← Chapters

အခွင့်အရေး ဆုံးရှုံးခြင်း

Vol. 3 Ch. 41

အခွင့်အရေး ဆုံးရှုံးခြင်း

Vol. 3 Ch. 41

မိုဝူကျီနှင့် ယွန်ကျန်းရီတို့သည် စိတ်ပူခြင်း အလျှင်းမရှိစွာ တဲသို့အနားယူရန် ပြန်လာလေသည်။ ထောင်ပချီသည် သူတို့က လက်သည်တရားခံ ဖြစ်မှန်း သိလျှင်ပင် သူသည် သက်သေ အထောက်အထားမရှိဘဲ ဘာမှ မလုပ်နိုင်ချေ။

မိုဝူကျီ နိုးလာသည့် အချိန်တွင် နေ့လယ်သို့ ရောက်နေပြီ ဖြစ်၏။ မိုဝူကျီသည် တင်းဘူအာအား ထောင်ပချီအကြောင်း မေးမည့်ဆဲဆဲတွင် ယူးဟိုင် တည်းခိုခန်းမှ တင်းဘူအာ ထွက်လာသည်ကို မြင်လိုက်ရသည်။

“ဝူကျီ ... မမလေးက မင်းကို ပြောစရာရှိလို့တဲ့ ... ” တင်းဘူအာသည် မိုဝူကျီအား အဝေးမှ အော်ခေါ်လိုက်သည်။

ဟန်နင် သူ့အား ပြောစရာရှိသည့် အချိန်သည် သူလည်း တည်းခိုခန်းရှိ ထောင်ပချီအကြောင်း သိချင်သည်နှင့် အချိန်ကိုက် ဖြစ်သွားလေသည်။

“ခဏ ... ” တင်းဘူအာသည် မိုဝူကျီ အနားကပ်လာပြီး အသံနိမ့်ဖြင့် ပြောလိုက်သည်။

“ဝူကျီ ... ဂရုစိုက်ဦး ... ဒါက သတင်းကောင်း ဟုတ်မယ်တော့ မထင်ဘူး ... ဖန်မုန်ဟွာက ငါ့ကို ဒီအကြောင်း ပြောတုန်းက ထစ်အ ထစ်အနဲ့ကွ ... ”

မိုဝူကျီက တင်းဘူအာကို ပုတ်လိုက်ပြီး

“ဒီမှာ ဘာဖြစ်နိုင်မှာလဲကွာ ... စိတ်ပူမနေပါနဲ့ ... ငါလည်းအခု တစ်ခုစုံစမ်းစရာ ရှိနေတာနဲ့ ကွက်တိ ဖြစ်သွားတာ ... ”

ယူးဟိုင် တည်းခိုခန်းသို့ ဝင်ဝင်ချင်း တွေ့လိုက်ရသည့် ဦးဆုံးပုဂ္ဂိုလ်သည် ထောင်ပချီ ဖြစ်နေ၏။ ထောင်ပချီသည် တံခါးစောင့်အား အရင်နေ့က တည်းခိုခန်းသို့ မသင်္ကာဖွယ်လူ ဝင်ရောက်လားဟု စစ်မေးနေလေသည်။ တံခါးစောင့်သည် မိုဝူကျီ ရွှေပြားကို လက်ခံထားသည့်အပြင် ထောင်ပချီ မည်သို့လုပ်ရန် ကြိုးစားနေသည်ကို မသိရှိပေ။ ထို့ကြောင့် သူသည် ထောင်ပချီအား ဘာမှ မပြောလိုက်ပေ။

“ဟာ ... ” သူသည် ညည်းညူပြီး လှည့်ထွက်သွားလေသည်။ သူသည် မိုဝူကျီ တည်းခိုခန်းသို့ ဝင်မည်ကို မြင်သောအခါ လှည့်ကြည့်လိုက်သည်။ သူသည် ခြေလှမ်းအနည်းငယ် လှည့်ကာ မိုဝူကျီအာ ခေါင်းစခြေဆုံး မျက်စိဒေါက်ထောက် ကြည့်လိုက်သည်။ သူသည် မိုဝူကျီနှင့် မနေ့က သူ့အား တိုက်ခိုက်သည့် သူနှင့် တစ်စုံတစ်ရာ တူညီသောအရာများ ရှိလားဟု တွေ့ရန် ကြိုးစားနေလေသည်။

မိုဝူကျီသည် ထောင်ပချီအား ပြန်ကြည့်လိုက်ပြီး တံခါးစောင့်အား သူသည် ဟန်နင်ကို တွေ့ရန်လာသည်ဟု ပြောမည့်ဆဲဆဲတွင် ဖန်မုန်ဟွာသည် အော်ဟစ်ရင်း အပြေးအလွှား ရောက်ရှိလာသည်။

“ဝူကျီ ... မမလေးက ... မင်းကို ... ”

မိုဝူကျီသည် ဖန်မုန်ဟွာကို ကြည့်ရင်း သူဆက်ပြောမည့် စကားအတွက် စိတ်ခံစားချက် မကောင်းချေ။

“ဝူကျီ ... မမလေးက မင်းကို ချန်လောင်ကို မခေါ်သွား နိုင်တော့ဘူးတဲ့ ... ”

ဖန်မုန်ဟွာသည် မိုဝူကျီအာ ကျေးဇူးတင်နေဆဲ ဖြစ်သည့်အတွက် ထိုကိစ္စအား လာပြောရသည်မှာ သူ့အတွက် ခက်ခဲလှသည်။ မိုဝူကျီကြောင့်သာ မဟုတ်လျှင် သူသည် မိုးကြိုးမြူတောတွင် နှစ်လွှာမီးမြက်ရှာရန် အချိန်အတော်ကြာ နေခဲ့ရလိမ့်မည်။ ထို့အပြင် မိုဝူကျီသည် မလိုလားအပ်သော ပြဿနာများကို မဖြစ်စေသောကြောင့် သူနှင့် အလုပ်တွဲလုပ် ရသည်မှာ လွယ်ကူလှသည်။ သူသည် တစ်ခါတစ်ရံတွင် အကူအညီပင် ရသေးလေ၏။

“ဘာလို့လဲ ... ” မိုဝူကျီသည် ချန်လောင်သို့ သွားခွင့်သည် မမလေး၏ ကြင်နာမှုကြောင့် မဟုတ်ဘဲ နှစ်လွှာမီးမြက်နှင့် လဲယူထားရသည်ကို သိသောကြောင့် သူ့အသံသည် အေးစက်လာလေသည်။ ဝိညာဉ်အသီးကို အစေခံတပည့် ဖြစ်ခွင့်နှင့် လဲယူထားသော အမျိုးသားနှင့် အဖြစ်တူလေသည်။

“အဲဒါက ... ” ဖန်မုန်ဟွာသည်‌ ပြောဖို့ရာ တွန့်ဆုတ်နေသော်ငြား နောက်ဆုံးတွင် ပြောပြရန် ဆုံးဖြတ်လိုက်သည်။

“အဲဒါက မမလေးကို တစ်ယောက်က အရေးကြီးတဲ့ လူတစ်ယောက်ကို ခေါ်လာဖို့ အပ်နှံထားလို့ ... အဲဒါကြောင့် ... ”

မိုဝူကျီသည် ငြိမ်သက်သွားကာ ဟိုဟိုဒီဒီ တွေးမိလိုက်သည်။ အကယ်၍ ဟန်နင်သည် သူ့အား ချန်လောင်သို့ မခေါ်သွားလိုလျှင် သူသည် သူ့ဘာသာ သွားဖို့ရန် နည်းလမ်းရှာရမည် ဖြစ်၏။ သူ ထိုသို့ မလုပ်ဆောင်လျှင် သေခြင်းတရားက စောင့်ကြိုနေလိမ့်မည်။

“အစ်ကိုဖန် ... ကျွန်တော် မမလေးနဲ့တွေ့ချင်တယ် ... သူမဆီက တိုက်ရိုက်ကြားချင်တယ် ... ” မိုဝူကျီသည် စကားတစ်လုံးချင်းစီ သေချာ ကြားနိုင်လောက်သည့် လေသံဖြင့် ပြောလိုက်သည်။ သူ့ချစ်သူကပင် သူ့အား သစ္စာဖောက်သေး၏။ မိတ်ဆွေဟုပင် ယူဆ၍ မရသော ဟန်နင်သည်လည်း နှစ်လွှာမီးမြက်မှ ကျေးဇူးတရားများကို မေ့ပစ်ကာ စကားများကို ပြန်ရုပ်သိမ်းကောင်း သိမ်းနိုင်လေ၏။

“အကြောင်းပြချက် မရှိဘူး ... ငါ့မျိုးနွယ်စုက တစ်ယောက်က ချန်လောင်ကို သွားချင်လို့ပဲ ... အဲဒါကြောင့် မင်းနေရာကို ယူရုံအပြင်မရှိဘူး ... ပြီးတော့ မင်းတကယ် သွားချင်တယ်ဆိုရင် ငါ့ခြေထောက်အောက်က တွားသွားပြရင် မင်းအတွက် ပြန်စဉ်းစားပေးရင် ပေးမှာပေါ့ ... ” ချောင်ဟောင်သည် ခြေထောက်ကားပြကာ ငေါ့တော့တော့ ပြောလိုက်သည်။

အမှန်တကယ်ပင် ထိုခွေးကောင် ဖြစ်နေသည်။ မိုဝူကျီသည် လက်သီးဆုပ်ကာ အတည်ငြိမ်ဆုံး အပြုအမူနှင့် အကောင်းဆုံး ပြောရန် ကြိုးစားလိုက်သည်။

“ခင်ဗျား ဘယ်နေရာ သွားသွား မခံမရပ်နိုင်လောက်အောင် အနံ့ထွက်နေပြီ ... ခင်ဗျား နွားချေးပိုးကို မမြင်ဖူးတာ သိပေမဲ့ ခင်ဗျား အမေနဲ့အဖေဆီ သွားပြီး ဘာလို့ အဲဒီလောက် နံနေတာလဲ သွားမေးကြည့်ဦး ... ”

“ငါ မင်းကို သတ်ပစ်မယ် ... ” ချောင်ဟောင်သည် အထက်တန်းလွှာ လူငယ် ဖြစ်သောကြောင့် သူနှင့် တူညီသော အဆင့်အတန်းမှ သရော်ခြင်း သို့မဟုတ် ဝေဖန်ခြင်းများကို စိတ်ထဲ မထားပေ။ သို့သော် မိုဝူကျီကဲ့သို့ အိမ်တော်နောက်လိုက် တစ်ယောက်က သူ့အား ထိုမျှ ရိုင်းပျခြင်းကို ဘယ်လို စိတ်ထားရမည်နည်း ...

ချောင်ဟောင်ဘေးမှ အစောင့်သည် ပြေးလာပြီး ဒေါသထွက်နေသော ချောင်ဟောင်အား ထိန်းထားလိုက်ကာ

“သခင်လေး ... အခုလုပ်လို့ မရသေးဘူး ... ကျွန်တော်တို့ သင်္ဘောပေါ် ရောက်တာနဲ့ အခွင့်အရေးတွေ များလာမှာပါ ... ”

မိုဝူကျီသည် ချောင်ဟောင်ကို ပြောပြီးနောက်တွင် သူသည် ထပ်အပင်ပန်း မခံတော့ချေ။ ထို့အစား သူသည် ချောင်ဟောင်ဘေးတွင် ရပ်နေသော ဟန်နင်အား ကြည့်လိုက်ပြီး

“မမလေး ဒါက မမလေး ရည်ရွယ်ထားတာလား ဆိုတာ သိချင်တယ် ... ”

အကယ်၍ ထိုသည်က သူမ ရည်ရွယ်ချက် ဖြစ်နေလျှင်ပင် သူသည် ဟန်နင်အား ထုတ်ပြောစေချင်သည်။ အကြောင်းရင်းက သူသည် ထိုအခွင့်အရေးအား ကိုယ်ပိုင်စွမ်းအားဖြင့် ရထားသည် ဖြစ်ကာ သူမကို အနူးအညွတ် တောင်းပန်ကာ ရရှိလာခြင်း မဟုတ်ပေ။

ဟန်နင်သည် မပြောခင် အပြစ်ရှိစိတ် ရှိဟန် ပေါ်နေသော်ငြား

“ဝူကျီ ... ကျွန်မ တောင်းပန်ပါတယ် ... အရင်ကဟာကို စိတ်ထဲမထားဘဲ ... သခင်ချောင်ကို လေးလေးစားစား နှုတ်ဆက်လိုက်ရင် ဘယ်လိုလဲ ... ”

မိုဝူကျီသည် အေးစက်စွာ ပြောလိုက်သည်။

“ဒီလို သေးနုပ်တဲ့ ဝူရှုးပြည်နယ်ရဲ့ မင်းသားက ငါ့အတွက် ဘာမလို့လဲ ... မင်းတောင် ငါလေးလေးစားစား ဆက်ဆံရမဲ့ အဆင့်မဟုတ်ဘူး ... မင်းအဖေက ငါ့ကို ဒီကျောက်စိမ်း ဆံထိုးကို ပေးခဲ့တယ် ... ဒုက္ခရောက်တဲ့ အချိန် ချန်လောင်မှာရှိတဲ့ ယူးချောင်ယင်ကို ရှာလိုက် ... ပြီးတော့ ရှင်းရှင်းလင်းလင်း ပြောရဦးမယ် ... မင်းနဲ့အတူ ချန်လောင်ကို သွားဖို့ ငါ့ဘာသာ ကြိုးစားလို့ ရရှိလာတာ မင်းကြင်နာမှုကြောင့် မဟုတ်ဘူး ... မင်းဆီက နှစ်လွှာမီးမြက်လည်း ပြန်မတောင်းဘူး ... အဲဒါကြောင့် အနာဂတ်မှာ ဆက်ပတ်သက်စရာ မရှိတော့ဘူး ... ”

မိုဝူကျီသည် သူသေချာ သိမ်းဆည်းထားသော ကျောက်စိမ်းဆံထိုးကို ထုတ်ကာ ဟန်နင်အား ပေးကာ ရယ်မောလိုက်သည်။

“ငါ့ကို မခေါ်ထားဖို့ ရွေးချယ်ခဲ့တာ မင်းကိုယ်တိုင်ပဲ ... ”

မိုဝူကျီသည် ပြောပြီးသည်နှင့် တည်းခိုခန်းမှ ထွက်လာကာ တစ်ခုခုကို တွေးမိသွားသည်။ ကျင်းမျိုးနွယ်စုကို ဖျက်ဆီးခဲ့သော ဟိုင်ဝေဖန်းသည်လည်း ဝူရှုးပြည်နယ်မှ ဖြစ်ကြောင်းကို အမှတ်ရလိုက်သည်။ အကယ်၍ ချောင်ဟောင်သည် ဝူရှုးပြည်နယ်၏ သခင်ဖြစ်လျှင် သူသည် ဟိုင်ဝေဖန်းနှင့်လည်း ဆက်နွှယ် နေလောက်သည်။ ကျင်းမျိုးနွယ်စု၏ မိုရှင်းထောင်အပေါ် စောင့်ရှောက်ပေးသည့် ကြင်နာမှုကို ပြန်ပေးဆပ်သည့် အနေဖြင့် ထိုကိစ္စအား လေးလေးနက်နက် မှတ်ထားရမည်။

ဟန်နင်သည် ကျောက်စိမ်းဆံထိုးအား တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း ထွက်သွားသည့် မိုဝူကျီအား ကြည့်မိလိုက်သည်။ သူမသည် သူမဖခင်က ထိုသူ့အား ကျောက်စိမ်းဆံထိုး ပေးခဲ့ခြင်းကို မစဉ်းစားတတ်ပေ။

“နောက်လိုက်တစ်ယောက် ဒီလောက် အထက်စီးဆန်တာ ပထမဆုံးပဲ ... သူသာ ငါ့လက်အောက်မှာဆိုရင် အရေခွာပြီးတာ ကြာလောက်ပြီ ... ” ချောင်ဟောင်သည် မိုဝူကျီနောက်ကျော မြင်ကွင်းမှ ပျောက်ကွယ် သွားသောအခါ ပြောလိုက်သည်။

မိုဝူကျီအား စစ်မေးချင်နေသည့် ထောင်ပချီသည် မိုဝူကျီက ချောင်ဟောင်အား မျက်လုံးထဲ မထည့်သည်ကို မြင်သောအခါ ဆက်မလိုက်ရဲတော့ချေ။ သူသည် တစ်ယောက်တည်း ဖြစ်သောကြောင့် အပြင်ဘက်တွင် မိုဝူကျီနှင့် ယှဉ်ကာ သူ့ဂုဏ် လျော့ပါးမခံနိုင်ပေ။

“ဝူကျီ ဘာဖြစ်လာတာလဲ ... မင်းကြည့်ရတာ စိတ်ညစ်နေတဲ့ပုံပဲ ... ” ယွန်ကျန်းရီသည် မိုဝူကျီ တဲကို ပြန်လာတာကို မြင်၍ မေးလိုက်သည်။ ကြည့်ရသည်မှာ တင်းဘူအာသည် အဖြစ်အပျက်ကို မှန်းဆမိ၍ ကျန်းရီကိုပါ ခေါ်ထားခြင်း ဖြစ်၏။

“ငါ ဝူရှုးပြည်နယ် ချောင်ဟောင်ကို စော်ကားမိလို့ ချန်လောင်ကို သွားမဲ့ အခွင့်အရေး ဆုံးရှုံးသွားပြီ ... ထိုခွေးကောင်က ဟန်နင်ကို ခိုင်းဖို့ လက်ထဲ တစ်ခုခု ရှိပုံပဲ ... ” မိုဝူကျီသည် စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

ယွန်ကျန်းရီသည် အားရပါးရ ရယ်မောကာ

“ငါက ဘာများလဲလို့ ... ဒါက ဘာမှ မဟုတ်ပါဘူးကွာ ... အခု ဒေါ်လေးဆယ့်တစ်လည်း ထွက်သွားပြီဆိုတော့ မင်းက ငါ့နောက်လိုက်ပြီး ချန်လောင်ကို လိုက်လို့ရပါတယ်ကွာ ... ဒေါ်လေးဆယ့်တစ်နဲ့ ငါက ချန်ယန်ပြည်နယ်ရဲ့ ဝေယွန်ဟူ မြေးနောက်လိုက်ကြတာ ... ငါတို့တာဝန်က သူ့ကို ချန်လောင်မရောက်ခင် အထိ ကာကွယ်ပေးဖို့ပဲ ... သူ ဂိုဏ်းတစ်ခု တွေ့တာနဲ့ ငါတို့ သွားချင်တာ သွားလို့ရပြီ ... မင်းကို အတူတူ ခေါ်သွားပေးမယ် ... အဲဒါက ဘာမှ မဟုတ်ပါဘူးကွာ ... ”

မိုဝူကျီသည် ထိုအရာကို ကြားပြီး တက်ကြွလာလေသည်။ အမှန်တကယ်ပင် လိုဏ်ခေါင်းတစ်ခု အဆုံးတွင် အလင်းရောင် ရှိသေး၏။ သူ၏ အဓိကရည်ရွယ်ချက် သည်လည်း ဟန်နင်အား ကျေနပ်စေဖို့ မဟုတ်ဘဲ ချန်လောင်သို့ သွားရောက်ရန် ဖြစ်လေသည်။

ထိုကိစ္စကို ဖြေရှင်းပြီးသည့် နောက်တွင် ယွန်ကျန်းရီနှင့် တင်းဘူအာတို့သည် ဆင်နွှဲဖို့ သောက်စားရန် ထွက်သွားလေသည်။

***

All Chapters