္ဓာကိုယ်သည် တစတစမှေးမှိန်လာရင်း တဝေါဝေါမြည်နေသည့် ဝဲကြီးတစ်ဝဲဖြစ်လာကာ မပျောက်ကွယ်ခင် လီမျိုးနွယ်စုကို စုပ်ယူသွား၏။
ကြယ်တာရာကောင်းကင်တွင် ဧရာမအက်ကွဲကြောင်းကြီးတစ်ကြောင်း ဂျိန်းခနဲ ပွင့်ထွက်လာသည်။ ထို့နောက် နတ်ဆိုးကုန်းမြေမှာ တိတ်ဆိတ်သွားသည်။ ကျန်ရစ်ခဲ့သည့်အရာများမှာတော့ ... ချုံမန်းတိုင်၏ နောက်ဆုံးစကားသံများပင်။
ချုံမန်းတိုင်ထွက်သွားပြီးနောက် တိတ်ဆိတ်သွားသည့်အခါ အာကာပြင်ကျယ်ကျောင်းတော်မှ တပ်ဖွဲ့များသည် သူတို့၏ပတ်ပတ်လည်ရှိ အပျက်အစီးများအား တအံ့တဩ ကြည့်နေကြ၏။ ဖြစ်ပျက်နေသောအရာနှင့် ပတ်သက်၍ သူတို့တွင် အတွေးမျိုးစုံရှိသော်လည်း အကုန်လုံး ဘာမှမလုပ်ကြပေ။ တစ်ယောက်ပြီးတစ်ယောက် မန်ဟို့အား လှမ်းကြည့်ကြသည်။
မန်ဟိုသည် မျက်လုံးများကို ခေတ္တမှိတ်ပြီးနောက် ပြန်ဖွင့်လိုက်၏။ ၎င်းတို့ကား မည်သူမှ သူဘာတွေးနေလဲ မပြောနိုင်လောက်အောင် နက်နဲဆန်းကြယ်နေလေသည်။ နှစ်ပေါင်းများစွာ ရင်၌ အစိုင်အခဲဖြစ်တည်နေခဲ့သော အမုန်းတရားမှာ ယခုတော့ ပြေငြိမ်းသွားခဲ့ပြီဖြစ်သည်။ ဤအခိုက်အတန့်တွင် အင်မော်တယ်နတ်ဘုရားကမ္ဘာနှင့် နတ်ဆိုးလောကအပေါ် သူ၏မုန်းတီးမှုမှာ ကောင်းကင်ဘုံ ၃၃ ဘုံအပေါ် မုန်းတီးမှုထက် မပြင်းထန်ကြောင်း မန်ဟို သဘောပေါက်နားလည်သွား၏။
မန်ဟိုသည် ပဟေဠိများ၊ သတ်ဖြတ်မှုများ ပြည့်နှက်နေသော လမ်းတစ်လမ်းကို လျှောက်ခဲ့ရ၍ ဤအချိန်တွင်တော့ တန်ခိုးရှင်အဆင့်တက်ခဲ့သော်ငြား ....... သူ့နှလုံးသားမှာ ပင်ပန်းနွမ်းနယ်နေခဲ့လေပြီ။
“အင်မော်တယ်နတ်ဘုရားကမ္ဘာနဲ့ နတ်ဆိုးလောကနဲ့ ငါ့ရန်ငြိုးဟာ အဆုံးသတ်ခဲ့ပြီ။ ဒါပေမယ့် တကယ့်တိုက်ပွဲဟာ အခုမှစမှာ” သူက ကြယ်တာရာကောင်းကင်အား မော့ကြည့်ကာ မျက်လုံးများ တောက်ပလာတော့သည်။ သူ၏နတ်ဘုရားအာရုံမှတစ်ဆင့် ကြယ်တာရာကောင်းကင်ထဲတွင် သူရှိရာသို့ တဟုန်ထိုးလာနေသော အရိပ်များစွာကို မန်ဟို အာရုံရထားပြီးသည်မှာ ကြာခဲ့လေပြီ။
သူနှင့် လောကပါလနတ်မင်း၏စိတ်ဆန္ဒအနက် တစ်ယောက်သာ အသက်ရှင်ကျန်မည်ဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။ တစ်ယောက်မဟုတ် တစ်ယောက်တော့ မုချသေရလိမ့်မည်။
မန်ဟို ကြယ်တာရာကောင်းကင်အား မော့ကြည့်နေစဉ် နတ်ဆိုးကုန်းမြေသည် တဝုန်းဝုန်းလှုပ်ခတ်လာ၏။ အင်မော်တယ်နတ်ဘုရားကုန်းမြေနည်းတူ ၎င်းသည် လောကပါလနတ်မင်းစိတ်ဆန္ဒ၏ အရှိန်အဝါကို ထုတ်လွှတ်နေသော ဘီလူးကြီးအသွင် စပြောင်းလာ၏။
ဤမြေထုသည် နတ်ဆိုးကုန်းမြေအစစ်မဟုတ်။ လောကပါလနတ်မင်း၏စိတ်ဆန္ဒ ဖန်ဆင်းထားသော အတုအယောင်မျှသာ ဖြစ်ပေသည်။
နတ်ဆိုးကုန်းမြေက ဘီလူးကြီးပုံစံပြောင်းလဲနေသဖြင့် အလွန်ကျယ်လောင်သည့် ထစ်ချုန်းသံများ မိုးနှင့်မြေတွင် ဆူညံနေသည်။ တောင်ထိပ်များသည် ဘီလူးကြီး၏အရေပြားမှာ ထိုးထွက်နေသော အချွန်တက်များဖြစ်လာ၏။ တောင်တန်းများက သွေးကြောများဖြစ်လာကာ မြစ်ချောင်းပင်လယ်တို့က သွေးဖြစ်သည်။ မြေပြင်များ အော်မြည်၍ တောင်များ ယိမ်းထိုးနေတော့သည်။
ထို့နောက် မျက်နှာတစ်ဖက် ပေါ်လာသည်။ မြေထု၏ပင်လယ်နှစ်စင်းသည် မျက်လုံးများနှင့်တူသော တွင်းနက်ကြီးများသဖွယ် နစ်ဝင်သွား၏။
ထိုမျက်လုံးများ ပွင့်လာသည်။
လက်မောင်းကြီးတစ်ဖက် ပေါ်လာပြီး ၎င်းက မန်ဟို့ဆီ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
ဤရွေ့ဤမျှသာဆိုလျှင် အကြောင်းမဟုတ်သေး။ သို့သော် ဤအခိုက်အတန့်တွင် အဝေး၌ အလင်းတန်းပေါင်းများစွာ ပေါ်လာသည်။ ၎င်းတို့သည် အရပ်မျက်နှာပေါင်းစုံမှ လာနေကြခြင်းဖြစ်ပြီး အသေအကြေတိုက်ခိုက်ဖို့ အဆုံးမရှိချီတက်လာနေကြသည့်အလား ထင်ရ၏။
ထိုအလင်းတန်းများထဲရှိ ဖြစ်တည်များကား အလွန်ထူးဆန်းလှပေသည်။ သူတို့အကြား တူညီသည့်အရာဆို၍ လောကပါလနတ်မင်း၏ ကြယ်တာရာကောင်းကင်မှ သက်ရှိများဖြစ်သည့်အချက်သာ ရှိသည်။ သူတို့သည် ဤနေရာတွင် မွေးဖွားလာခဲ့ကြ၍ လောကပါလနတ်မင်း၏စိတ်ဆန္ဒကို လိုက်လျောရန်မှတစ်ပါး ရွေးချယ်စရာမရှိပေ။
လောကပါလနတ်မင်း၏စိတ်ဆန္ဒက မန်ဟိုနှင့် မန်ဟို့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို သူတို့အား တိုက်ခိုက်သုတ်သင်စေချင်လျှင် သူတို့သည် ထိုတာဝန်ကို ထမ်းဆောင်ဖို့ တွန့်ဆုတ်ကြမည်မဟုတ်ပေ။
သူတို့ အနားရောက်လာသည်နှင့်အမျှ ထစ်ချုန်းသံများ ကျယ်လောင်လာသည်။ ပုတ်သင်ဘုရင်သည် ဟိန်းဟောက်ရင်း တိုက်စစ်ဆင်၏။ ပုတ်သင်ဘုရင်၏အနောက်တွင်တော့ ခေါင်းကြီးနှင့် အာကာပြင်ကျယ်ကျောင်းတော်သားများ ရှိသည်။ ယခုလေးတင် စစ်ပွဲများ ဆင်နွှဲခဲ့ရသော်ငြား သူတို့၏သတ်ဖြတ်လိုစိတ်သည် နည်းနည်းလေးမှ လျော့ကျမသွားခဲ့ပေ။ အကုန်လုံး သတ္တဝါအုပ်ကြီးဆီ မဆိုင်းမတွ ချီတက်သွားကြသည်။ ချက်ချင်းပင် တိုက်ပွဲ ပြင်းထန်သွားလေပြီ။
မန်ဟိုက သတ္တဝါအုပ်များနှင့် ဘီလူးကြီး၏လက်သီးကို ကြည့်ကာ ဟက်ခနဲ ရယ်သည်။
“အာကာပြင်ကျယ်စကြဝဠာနဲ့ ငါဟာ ဒွန်တွဲ မတည်ရှိနိုင်ဘူး။ ဒါကြောင့် ... အာကာပြင်ကျယ်စကြဝဠာကို ငါ နင်းခြေပစ်မယ်
“ပျက်ခြင်းမရှိရင် ဖြစ်ခြင်းဆိုတာ ရှိမလာနိုင်ဘူး။ လောကပါလနတ်မင်း၊ မင်းဟာ ကြယ်တာရာကောင်းကင်ရဲ့ စိတ်ဆန္ဒ ဖြစ်လာနိုင်ခဲ့မှတော့ မင်းကို အစားထိုးလို့လည်း ရမှာပဲ။ တစ္ဆေ၊ နတ်ဆိုးနဲ့ နတ်ဘုရားတို့တွေ မအောင်မြင်ခဲ့ကြဘူး။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ ငါ အောင်မြင်လိမ့်မယ်” မန်ဟို၏မျက်လုံးများသည် နေများလို လျှမ်းလျှမ်းတောက် ဝင်းလက်နေ၏။ လာနေသော သတ္တဝါအုပ်ကြီးမှာ ထိုမြင်ကွင်းကြောင့် လုံးလုံးလျားလျား တုန်လှုပ်ကုန်ကြသည့်တိုင် သူတို့စိတ်ထဲ၌ အသံတစ်သံက မည်သည့်အဖိုးအခကို ပေးဆပ်ရပါစေ၊ သတ်ဖို့ တိုက်တွန်းနေသည်။
မကြာမီ ကြယ်တာရာကောင်းကင်တစ်ခုလုံး တုန်ခါနေတော့သည်။ မန်ဟိုက လှည့်၍ နတ်ဆိုးကုန်းမြေဘီလူးကြီး၏လက်သီးကို ဆုံတွေ့ဖို့ သူ့လက်သီးအား ပစ်သွင်းလိုက်သည်။
ဘီလူးကြီးနှင့် ယှဉ်လျှင် မန်ဟိုမှာ ပိုးကောင်သေးသေးလေးသဖွယ်သာ။ သူတို့၏လက်သီးချင်း ဆုံတွေ့သွားသောအခါ အုန်းခနဲပေါက်ကွဲသံကြီး ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။ မန်ဟို့ဆံပင်များ အတန်ငယ်မြောက်တက်သွားကာ သူလည်း မဆိုစလောက် တုန်ရီသွား၏။ သို့သော် နတ်ဆိုးကုန်းမြေဘီလူးကြီးမှာ တဆတ်ဆတ် တုန်ရီပြီးနောက် ပြိုကွဲစပြုလာတော့သည်။
၎င်းမတုံ့ပြန်နိုင်ခင် မန်ဟိုသည် ရှေ့တစ်လှမ်းလှမ်း၍ ဘီလူးကြီး၏ဝမ်းဗိုက်ရှေ့ ရောက်သွား၏။ ထိုနေရာတွင် သူက ခြေဆောင့်နင်းချလိုက်လေသည်။ ပင့်ကူအိမ်သဖွယ် အက်ကွဲကြောင်းများ ဖြာထွက်သွားသည့်အချိန် မန်ဟို့ဒုတိယခြေလှမ်းသည် ဘီလူးကြီး၏ဒန်တျန်အပေါ်တည့်တည့်သို့ ကျရောက်သွားသည်။ အုန်းးးးးးးးးးးးး။ ထို့နောက် မန်ဟိုက နောက်တစ်လှမ်းလှမ်းသည်၊ သုံးလှမ်း၊ လေးလှမ်း၊ ငါးလှမ်း....
ခြေတစ်လှမ်းလှမ်းတိုင်း သူသည် ဘီလူးကြီး၏ခန္ဓာကိုယ်အား ဆောင့်နင်း၏။ ဘီလူးကြီး၏ ရင်ဘတ်အပေါ် ရောက်သွားသောအခါ ငါးလှမ်းမြောက် လှမ်းခဲ့ပြီးလေပြီ။ ဘီလူးကြီးမှာ ၎င်းကိုယ်၎င်း မထိန်းနိုင်တော့သည့်အလား ရှေ့နောက်ယိမ်းရင်း သိသိသာသာ တုန်ရီနေသည်။ ထိုအခိုက်တွင် မန်ဟိုက ခြောက်လှမ်းမြောက်အား လှမ်းလိုက်၏။
ထိုခြေလှမ်းက သူ့အား ဘီလူးကြီး၏နဖူးအပေါ် ရောက်သွားစေသည်။
တဂျွတ်ဂျွတ်ကျိုးအက်သံများ ပဲ့တင်ထပ်နေပြီး အက်ကွဲကြောင်းများစွာသည် နဖူးမှစ၍ ဘီလူးကြီး၏ခန္ဓာကိုယ်အနှံ့အပြားသို့ မြွေလိမ်မြွေကောက် ဖြာဆင်းသွား၏။ ဘီလူးကြီးက ပြန်တိုက်ခိုက်တော့မည့်အလား ဟိန်းလိုက်သော်လည်း မန်ဟိုက အေးအေးစက်စက် နှာမှုတ်လျက် နောက်ဆုံးခြေလှမ်း.... ခုနစ်လှမ်းမြောက်အား လှမ်းလိုက်သည်။
ထိုခြေလှမ်းက သူ့အား ဘီလူးကြီး၏ ငယ်ထိပ်အပေါ် ခေါ်သွားလေသည်။
နောက်ဆုံးခြေလှမ်းကား အရာအားလုံးကို နင်းခြေဖျက်စီးလိုက်ချေပြီ။