← Chapters

အသက်ကြွေးအား ပြန်ပေးဆပ်ခြင်း

Vol. 3 Ch. 42

အသက်ကြွေးအား ပြန်ပေးဆပ်ခြင်း

Vol. 3 Ch. 42

ထိုသည်က သူမ အပြစ်ရှိစိတ်ကြောင့် ဖြစ်နိုင်ပေမဲ့ ဟန်နင်သည် မိုဝူကျီအား မရှာခဲ့ချေ၏။ သူမဘာသာလည်း ရှင်းမပြခဲ့ပေ။ ထောင်ပချီသည်လည်း ငြိမ်းအေးသွားလေသည်။ မိုဝူကျီကို သူ့အား မေ့လဲအောင် လုပ်သည့်သူဟု သံသယရှိသော်လည်း သူသည် ချန်လောင်သို့ သွားမည့်လမ်းတွင် ဘာပြဿနာမှ မဖြစ်ချင်ပေ။

တစ်ဖက်တွင် မိုဝူကျီ၊ ယွန်ကျန်းရီနှင့် တင်းဘူအာတို့သည် နေ့စဉ်နေ့တိုင်း သောက်လိုက် ရွှေ့ပြောင်းဈေးကို သွားစပ်စုလိုက်ဖြင့် သာယာနေလေသည်။ ယွန်ကျင်းရီ ပြောပြသည့် ကျင့်ကြံသူများနှင့် တစ်မူထူးသော အတွေ့အကြုံများကို နားထောင်ပြီး မိုဝူကျီသည် စိတ်သက်သာရာ ရသွားလေသည်။

တစ်ခုသော မနက်ခင်းတွင် မိုဝူကျီသည် ဆေးကြောရန် တဲကို လှပ်လိုက်သည့်အခါ ကျယ်လောင်သော အသံကို ကြားလိုက်ရသည်။ ပင်လယ်ကမ်းတွင် ကျောက်ချထားသည့် ဧရာမသင်္ဘောကြီး တစ်စင်း မြင်လိုက်ရ၍ အလွန်တရာ အံ့ဩသွားလေသည်။

သင်္ဘောကုန်းပတ် ကပင် ဘောလုံးကွင်း အများအပြား ဆံ့နိုင်လောက်သည်။ အလယ်တွင် အခန့်များ ကန့်ထားကာ သင်္ဘောတစ်ခုလုံး ခန့်မှန်းခြေ ဧရိယာ ၁၀၀၀၀၀ စတုရန်း မီတာလောက် ကျယ်ဝန်းပေလိမ့်မည်။

မိုဝူကျီသည် လေပြေအေးကို အားရပါးရ ရှူရှိုက်လိုက်သည်။ ထိုသည်က လေယာဉ်တင် သင်္ဘောထက်ပင် ကြီးမားလေသည်။ လေယာဉ်တင် သင်္ဘောသည်လည်း ကြီးမားလှသည့် သင်္ဘောကုန်းပတ်ဖြင့် ပြုလုပ်ထား၏။ တစ်ဖက်တွင် ဤသင်္ဘောတွင်လည်း အလယ်ရှိ နေစရာ အခန်းနေရာများထက် ကျယ်ဝန်းသည့် သင်္ဘောကုန်းပတ်ဖြင့် ဒီဇိုင်းပြုလုပ်ထားသည်။ ထိုအခန်းများသည် အထပ်လိုက်ဖြစ်နေကာ ခေတ်မီ အဆောက်အဦနှင့် တူညီလေသည်။

ဤကြီးမားလှသည့် အရာကို မည်သည့် စွမ်းအားဖြင့် မောင်းနှင်မည်နည်း။ ကမ္ဘာမြေမှ လေယာဉ်တင် သင်္ဘောများပင် ထိုမျှမကြီးမားပေ။ သို့သော် မောင်းနှင်ရန် နျူကလီးယား စွမ်းအားကို လိုအပ်လေ၏။ ဤနေရာတွင်လဲ နျူကလီးယား စွမ်းအား ရှိသင့်သည်မလား ...

“ဝူကျီ ... မင်းလန့်နေပြီလား ... ငါလဲ ပထမ မြင်ကာစက အရမ်း လန့်သွားခဲ့တာ ... ” တင်းဘူအာ အသံသည် ထွက်ပေါ်လာလေသည်။

ထိုအခိုက်အတန့်တွင် ဝူကျီသည် သူတစ်ယောက်တည်းသာ အံ့ဩနေသည် မဟုတ်တာကို တွေ့လိုက်ရ၏။ ကမ်းစပ်တွင် လူအများနှင့် ပြည့်နေလေသည်။

“ဝူကျီ ... မြန်မြန် ပစ္စည်းသိမ်းတော့ ... သင်္ဘောပေါ် ငါနဲ့လိုက်ခဲ့ ... ဘူအာ မင်းလည်း မင်းမမလေးနဲ့ အတူ လိုက်ခဲ့တော့ ... ” ယွန်ကျန်းရီသည် လူထုကြားမှ ထွက်လာကာ ပြောလိုက်သည်။

တင်းဘူအာသည် သူသည် ဟန်နင်နောက် လိုက်ကာ သင်္ဘောပေါ် လိုက်ရမည် ဖြစ်ကြောင်း နားလည်သွား၏။ “ဝူကျီ ... အစ်ကို ကျန်းရီ ... ကျွန်တော် အရင်သွားနှင့်ပြီ ... ချန်လောင်ကျ ပြန်တွေ့ကြမယ် ... ”

ယွန်ကျန်းရီသည် ရယ်လိုက်ကာ

“ဘာ ချန်လောင်လဲ ... ငါတို့ သင်္ဘောပေါ်ကျ ပြန်တွေ့မှာပဲကို ... သင်္ဘောပေါ်က တင်းကျပ်ထားတဲ့ တချို့ စည်းကမ်းလေးတွေ ရှိပေမဲ့လည်း ပိုက်ဆံရှိသရွေ့ အေးဆေးနေလို့ ရပါတယ်ကွာ ... ”

ယွန်ကျန်းရီသည် ကြင်နာဟန် ရှိသည့် နိုဘယ်အမျိုးသား ဂျီရှင်းကို ကာကွယ်စောင့်ရှောက် ပေးနေတာ ဖြစ်၏။ မိုဝူကျီသည် သင်္ဘောပေါ် ကျန်းရီနောက် လိုက်သွားသည့် အခါ သူသည် ဘာမှ မပြောဘဲ ပြုံးကာ ခေါင်းညိတ်ပြလေသည်။

တစ်နာရီ ကြာပြီးနောက် မိုဝူကျီနှင့် ယွန်ကျန်းရီတို့သည် လူငါးဆယ် ဝေမျှရသော အိမ်အတွင်းသို့ ချမှတ်ခံလိုက်ရသည်။

“ကျန်းရီ ... ငါတို့ ဒီမှာ နေနေရင် ဂျီရှင်းမှာ တစ်ခုခု ဖြစ်ရင် ငါတို့ ဘယ်လိုလုပ် ကာကွယ်နိုင်မှာလဲ ... ” မိုဝူကျီသည် လူသစ်လေး မဟုတ်တော့သောကြောင့် သင်္ဘောသည် မည်မျှ အန္တရာယ်များနိုင်ကြောင်း သိ၏။

“သူ့မှာ ကိုယ်ပိုင် သက်တော်စောင့် ရှိတယ် ... တစ်ခုခု ဖြစ်ရင် ငါတို့က အမြန်သွားရုံပဲ ... တကယ်တမ်း ငါတို့လို အစောင့်တွေက သခင်လေးကို ပင်လယ် မကောင်းဆိုးဝါးကနေ ကာကွယ်ပေးရင် ရပြီ ... ချန်လောင်သွားတဲ့ လမ်းမှာ ပင်လယ် မကောင်းဆိုးဝါးတွေ ခဏတိုင်း တိုက်ခိုက်ကြတယ်လို့ ကြားထားတယ် ... အဲဒီလိုဖြစ်ရင် ငါတို့ အပြေးအလွှား သွားပြီး ကာကွယ်ပေးရုံပဲ ... ပြီးတော့ သူကလည်း ငါတို့နဲ့ တစ်ထပ်တည်းမှာပဲ ... အတော်ဆုံး ပါရမီရှင်တွေကသာ မြင့်တဲ့ အထပ်တွေမှာ နေလို့ရတာ ... ပြီးတော့ တစ်ခုခု ဖြစ်ရင်တောင် မင်းသွားဖို့ မလိုပါဘူး ... ဂျီရှင်းက မင်း ချန်လောင်ကို သွားဖို့ ဒေါ်လေးဆယ့်တစ် နေရာ ဝင်ထားတယ်ဆိုတာ နားလည်ပါတယ် ... မင်းက တကယ့်အစောင့်မှ မဟုတ်တာ ... ” ယွန်ကျန်းရီသည် ရှင်းပြလိုက်သည်။

ပင်လယ် မကောင်းဆိုးဝါးအကြောင်း ကြားပြီး မိုဝူကျီသည် အမှန်တကယ် သိချင်မိသွား၏။ ဤသင်္ဘောသည် အလွန်ကြီးမား၍ မည်သို့သော ပင်လယ် မကောင်းဆိုးဝါးမျိုးက သင်္ဘောကို တိုက်ခိုက် ရဲမည်နည်း ...

မိုဝူကျီနှင့် ယွန်ကျန်းရီသည် နောက်ဆုံးမှ ရောက်ရှိလာသောသူများ ဖြစ်သောကြောင့် တံခါးဘေးတွင် နေရာရလေသည်။ လူအများအပြားသည် ဝင်လိုက်ထွက်လိုက် လုပ်နေသောကြောင့် အနားယူဖို့ရန် ခက်ခဲလှ၏။

“ဝူကျီ ... ဒီသင်္ဘောက ကမ်းခြေမှာနဲ့ မတူဘူးကွ ... ဒီမှာ တစ်ယောက်ယောက် အသတ်ခံရင်တောင် လူသတ်သမားဆီ ဘာမှ ကြီးကြီးမားမား ဖြစ်လာမှာ မဟုတ်ဘူး ... အရင် ကြိုတင်ရှောင်ထားလို့ ရအောင် တခြားသူတွေနဲ့ ရန်ငြိုးရန်စ မထားတာ‌ ကောင်းတယ် ... ” ယွန်ကျန်းရီသည် မိုဝူကျီဘေးမှ အိပ်ရာကို ဆွဲကာ တီးတိုးပြောလိုက်သည်။

ယွန်ကျန်းရီ စကားများကို ကြားပြီး ဘေးနားမှ လူအများကလည်း ခေါင်းများ ညိတ်လိုက်ကြသည်။

မိုဝူကျီသည် ယွန်ကျန်းရီမှ သတိပေးရန် မလိုပေ။ သူသည် ချန်လောင်သို့ မရောက်မချင်း ဤနေရာတွင် ပြဿနာများကို ရှောင်ရှားလိမ့်မည်။ သူ ချန်လောင်ကို ရောက်သည်နှင့် သူလုပ်ရန် လိုအပ်သည်က အရေးကြီးကိစ္စ နှစ်ခုသာ ရှိလေ၏။ ဦးစွာ ပထမဆုံး သူသည် ကျင့်စဉ်လိုအပ်သည်။ ဒုတိယတစ်ခုက သူသည် မသေစေနိုင် လောက်သည့် လျှပ်စီးအရင်းမြစ်ကို ရှာဖို့ရန် ဖြစ်၏။ ထိုမှသာ သူ့ခန္ဓာမှ ချီသွေးကြောများကို ဖွင့်နိုင်မည် ဖြစ်လေသည်။

တစ်နာရီလောက် ကြာပြီးနောက် မိုဝူကျီသည် အနည်းငယ် တုန်ခါမှုကို ခံစားမိ၍ သင်္ဘောအင်ဂျင်သည် စတင် အလုပ်လုပ်နေပြီ ဖြစ်ကြောင်း သိလိုက်သည်။

“ကျန်းရီ ဒီသင်္ဘောအတွက် စွမ်းအားက ဘယ်ကနေရတာလဲ ... ” မိုဝူကျီသည် သိချင်စိတ်ကို ဆက်၍ မချိုးနှိမ်တော့ပဲ မေးလိုက်သည်။

ယွန်ကျန်းရီသည် ခေါင်းကို ခါလိုက်ပြီး

“ငါလည်း သေချာမသိဘူးကွ ... ဒီသင်္ဘောစီးဖူးတာ ပထမဆုံးပဲ ... ”

“ကျွန်မ ကြားတာကတော့ ဒီသင်္ဘောကို မောင်းနှင်ဖို့ အားကောင်းတဲ့ အစီအရင်တစ်ခု အသုံးပြုတဲ့ အင်မော်တယ်သခင် တစ်ယောက် ရှိတယ်တဲ့ ... အဲဒါက ဒီသင်္ဘောကို မောင်းနှင်လို့ ရတဲ့ စွမ်းအားမျိုး ထုတ်ပေးတယ်တဲ့ ... အဲဒီစွမ်းအားက ကျင့်ကြံဖို့အတွက် အရမ်းအသုံးဝင်ပြီး လဲလှယ်လို့လည်း ရတယ် ... ” ဆွဲဆောင်မှုရှိရှိ အသံချိုချို မိန်းကလေး အသံထွက်ပေါ် လာလေသည်။

မိုဝူကျီသည် ထိုမိန်းကလေးအား မြင်ရန် လှည့်လိုက်သည့်အခါ သူ့ဘေးရှိ ခုတင်တွင် အိပ်နေသော အမျိုးသမီး တစ်ယောက် ဖြစ်နေ၏။ သူမသည် သုံးဆယ် ဝန်းကျင်လောက် ရှိ၏။ သူမဆံပင်များကို တင်းကျပ်စွာ စီးထားပြီး သူမ အသားရေသည် ဖြူဖျော့နေကာ မျက်နှာ အင်္ဂါရပ်များသည် အလွန် မထူးခြားသော်ငြား လှပသော အမျိုးသမီး ဖြစ်၏။ သူမအသံနှင့် ပေါင်းစပ်လိုက်လျှင် သူမအား ရှုမောဖွယ်အမျိုးသမီး အဖြစ် ယူဆနိုင်လေသည်။

မိုဝူကျီသည် ထထိုင်ကာ နားမလည်စွာ မေးလိုက်သည်။

“ဒီမှာ အတူတူ နေရတာလား ... ”

ယွန်ကျန်းရီသည် ရယ်မောကာ

“ဘာလို့ အမျိုးသားနဲ့ အမျိုးသမီး ခွဲခြားထားမှာလဲ ... ဒီလို အိမ်မျိုးထဲ နေရတာကိုက ငါတို့ ကံကောင်းနေပြီကွ ... ”

အမျိုးသမီးသည်လည်း ပြုံးလိုက်ကာ ထထိုင်လိုက်ပြီး မိုဝူကျီနှင့် ယွန်ကျန်းရီအား နှုတ်ဆက်လိုက်သည်။

“မင်္ဂလာပါ ... ကျွန်မက ပစီရင်စုမှ ချင်ရှုန်းယုပါ ... ”

ချင်ရှုန်းယု ထိုင်လိုက်သည့်အခါ မိုဝူကျီက သူမခန္ဓာကိုယ်သည် သူမမျက်နှာထက် ပိုပြည့်စုံကြောင်း သိလိုက်ရ၏။

မိုဝူကျီသည် ရယ်ပြုံးလိုက်ပြီး

“ကျွန်တော်က ချင်ယွီက မိုဝူကျီ ... ဒါက ချန်ယန်က ယွန်ကျန်းရီ ... ”

“ချင်ယွီနဲ့ ချန်ယန်က စစ်ဖြစ်နေတာ မဟုတ်ဘူးလား ... မင်းတို့နှစ်ယောက် ... ” နောက်တစ်ယောက်က ဝင်ပြောလိုက်သည်။ဤတစ်ကြိမ်ကား ရွှေရောင်ဆံပင်နှင့် လူငယ် ဖြစ်၏။

ယွန်ကျန်းရီသည် အနည်းငယ် မာနကြီးစွာ ပြောလိုက်သည်။

“ချင်ယွီနဲ့ ချန်ယန် စစ်ပွဲက ငါတို့ကြားမှာ ဘာမှ မဆိုင်ဘူး ... ”

“ဝူကျီ ... ” အလောတကြီး ပြေးလာသည့် ခြေသံကို ကြားလိုက်ရ၏။ မိုဝူကျီသည် ထိုသည်က တင်းဘူအာ အသံမှန်း အလွယ်တကူ ခွဲနိုင်သည်။

မိုဝူကျီသည် ခုတင်ပေါ်မှ ဆင်းကာ မေးလိုက်သည်။

“ဘူအာ ဘာဖြစ်လာ ... ဘာလို့ မင်းပေါ်မှာ သွေးတွေ ပေနေတာလဲ ... ”

အားရပါးရ အသက်ဝအောင် ရှူထုတ်ပြီး တင်းဘူအာသည် အလောတကြီး ပြောလိုက်သည်။

“လူတချို့က မမလေးကို ရန်လာရှာတယ် ... ဖန်မုန်ဟွာနဲ့ငါက သူတို့ကို ရင်ဆိုင်နိုင်လောက်တဲ့ အထိ မသန်မာဘူး ... အခု အဲဒီလူတွေက မမလေးကို သတ်ဖို့ လိုက်ရှာနေကြတယ် ... ”

မိုဝူကျီသည် မျက်မှောင်ကြုတ် လိုက်ပြီး သင်္ဘောထွက်ခွာရုံမျှ ရှိသေးကာ ထိုသို့ ဖြစ်ပျက်ရသည်လား ... သူသည် ထပ်မမေးတော့ပဲ ပြောလိုက်သည်။

“လာ ... ငါ့ကို ခေါ်သွားပေး ... ”

“ခဏ ... ” ယွန်ကျန်းရီသည် မိုဝူကျီအား တားလိုက်သည်

“ဝူကျီ ... ဟန်နင်က မင်းကို မောင်းထုတ်ခဲ့ပြီး ချန်လောင်ကို လိုက်ခွင့်မပေး ခဲ့တာနော် ... သူမ ဘာဖြစ်ဖြစ် မင်းနဲ့ မပတ်သက် တော့ဘူးလေ ... ဘာကြောင့် ရွှံ့ရေထဲ ခြေပြန်ချမှာလည်း ... ပြီးတော့ မင်းက သူမကို ကူညီသင့်သလောက် လုပ်ပေးခဲ့ပြီးပြီ ... ”

မိုဝူကျီသည် တည်ငြိမ်စွာ ပြောလိုက်သည်။

“သူမ အဖေက ရည်ရွယ်ပြီး မဟုတ်ပေမဲ့ ငါ့အသက်ကို ကယ်ပေးခဲ့တယ် ... ငါ သူမကို ဆပ်သင့်သလောက် ပေးဆပ်ခဲ့ပြီးပြီ ... ဒါပေမဲ့ စိတ်ထဲမှာ အသက်ကြွေးက အရာပစ္စည်းတွေ ပိုက်ဆံတွေနဲ့ ဆပ်နိုင်တဲ့ အရာမဟုတ်ဘူး ... အခု သူမမှာ တစ်ခုခု ဆိုးရွားတာ ဖြစ်နေတာကို သိရက်နဲ့ တစ်ယောက်တည်း ပစ်မထားနိုင်ဘူး ... မြို့စားကြီးက ငါ့ကို ကယ်ပေးခဲ့တဲ့ အတွက် သူမကို နောက်တစ်ခါ ထပ်ကူညီလိုက်မယ် ... ငါတို့ ချန်လောင်ကို ရောက်တာနဲ့ ငါတို့က လမ်းကိုယ်စီ လျှောက်ကြမှာလေ ... ကျန်းရီ ... ငါ့ကို ဒီမှာ စောင့်နေနော် ... ဘူအာ သွားကြစို့ ... ”

သူ့စကားဆုံးသည်နှင့် မိုဝူကျီသည် အိမ်မှ ထွက်သွားရန် အလောတကြီး ပြေးထွက်လိုက်သည်။ သူသည် ထိုသို့သော ကိုယ်ပိုင်နိယာမ တရားနှင့် နေထိုင်၏။ ‘ကျေးဇူးနှင့် အာဃာတကို သေချာပေါက် ပြန်ဆပ်ရမည်’။ မြို့စားကြီးသည် သူ့အသက်အား ကယ်တင်ခဲ့သည့် ကျေးဇူးကြွေးကို ကယ်တင်ခြင်းဖြင့် ပြန်ပေးဆပ်မည်။ နှစ်လွှာမီးမြက်ကို ဟန်နင်အား လက်ဆောင်အဖြစ် ပေးကမ်းနိုင်၏။

ဟန်နင်အား ကယ်တင်မည့် အကြောင်းရင်း နောက်တစ်ချက် ရှိသေး၏။ သူအား ဟန်နင်က မောင်းထုတ် လိုက်သော်လည်း တင်းဘူအာသည် သူမလက်အောက်တွင် ရှိဆဲဖြစ်သည်။ သူမကို ကယ်တင်ရန် မလိုသော်လည်း တင်းဘူအာအား ကယ်တင်ရန် လိုအပ်လေသည်။ ဟန်နင်အား ကူညီသည်က တင်းဘူအာကို ကူညီခြင်းသည်နှင့် တူညီလေသည်။

ယွန်ကျန်းရီသည် နှစ်ခြိုက်စွာ ရယ်မောလိုက်ရင်း

“ငါတို့က ညီအစ်ကိုတွေ မဟုတ်ဘူးလား ... မင်းသွားရင် ငါပါ လိုက်မှာပေါ့ကွာ ... သွားကြစို့ ... ”

***

All Chapters